အခန်း (၇၃)
Vol. 6 Ch. 73
ထိုအချိန်တွင် မဟာ စစ်သူကြီး ချိုင်ယုလန်နှင့် သူ၏သမီး ချိုင်ယွီရှင်းတို့ ရောက်ရှိလာခဲ့သည်။
အန်လုရှန်သည်လည်း နောက်ဆုံးတော့ သက်ပြင်းချနိုင်ခဲ့သည်။ ချီဖွဲ့တည်ခြင်းအဆင့် မဟုတ်သူ တစ်ဦးအနေဖြင့် ချီဖွဲ့တည်ခြင်းအဆင့် ငါးဦးကို ရင်ဆိုင်နေရခြင်းက သူ့အပေါ် ဖိအား အလွန်အမင်း များပြားစေခဲ့သည်။ ယခုတော့ သူလည်း စိတ်အနည်းငယ် လျော့ချနိုင်ပြီဖြစ်သည်။
“စစ်သူကြီး နှစ်ဦးလုံးကို ဂါရဝပြုပါတယ်” အန်လုရှန်သည် ချဥ်းကပ်ကာ ဦးညွှတ် အရိုအသေပေးလျက် ပြောလိုက်သည်။
“စစ်သူကြီး အန်၊ ဒီလို လုပ်နေစရာ မလိုပါဘူး။ ဒီကာလအတွင်း ခင်ဗျား တော်တော် ပင်ပန်းခဲ့ပြီပဲ” စစ်သူကြီးချုပ်က ပြုံးလျက် ပြောလိုက်သည်။
အန်လုရှန်သည် ခေါင်းခါလိုက်ကာ- “ပင်ပန်းတယ်လို့တော့ မပြောလိုပါဘူး၊ ဒါပေမဲ့ ဖိအားကတော့ တော်တော်လေး များခဲ့တာပေါ့။ ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့ နှစ်ယောက် ရောက်လာတဲ့အတွက်”
“ဒါကတော့ နားလည်နိုင်ပါတယ်” စစ်သူကြီးချုပ်က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
“အရှင်မင်းကြီးက အမိန့်တော် တစ်ခုခု ချမှတ်လိုက်သလား” အန်လုရှန်က မေးမြန်းလိုက်သည်။
“အရှင်မင်းကြီးက ကျုပ်ရယ်၊ ကျုပ်သမီးရယ်၊ မိန်းမစိုးလျှူ တို့ကို လာရောက်ကူညီဖို့ အမိန့်တော် ချမှတ်ခဲ့တယ်” စစ်သူကြီးချုပ်က ပြောလိုက်သည်။
“ မိန်းမစိုးလျှူက ဘယ်မှာလဲ” အန်လုရှန်သည် ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း တတိယမြောက်လူကို မတွေ့ရပေ။
“ မိန်းမစိုးလျှူ မှာ တခြားလုပ်စရာတွေ ရှိနေသေးတယ်၊ ဒါပေမဲ့ အချိန်တန်ရင် ပေါ်လာမှာပါ။ စိတ်ချပါ”
“ဒါပေမယ့်လည်း၊ ကျွန်တော်တို့မှာ ချီဖွဲ့တည်ခြင်းအဆင့် သုံးဦးပဲ ရှိသေးတယ်။ ရန်သူမှာ ငါးဦးတောင် ရှိနေတယ်”
“ကျွန်တော်မျိုး တကယ်ပဲ စိတ်မအေးနိုင်ဘူး” ဟု အန်လုရှန်က မျက်နှာမကောင်းစွာဖြင့် ပြောလိုက်သည်။
ချိုင်ယုလန်နှင့် သူ့သမီးတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချိုင်ယွီရှင်းက- “တကယ်တော့၊ အရှင်မင်းကြီးက နောက်ထပ် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးကိုလည်း ဖိတ်ကြားထားသေးတယ်။ ဒါပေမဲ့ ဒီကျွမ်းကျင်သူရဲ့ နောက်ခံက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တယ်။ နဂါးကို ခေါင်းပဲမြင်ပြီး အမြီး မမြင်ရသလိုမျိုးပဲ၊ အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲအချိန်ကျမှပဲ ပေါ်လာလိမ့်မယ်”
“ဒါဆိုရင် ချီဖွဲ့တည်ခြင်းအဆင့် လေးဦးတောင် ရှိတာပေါ့၊ ကောင်းလိုက်တာ”
“တစ်ဖက်နဲ့ ယှဉ်ရင် တစ်ယောက်တော့ လျော့နေပေမဲ့လည်း၊ ဒီအတိုင်းဆို ရင်ဆိုင်ဖြေရှင်းနိုင်ပါသေးတယ်”
“ဒါ့အပြင်ကို အရှင်မင်းကြီးမှာ တခြားအမိန့်တော် တစ်ခုခု ရှိသေးလား”
“ရှိတယ်၊ အရှင်မင်းကြီးက မြစ်ရဲ့ တောင်ဘက်ကို ဆုတ်ခွာဖို့ မိန့်ထားတယ်”
အန်လုရှန်သည် အံ့သြသွားခဲ့သည်။ မြစ်ရဲ့ တောင်ဘက်ကို ဆုတ်ခွာရမယ်၊ ဘာလို့လဲ။ နောက်ထပ် ပေါ့ဆတဲ့ လုပ်ရပ်တစ်ခုများလား။
သူ တွေးလေလေ၊ အန်လုရှန်ခင်ဗျာ ပိုပြီး စိုးရိမ်ပူပန်လာလေလေ ဖြစ်လာခဲ့သည်- “အရှင်မင်းကြီးက ဘာလို့ ဒီလို စီစဉ်တာလဲ?”
အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲရဲ့ အကြိုနေ့မှာ သူ မလိုချင်ဆုံးက လင်းပိုင်ဖန်ရဲ့ ပေါ့ဆတဲ့ လုပ်ရပ်မျိုးတွေ ဖြစ်သည်။
သူရဲ့ ပေါ့ဆတဲ့ လုပ်ရပ်တွေ လုပ်လေလေ၊ သူ့တွင် ယုံကြည်မှု နည်းလာလေလေ ဖြစ်သည်။
“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်လို့မရဘူး၊ အချိန်တန်ရင် မင်း သဘာဝအတိုင်း နားလည်လာလိမ့်မယ်”
ထိုသို့ဖြင့် အန်လုရှန်သည် သူ၏ တပ်ကြီးကို ဦးဆောင်ကာ ဆုတ်ခွာခဲ့ပြီး မြစ်၏ တောင်ဘက်ရှိ မြင့်သောနေရာသို့ ပြန်လည် ရွှေ့ပြောင်းခဲ့သည်။
ဤ လှုပ်ရှားမှုများကို နိုင်ငံ သုံးနိုင်ငံ၏ ပူးပေါင်းတပ်များက သတိပြုမိသွားကြသည်။
“ရှနိုင်ငံရဲ့ တပ်တွေက တကယ်ကို ဆုတ်ခွာနေတယ်၊ ပရိယာယ် တစ်ခုခုများ ရှိနေမလား”
“ဘယ်လို ပရိယာယ်မျိုးများ ရှိနိုင်မှာလဲ။ ဒီနေရာက ပွင့်လင်းနေတာပဲကို၊ တစ်ချက် ကြည့်လိုက်တာနဲ့ အကုန် ရှင်းနေတာပဲကို။ သူက မြစ်ကို နယ်နိမိတ်အဖြစ် သုံးပြီး၊ ငါတို့နဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်ချင်နေတာ ဖြစ်နိုင်တယ်။ သေးငယ်တဲ့ လှည့်ကွက်လေး တစ်ခုပါပဲ! ငါတို့ရဲ့ စစ်တပ်အင်အား ၈၀၀,၀၀၀ ရဲ့ ရှေ့မှောက်မှာ၊ ဘယ်လိုပဲ ရုန်းကန်ရုန်းကန် အချည်းနှီးပဲ”
“မှန်တာပေါ့။ ဒါပေမဲ့ တစ်ဖက်က သူတို့ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် နှစ်ဦးကိုလည်း ခေါ်လာကြသေးတယ်”
“အဲ့ဒီနှစ်ယောက်ကို စေလွှတ်နိုင်တာတောင် တော်တော် ကောင်းနေပြီ။ ကျန်တဲ့ တစ်ယောက်ကတော့ ငယ်ရွယ်တဲ့ ဧကရာဇ်ကို ကာကွယ်ဖို့ အနီးအနားမှာ ရှိနေမှာပေါ့”
“သူတို့မှာ ချီဖွဲ့တည်ခြင်းအဆင့် နှစ်ဦးပဲ ရှိတယ်။ ငါတို့မှာ ငါးဦးတောင် ရှိတယ်။ သူတို့ရဲ့ စစ်တပ်အင်အားက ၄၀၀,၀၀၀ ကိုပဲ စေလွှတ်ခဲ့တာ၊ ငါတို့မှာ ၈၀၀,၀၀၀ တောင်ရှိတယ်။ ဒီတိုက်ပွဲမှာ ငါတို့ရဲ့ သေချာပေါက် အနိုင်ပွဲပဲ၊ ဟား….ဟား..”
