အခန်း (၈၁)
Vol. 6 Ch. 81
နတ်ဘုရား၏လက်ကို တစ်ဖန်အသုံးပြု၍ လင်းပိုင်ဖန် သည် ချက်ချင်းလှုပ်ရှားလိုက်ပြီး အင်ပါယာ မြေပုံ ဆီသို့ လက်လှမ်းလိုက်သည်။
အပြင်ဘက်တွင်တော့ ရှနိုင်ငံ တစ်နိုင်ငံလုံး အကြီးအကျယ် တုန်လှုပ် ချောက်ချားနေခဲ့သည်။
ရုတ်တရက် မြေပြင်တုန်ခါလာပြီး တောင်များပါ လှုပ်ယမ်းလာသည်။
ပြည်သူတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
“ဘာဖြစ်တာလဲ”
“မြေနဂါးက နောက်တစ်ခါ လှုပ်တာများလား?”
“မြန်မြန်၊ လုံခြုံတဲ့နေရာရှာပြီး ပုန်းကြ”
လူတိုင်း အသက်ဘေးကနေ လွှတ်အောင် အလန့်တကြား ပြေးလွှားနေကြသည်။
တကယ်တမ်းတွင် လင်းပိုင်ဖန် သည် မည်သည့် ဆူပူသံမှ မထွက်စေဘဲ၊ တောင်၊ မြစ်နှင့် ချောင်းတွေကို ပြောင်းလဲရန် နတ်ဘုရား၏လက် ကို အသုံးပြုနိုင်သည်။ သို့သော် သူဤသို့ပြုလုပ်ရခြင်းမှာ ငလျင်လှုပ်ခြင်းကို သူ၏လုပ်ရပ်များအတွက် အကာအကွယ်အဖြစ် အသုံးပြုရန်ဖြစ်သည်။
မဟုတ်ပါက အံ့ဖွယ်ရာတွေဖြစ်လွန်းပြီး ရှင်းပြဖို့ခက်မည်ဖြစ်သည်။
ငလျင်လှုပ်ခြင်း၏ အကာအကွယ် အောက်တွင် လင်းပိုင်ဖန် သည် သူ၏ဆန္ဒအတိုင်း မြစ်ချောင်းများကို တူးဖော်ရန် စတင်ခဲ့သည်။
မချိတ်ဆက်ရသေးသော တူးမြောင်းတွေ အားလုံးကို ဆက်သွယ်လိုက်သည်။
“အခု၊ နိုင်ငံတစ်ဝှမ်းလုံးကို ရေလမ်းကြောင်းတွေ ချိတ်ဆက်မိသွားအောင် မဖွင့်ရသေးတဲ့ မြေတွေမှာ တူးမြောင်းတွေ တူးရမယ်”
လင်းပိုင်ဖန် သည် ရွှံ့တွေ၊ သဲတွေနှင့် ကစားနေသလိုမျိုး၊ ရွှံ့ရဲတိုက်တွေ တည်ဆောက်နေရသည့်အတိုင်း ပျော်ရွှင်စွာ ကစားနေသော်လည်း၊ ကြည့်နေသူများမှာမူ ထိတ်လန့်နေကြသည်။
ငလျင်က အလွန်ပြင်းထန်တဲ့အတွက် တူးမြောင်းတွေအပေါ် အဖျက် စွမ်းအားကလည်း ကြီးမားလွန်းနိုင်သည်။ သူတို့၏ ယခင်ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်ကုန်ပြီလား။
ပြီးတော့ မြစ်ရေတွေ လျှံကျပြီး၊ ဖယ်ရှားရှင်းလင်းရန် အလွန်ခက်ခဲခဲ့သော မြေများကို ရေများ လွှမ်းမိုးသွားမလား စိုးရိမ်ပူပန်နေခဲ့ကြသည်။
နောက်ဆုံးတွင် ငလျှင်လှုပ်ခြင်း ရပ်သွားမှသာ သူတို့သက်ပြင်းချနိုင်ခဲ့သည်။
အလုပ်ပြန်စဖို့ အချိန်တန်တော့ သူတို့ရှေ့က မြင်ကွင်းကြောင့် လူတိုင်း တအံ့တသြ ဖြစ်သွားကြသည်။
“ဒါ...ဒါက အံ့ဖွယ်တစ်ပါးပဲ”
ယခုအချိန်တွင် လင်းပိုင်ဖန် သည် သူ၏အလုပ်ကို စိတ်ကျေနပ်စွာဖြင့် ပြီးမြောက်ခဲ့သည်။
