ဘာတွေလဲ ...
Vol. 15 Ch. 180
ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော ကူဖုန်းသည် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် စစ်မှန်သော စွမ်းအင်မှာ ငြိမ်သက်သွားတော့၏။ ထို့နောက် ခါးသီးသောအကြည့်ဖြင့် ခေါင်းယမ်းသည်။
အခွင့်အရေးကို ရှာမတွေ့သေးချေ။ ယွမ်ဖူနယ်ပယ်သို့ ဖြတ်ကျော်ရန် ခြေလှမ်းသည် စိတ်ကူးထားသည်ထက် များစွာပိုခက်ခဲ၏။
ခွိုက်ဖူဆေးပြားကို သန့်စင်နေစည် မရေရာသောခံစားချက်မျိုး ရှိဖူးသည်။ သို့သော် ထိုခံစားချက်အားလုံးသည် တံလျှပ်များကဲ့သို့ ဆုပ်ကိုင်ခွင့်မရခဲ့ချေ။
ရှန်ရှင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်သည် ကျင့်ကြံမှုလမ်း၌ အရည်အသွေးဆိုင်ရာ အသွင် ပြောင်းလဲမှု တံခါးနှစ်ချပ်ဖြစ်သည်။
ရှန်ရှင်းနယ်ပယ်သည် ဤကမ္ဘာရှိ ဝိညာဉ်စွမ်းအင်ကို လူသားများအသုံးပြုနိုင်သည့် စွမ်းအင်အဖြစ် ပြောင်းလဲခြင်းဖြစ်၏။
ယွမ်ဖူနယ်ပယ်သည် ခန္ဓာကိုယ်၌ လျှိုဝှက်နေရာတစ်ခုဖြစ်သော ခရမ်းရောင်မြေ ဖန်တီးခြင်းပေပင်။ သူ့သား၏ စကားအရ ထိုအဆင့်သည် ခက်ခဲ၏။
ရည်ရွယ်ချက်သည် ရုပ်ခန္ဓာကြံ့ခိုင်မှု မြှင့်တင်ရန်ဖြစ်သည်။ ဒြပ်ထုကြီးမားသည်နှင့် အမျှ ဆွဲငင်အားကြီးမားသည် ဟူသော နိယာမလိုပေပင်။
ခန္ဓာကိုယ်သန်မာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို ပို၍ စုပ်ယူနိုင်ပေမည်။
ထို့ကြောင့် ယွမ်ဖူနယ်ပယ် မရောက်ရှိမီ ခန္ဓာကိုယ်ကြံ့ခိုင်မှုအားကောင်းစေရန် အာရုံစိုက် သင့်ချေပြီ။ သို့သော် ယင်းကို ထိရောက်စွာ နားလည်ခြင်းမရှိသေးချေ။
သူ့အမြင်အရ ကူချန်၏ လျင်မြန်သော တိုးတက်မှုသည် ထူးခြားသည့်လျှိုဝှက်ချက်များ ရှိနိုင်ပေမည်။
ထို့ကြောင့် မာနများ ဘေးဖယ်လျက် ယွမ်ဖူနယ်ပယ်သို့ မည်သို့ဖြတ်ကျော်ရမည်ကို ကူချန်ထံ မေးခဲ့ဖူးသည်။
သို့သော် အဖြေမှာ ‘မသိ’ ဟူ၍ဖြစ်၏။ ယွမ်ဖူနန်းတော်သည် ရုပ်ခန္ဓာနှင့် သိခြင်းကြား နယ်ပယ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် ထိခြင်း၊ သိခြင်းဖြင့် ရှင်းပြနိုင်သောအရာ မဟုတ်ဟု ဆိုချေသည်။ ဤအဆင့်သည် ကျင့်ကြံသူနှင့် သေမျိုးကြား ခွဲခြားလိုက်သည့် တံခါးဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ ကူချန်အပေါ် အလုံးစုံအားကိုး၍ မရကြောင်း သူသိလာသည်။ သူအပါအဝင်သည် ကူမိသားစုသည် ကူချန်နောက် အမီလိုက်ရပေမည်။
