အခန်း (၇၈)
Vol. 6 Ch. 78
ကြီးမြတ်သော ရွှယ်နိုင်ငံသည် ရှ နိုင်ငံနဲ့ မနီးမဝေးမှာ ရှိသည်။
၎င်းသည် ကြီးမြတ်သော မဟာ နိုင်ငံများ စာရင်းတွင် ပါဝင်သော်လည်း၊ ဤမဟာနိုင်ငံများ အနက်မှ ထိပ်တန်းတွင် ရှိနေပြီး၊ လင်းပိုင်ဖန်ရဲ့ ရှ နိုင်ငံထက် အများကြီး ပိုပြီး သန်မာလှသည်။
ပိုင်နက်က စတုရန်းကီလိုမီတာ ၃ သန်း ရှိပြီး ရှ နိုင်ငံထက် ၉ ဆကျော် ပိုကြီးသည်။
လူဦးရေက ၂၂ သန်း ရှိပြီး ရှ နိုင်ငံထက် ၄ ဆကျော် ပိုများသည်။
စစ်အင်အားကလည်း ၃ သန်း ရှိပြီး ရှ နိုင်ငံထက် ၅ ဆကျော် ပိုများသည်။
ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၁၅ယောက်ကျော် ရှိပြီး ရှ နိုင်ငံထက် ၅ ဆကျော် ပိုများနေသည်။
၎င်းတို့အထဲမှ ရွှယ်နိုင်ငံရဲ့ အုပ်စိုးသူသည်လည်း ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အင်ပါယာချီ အဆင့်ရဲ့ အထွတ်အထိပ်သို့ ရောက်နေကာ ကောင်းကင်နယ်ပယ် သိုင်းပညာရှင် ဖြစ်လာဖို့ တစ်လှမ်းသာ လိုတော့သည်။
ပြည်တွင်း အရင်းအမြစ်တွေအတွက်ကတော့ လင်းပိုင်ဖန်မှာ တိကျတဲ့ အချက်အလက် မရှိပေ။
သို့သော် သူ အတော်လေး များနိုင်တယ်လို့တော့ တွေးထားသည်။ ဒီလိုမှ မဟုတ်ရင် ဒီလောက်များတဲ့ လူဦးရေနဲ့ စစ်တပ်ကို ကျွေးမွေးထားနိုင်မှာ မဟုတ်ပေ။
ဒီလို နိုင်ငံမျိုးရဲ့ နိုင်ငံတော် စုစုပေါင်းအင်အားက မင်းဆက် တစ်ခုရဲ့ အင်အားနဲ့ သိပ်မကွာဘူးလို့ ပြောလို့ရသည်။
သူတို့က သူတို့ရဲ့ နိုင်ငံတော် အမည်ကို မပြောင်းလဲသေးတာပဲ ရှိသည်။
လင်းပိုင်ဖန်မှာ ပြောစရာ စကားလုံး မရှိလောက်အောင် ဖြစ်သွားပြီး- “မင်းက ငါ့ကို ရွှယ်နိုင်ငံ ကို ဖျက်စီးဖို့နဲ့ သူတို့ရဲ့ အုပ်ချုပ်သူကို သတ်ဖို့ ကူညီစေချင်တာလား။ မင်း ငါ့ကို တကယ်ပဲ အထင်ကြီးလွန်းနေတာပဲ။ ငါ့ကို သူတို့နဲ့ ရင်ဆိုင်ဖို့ တောင်းဆိုတာက ကျောက်တုံးကို ဥနဲ့ ပစ်ပေါက်ခိုင်းတာနဲ့ အတူတူပဲ။ ငါ့ရဲ့ စွမ်းရည်ကို လုံးဝကို လွန်ကဲပြီး အထင်ကြီးလွန်းနေတာပဲ၊ ပြီးတော့ သူတို့ရဲ့ စွမ်းရည်ကိုလည်း အထင်သေးလွန်းနေတာပဲ”
ပိုင်ဇူး က အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပေမယ့် အေးစက်စွာပဲ ဆက်ပြောလိုက်သည်- “ရှင့်နိုင်ငံရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ရွှယ်နိုင်ငံကို တကယ်ပဲ ယှဉ်နိုင်ဖို့က မဖြစ်နိုင်ဘူးဆိုပေမယ့် အနာဂတ်မှာဆိုရင်တော့ ကွဲပြားသွားနိုင်တယ်”
