အခန်း (၈၄)
Vol. 6 Ch. 84
လင်းပိုင်ဖန်က မိဖုရားကို ပြုံးပြုံးလေး ကြည့်ပြီး မျှော်လင့်တကြီးဖြင့်- “ငါ့ရဲ့ ချစ်လှစွာသော မိဖုရား၊ ပြောပါဦး”
ဝမ်ရှန်ကျန်းသည် ခဏတာ နက်နက်နဲနဲ တွေးတောပြီးနောက် “အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေက တကယ်ပဲ ပြည်သူတွေအတွက်ပါပဲ”
ပိုင်ဇူက နားမလည်စွာဖြင့် “အရှင်မင်းကြီးက ကောင်းမွန်လှတဲ့ အစားအစာနဲ့ သောက်စရာတွေကို လိုချင်တာ၊ တစ်ကမ္ဘာလုံးက အကောင်းဆုံးတွေကို စုဆောင်းချင်တာလေ။ ဒါကလည်း ပြည်သူတွေအတွက်လို့ အစ်မက ပြောချင်တာလား”
ဝမ်ရှန်ကျန်းက ပြုံးကာ ခေါင်းညှိိတ်လိုက်ပြီး- “ညီမပိုင်၊ အစ်မတို့နိုင်ငံက ပြည်သူအများစုဟာ အခုဆိုရင် အဆင်ပြေနေကြပြီ။ စားစရာရှိတယ်၊ သုံးစရာငွေ ရှိတယ်၊ နေစရာအိမ်လည်းရှိတယ်၊ ဒါ့ကြောင့် သူတို့မှာ ပိုပြီးတော့ လိုချင်တာတွေ ရှိလာကြတယ်”
“လိုချင်တာတွေ အားလုံးထဲမှာ ကောင်းမွန်တဲ့ အစားအစာနဲ့ သောက်စရာတွေက မရှိမဖြစ်ပဲ၊ ဒါ့ကြောင့် အရှင်မင်းကြီးက နောက်ကနေ တွန်းအားပေးလိုက်တာပဲ”
“ဆိုရိုးစကားတစ်ခု ရှိတယ်- အထက်က လူတွေ ပျော်မွေ့တာကို အောက်ခြေလူတွေက ပိုပြီး အတုယူကြလိမ့်မယ်တဲ့၊ မဟာရှနိုင်ငံရဲ့ ဧကရာဇ်အနေနဲ့ သူ့ရဲ့ ဝါသနာတွေက မလွဲမသွေ ပြည်သူတွေရဲ့ လိုလားချက် ဖြစ်လာလိမ့်မယ်။ အရှင်မင်းကြီးက အကောင်းစား ဝိုင်တွေ၊ ဟင်းလျာတွေကို နှစ်သက်တယ်ဆိုရင်၊ အောက်က လူတွေဟာ အရှင်ရဲ့ ဆန္ဒအတိုင်း လိုက်လျောပြီး ဒီနယ်ပယ်မှာ ကြိုးစားလာကြလိမ့်မယ်”
“အချိန် ကြာလာတဲ့အခါ၊ ဒါက မလွဲမသွေ ကောင်းမွန်တဲ့ ဝိုင်တွေ၊ ဟင်းလျာများစွာကို ဖန်တီးလာစေပြီး နိုင်ငံရဲ့ အစားအသောက် ယဉ်ကျေးမှုကို ကြွယ်ဝလာစေလိမ့်မယ်”
ဝမ်ရှန်ကျန်းရဲ့ လှပတဲ့ မျက်လုံးတွေက လင်းပိုင်ဖန်ကို လှမ်းကြည့်လိုက်ပြီး- “အရှင်မင်းကြီး၊ ကျွန်မပြောတာ မှန်ပါသလား”
လင်းပိုင်ဖန်က ခေါင်းညိတ်ကာ ပြုံးပြလိုက်ပြီး- “ငါ့မိဖုရား၊ မင်းပြောတာ မှန်တယ်။ ငါ့မှာ ဒီလိုရည်ရွယ်ချက် တကယ်ပဲ ရှိတယ်။ အစားအစာနဲ့ သောက်စရာတွေရဲ့ ကွဲပြားမှုတွေ မြှင့်တင်ဖို့နဲ့၊ လူတိုင်း ပိုကောင်းအောင် စားနိုင်ပြီး ပိုကောင်းအောင် သောက်နိုင်ဖို့ပဲ။ ဒီလုပ်ငန်းစဉ်မှာ ငါကိုယ်တော်ရဲ့ လိုအင်ဆန္ဒတွေကိုပါ ဖြည့်ဆည်းလိုက်ရင် ဘာများနစ်နာစရာ ရှိလဲ။ အောက်က ပြည်သူတွေကို မထိခိုက်သရွေ့တော့ ဘယ်လုပ်ရပ်မဆို ကောင်းမွန်တဲ့ လုပ်ရပ်ပဲ”