“သူတို့က ဆုတ်ခွာနေမှတော့၊ ငါတို့ ရှေ့ဆက် တိုးရမယ်။ မနက်ဖြန် မိုးသောက်တာနဲ့၊ သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့် အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွှဲရမယ်”
ဤသို့ဖြင့် နိုင်ငံသုံးနိုင်ငံ၏ ပူးပေါင်း တပ်များသည် ရှနိုင်ငံ၏ နယ်မြေထဲသို့ ခြေချကာ မြစ်ဆီသို့ ချီတက်လာကြသည်။ သူတို့သည် မြစ်၏မြောက်ဘက်တွင် တပ်စခန်းချပြီး မီးမွှေးကာ အစားအစာများ ချက်ပြုတ်နေကြသည်။
လေထုသည် လေးလံနေပြီး နှစ်ဖက်စလုံးသည် နီးကပ်လာသော အဆုံးအဖြတ် တိုက်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။
ဒုတိယနေ့သည် လျင်မြန်စွာဖြင့် ရောက်ရှိလာခဲ့သည်။
နှစ်ဖက်စလုံး အဝစား၊ အဝသောက်ကာ လုံလောက်စွာ အနားယူခဲ့ကြပြီး မြစ်ကို ခြားလျက် မျက်နှာချင်းဆိုင် ရှိနေကြပြီး ရင်ဆိုင်တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
သူတို့ကြားတွင် အသစ်ဖြစ်ပေါ်လာသော ရန်ငြိုးများ၊ အဟောင်းဖြစ်သော အမုန်းတရား များစွာ ရှိနေသောကြောင့် ပြောစရာစကား ဘာမှ မကျန်တော့ပေ။
ရှန်နိုင်ငံ၏ စစ်သူကြီး ကျောက်ရှီးလုံသည် သွေးနီရဲနေသော မျက်လုံးများဖြင့် သူ၏ ဓားရှည်ကို မြှောက်ကာ အော်ဟစ်လိုက်သည်၊ “ရှန်နိုင်ငံရဲ့ စစ်သည်တော်တို့၊ ရှနိုင်ငံက ငါတို့ ဘုရင်ကို ပြန်ပေးဆွဲတယ်၊ ငါတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို လုယက်တယ်၊ ငါတို့ရဲ့ စစ်တပ်တစ်တပ်လုံးကို စော်ကားခဲ့တယ်။ သူတို့ရဲ့ ရာဇဝတ်မှုတွေက ကြီးမားလွန်းတယ်၊ ကောင်းကင်နဲ့ မြေကြီးကတောင်မှ ခွင့်မလွှတ်နိုင်ဘူး။ ရဲဘော်တို့ ငါ့နောက်ကို လိုက်ပြီး တိုက်ပွဲဝင်ကြ။ ငါတို့ရဲ့ သိက္ခါအတွက် လက်စားချေဖို့၊ အရှက်ကို ဆေးကြောဖို့ အချိန်ရောက်ပြီ။ ငါတို့ ရန်သူတွေကို မအောင်နိုင်မချင်း ငါတို့ရဲ့ ဓားတွေကို အိမ်ထဲ ပြန်မထည့်ရဘူး”
ထို့နောက် သူသည် ရှန်နိုင်ငံ စစ်သားများကို တိုက်ပွဲထဲသို့ ဦးဆောင်သွားခဲ့သည်။
“တိုက်ကြ…”
ကျန် နိုင်ငံနှစ်နိုင်ငံမှ တပ်များသည်လည်း လှုပ်ရှားလာကြသည်။
နိုင်ငံသုံးနိုင်ငံ၏ ပူးပေါင်းတပ်ဖွဲ့ ဖြစ်သော အင်အား ၈၀၀,၀၀၀ ရှိသော တပ်ကြီးသည် မြေပြင်ကို ဖုံးလွှမ်းသွားသော ဒီရေလှိုင်းပမာ ပြင်းထန်စွာ တိုးဝင်လာကြသည်။
“မြစ်ကို ဖြတ်ကျော်ပြီး ရှေ့ဆက်တိုးကြ”
ဤ ထူထဲလှသော စစ်သားပင်လယ်ထဲတွင် ပုံရိပ် ငါးခုတို့သည် ထင်ရှားစွာ ရှိနေခဲ့သည်။ သူတို့သည် ပူးပေါင်းတပ်ဖွဲ့၏ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။
ထည်ဝါလှသော အရှိန်အဟုန်ဖြင့် သူတို့သည် လျင်မြန်စွာဖြင့် ဦးတည်ချက်ပြောင်းကာ ရှနိုင်ငံ စစ်တပ်၏ နှလုံးသားတည့်တည့်သို့ ထိုးသွင်းလိုက်သော ဓားမြှောင် ငါးချောင်းကဲ့သို့ ဖြစ်နေသည်။
“ရှနိုင်ငံက ကျွမ်းကျင်သူတွေ ထွက်လာပြီး ငါတို့နဲ့ ရင်ဆိုင် တိုက်ခိုက်စမ်း”
နှစ်ယောက်ကို ငါးယောက် ပေါင်းတိုက်တာက ဂုဏ်သိက္ခာ မရှိဘူးလို့ ထင်ရပေမဲ့၊ မဖြစ်မနေ တိုက်ရတော့မည် ဖြစ်သည်…။