“အိုး၊ ဘာလို့ အဲဒီလို ပြောရတာလဲ၊ နားထောင်ကြည့်စမ်းမယ်” လင်းပိုင်ဖန်က စိတ်ဝင်စားစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
“ကျွန်မ ရှင့်နိုင်ငံကို စောင့်ကြည့်နေခဲ့တာ။ လွန်ခဲ့တဲ့ ခြောက်လက၊ နယ်မြေက စတုရန်းကီလိုမီတာ ၃ သိန်းသာ ရှိပြီးတော့ လူဦးရေ ၃ သန်းပဲ ရှိခဲ့တယ်၊ စစ်တပ်ကလည်း ၃ သိန်းပဲရှိပြီး စီးပွားရေးကလည်း နာလန်မထူနိုင်ဘဲ နိုင်ငံတော်ရဲ့ အင်အားက အားနည်းလွန်းလို့ ပျက်သုဉ်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံငယ်လေးတစ်ခုသာ ရှိသေးတယ်”
“ဒါပေမဲ့ ခြောက်လကြာပြီးတဲ့ နောက်မှာတော့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတွေက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်ခဲ့တယ်”
“နယ်မြေက စတုရန်းကီလိုမီတာ ၃ သိန်းပဲ ရှိနေသေးပေမယ့် မကြာခင်မှာ နယ်စပ်က နယ်မြေတွေကို ချဲ့ထွင်မှာက သေချာနေပြီ။ လူဦးရေက ၅ သန်းကျော်ကို ရောက်သွားပြီး ၂ ဆနီးပါး တိုးလာရုံသာမက၊ ပြည်သူတွေကလည်း ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ပြီး အရင်းအမြစ်တွေကလည်း ပေါများကြွယ်ဝလာခဲ့တယ်”
“စစ်အင်အားက ၆ သိန်းကို ရောက်နေပြီးတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာလည်း အမြဲတမ်း အပြည့်အဝ အောင်ပွဲခံနိုင်ခဲ့ပြီး ပတ်ဝန်းကျင် အရပ်ရပ်ကို အံ့သြတုန်လှုပ်စေခဲ့တယ်”
“အခုချိန်မှာ ရှ နိုင်ငံရဲ့ အင်အားက သိသိသာသာ တိုးတက်လာပြီး မဟာနိုင်ငံအဆင့်ကို ရောက်နေပြီ”
“ရှင့်ရဲ့ ဖွံ့ဖြိုးတိုးတက်နှုန်းနဲ့ဆိုရင် အနာဂတ်မှာ မင်းဆက်တစ်ခု တည်ထောင်နိုင်ဖို့တာ မဖြစ်နိုင်တာ မဟုတ်ဘူး။ မင်းဆက်တစ်ခုရဲ့ အင်အားကို ပိုင်ဆိုင်လာရင် ရွှယ်နိုင်ငံကို ကိုင်တွယ်ဖို့ အများကြီး ပိုလွယ်ကူမှာ မဟုတ်ဘူးလား”
လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ပြီး- “ပြောတာကောင်းတယ်၊ မင်းရဲ့ မင်္ဂလာ စကားကို စိတ်ထဲမှာ မှတ်ထားပြီး တစ်နေ့နေ့မှာ ငါကိုယ်တော်ရဲ့ ရှ နိုင်ငံက တကယ်ပဲ မင်းဆက်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောလိုက်တယ်။
“နောက်ထပ် အချက်တစ်ခု ရှိသေးတယ်”