“အရှင်မင်းကြီးဟာ ပညာရှိလှပါပေတယ်” ဟု ဝမ်ရှန်ကျန်းက လေးစားစွာ ပြောလိုက်သည်။
ပိုင်ဇူ၏ စိတ်နှလုံးသည်လည်း လင်းပိုင်ဖန်နှင့် ဝမ်ရှန်ကျန်းတို့ကြောင့် ယိမ်းယိုင်လာခဲ့သည်။
သို့သော်လည်း၊ ကာလကြာရှည်စွာ စွဲမြဲနေခဲ့သော အတွေးအခေါ်များကြောင့် ဤသို့ တွေးခေါ်ပုံကို လက်ခံရန် ခက်ခဲနေဆဲပဲ ဖြစ်သည်။
“အရှင်မင်းကြီးက လုပ်ရပ်တွေက နိုင်ငံနဲ့ ပြည်သူတွေအတွက် ဖြစ်ပေမဲ့ ငွေအများကြီးကို သုံးနေပါတယ်။ ပိုပြီး ချွေတာသင့်ပါတယ်”
လင်းပိုင်ဖန်က အသံကျယ်ကျယ်ဖြင့်- “ရှေးယခင်ကတည်းက လူအများစုက ပိုက်ဆံဆိုတာ စုဆောင်းထားရမယ့် အရာလို့ ထင်ခဲ့ကြတယ်။ သူတို့က ဝင်ငွေကို တိုးပြီး၊ ထွက်ငွေကို လျှော့ချချင်ကြတယ်၊ ကိုယ့်မှာရှိတဲ့ ငွေပမာဏအတိုင်းပဲ သုံးစွဲတာကို ယုံကြည်ခဲ့ကြတယ်။ ချမ်းသာသူကနေ အောက်ခြေအထိ၊ ပြည်သူဖြစ်စေ၊ ဧကရာဇ်ပင် ဖြစ်စေ၊ လူတိုင်းက ဒါကို ယုံကြည်ကြတယ်”
“ဒါက ဓလေ့ထုံးတမ်းလို ဖြစ်လာပြီး လူတွေက ငွေကို စုဆောင်းတာ မှန်တယ်၊ သုံးစွဲတာ မှားတယ်လို့ ထင်လာကြတယ်”
“ပိုပြီး ဆင်းရဲလေ၊ သူတို့က ပိုပြီး ငွေစုဖို့ ကြိုးစားလေပဲ၊ ဒါဟာ ပိုကောင်းတဲ့ ဘဝဆီ ဦးတည်တဲ့ လမ်းလို့ ထင်နေကြတယ်”
“ဒါပေမဲ့ ငါ့အမြင်မှာတော့ ဒီအယူအဆက မှားတယ်၊ အလွန်အမင်း မှားယွင်းနေတယ်”
ပိုင်ဇူနှင့် ဝမ်ရှန်ကျန်းတို့ နှစ်ဦးစလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်-“ဒါက ဘာလို့ မှားရတာလဲ”
“သာမန်ပြည်သူတွေအနေနဲ့ ငွေစုဆောင်းတာက အမှားမရှိဘူး၊ ဒါပေမဲ့ နိုင်ငံရဲ့ အုပ်ချုပ်သူ အနေနဲ့ မင်းဟာ ငွေကို ချွေတာလို့ မရဘူး”
လင်းပိုင်ဖန်က အလေးပေး ပြောလိုက်သည်- “ဘာဖြစ်လို့လဲဆိုတော့၊ နိုင်ငံတစ်ခုလုံးမှာရှိတဲ့ စုစုပေါင်း ငွေပမာဏဟာ တည်ငြိမ်ပြီး မပြောင်းလဲ နေဘူးဆိုရင်၊ ငါက နည်းနည်း ပိုယူလိုက်ရင် ပြည်သူတွေက နည်းနည်း လျော့သွားလိမ့်မယ်၊ ငါက ချမ်းသာရင် ပြည်သူတွေမှာ ငွေရှိမှာမဟုတ်ဘူး”