“အခုဆိုရင် ငါတို့ ရှနိုင်ငံရဲ့ တူးမြောင်းတွေက လုံးဝချိတ်ဆက်သွားပြီ၊ ရေလမ်းကြောင်းတွေကလည်း အရပ်မျက်နှာ အားလုံးဆီကို ရောက်ရှိနိုင်ပြီ။ ငါတို့တွေ ပျံသန်းဖို့ အချိန်ရောက်ပြီ”
နောက်တစ်နေ့တွင် ဟီရှန်း က ထိုကိစ္စကို လင်းပိုင်ဖန် ထံ အစီရင်ခံခဲ့သည်။
ရွှင်လန်းဝမ်းမြောက်သောအသွင်ဖြင့် သူက- “အရှင်မင်းကြီး၊ မနေ့က မြေနဂါးလှုပ်တာဟာ တစ်နိုင်ငံလုံးက သာမန်ပြည်သူတွေအားလုံးကို သက်ရောက်မှုရှိခဲ့ပါတယ်” ဟု လျှောက်တင်ခဲ့သည်။
“ငါကိုယ်တော်လည်း ခံစားမိတယ်”
လင်းပိုင်ဖန် က စိုးရိမ်တကြီးဖြင့်- “ထိခိုက်သေဆုံးမှု ဒါမှမဟုတ် ပျက်စီးမှုတွေများ ရှိခဲ့သလား” ဟု မေးလိုက်သည်။
ဟီရှန်းက ခေါင်းခါရင်း-“အရှင်မင်းကြီး၊ ထိခိုက်သေဆုံးမှုတွေနဲ့ ဆုံးရှုံးမှုတွေ မရှိရုံသာမက၊ ကျွန်တော်မျိုးတို့ ကံဆိုးမှုကနေ ကံကောင်းခြင်းအဖြစ် ပြောင်းသွားခဲ့ပါတယ်။ ငလျင်ကြောင့် ကျွန်တော်မျိုးတို့ရဲ့ တူးမြောင်းတွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာအထိ လုံးဝ ချိတ်ဆက်သွားခဲ့ပါတယ်။ ပြည်တွင်းမှာသာမက၊ အသစ်ဖွင့်လှစ်ထားတဲ့ နယ်မြေတွေပါ ရေလမ်းကြောင်းနဲ့ သွားလာနိုင်သွားပါပြီ”
“အခုဆိုရင် ကျွန်တော်မျိုးတို့ရဲ့ ပြည်တွင်းက တူးမြောင်းတွေဟာ အကျယ်ဝန်းဆုံးနဲ့ အချင်းချင်းဆက်သွယ်မှု အကောင်းဆုံးလို့ ပြောနိုင်ပါပြီ။ သူတို့ဟာ စိုက်ပျိုးမြေတွေအတွက် ရေသွင်းပေးနိုင်ရုံသာ မကဘဲ ကုန်သွယ်ရေးနဲ့ စီးပွားရေးကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ ရှနိုင်ငံဟာ ကြီးပွားချမ်းသာခြင်းဆီကို ဦးတည်နေပါပြီ”
“ဒီလို ကံကောင်းခြင်းမျိုးကို ရရှိလိုက်တာပဲ၊ ဟား…ဟား” လင်းပိုင်ဖန် က ရယ်မောလိုက်သည်။
“အရှင်မင်းကြီး၊ ဒါဟာ ဘာကို ဆိုလိုသလဲဆိုတာ သိပါသလား” ဟီရှန်း က မေးလိုက်သည်။
“ဘာကိုဆိုလိုတာလဲ” လင်းပိုင်ဖန် က မျှော်လင့်တကြီး မေးလိုက်သည်။
“ဒါဟာ အရှင်မင်းကြီးအပေါ် ကောင်းကင်ဘုံက မျက်နှာသာ ပေးနေကြောင်း၊ ရှနိုင်ငံအပေါ် ကောင်းကင်ဘုံက ကောင်းချီး ပေးနေကြောင်းကို ဖော်ပြနေတာပါ” ဟု ဟီရှန်းက ကျယ်လောင်စွာ မြှောက်ပင့်လိုက်သည်။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ၊ ရှနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ” ဟု အရာရှိများက တစ်ညီတညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