ပိုင်ဇူးက လင်းပိုင်ဖန်ကို တစ်ချက်ကြည့်ပြီး- “ရှင် နိုင်ငံသုံးနိုင်ငံရဲ့ မဟာမိတ်တပ်ဖွဲ့တွေကို ရင်ဆိုင်တုန်းက ကျွန်မ အနီးအနားမှာ ရှိခဲ့တယ်။ အဲဒီနေ့က ကောင်းကင်ယံမှာ ဓားချီတွေ ပျံသန်းနေတာကို ကျွန်မ မြင်ခဲ့ရတယ်။ အဲဒါက မဟာမိတ်တပ်ဖွဲ့တွေရဲ့ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၅ ဦးကို သတ်လိုက်တဲ့ မြင်ကွင်းက အင်မတန် ထိတ်လန့်စရာပဲ”
“အဲဒီလူက ရှင် အကူအညီတောင်းထားတဲ့ သူငယ်ချင်းတစ်ယောက်လို့ ပြောကြတယ်။ ရှင့်သူငယ်ချင်းရဲ့ ခွန်အားက အင်ပါယာချီ အဆင့်ကို ရောက်နေလောက်ပြီ မဟုတ်လား။ သူ့ရဲ့ စွမ်းအားနဲ့ဆိုရင် ရွှယ်နိုင်ငံရဲ့ အုပ်ချုပ်သူနဲ့ ယှဉ်ပြိုင်နိုင်တာ သေချာတယ်”
လင်းပိုင်ဖန်က ကူရာမဲ့စွာ ရယ်မောလိုက်မိသည်။ သူ တစ်ကြိမ်တည်း လှုပ်ရှားလိုက်ခဲ့မိတာက မမျှော်လင့်ဘဲ ဒီတစ်ဖက်လူကို သူ့ဆီ ဆွဲဆောင်လာခဲ့တာ ဖြစ်သည်။
“မင်း မှန်တယ်။ ငါ့သူငယ်ချင်းက အရမ်း အစွမ်းထက်ပြီး အင်ပါယာချီ အဆင့်ကို ရောက်နေပြီ။ ငါ့နိုင်ငံကလည်း အလားအလာ ကြီးမားပြီး အနာဂတ်မှာ မင်းဆက်တစ်ခု တည်ထောင်ဖို့ အခွင့်အရေး ရှိတယ်”
အဲဒီနောက်မှာတော့ လင်းပိုင်ဖန်ရဲ့ လေသံက ပြောင်းသွားပြီး- “ဒါပေမဲ့ ငါက ဘာလို့ မင်းကို ကူညီရမှာလဲ။ မင်းက ချီဖွဲ့တည်ခြင်း အဆင့်လေးပဲ ရှိသေးတယ်။ မင်းလို ချီဖွဲ့တည်ခြင်းအဆင့်လေး တစ်ယောက်အတွက်နဲ့ မင်းဆက်တစ်ခုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ကြီးမားတဲ့ အင်အားစု ဖြစ်တဲ့ ရွှယ်နိုင်ငံ ကို ရန်စဖို့က... မင်းအမြင်မှာ တန်တယ်လို့ထင်လား”
ပိုင်ဇူးရဲ့ မျက်လုံးတွေ မှေးမှိန်သွားပြီး- “တကယ်ပဲ မတန်ပါဘူး။ ကျွန်မ ကံစမ်းဖို့ပဲ လာခဲ့တာပါ။ ရှင် သဘောမတူရင် ဒီကိစ္စကို မေ့လိုက်ရအောင်”
အဲဒီလို ပြောပြီးတာနဲ့ သူမက စိတ်ဓာတ်ကျနေတဲ့ အမူအရာနဲ့ တံခါးဆီကို လျှောက်သွားလိုက်သည်။
“ခဏ” လင်းပိုင်ဖန်က လှမ်းခေါ်လိုက်သည်။
“တခြား ဘာများ ရှိသေးလို့လဲ” ပိုင်ဇူးက နောက်ကို မလှည့်ဘဲ ရပ်ပြီး မေးလိုက်သည်။
“မင်းရဲ့ တောင်းဆိုချက်တွေကို ငါကိုယ်တော် သဘောတူတယ်” လင်းပိုင်ဖန်က ပြောလိုက်သည်။
“ဘာ” ပိုင်ဇူးရဲ့ မျက်လုံးတွေက မယုံကြည်နိုင်စရာတွေ အပြည့်နဲ့ နောက်လှည့်ပြီး ကြည့်လိုက်သည်။
ဘေးမှာ ရပ်နေတဲ့ မိန်းမစိုးလျှူရဲ့ မျက်လုံးတွေကလည်း ထိုနည်းတူပါပဲ။
အဲဒီနောက်မှာတော့ ပိုင်ဇူးက လင်းပိုင်ဖန်ဆီသို့ လျင်မြန်စွာနဲ့ အမြန်ရောက်လာပြီး စိတ်လှုပ်ရှားစွာနဲ့- “ရှင် ဆိုလိုတာက ရှင် သဘောတူတယ်ပေါ့။ ရှင် ကျွန်မကို ရွှယ်နိုင်ငံ ကို ဖျက်စီးဖို့နဲ့ ရွှယ်နိုင်ငံ ရဲ့ အုပ်ချုပ်သူကို သတ်ဖို့ ကူညီဖို့ သဘောတူတယ်ပေါ့” လို့ မေးလိုက်သည်။