“ငါက ငွေကိုစုပြီး မသုံးစွဲဘဲ နေရင် ပြည်သူတွေမှာ ပိုပြီးတောင် ငွေလျော့နည်းလာလိမ့်မယ်”
“ဒီလို ငွေချွေတာတဲ့ အပြုအမူကို ဘာခေါ်လဲ မင်းတို့သိလား”
အမျိုးသမီးနှစ်ဦးက တစ်ပြိုင်နက်တည်း မေးလိုက်သည်- “ဘယ်လိုခေါ်တာလဲ”
“ဒါကို ခေါ်တာကတော့…”
လင်းပိုင်ဖန်က စားပွဲကို ခပ်ဖွဖွလေး ခေါက်လိုက်ပြီး စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်-“ပြည်သူနဲ့ အကျိုးအမြတ် လုယူခြင်း”
အမျိုးသမီးနှစ်ဦး၏ နှလုံးသားတွေသည် ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံလိုက်ရသည်။
ဤစကားလုံးများသည် တစ်မျိုးမျိုးသော မှော်အစွမ်း ရှိနေပုံရပြီး၊ အနည်းငယ် ယုတ္တိမဲ့နေသည်ဟု ထင်ရသည်။
သို့သော်လည်း ၎င်းတို့သည် အံ့သြဖွယ် ကောင်းလောက်အောင် မှန်ကန်နေသည်။
“ဒါ့ကြောင့် ငါဟာ ငွေသုံးရမယ်၊ ရှိသမျှ အကုန်သုံးရမယ်”
လင်းပိုင်ဖန်က အသံကျယ်လောင်စွာဖြင့်- “ဒီလိုလုပ်ခြင်းအားဖြင့် ငါ့မှာ ငွေမရှိတော့ပေမယ့် ပြည်သူတွေမှာ ငွေရှိလာလိမ့်မယ်။ ဒါကို ဘာခေါ်လဲ မင်းတို့သိလား”
အမျိုးသမီးနှစ်ဦးက တစ်ပြိုင်နက်တည်း မေးလိုက်သည်- “ဒါကို ဘာလို့ ခေါ်လဲ”
လင်းပိုင်ဖန်က အနည်းငယ် ပြုံးလိုက်ပြီး- “ဒါကို ခေါ်တာကတော့ စည်းစိမ်ကို ပြည်သူတွေကြားမှာ ဖုံးကွယ်ထားခြင်း”
အမျိုးသမီးနှစ်ဦး၏ စိတ်နှလုံးသည် နောက်ထပ် ရိုက်ခတ်မှုတစ်ခု ခံစားလိုက်ရသည်။
ဒီစကားလုံးတွေက အရမ်းကို သက်ရောက်မှုရှိတယ်လို့ သူတို့ ခံစားလိုက်ရသည်။
နက်နဲပြီး ထင်ရှားပေါ်လွင်လှသည်။
အမျိုးသမီးနှစ်ဦးသည် လင်းပိုင်ဖန်၏ စကားလုံးများကို ဂရုတစိုက် ပြန်လည် သုံးသပ်လိုက်ကြသည်။
ရှေးယခင်ကတည်းက လူအများစုက ပိုက်ဆံဆိုတာ စုဆောင်းထားရမယ့် အရာလို့ ယုံကြည်ခဲ့ကြတယ်။
အပေါ်ကနေ အောက်ခြေအထိ၊ ပြည်သူဖြစ်စေ၊ ဧကရာဇ်ဖြစ်စေ၊ လူတိုင်း ဒါကို ယုံကြည်ခဲ့ကြသည်။
ဒါဟာ ဓလေ့ထုံးတမ်းလို ဖြစ်လာပြီး လူတွေက ငွေစုဆောင်းတာ မှန်တယ်၊ သုံးစွဲတာ မှားတယ်လို့ ထင်လာကြသည်။
ဒါပေမဲ့ နိုင်ငံထဲမှာရှိတဲ့ စုစုပေါင်း ငွေပမာဏဟာ တည်ငြိမ်နေပြီး မပြောင်းလဲဘူးဆိုရင်ကော…။
ငါက နည်းနည်း ပိုယူလိုက်ရင် ပြည်သူတွေက နည်းနည်း လျော့သွားလိမ့်မယ်။
ငါက ချမ်းသာရင် ပြည်သူတွေက ငွေရှိမှာ မဟုတ်ဘူး..။