“ကောင်းပြီ၊ ငါ့အမတ်တို့။ ငါကိုယ်တော် အရမ်းကျေနပ်တယ်။ မောင်မင်းတို့တစ်ဦးစီကို ငွေ တေး တစ်ထောင်စီ ဆုချမယ်၊ ဟား…ဟား…ဟား” လင်းပိုင်ဖန် က ကျေနပ်စွာ ရယ်မောလိုက်သည်။
“အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်” ဟု အရာရှိများက တစ်ဖန် ကြွေးကြော်လိုက်ကြသည်။
လင်းပိုင်ဖန်ကလည်း နောက်တစ်ကြိမ် ကျေနပ်စွာ ရယ်မောလိုက်သည်။
သူသည် ဤကဲ့သို့ နန်းတွင်းလေထုမျိုးကို အလွန်နှစ်သက်သည်။
ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းများသာရှိပြီး၊ လူများက သူ့ကို ဖားယားနေကြရာ သူ အလွန်ပင် စိတ်အေးလက်အေးရှိပြီး တစ်နေ့ကို အကြိမ်များစွာ ရယ်မောနိုင်သည်။
မည်သည့် ဧကရာဇ်မဆို နောက်ပိုင်းနှစ်များတွင် ပေါ့ဆလာခဲ့ပြီး အရည်အချင်းမရှိသူ ဖြစ်လာရခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ပျက်စီးယိုယွင်းမှုမရှိဘဲ မနေနိုင်ပေ။
“ကံကောင်းတာက ငါ့ကိုယ်ငါ ဆယ်စုနှစ်များစွာ လမ်းလွဲမှာကို အစောကြီး ကယ်တင်နိုင်ခဲ့တာပဲ”
ထိုစဉ်တွင် ဟီရှန်းက “ ဒါပေမယ့်လည်း၊ အရှင်မင်းကြီး၊ ဒီကိစ္စမှာ အကောင်းအဆိုး ဒွန်တွဲနေပါတယ်” ဟု ထပ်ဆောင်းပြောလိုက်သည်။
“ဆိုးတဲ့ အချက်တွေက ဘာတွေလဲ” လင်းပိုင်ဖန် က မေးသည်။
“အရှင်မင်းကြီး၊ အရင်က တူးမြောင်းတူးဖို့ သာမန်ပြည်သူ ခြောက်သိန်းရှိနေပါတယ်။ အခု တူးမြောင်းတွေက ဆက်သွယ်သွားတော့ သူတို့အလုပ်တွေ ပျောက်သွားပါပြီ။ ဒီလူ ခြောက်သိန်းကို တစ်ပြိုင်တည်း နေရာချထားဖို့ မလွယ်ပါဘူး” ဟီရှန်း က မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
“သူတို့ကို မြေရိုင်းတွေ ဖော်ထုတ်တဲ့ အလုပ်ခိုင်းလိုက်ပါ”
လင်းပိုင်ဖန် က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ငါတို့မှာ မြေတွေ အများကြီးရှိနေတာပဲ၊ သူတို့ အားလုံးကို အသုံးမချနိုင်မှာကို ကြောက်နေရမှာလား”
“အရှင်မင်းကြီး၊ လူတွေက အများကြီး ရှိနေတုန်းပါပဲ၊ သူတို့အားလုံးကို မြေရိုင်းတွေ ဖော်ထုတ်ခိုင်းဖို့ မလိုအပ်ပါဘူး”
“ဒါလည်း ရိုးရှင်းပါတယ်”
လင်းပိုင်ဖန် က ပြုံးကာ- “ကြည့်ပါဦး၊ ငါကိုယ်တော်ရဲ့ နန်းတော်က ဟောင်းနွမ်းနေပြီး သေးငယ်လွန်းလှတယ်၊ နန်းတော်အသစ် ဆောက်ဖို့ အချိန်တန်ပြီ။ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်အသစ်တစ်ခု တည်ဆောက်တဲ့အခါ သူတို့ကို အလုပ်တွေ ပေးလို့ ရတာပဲလေ”
“နန်းတော်အသစ် ဆောက်မလို့လား” အရာရှိများအားလုံး အံ့အားသင့်သွားကြသည်။