လင်းပိုင်ဖန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “မှန်တယ်၊ ငါကိုယ်တော် သဘောတူလိုက်ပြီ”
ပိုင်ဇူးက ပိုပြီးတောင် မယုံနိုင်ဖြစ်သွားပြီး- “ဘာလို့ သဘောတူတာလဲ။ ဒါက ရှင်းရှင်းလင်းလင်းကို မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်ပဲ။ ကျောက်တုံးကို ဥနဲ့ ပစ်ပေါက်လိုက်သလိုပဲ။ ဦးနှောက်ရှိတဲ့ ဧကရာဇ်တိုင်း ဘယ်သူကမှ သဘောတူမှာ မဟုတ်ဘူး…”
“မင်း မှန်တယ်။ ဒါပေမဲ့ ငါက အရူး ဧကရာဇ်လေ၊ ငါ့ကို သာမန် အသိစိတ်နဲ့ ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ” လင်းပိုင်ဖန်က ရယ်မောပြီး ပြောလိုက်သည်။
ပိုင်ဇူးက ကြောင်သွားခဲ့သည်။
တခြားသူ ပြောနေတာက…
အဓိပ္ပာယ် ရှိနေသလိုပင်….။
အရူး ဧကရာဇ်တစ်ဦးတည်းသာ ဒီလို လုပ်ရပ်မျိုး လုပ်ပေလိမ့်မည်။
ပြီးတော့ ဒီတခြားသူက လူသိများပြီး လူတိုင်းက မုန်းတီးနေတဲ့ အရူး ဧကရာဇ် ဖြစ်နေသည်။
ကောင်းကင်ကနေ မုန့်တစ်လုံး ပြုတ်ကျလာသလိုမျိုး အရမ်း လွယ်လွယ်ကူကူ ရလိုက်တဲ့အတွက် ပိုင်ဇူးက အခုထိ လုံးဝ မယုံနိုင်သေးပေ။ ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်သည်။ “ကျွန်မရဲ့ သစ္စာစောင့်သိမှုအပြင် တခြား ဘာလိုချင်သေးလဲ”
“မင်းအနေနဲ့ ငါကိုယ်တော်က ဘာကိုလိုအပ်မယ်လို့ ထင်လဲ” လင်းပိုင်ဖန်က ပြောပြီး လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။ သူက ကမ္ဘာကြီးကို ပိုင်ဆိုင်ထားသလိုမျိုး ပြုံးနေခဲ့သည်။
ရုတ်တရက် ပိုင်ဇူးက လင်းပိုင်ဖန်အကြောင်း ကောလဟာလတွေအရ သူဟာ နိုင်ငံတော်ထက် အလှပဂေးကို ပိုပြီး နှစ်သက်ပုံရတဲ့အကြောင်းတွေကို သတိရသွားပြီး တစ်ခုခုကို သဘောပေါက်လိုက်သည်။ လင်းပိုင်ဖန်ကို ကြည့်တဲ့ သူမရဲ့ အကြည့်ကလည်း ပြောင်းလဲသွားခဲ့သည်။
အချိန်အတော်ကြာ စဥ်းစားပြီးနောက် သူမ ဆုံးဖြတ်ချက်ချလိုက်သည်။ မျက်လုံးတွေက ခိုင်မာပြတ်သားသွားပြီး- “ကောင်းပြီ။ ရှင်သာ ကျွန်မအတွက် ရွှယ်နိုင်ငံကို ဖျက်ဆီးပြီး ရွှယ်နိုင်ငံရဲ့ အုပ်ချုပ်သူကို သတ်ပေးနိုင်ရင်၊ ရှင် ကျွန်မကို ဘာမဆို လုပ်ခိုင်းလို့ရတယ်။ ကျွန်မရဲ့ အပျိုစင်ဘဝ အပါအဝင်၊ ရှင့်ကို အကုန် ပေးအပ်နိုင်တယ်” လို့ ပြောလိုက်သည်။
လင်းပိုင်ဖန် -“…..”