ငါက ငွေစုပြီး မသုံးစွဲရင် ပြည်သူတွေမှာ ပိုပြီးတောင် ငွေလျော့နည်းလာလိမ့်မယ်။
ဒါ့ကြောင့် ငါဟာ ငွေသုံးရမယ်၊ အများကြီး သုံးရမယ်၊ ရှိသမျှ အကုန်သုံးရမယ်။
ငါ့မှာ ငွေမရှိတော့ပေမယ့် ပြည်သူတွေမှာ ငွေရှိလာလိမ့်မယ်။
စကားတစ်ခွန်းချင်းစီက အဓိပ္ပာယ်မရှိသလို ထင်ရသည်။
သို့သော်လည်း စကားလုံးတိုင်းက အဖိုးတန် ကျောက်မျက်ရတနာတွေလို ဖြစ်နေပြီး သူတို့ရဲ့ တန်ဖိုးထားမှုတွေနဲ့ နားလည်မှုအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်လို့ သူတို့ခဏတာ ပြန်လည် မထူထောင်နိုင်ဘဲ ဖြစ်သွားခဲ့ကြသည်။
သူတို့ အပြည့်အဝ နားမလည်သေးပေမယ့်၊ အရှင်မင်းကြီး ပြောတာ မှန်တယ်ဆိုတဲ့ ခိုင်မာတဲ့ အသိစိတ်က သူတို့ရဲ့ ရင်ထဲမှာ ရှိနေသည်။
လင်းပိုင်ဖန်က အရက်ကို သာသာယာယာ သောက်လိုက်ပြီး သူ့ကိုယ်သူ အလွန် ကျေနပ်အားရသည့် ပုံဖြင့်- “အခုဆိုရင် ငါ့ရဲ့ ချဉ်းကပ်ပုံက မှန်ကန်ကြောင်းကို အချက်အလက်တွေက သက်သေပြနေပြီ။ မဟုတ်ရင်၊ ရှနိုင်ငံကို ဘယ်လိုလုပ်ပြီး နှစ်ဝက်အတွင်းမှာ မဟာနိုင်ငံတော်အဖြစ် တည်ထောင်နိုင်မှာလဲ”
အမျိုးသမီးနှစ်ဦးက ဆွံ့အသွားပြီး လင်းပိုင်ဖန်အား လိုလိုလားလား အရိုအသေပေးကာ- “အရှင်မင်းကြီးရဲ့ ညဏ်ပညာ ကြီးမားလှပါပေတယ်” ဟု ချီးမွမ်းလိုက်ကြသည်။
ပိုင်ဇူသည် ခေါင်းကိုမော့လိုက်ပြီး လင်းပိုင်ဖန်အပေါ် သူမ၏ ထင်မြင်ချက်ကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။
သူသည် သူ့ကိုယ်ပိုင်နည်းလမ်းများဖြင့် ပြည်သူများကို လျှို့ဝှက်စွာ ကြွယ်ဝလါစေပြီး နိုင်ငံကို လျင်မြန်စွာ ချမ်းသာကြွယ်ဝကာ အင်အားကြီးမားလာစေရန် အစဉ်တစိုက် လုပ်ဆောင်နေခဲ့သည်ကို သူမ သိလိုက်ရသည်။
သူ့ရဲ့ နည်းလမ်းတွေက လုပ်ရိုးလုပ်စဥ် မဟုတ်သည့်အတွက် အပြင်လူတွေ နားမလည်ကြတာ ဖြစ်သည်။
သူမကိုယ်တိုင်ပင့ နားမလည်ခဲ့ဘဲ သူ့ကို အထင်မှားခဲ့သည်။
သူသည် အခြားဧကရာဇ်များစွာထက် ပိုမို ပညာရှိပြီး ပြည်သူများကို စစ်မှန်စွာ စောင့်ရှောက်သော အမှန်တကယ် ပညာရှိသော ဧကရာဇ် ဖြစ်သည်။
မိန်းမလှများသည် သူရဲကောင်းများကို ချစ်သလို၊ သူတော်စင်မင်းမြတ်များကိုလည်း ချစ်ကြသည်။