အရာရှိများ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နန်းတော်ရဲ့ ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်ရာ မကြာမီ သဘောပေါက်သွားခဲ့ကြသည်။
လက်ရှိနန်းတော်သည် မူလက နိုင်ငံငယ် တစ်ခု၏ စံနှုန်းအတိုင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ ယခု ရှနိုင်ငံ သည် နိုင်ငံကြီး တစ်ခု၏ အင်အား ရှိနေပြီဖြစ်ရာ လက်ရှိနန်းတော်မှာ အတော်ပင် ညံ့ဖျင်းနေပုံရသည်။
သူတို့၏ ဧကရာဇ်သည် ကြီးကျယ်လှတဲ့ အောင်မြင်မှုတွေကို နှစ်သက်ပြီး ဇိမ်ခံခြင်းကို အထူး နှစ်သက်ရာ နန်းတော်ကို အစားထိုးလိုခြင်းမှာ သာမန်ပင်ဖြစ်သည်။
ထို့အပြင် အစည်းအဝေးနေရာက တကယ်ပင် ကျဉ်းမြောင်းနေသည်။ ယခုတွင် တိုးလာခဲ့သော အရာရှိများနှင့် ကျပ်ညပ်နေလေသည်။
“မှန်လှပါ၊ ကျွန်တော်မျိုး ဆောင်ရွက်ပါ့မယ်” ဟီရှန်းက ပြန်ဖြေလိုက်သည်။
လင်းပိုင်ဖန် က လက်ပြလိုက်ရာ၊ နန်းတွင်း အမတ်တစ်ဦးက ပန်းချီကားတစ်ချပ်ကို ဟီရှန်း လက်သို့ ပေးလိုက်သည်။
“ဧကရာဇ်မင်းမြတ်က နန်းတော်ပုံစံမူကြမ်းကို ရေးဆွဲဖို့ လူတစ်ယောက်ကို အမိန့်ပေးထားပြီးသား။ မင်း အဲဒီအတိုင်း ဆောက်ရမယ်”
ဟီရှန်းက ဖွင့်ကြည့်လိုက်ရာ ချွေးအေးများ ဒလဟော ကျလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ပြသထားသည်မှာ အလွန်ကြီးမားသော စီမံကိန်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ထိုစီမံကိန်းသည် အလွန်ကြီးမားပြီး၊ ၎င်းဖုံးလွှမ်းသည့် မြေနေရာသည်ပင် မြို့ငယ်လေး တစ်မြို့၏ အရွယ်အစားနှင့် ညီမျှနေသည်။
ဤစီမံကိန်းကို တည်ဆောက်ရန်အတွက် ငွေတေး ၁၀ သန်း သုံးစွဲလျှင်ပင် မလုံလောက်နိုင်ပေ။
အခြားအရာရှိများလည်း လှမ်းကြည့်လိုက်ကြပြီး၊ အလားတူပင် ချွေးအေးများ ကျလာကာ ဟီရှန်း အား “မင်းဘာသာ ဖြေရှင်း” ဟူသော အကြည့်မျိုး ပေးလိုက်ကြသည်။
“အရှင်မင်းကြီး၊ ဒီ...ဒီနန်းတော်က မင်းဆက်တစ်ခုရဲ့ အနေအထားအတိုင်း အပြည့်အဝ တည်ဆောက်ထားတာပါ”
“မှန်တယ်လေ။ ပြဿနာရှိလို့လား”
လင်းပိုင်ဖန် ၏ အေးဆေးတည်ငြိမ်သော အကြည့်အောက်တွင် ဟီရှန်း မှာ အနည်းငယ် စိုးရိမ်ပူပန်လာြပီး- “မရှိ...မရှိပါဘူး။ ကျွန်တော်မျိုးက ပြည်သူတွေအတွက် အနည်းငယ် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး ကုန်ကျစရိတ်က များနိုင်မယ်လို့ ထင်ရပေမယ့်၊ ကျွန်တော်မျိုး ကျော်လွှားနိုင်ပါတယ်”