လင်းပိုင်ဖန်က သူ့ခေါင်းကို ငုံ့လိုက်ပြီး သူ့ကို အထင်လွဲနေပြီလို့ ခံစားလိုက်ရသည်။
ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် စရိုက်လက္ခဏာကို ပြန်စဉ်းစားလိုက်တဲ့အခါ၊ အထင်လွဲတာ မဟုတ်ဘဲ ဒီလို တွေးတာက လုံးဝ ပုံမှန်ပဲဆိုတာ တွေ့လိုက်ရသည်။
“ဒါပေမဲ့ စည်းကမ်းချက်တချို့ကိုတော့ ချမှတ်ရမယ်” ပိုင်ဇူးက ပြောလိုက်သည်။ “ရွှယ်နိုင်ငံကို ဖျက်စီးပြီး အုပ်ချုပ်သူကို သတ်နိုင်မှသာ ကျွန်မရဲ့ ကိုယ်ကို ရှင့်ကို ပေးအပ်မှာ။ အဲဒီမတိုင်ခင် ကျွန်မ ရှင့်ဆီမှာ ငါးနှစ် အမှုထမ်းမယ်။ အဲ့ဒီငါးနှစ်အတွင်း ရှင် ကျွန်မကို လက်စားချေဖို့ မျှော်လင့်ချက် မပြနိုင်ဘူးဆိုရင်၊ ကျွန်မဘာသာ ထွက်သွားမယ်”
လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး- “ငါးနှစ်လား”
ပိုင်ဇူးက လျင်မြန်စွာ ရှင်းပြလိုက်သည်။ “တကယ်တော့၊ နောက်ထပ် နှစ်အနည်းငယ် ပိုပြီး တိုးလို့ရပါတယ်။ လက်စားချေဖို့ မျှော်လင့်ချက် ရှိနေသရွေ့ ကျွန်မ စောင့်နိုင်ပါတယ်”
လင်းပိုင်ဖန်က ခေါင်းယမ်းလိုက်ပြီး- “မဟုတ်ဘူး၊ ငါးနှစ်က အရမ်း ရှည်လျားတယ်လို့ ထင်လို့ပါ။ အဲဒီလောက်ထိ အချိန်ယူစရာ မလိုဘူး”
ပိုင်ဇူး - “အမ်…”
သူမက လင်းပိုင်ဖန်ရဲ့ စကားကြောင့် လုံးဝ ကြောင်အသွားသည်။
ငါးနှစ်က အရမ်း ရှည်လျားတယ်တဲ့လား…။
ငါးနှစ်အတွင်း ရှ နိုင်ငံကို ရွှယ်နိုင်ငံနဲ့ ယှဉ်နိုင်တဲ့ အဆင့်အထိ ဖွံ့ဖြိုးအောင် လုပ်နိုင်ရင်တောင် အံ့ဩစရာပင် ဖြစ်သည်။
ဒါပေမဲ့ လင်းပိုင်ဖန်အတွက်ကတော့ ငါးနှစ်က တကယ်ပဲ အရမ်းကို ရှည်လျားလွန်းသည်။
အင်ပါယာ မြေပုံဖြင့် နိုင်ငံငယ်လေးတစ်ခုကို မဟာနိုင်ငံအဖြစ် တိုးတက်အောင်နှင့် သူ့ရဲ့ ကိုယ်ပိုင် ခွန်အားကို အင်ပါယာချီ အဆင့်အထိ မြှင့်တင်ဖို့ သူ ခြောက်လပဲ ယူခဲ့ရသည်။
အင်ပါယာ မြေပုံကသာ အဆင့်မြှင့်တင်ပြီး ပိုမိုများပြားတဲ့ လုပ်ဆောင်ချက်တွေ ပွင့်လာခဲ့ရင် တိုးတက်နှုန်းက ဒီထက်ပိုပြီး မြန်လာမှာ မဟုတ်ပေဘူးလား။
သူ့ရဲ့ အင်အားကလည်း နှေးကွေးစွာနဲ့ တိုးတက်လာမယ်လို့ ထင်နေတာလား..။