မဟုတ်သော် ကူမိသားစု၏ အုတ်မြစ် မည်မျှပင် ကြီးမားလာစေကာမူ ဆက်ထိန်းထား နိုင်မည် မဟုတ်ချေ။
အဆုံး၌ ရှန်ရှင်းအတားအဆီးကို ရှာမတွေ့သဖြင့် လုပ်စရာမရှိတော့ဘဲ လင်းရင် တောင်သို့ ဦးတည်လာခဲ့သည်။
စိမ်းလန်းစိုပြေသော သစ်ပင်များကြား ထည်ဝါသည့် အဆောက်အဦးခေါင်မိုးများသည် အစီအရီ ပေါ်ထွက်နေသည်။ လေတိုက်သံ မျှော်စင်သည် အထင်ရှားဆုံးဖြစ်၏။
ကူချန်တစ်ယောက် လေတိုက်သံ မျှော်စင်အပေါ်ဆုံးမှနေပြီး မိုးကုပ်စက်ဝိုင်းထံ မျှော်ကြည့်နေသည်။
“ ဘာကြည့်နေတာလဲ ... ။ ”
“ အဖေ ... ။ ”
ကူဖုန်းက သူ့အနားဆင်းသက်လျက် လိုက်ပါမော့ကြည့်၏။ ကူချန်မှ သူ့အဖေကို လှည့်ကြည့်ကာ နှုတ်ဆက်သည်။
“ လေထု ပြောင်းလဲမှုနဲ့ ... နတ်ဆိုးအငွေ့အသက်တွေ ရှိ၊မရှိကို စောင့်ကြည့်နေတာ။ ”
ထိုအဖြေကြောင့် ကူဖုန်းက မျှော်စင်ကိုပြန်ငုံ့ကြည့်ပြီး၊
“ ဒီမျှော်စင်က ... နတ်ဆိုးတွေကို စောင့်ကြည့်ဖို့ တည်ဆောက်ထားခဲ့တာ မဟုတ်ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဒီမျှော်စင်ရဲ့ ဝင်္ကပါအစီရင် အတိုင်းအတာပမာဏက နည်းပါးလွန်းတယ် သူ့ကို သတိပေးချက်အဖြစ်သာ အသုံးပြုနိုင်တယ် ...
... ပြီးတော့ ချီကိုအာရုံခံခြင်း နည်းလမ်းတွေနဲ့ မိုင်သုံးထောင်ဧရိယာအတွင်း နတ်ဆိုးစွမ်းအင် ရှိ၊မရှိကို ခံစားနိုင်တယ်။ ”
“ ဟမ့် ... မင်းလုပ်နိုင်တာလား။ ”
ကူဖုန်းတစ်ယောက် ထိတ်လန့်သွား၏။
“ နတ်ဆိုးတွေ ဒီလောက်အများကြီး လွတ်မြောက်သွားပေမယ့် ငါဘာမှ မခံစားရဘူး ဒါက ... ဟမ့် ... ။ ”
ကူချန်ခမျာ စကားပြောနေလျက်မှ ရုတ်တရက် မျက်မှောင်ကြုတ်သွားလေသည်။ ကူဖုန်းက သိချင်သွား၏။
“ ဘာလဲ ... ။ ”
ကူချန်မှ အဝေးသို့မျှော်ကြည့်ကာ၊
“ နတ်ဆိုးစွမ်းအင်ကို ရုတ်တရက် ခံစားရတယ် ကြည့်ရတာ တစ်စုံတစ်ရာနောက် လိုက်ဖမ်းနေသလိုပဲ။ ”
-ဟု ပြန်ဖြေ၏။ ကူဖုန်းမှ မျက်လုံးပြူးသွားသည်။
“ မင်း ဘာဆက်လုပ်မလဲ။ ”
“ နတ်နဂါးမြို့တော်ကို ခြိမ်းခြောက်မှု မရှိသရွေ့တော့ ရပ်ကြည့်နေရမှာပဲ။ ”
ထို့နောက် ကူချန်အမူအရာသည် အနည်းငယ်လေးနက်သွား၏။ ကမ္ဘာကြီးသည် ကမောက်ကမ ဖြစ်နေသည်။
သူ ထွက်သွားသောအခါ နတ်ဆိုးများ ဤနေရာသို့ ကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်သည်။ နှင်းပန်းဓားကျောင်းသည် ရောက်လာရန် အချိန်တန်နေပြီဖြစ်၏။