စစ်သူကြီးချုပ် နှင့် ချိုင်ယွီရှင်းတို့ နှစ်ဦးသည် သူတို့၏ လက်နက်များကို ဆွဲကိုင်ကာ ထို ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ငါးဦးကို ရင်ဆိုင်ရန် ရှေ့သို့ ထွက်လာခဲ့သည်။
“ရှနိုင်ငံကို ဖျက်ဆီးပစ်ဖို့ စဉ်းစားနေတာလား၊ အရင်ဆုံး ငါ့ရဲ့ လှံကို မေးကြည့်လိုက်ပါဦး”
“ဒီက လူအိုကြီးကို၊ ဘယ်သူက တိုက်ခိုက်ရဲလဲ”
အန်လုရှန်သည် နောက်ကွယ်မှနေ၍ ကျယ်လောင်စွာ အော်ဟစ်ကာ အမိန့်ပေးလိုက်သည်- “လေးသမားတွေ အသင့်ပြင်၊ မြှားတွေ လွှတ်! သူတို့ကို သေအောင် ပစ်”
“ဝှစ်၊ ဝှစ်၊ ဝှစ်” မြှားတွေက မိုးရေပမာ ကျလာခဲ့သည်။
ရှနိုင်ငံ စစ်တပ်သည် အမြင့်တစ်နေရာတွင် နေရာယူထားသောကြောင့် ပစ်ခတ်နိုင်သည့် အကွာအဝေးက အထူးကောင်းမွန်ပြီး ပူးပေါင်းတပ်ဖွဲ့ကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့သည်။
သို့သော်လည်း သူတို့သည် မကြောက်မရွံ့ဘဲ မြစ်ကို ဖြတ်ကျော်ကာ တိုက်ခိုက်မှုကို လျင်မြန်စွာ စတင်ခဲ့သည်။
စစ်သူကြီးချုပ်တို့ နှစ်ဦးကတော့ ထို ချီဖွဲ့တည်ခြင်းအဆင့် ငါးဦးနှင့် တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။ အရေအတွက်က မမျှမတ ဖြစ်နေသောကြောင့် သိသာစွာဖြင့် နိမ့်ကျနေပြီး ၊ သူတို့သည် ခုခံကာကွယ်ရေးကိုသာ အာရုံစိုက်နေရသည်။
စစ်ပွဲသည် အစကတည်းက ပြင်းထန်သော အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင်၊ လင်းပိုင်ဖန်နှင့် မိန်းမစိုးလျှူ တို့သည် မြင့်မားသော တောင်ထိပ်ပေါ်တွင် ပေါ်လာကာ အဝေးတစ်နေရာက ပိုမို ပြင်းထန်လာသော တိုက်ပွဲကို ကြည့်နေခဲ့ကြသည်။
လင်းပိုင်ဖန်၏ အကြည့်များက လေးနက်နေပြီး- “ မိန်းမစိုးလျှူ အချိန်က လူကို မစောင့်ဘူး၊ ငါတို့လည်း စလိုက်ရအောင်”
“မှန်လှပါ၊ အရှင်မင်းကြီး” မိန်းမစိုးလျှူက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
သူတို့နှစ်ဦးသည် နောက်လှည့်ကြည့်လိုက်ရာ၊ သူတို့နောက်တွင် အောက်ခြေကို မမြင်နိုင်လောက်အောင်ထိ နက်ရှိုင်းသော ရေကန်တစ်ခုကို တွေ့လိုက်ရသည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုး စတင်ပါတော့မယ်။ ကျေးဇူးပြုပြီး သတိထားပါ”
မိန်းမစိုးလျှူသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ အစစ်အမှန် ချီ အားလုံးကို စုစည်းကာ ဓားချီအဖြစ်သို့ ပြောင်းလိုက်ပြီး အားဖြင့် ခုတ်ချလိုက်သည်။
မိုးခြိမ်းသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာပြီး နံရံတွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ထို့နောက် ရေများသည် ၎င်းတို့၏ ကန့်သတ်မှုများကို ကျော်လွန်ကာ ထိုအက်ကွဲကြောင်းမှ အရှိန်အဟုန်ဖြင့် ပန်းထွက်လာပြီး မြစ်ချောင်းတစ်လျှောက်သို့ ကြမ်းတမ်းသော အရှိန်အဟုန်ဖြင့် အပြင်းအထန် စီးဆင်းလာသော ရေစီးကြောင်းကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။