အဲဒီအချိန်ရောက်ရင် နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးဖို့ ဒါမှမဟုတ် လူတစ်ယောက်ကို သတ်ဖို့က မလွယ်ပေဘူးလား။
အလျင်လိုနေတဲ့ ကိစ္စကတော့ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို ထပ်မံ စုဆောင်းပြီး အင်ပါယာ မြေပုံ ကို မြန်နိုင်သမျှ မြန်မြန် အဆင့်မြှင့်ဖို့ပင် ဖြစ်သည်။
“ကောင်းပြီ။ နှစ်ဖက်စလုံးက ကန့်ကွက်စရာ မရှိရင် အခုပဲ တရားဝင် အတည်ပြုလိုက်ရအောင်” လင်းပိုင်ဖန်က ပြုံးပြီး ပြောလိုက်ကာ သူ့ရဲ့ ညာဘက်လက်ကို ဆန့်တန်းလိုက်သည်။
ပိုင်ဇူးက အနည်းငယ် ရှုပ်ထွေးသွားပြီး ဒီအမူအရာက ဘာကို ဆိုလိုမှန်း မသိခဲ့ပေ။
လက်ဆွဲနှုတ်ဆက်တာလား…။
ဒါပေမဲ့ ဒါက အမျိုးသားနဲ့ အမျိုးသမီး လက်ချင်း ထိတွေ့တာမျိုး မဖြစ်သင့်ဘူးလေ…
တွန့်ဆုတ်နေတဲ့ ထိုအချိန်တွင် မိန်းမစိုးလျှူက- “အရှင်မင်းကြီး၊ ကျွန်တော်မျိုး ပြောစရာ ရှိပါတယ်” လို့ ပြောလိုက်သည်။
အဲဒီလို ပြောပြီး သူက လင်းပိုင်ဖန်ကို ဆွဲပြီး ထောင့်တစ်နေရာကို ခေါ်သွားခဲ့သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးက ကျွန်တော်မျိုးတို့ရဲ့ ဂုဏ်သိက္ခာကို လျှော့ချပြီး တခြားသူတွေကို မြှောက်ပြောချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက သေးငယ်ပြီး ကျွန်တော်မျိုးတို့ရဲ့ ပြည်သူတွေက အားနည်းပါတယ်။ ကျွန်တော်တို့ ရွှယ်နိုင်ငံကို တကယ်ပဲ ရန်မစသင့်ပါဘူး။ ဒါ့အပြင်ကိုမှ အမျိုးသမီး တစ်ယောက်ကြောင့် အင်အားကြီးမားတဲ့ ရန်သူကို ရန်စတာက တကယ်ပဲ မတန်ပါဘူး။ ကျေးဇူးပြုပြီး ပြန်လည် စဉ်းစားပေးပါ၊ အရှင်မင်းကြီး”
လင်းပိုင်ဖန်က စိတ်အေးလက်အေးဖြင့်- “ မိန်းမစိုးလျှူ၊ စိတ်ချပါ။ ငါကိုယ်တော် အခြေအနေကို ကောင်းကောင်း သိပါတယ်၊ ပြဿနာ မရှိပါဘူး”
မိန်းမစိုးလျှူက အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ ဒါကို အခြေအနေကို ကောင်းကောင်း သိတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ..။