ထို့ကြောင့် ဤနတ်ဆိုးများကို လိုက်လံဖမ်းဆီးခြင်းသည် သူတို့တာဝန်အဖြစ် ထားလိုက်ပေမည်။
***
လင်းရင်တောင်နှင့် မိုင်သုံးထောင် ဝေးကွာသော အရပ်တွင် နတ်ဆိုးများစွာ ထွက်ပေါ်လာနေ၏။
၎င်းတို့သည် ဓားပျံစီးနင်းလျက် ထွက်ပြေးနေသော အမျိုးသမီးနှစ်ယောက်ကို လိုက်ဖမ်းနေခြင်းဖြစ်သည်။
“ ဟမ့် ... ဘယ်လောက်ကံဆိုးလိုက်လဲ ဘာလို့နတ်ဆိုးငါးကောင်နဲ့ တပြိုင်နက်တည်း တွေ့ရတာလဲ။ ”
ချင်းရွှမ်းမျက်နှာတွင် စိတ်ပျက်မှုများ ထင်ဟပ်လာသည်။ နောက်ပြန်လှည့်ကြည့်ကာ ချူဟွာရီနှင့် အနည်းငယ် ခွာလိုက်ပေးခဲ့၏။
သူမ ခွန်အားအရ ယွမ်ဖူနယ်ပယ် နတ်ဆိုးသုံးကောင်ကို တိုက်ခိုက်နိုင်ချေသည်။ ယခုမူကား ငါးကောင်တိတိ ရှိနေ၏။
ထိုအရေအတွက်သည် အတွေ့အကြုံ မရှိသေးသော ချူဟွာရီနှင့်အတူ ကိုင်တွယ်နိုင် သည်ထက် ကျော်လွန်နေပြီဖြစ်သည်။
ချူဟွာရီသည် နတ်ဆိုးနှစ်ကောင် မဆိုနှင့် တစ်ကောင်ကိုပင် ရင်ဆိုင်နိုင်ခြင်း မရှိသေးချေ။ ထိုစဉ်က နတ်ဆိုးခြေရာခံခြင်း ကိရိယာသည် အချက်ပြမှုတစ်ခုလာ ပေးခဲ့သည်။
နတ်ဆိုးငါးကောင် တစ်နေရာထဲတွင် ရှိနေခြင်းကြောင့် ထိုကိရိယာသည်ခွဲခြားနိုင်ခြင်း မရှိတော့ပုံပေပင်။
တစ်ဖက်တွင် ချူဟွာရီသည် နောက်လှည့်ကြည့်ကာလိုက်ရာ နတ်ဆိုးမှ ဟိန်းဟောက်သည်နှင့် ကြုံသွားသည်။
ထိတ်လန့်စိတ်ဖြင့် မျက်နှာ ချက်ချင်း ဖြူဖျော့လာကာ ဓားပျံပေါ်မှ ပြုတ်ကျလုနီးပါး တုန်လှုပ်သွားတော့၏။
“ သတိထား ... ။ ”
ကံကောင်းထောက်မစွာဖြင့် ချင်းရွှမ်းမှ သူမကိုထိန်းမတ်ပေးခဲ့၏။ ချူဟွာရီတစ်ယောက် မျက်ရည်များစီးကျလာကာ၊
“ အစ်မချင်းရွှမ်း၊ ငါတို့ဘာလုပ်ကြမလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ မကြောက်နဲ့ ... ငါတို့အနားမှာ ဂိုဏ်းတူမောင်နှမတွေရှိတယ် မကြာခင် သူတို့တွေ လာကြလိမ့်မယ်။ ”
“ ဟုတ် ... ။ ”
ချူဟွာရီတစ်ယောက် ခေါင်းညိတ်ပြပြီး အံကြိတ်လျက် ပျံသန်းမှုအပေါ် အာရုံစိုက်လိုက် တော့၏။
“ အစ်မချင်း၊ ဒီနတ်ဆိုးတွေက ဘာလို့ပေါင်းစည်းနေတာလဲ ... ။ ”
“ ပေါင်းစည်းနေတာလား ... ။ ”
ချင်းရွှမ်းမှ နောက်ပြန် လှည့်ကြည့်လိုက်ပြီးနောက် မျက်နှာပျက်ယွင်း သွားလေသည်။
“ သူတို့အားလုံးက ကိုယ်ပွားတွေပဲ ... တစ်ကောင်ချင်းစီက ယွမ်ဖူနယ်ပယ်ခွန်အား ရှိနေတယ် ... သူတို့တွေသာ တစ်ကောင်တည်း အဖြစ် ပြန်လည်ပေါင်းစည်းနိုင်ရင် ...