လင်းပိုင်ဖန်က သဘောတူစွာ ခေါင်းညိတ်သည်- “တကယ်ပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်ပြီး ကုန်ကျစရိတ်များတယ်၊ ဒါပေမယ့် ပိုက်ဆံသာ အလုံအလောက်ရှိရင် ဝန်ထုပ်ဝန်ပိုးက ဖြစ်လာမှာ မဟုတ်ဘူး။ ကုန်ကျစရိတ် အတွက်ကတော့ ငါကိုယ်တော်ရဲ့ ဘဏ္ဍာတိုက်မှာ ပိုက်ဆံတွေ အများကြီး ရှိနေတာပဲ၊ မသုံးဘဲ သိမ်းထားရင် ဘာအသုံးဝင်တော့မှာလဲ”
“မှန်...မှန်ပါ့။ အရှင်မင်းကြီးရဲ့ စကားက အလွန်ပညာရှိလှပါတယ်” ဟီရှန်းက ချွေးများ သုတ်လိုက်သည်။
အခြားအရာရှိများလည်း ထပ်မံပြောဝံ့ခြင်း မရှိတော့ပေ။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဧကရာဇ်ကို “မိုက်မဲတဲ့ ဧကရာဇ်” လို့ သိကြတာကိုး။
သူ့ကို စော်ကားမိရင် ရာထူးက ထုတ်ပယ်တာမျိုးလို ပေါ့ပါးတဲ့ အပြစ်ပေးခြင်း ခံရနိုင်သလို၊ ပြင်းထန်လာရင် အသက်ပါ ဆုံးရှုံးရနိုင်သည်။
ထိုအချိန်တွင် လီလင်းဖူ က မတ်တတ်ရပ်ကာ လေးစားစွာ ဦးညွှတ်လိုက်ပြီး- “အရှင်မင်းကြီး၊ ရှနိုင်ငံဟာ အခု ငြိမ်းချမ်းနေပါပြီ၊ ပြည်သူတွေကလည်း သာယာဝပြောနေပြီး မြေဆီလွှာတွေဟာလည်း ပေါများလာပါပြီ။ နိုင်ငံသားတွေဟာလည်း ပျော်ရွှင်စွာဖြင့် အသက်မွေးဝမ်းကြောင်းတွေ ပြုနေပါပြီ။ ဒါတွေအားလုံးဟာ အရှင်မင်းကြီးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ပါပဲ” ဟု လျှောက်တင်လိုက်သည်။
“ဒါကြောင့် ကောင်းကင်ဘုံက ကျွန်တော်မျိုးတို့အပေါ် ကောင်းချီး ပေးခဲ့တာပါ။ မြေနဂါးက လှုပ်ရှားသွားပြီး ကျွန်တော်မျိုးတို့ရဲ့ တူးမြောင်းကွန်ရက် တစ်ခုလုံးကို ချိတ်ဆက်ပေးခဲ့တာပါ။ ဒါဟာ အရှင်မင်းကြီးကို နိုင်ငံတော်အမည်ကို ပြောင်းလဲဖို့ အချိန်တန်ပြီလို့ သတိပေးနေတာပါ။ နိုင်ငံကြီးတစ်ခုသာလျှင် အရှင်မင်းကြီးရဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတော့တယ်”
ဤစကားကို ကြားသောအခါ လင်းပိုင်ဖန်ဟာ အလွန်ဝမ်းမြောက်သွားခဲ့သည်။ “ကောင်းလိုက်တဲ့ စကား။ နိုင်ငံတော်အမည်ကို ပြောင်းဖို့ အချိန်တန်ပြီ။ နေ့ကောင်းနေ့မြတ် တစ်နေ့ကို ရွေးပြီး ခမ်းနားတဲ့ အခမ်းအနားတစ်ခု ကျင်းပပြီး ကမ္ဘာတစ်ဝှမ်းကို ကြေညာလိုက်ကြစို့။ အမတ် လီ၊ ဒီကိစ္စကို မောင်မင်းတာဝန်ယူပါ။ လွယ်ကူအောင် ငါကိုယ်တော် မောင်မင်းကို အခမ်းအနား ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်။ ငါကိုယ်တော်ရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင်တော့ မလုပ်နဲ့”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး” လီလင်းဖူခင်ဗျာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