ပိုင်ဇူသည် လင်းပိုင်ဖန်၏ ထူးကဲစွာ ခန့်ညားသော မျက်နှာကို ကြည့်ရင်း အနည်းငယ် စွဲမက်လာခဲ့သည်။
ယခင်က၊ ထိုသို့သော ရုပ်ရည်ချောမောသူ တစ်ဦးက မိုက်မဲသော ဧကရာဇ် ဖြစ်နေခြင်းက ကောင်းကင်ဘုံက မျက်ကန်းဖြစ်နေသကဲ့သို့ အလဟဿ ဖြစ်သည်ဟုသာ သူမ ခံစားခဲ့ရသည်။
ယခုအခါတွင်မူ ကောင်းကင်ဘုံသည် မျက်ကန်းမဟုတ်ပဲ၊ သူမသာလျှင် မျက်စိကန်းခဲ့ပြီး မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟု ခံစားလိုက်ရသည်။
စဉ်းစားရင်းနှင့်ပင် အနာဂတ်တွင် သူသည် သူမအား လက်စားချေရန် အမှန်တကယ် ကူညီမည်ဆိုပါက သူမကိုယ်သူမ သူ့အား ပေးအပ်မည်ဟု မမျှော်လင့်ဘဲ တွေးမိလိုက်သည်။
ပိုင်ဇူ၏ ပါးပြင်များ နီရဲလာပြီး သူမသည် ယခင်ကလောက် အဲ့ဒီအကြံကို မဆန့်ကျင်တော့ဘူးဆိုတာကို သဘောပေါက်လိုက်သည်။
“ဒါပေမဲ့ အရှင်မင်းကြီး၊ အပြင်က လူတွေ အများကြီးက အရှင့်ကို မိုက်မဲတဲ့ ဧကရာဇ်လို့ ပြောနေကြပါတယ်…”
“သူတို့ကို ဂရုမစိုက်နဲ့”
လင်းပိုင်ဖန်က ပြုံးလိုက်ပြီး- “ငါကိုယ်တော်ကို သိတဲ့သူတွေက ငါ့မှာ စိုးရိမ်ပူပန်မှုတွေ ရှိတယ်ဆိုတာ သိလိမ့်မယ်၊ မသိတဲ့သူတွေက ငါကိုယ်တော် ဘာကို ရှာဖွေနေလဲဆိုတာ အံ့သြနေလိမ့်မယ်။ သူတို့ ပြောပါစေ၊ ငါကိုယ်တော်ကို နည်းနည်းလေးမှ မနှောင့်ယှက် မဖြစ်စေဘူး”
အမျိုးသမီးနှစ်ဦးသည် တစ်ဖန် အံ့သြသွားခဲ့ကြသည်။
လင်းပိုင်ဖန်က အကောင်းစား အရက်များနှင့် ဟင်းလျာတွေအကြောင်း အချက်အလက်တွေကို စုဆောင်းလိုသည့် သတင်းသည် တစ်နိုင်ငံလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“ဘုရားရေ၊ ဒီမိုက်မဲတဲ့ ဧကရာဇ်က နန်းတော်ထဲမှာ တစ်ကြိမ် ဆူညံအောင် လုပ်ပြီးနောက်မှာ အခု အစားအသောက် လောကကိုပါ ဆူညံအောင် စလုပ်နေပြီ”
“သူက သူ့ကိုယ်သူ ပျော်ဖို့အတွက် တစ်ကမ္ဘာလုံးက အကောင်းဆုံး အရက်တွေ၊ ဟင်းလျာတွေကို စုဆောင်းချင်နေတာပဲ၊ ဘယ်လောက် ဖြုန်းတီးလိုက်လဲ၊ ပြည်သူတွေရဲ့ လုပ်အားနဲ့ ပစ္စည်းတွေကို ဖြုန်းတီးတာ၊ ဒါဟာ အုပ်ချုပ်သူတစ်ဦးအတွက် အရှက်ရစရာပဲ”
“သူက အမြဲတမ်း မိုက်မဲတဲ့ ဧကရာဇ် ဖြစ်နေတာပဲ၊ ဒီလိုမျိုး လုပ်တာ အံ့သြစရာ မဟုတ်တော့ဘူး”
“သူ ဘယ်တော့မှ သင်ခန်းစာ မယူဘူး၊ အရှုပ်တွေကိုပဲ အမြဲလုပ်နေတယ်။ သူ ဘယ်တော့ ကျရှုံးပြီး ပျက်စီးမလဲဆိုတာပဲ ငါ စောင့်ကြည့်အုံးမယ်”