လုံးဝကို အလေးမထားတာ သိသာနေတာကို။
“အရှင်မင်းကြီး၊ ဒီလူရဲ့ နောက်ခံကို မသိရသေးပါဘူး၊ သူက အရှင်မင်းကြီးအတွက် အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဆုံးဖြတ်ချက် မချခင် သေသေချာချာ စုံစမ်းသင့်ပါတယ်”
လင်းပိုင်ဖန်က ဆက်ပြီး တည်ငြိမ်စွာဖြင့်- “စိတ်မပူပါနဲ့။ သူသာ ငါကိုယ်တော်ကို သတ်ချင်ရင် ခုနကပဲ သတ်ပြီးသား ဖြစ်နေမှာပေါ့။ ဘာလို့ ဒီလောက်ထိ အပင်ပန်းခံနေရမှာလဲ”
“အရှင်မင်းကြီး၊ မိန်းအလှတစ်ယောက်က ပြဿနာရဲ့ အရင်းအမြစ် ဖြစ်နိုင်ပါတယ်” မိန်းမစိုးလျှူက ပိုပြီးတောင် စိုးရိမ်လာခဲ့သည်။
“ငါကိုယ်တော်က မိန်းမလှတွေကို သဘောကျတဲ့ အရူး ဧကရာဇ် တစ်ယောက်ပဲလေ။ သူက ပြဿနာရဲ့ အရင်းအမြစ် ဟုတ်မဟုတ်ကတော့ နောက်မှ ပြောကြတာပေါ့။ ကောင်းပြီ၊ မိန်းမစိုးလျှူ၊ မောင်မင်း သစ္စာရှိတာ ငါကိုယ်တော် သိတယ်။ ဒါပေမဲ့ သူမက ငါကိုယ်တော်အတွက် ပြဿနာ မဟုတ်ဘူး”
လင်းပိုင်ဖန်က ဒီလို ပြောပြီး ပြန်လျှောက်လာကာ လက်ကို ဆန့်ထုတ်ပြီး “သဘောတူပြီ” လို့ ကြေညာလိုက်သည်။
ပိုင်ဇူးက လက်ကို မဆန့်ထုတ်ခင် တုံ့ဆိုင်းနေပြီးမှ- “သဘောတူပြီ”
သူတို့ရဲ့ လက်တွေ ထိတွေ့ပြီးနောက် ပိုင်ဇူးက သူမရဲ့ လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်သည်။ သူမရဲ့ ပါးပြင်မှာ သွေးရောင် နည်းနည်း သမ်းသွားပြီး ပိုပြီးတောင် လှပနေလေသည်။
ဒါပေမဲ့ အဲဒါက မျက်နှာဖုံးနဲ့ ဖုံးအုပ်ထားတာ ဖြစ်တဲ့အတွက် လင်းပိုင်ဖန်အနေနဲ့ မမြင်နိုင်ခဲ့ပေ။
“ကောင်းပြီ၊ အခုဆိုရင် ငါတို့က တူညီတဲ့ ဘက်မှာ ရပ်တည်နေပြီဆိုတော့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား စကားပြောလို့ရပြီ” လင်းပိုင်ဖန်က ပိုင်ဇူးကို ထပ်မံ ထိုင်ဖို့ ဖိတ်ခေါ်လိုက်သည်။
ပိုင်ဇူးက မငြင်းဘဲ ထိုင်လိုက်ပေမယ့် လက်ဖက်ရည်ကိုတော့ မသောက်ခဲ့ပေ။
“ရှင့်မှာ ဘာမေးခွန်းတွေ ရှိလဲ၊ မေးလိုက်ပါ”
လင်းပိုင်ဖန်က တိုက်ရိုက်ပဲ မေးလိုက်သည်။ “မင်းမှာ ဘယ်လို စွမ်းရည်တွေ ရှိသလဲ၊ ပြီးတော့ ငါ့အတွက် ဘာတွေ လုပ်ပေးနိုင်လဲ”