သူသည် လင်းပိုင်ဖန် ကို နိုင်ငံတော်အမည် ပြောင်းလဲဖို့ အကြိမ်ကြိမ် သတိပေးရခြင်းရဲ့ အကြောင်းရင်းက ရာထူးတိုးလာဖို့ အတွက်ပဲ ဖြစ်သည်။
ဘာဖြစ်လို့လဲဆိုတော့ ရာထူးကြီးမားတဲ့ အရာရှိတွေသာ ခမ်းနားတဲ့ အခမ်းအနားတွေကို ဦးစီးနိုင်လို့ပါပဲ။
‘အခုဆို ငါ အောင်မြင်ပြီကွ၊ ဟား..ဟား’
‘ငါ ကောင်းကောင်းမွန်မွန် လုပ်ဆောင်ပြီး နောက်ထပ် ရာထူးတိုးဖို့ ကြိုးစားရမယ်’
ထို့နောက်တွင် ရှနိုင်ငံ ၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် ကမ္ဘာတစ်ဝှမ်းသို့ စတင်ပျံ့နှံ့သွားခဲ့သည်။
ရှနိုင်ငံ ၏ ငလျှင်လှုပ်ခြင်းက လူသေဆုံးမှု မရှိခဲ့ဘဲ၊ ကံဆိုးခြင်းမှ ကံကောင်းခြင်း အဖြစ်သို့ ပြောင်းလဲကာ တူးမြောင်းကွန်ရက်တစ်ခုလုံးကို လုံးဝ ချိတ်ဆက်သွားစေခဲ့သည်။
မိုက်မဲတဲ့ ဧကရာဇ်က အလွန်ပျော်ရွှင်သွားပြီး မင်းဆက်တစ်ခုနဲ့ ထိုက်တန်တဲ့ နန်းတော်ကို တည်ဆောက်ဖို့ ပြင်ဆင်နေသည်။
တစ်ချိန်တည်းမှာပင် သူသည် နိုင်ငံတော် အမည်ကို ပြောင်းလဲပြီး ကမ္ဘာတစ်ဝှမ်းလုံးကို ကြေညာရန် အခမ်းအနားတစ်ခု ကျင်းပရန် စီစဉ်နေသည်။
တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသော ဖြစ်ရပ်များကြောင့် လူတိုင်း အံ့အားသင့်ကာ၊ မနာလိုဝန်တိုစိတ်များနှင့် စိတ်မချမ်းမြေ့မှုများကို ခံစားလိုက်ရသည်။
“ငလျှင်က လှုပ်တာတောင်မှ အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က ကောင်းချီးတွေ ရနေသေးတယ်။ ကောင်းကင်ဘုံက မျက်စိကန်းနေသလိုပဲ”
“ဟုတ်တယ်၊ ဒီသတင်းကို ကြားတော့ ငါ့မှာ တစ်ညလုံး အိပ်မရခဲ့ဘူး၊ ဘာလို့ လူကောင်းတွေက စောစောသေပြီး လူယုတ်မာတွေက နှစ်တစ်ထောင်လောက်ထိ အသက်ရှင်နေရတာလဲ”
“နိုင်ငံက အခုမှ တိုးတက်ခါစ ရှိသေးတယ်၊ အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က နောက်တစ်ခါ ပြဿနာရှာပြန်ပြီ။ သူက မင်းဆက်တစ်ခုရဲ့ စံနှုန်းအတိုင်း နန်းတော်အသစ်ဆစ်ခု ဆောက်ချင်တယ်။ ဒါဟာ ပြည်သူတွေကို ပင်ပန်းစေပြီးတော့ ကုန်ကျမှုကလည်း အရမ်းများတယ်။ ဘယ်ဧကရာဇ်က ဒီလိုလုပ်ရဲမှာလဲ”
“သူက လုံးဝဥဿုံကို မိုက်မဲတဲ့ ဧကရာဇ်ပဲ။ နိုင်ငံက မကြာခင် သူ့လက်ထဲမှာ ပျက်စီးသွားရလိမ့်မယ်”