လူအများအပြားက လှောင်ပြောင်ကြပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
သို့သော်လည်း၊ သာမန်ပြည်သူများစွာကမူ အလွန်ကို စိတ်ဝင်တစား ဖြစ်ခဲ့ကြသည်။
“အရှင်မင်းကြီးက တစ်ပြည်လုံးက အကောင်းစား အရက်တွေ၊ ဟင်းလျာတွေကို စုဆောင်းချင်နေတာ”
“အရှင်မင်းကြီး နှစ်သက်တဲ့ အရက်ဒါမှမဟုတ် ဟင်းလျာအသစ်ကို ဆက်သနိုင်တဲ့သူတိုင်းကို ငွေ တေး ၁၀၀ ဆုချမယ်တဲ့၊ ဒါက ဘိလပ်မြေအိမ် လေးလုံးနဲ့ ညီမျှနေတာပဲ”
“ပြီးတော့ အရက်ချက်နည်းကိုသာ တင်ပြနိုင်ရင် အပိုဆု ငွေတေး ၁၀၀၀ လည်း ရှိသေးတယ်”
“နောက်ဆုံးမှာလည်း အရာရှိ ဖြစ်လာဖို့ အခွင့်အရေးကလည်း ရှိသေးတယ်…”
သာမန်ပြည်သူတွေအတွက်တော့ ဒါဟာ ကောင်းကင်ကနေ မုန့်တစ်ချပ် ပြုတ်ကျလာသလိုပါပဲ။
ဘယ်သူက မချက်တက်တဲ့သူ ရှိလို့လဲ။ သူ့လက်စွဲ ဟင်းလျာတွေ မရှိတဲ့သူက ဘယ်မှာရှိလို့လဲ။
ကိုယ်ချက်လိုက်တဲ့ ဟင်းက အရှင်မင်းကြီးကို ကျေနပ်စေတယ်ဆိုရင်၊ တစ်ခါတည်း အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ဒါ့ကြောင့်၊ သာမန်ပြည်သူများစွာက ပါဝင်ရန် စာရင်းသွင်းခဲ့ကြသည်။
တစ်နေ့တာလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးနောက် လူတိုင်း မနားဘဲ လင်းပိုင်ဖန်ကို ကျေနပ်စေဖို့ ရည်ရွယ်ပြီး ဟင်းချက်ခြင်းနဲ့ အရက်ချက်ခြင်းကို လေ့လာခဲ့ကြသည်။
ရလဒ်အနေဖြင့် ဒယ်အိုးများ၊ မြေအိုးများ၊ ယောင်းမများ၊ ဇလုံများစွာ ရောင်းကုန်သွားပြီး ပါဝင်ပစ္စည်းများစွာ အလျင်အမြန် ကုန်သွားခဲ့သည်။
နောက်ဆုံးတွင်၊ လျှောက်ထားသူများ များလွန်းသောကြောင့် လင်းပိုင်ဖန်သည် ကြီးကျယ်ခမ်းနားလှတဲ့ အစားအသောက် ပွဲတော်ကို ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
သူသည် ပထမဦးစွာ လက်အောက်ကလူတွေကို ရွေးချယ်မှု ပြုလုပ်စေပြီး ဟင်းလျာ ၁၀၀ နှင့် အရက်အကောင်းစား ၁၀ မျိုးကို အစားအသောက် ပွဲတော်သို့ ယူလာပြီး သူ့အား အရသာခံရန် ရွေးချယ်စေခဲ့သည်။
လင်းပိုင်ဖန်သည် လီလင်းဖူက ဤကိစ္စရပ်များကို အလွန် စိတ်အားထက်သန်နေသည်ကို သတိပြုမိသဖြင့် ထိုတာဝန်ကို သူ့အား လွှဲအပ်ခဲ့သည်။