... ခရမ်းရောင် နေမင်းနယ်ပယ် ဖြစ်သွားလိမ့်မယ် ... ဟွာရီ လျှို့ဝှက်နည်းစနစ် သုံးပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
နှစ်ယောက်သား လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်ရာ ဓားပျံသည် ပို၍လျင်မြန် သွားတော့၏။
ယခင်ထက် နှစ်ဆ ပိုမြန်သည်။ သို့သော်နတ်ဆိုးများ အရှိန်သည်လည်း တိုးလာ တော့၏။ သူတို့ကြားရှိ အကွာအဝေးသည် တရွေ့ရွေ့နီးကပ်လာသည်။
တစ်ဆက်တည်းမှာပင် လိုက်ပါလာသော နတ်ဆိုးငါးကောင်သည် လေထုအလယ် ပုံရိပ် တစ်ခုတည်းအဖြစ် ပေါင်းစည်းလာ၏။
ထိုအသွင်သည် လူသားများနှင့် ခပ်ဆင်ဆင်တူသော်လည်း အရေပြားသည် မီးခိုးရောင်ဖြစ်နေသည်။
“ ဟမ့် ... ။ ”
ခါးအောက်ပိုင်းသည် တစ်သားတည်း ဖြစ်တည်လာကာ အပေါ်ပိုင်းတွင် ခေါင်းငါးလုံး လက်ဆယ်ဖက် ဖြစ်နေ၏။
“ ဝူး ... ။ ”
ခန္ဓာကိုယ်တဝိုက် မီးခိုးရောင်မြူများမှ အနက်ရောင် အသွားသုံးဘက် ပါရှိသောလှံကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
ချူဟွာရီခမျာ တုန်လှုပ်လာပြီး သိုလှောင်လက်စွပ်ထဲမှ ဝင်္ကပါချပ်ပြားတစ်ချပ် အမြန်ထုတ်ယူလိုက်၏။
“ အစ်မချင်း၊ ငါ့မှာ တည်နေရာရွေ့ပြောင်း အစီရင်တစ်ခုရှိတယ်။ ”
“ အခုသုံး ... ။ ”
ထိုစဉ် အနက်ရောင် အသွားသုံးဘက် လှံသည် သူမတို့ထံပျံသန်းဝင်ရောက်လာသဖြင့် ဓားရှည်ထုတ်ယူကာ ဖြေရှင်းရန်ပြင်၏။
“ ဝှစ် ... ။ ”
“ ဘရူး ... ။ ”
သို့သော် ချူဟွာရီလက်ထဲရှိ အစီရင် အသက်ဝင်လာပြီး သူမတို့နှစ်ယောက်ခြေဖဝါး အောက်တွင် အလင်းစက်ကွင်းများပေါ်လာကာ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
“ ဝူး ... ဝူး ... ဝူး ... ။ ”
အနက်ရောင် အသွားသုံးဘက် လှံသည် လေဟာနယ်အတွင်း လွင့်ဝဲကျန်ရစ်ခဲ့လေသည်။ နတ်ဆိုးဦးခေါင်းငါးလုံးခမျာ ပျက်ပြယ်နေသော လေဟာနယ်ကြောင့် ဒေါသတကြီး ဟိန်းဟောက်တော့၏။
“ ဝှီး ... ။ ”
တစ်ချိန်တည်းမှာပင် နတ်ဆိုးစွမ်းအင် ထွက်ပေါ်လာရာသို့ သတိကြီးစွာအချိန်ပြည့် စောင့်ကြည့်နေသည့် ကူချန်တစ်ယောက် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။
“ ဟမ့် ... ။ ”
လေဟာနယ်အတွင်း ပုံသဏ္ဍန်မျိုးစုံဖြင့် ပြုတ်ကျလာနေသော အရာဝတ္ထုနှစ်ခုကြောင့် အတွေးများ ရှုပ်ထွေးလာ၏။
“ ဒါ ... ဘာတွေလဲ။ ”
***