“ကလေးဘဝတည်းက ကျွန်မ သိုင်းပညာကို လေ့ကျင့်ခဲ့ပြီး လက်ရှိ ခွန်အားက ချီဖွဲ့တည်ခြင်းအဆင့်ရဲ့ အစစ်အမှန်ချီ အထွတ်အထိပ်မှာ ရှိတယ်။ နောက်ပိုင်းမှာ လက်စားချေဖို့အတွက် ပုန်းကွယ်တာနဲ့ လုပ်ကြံသတ်ဖြတ်မှု အတတ်ပညာကိုလည်း လေ့လာခဲ့တယ်။ ဒါကြောင့် ကျွန်မ ရှင့်ကို လူသတ်ရာမှာ ကူညီနိုင်တယ်” ပိုင်ဇူးက အေးစက်စွာ ပြောလိုက်သည်။
“ဒါက အသုံးဝင်တဲ့ စွမ်းရည်ပဲ”
လင်းပိုင်ဖန်က ခေါင်းညိတ်ပြီး- “ဒါဆို မင်းက ဘာလို့ ရွှယ်နိုင်ငံ ကို ဖျက်ဆီးပြီး ရွှယ်နိုင်ငံ ရဲ့ အုပ်ချုပ်သူကို သတ်ချင်ရတာလဲ”
“လက်စားချေဖို့အတွက်ပေါ့!” ပိုင်ဇူးရဲ့ မျက်လုံးတွေက သွေးရောင်လွှမ်းလာပြီး လူသတ်ချင်တဲ့ အငွေ့အသက်တွေ ပြည့်လာခဲ့သည်။
အာဃာတအမုန်းတရားတွေနဲ့ မကျေနပ်မှုရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သူမ ရှင်းပြမနေတော့သလို လင်းပိုင်ဖန်ကလည်း မမေးခဲ့ပေ။
ခဏတာ စကားပြောပြီးနောက် လင်းပိုင်ဖန်က သူမအကြောင်း ပိုပြီး နားလည်လာသည်။
သူမက သိုင်းပညာမှာ ထူးခြားတဲ့ အရည်အချင်းရှိပြီး ငယ်စဉ်က ဆရာတစ်ဦးထံမှာ တပည့်ခံခဲ့တယ်။ နောက်ပိုင်းမှာ လက်စားချေဖို့အတွက် သူမရဲ့ စွမ်းအင် အားလုံးကို ပုန်းကွယ်ဖို့နဲ့ လုပ်ကြံသတ်ဖြတ်မှု အတတ်ပညာအတွက် မြှုပ်နှံခဲ့ပြီး အဲဒါမှာလည်း သူမ ထူးချွန်ခဲ့သည်။
အဲဒါအပြင် အဲ့ထက်ပိုပြီး သိစရာက သိပ်မရှိပေ။
ဒါပေမဲ့ လင်းပိုင်ဖန်အတွက်ကတော့ ဒါလောက်ဆို လုံလောက်ပြီဖြစ်သည်။
“လတ်တလောမှာ လုပ်စရာ အလုပ်တွေ မရှိသေးဘူး။ ဒါကြောင့် အခုလောလောဆယ် ငါကိုယ်တော်ရဲ့ ဘေးမှာ ပုန်းအောင်းနေပြီး ငါ့ကို သေသေချာချာ ကာကွယ်ပေးထားပါ။ ငါကိုယ်တော်မှာ မင်းအတွက် အလုပ်ရှိလာတဲ့အခါ အဲဒီအခါကျမှ တာဝန်ပေးမယ်”
“နားလည်ပါပြီ” ပိုင်ဇူးက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
ဒီလိုနဲ့ လင်းပိုင်ဖန်က ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးကို စည်းရုံးနိုင်ခဲ့ပြီ ဖြစ်သည်။ ဒါပေမဲ့ တစ်ဦးတော့ လိုနေသေးသည်။