“ဝန်ကြီး၊ ကောင်းကောင်း လုပ်ဆောင်ပါ။ ဒါကို ကောင်းကောင်း စီမံနိုင်ရင် မောင်မင်းကို အလျားသင့်စွာ ဆုချမယ်” ဟု လင်းပိုင်ဖန်က အားပေးစကား ပြောလိုက်သည်။
“မှန်လှပါ၊ အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဒီတာဝန်ကို အရှင်မင်းကြီးကို စိတ်မပျက်အောင် သေချာပေါက် လုပ်ဆောင်ပါ့မယ်” ဟု လီလင်းဖူက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ရင်ဘတ်ကို ထုကာ အာမခံခဲ့သည်။
လင်းပိုင်ဖန်၏ ပံ့ပိုးမှုကို ရရှိပြီးနောက် လီလင်းဖူသည် အင်အားအပြည့်ဖြင့် သူ့တာဝန်များကို လျင်မြန်စွာနှင့် စိတ်အားထက်သန်စွာ စတင် လုပ်ဆောင်ခဲ့သည်။
ဤ အစားအသောက်ပွဲတော်သည် တစ်နိုင်ငံလုံးမှ စားဖိုမှူးများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး လူတိုင်း စိတ်လှုပ်ရှားခဲ့ကြသည်။
ဒါဟာ ကိုယ့်နာမည်ကို ထုတ်ဖော်ဖို့ အခွင့်အလမ်း ဖြစ်သည်။
ကိုယ်ရဲ့ ဟင်းလျာသာ အစားအေသာက် ပွဲတော်အတွက် ရွေးချယ်ခံရတယ်ဆိုရင် တစ်နိုင်ငံလုံး ရှေ့မှာ ကိုယ့်မျက်နှာကို ပြသလိုက်သလို ဖြစ်ပြီး စားဖိုမှူးနဲ့ သူ့ရဲ့ ဟင်းလျာတွေပါ နာမည်ကြီးလာပေလိမ့်မည်။ နာမည်ကြီးလာရင် ပိုက်ဆံရှာဖို့ မလွယ်လာပေဘူးလား။
ဒါ့အပြင် ဧကရာဇ်ရဲ့ မျက်နှာသာကို ရဖို့ အခွင့်အရေးလည်း ရှိနေသည်၊ ကြီးမားတဲ့ ဆုလာဘ်ကို ရရုံသာမက အရာရှိရာထူးကို ရယူဖို့ အခွင့်အလမ်းလည်း ရှိနေသေးသည်…
အတိုချုပ်အားဖြင့် အကျိုးကျေးဇူးတွေဟာ အလွန်များပြားလွန်းလှသည်။
ရလဒ်အနေဖြင့် များပြားလှတဲ့ လူတွေက စာရင်းသွင်းခဲ့ကြသည်။
လင်းပိုင်ဖန် စိတ်ပျော်ဖို့အတွက် စတင်ခဲ့သော အစားအသောက် ပွဲတော်သည် မမျှော်လင့်ဘဲ နိုင်ငံပွဲတော် အဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းသည် ပြည်ပမှ စားဖိုမှူးများစွာကိုပင် ပါဝင်ယှဥ်ပြိုင်ရန် ဆွဲဆောင်ခဲ့သည်။
စုဝေးရာနေရာသည် အရည်အချင်းရှိသူများဖြင့် စည်ကားနေပြီး လူတိုင်း မိမိတို့၏ ထူးခြားသော ကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသကြပြီး ပွဲတော်သို့ တက်ရောက်ကာ လူအများ၏ အာရုံစိုက်မှုကို ရယူရန် အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ရန် မျှော်လင့်နေကြသည်။