အဆိပ်ဖြေ လက်ဖက်ရည်၊ ယွမ်တစ်သိန်း
Vol. 4 Ch. 32
ချန်ယွီ့ ထိုစကား ပြောလိုက်သည်နှင့် ကျန်းချင်ရှန်းမှာ ထိုင်ခုံပေါ်က ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
အဆိပ်မိနေတယ် …
“ ဒေါက်တာချန် …. ငါ့မြေးလေးက အဆိပ်မိနေတယ်ဆိုတာ မင်းသေချာရဲ့လား …”
ကျန်းချင်ရှန့် ရှော့ခ်ရသွားခဲ့ပြီး ကျန်းကျန့်ရှစ်၏ နှလုံးကလည်း လည်ချောင်းဝသို့ ရောက်လို့နေသည်။
“ ကျွန်တော်က ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်ပါ … မရှိတဲ့ ရောဂါကို ရှိတယ်လို့ မပြောဘူး …”
ချန်ယွီ့၏ စကားလုံးက ကျန်းကျန့်ရှစ်ကို မတည်ငြိမ်သွားစေခဲ့ပဲ ထိုအစား ပိုပြီး စိုးရိမ်ပူပန်အောင် ပြုလုပ်နေတော့သည်။
စိတ်ကျန်းမာရေး ဆရာဝန်က သူ့လူနာကို အဆိပ်မိတယ်လို့ ပြောနေတယ် … ဘာတွေ ဖြစ်နေတာလဲ …
“ အဖေ … ဘိုးဘိုး … တကယ်လို့ သားက အဆိပ်မိနေတယ်ဆိုရင် သေမှာလားဟင် …” ကျန်းရှောင်ပေ့လေးလည်း အသံတုန်ယင်စွာဖြင့် မေးမြန်းလာခဲ့သည်။
“ မြေးလေး မပူနဲ့ … ဒေါက်တာချန်က မြေးကို သေချာပေါက် ကုသပေးမှာ …”
သူ့မြေးလေးကို နှစ်သိမ့်ပေးပြီးနောက် ကျန်းချင်ရှန်းက ချန်ယွီ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ ဒေါက်တာချန် … ဘယ်ခွေးသူတောင်းစားက ငါ့အဘိုးတန်မြေးလေးကို အဆိပ်ခတ်ခဲ့တာလဲ ….”
“ ခင်များရဲ့ မြေးက ကိုလာတွေ သောက်ရတာကို သိပ်ကြိုက်တယ် မဟုတ်လား ….” ချန်ယွီ့ မနှေးမမြန် လေသံနှင့် စပြီးပြော၏။ “ သူ တစ်နေ့ကို သုံးလေးပုလင်းလောက် သောက်ဖြစ်တယ်ဟုတ် ….”
“ ဟုတ်ပါတယ် …”
ကျန်းချင်ရှန်းမှာ ဤကိစ္စနှင့် ပတ်သက်၍ ခံစားချက်တို့ ရောပြွမ်းနေသည်။
“ အဲ့ဒီ ကိုလာတွေ မတရားသောက်တာက မကောင်းဘူးဆိုတာ ငါလည်း သိတယ် … ဒါပေမယ့် ငါ့မြေးလေးက မိခင်မေတ္တာ ငတ်ရှာတဲ့ ကလေး တစ်ယောက် ဖြစ်နေတာကို တွေးမိတော့ သူပျော်တဲ့အတိုင်း လုပ်ခွင့် ပြုလိုက်တာပါပဲ ….”
“ ဟင် ခဏလေး …”
“ ဒေါက်တာချန် … ဖြစ်နိုင်တာ ငါ့သားရဲ့ ပြဿနာက အဲ့ဒီ ကိုလာတွေကြောင့်လား ….” ကျန်းကျန့်ရှစ်က သူ့အဖေ စကားပြောနေသည်ကို ဖြတ်ပြီး ပြောလိုက်သည်။
“ အင်း ….” ချန်ယွီ့ ပြောလိုက်သည်။
“ အဲ့တာက ဖြစ်နိုင်လို့လား ….”
ကျန်းကျန့်ရှစ်က ကျန်းရှောင်ပေ့ကို ရှော့ခ်ရစွာ ကြည့်လိုက်မိသည်။
သားအဖနှစ်ဦးသား အကြည့်ချင်း ဆုံနေမိခဲ့ကြ၏။
ဤသည်က ပထမဆုံးအကြိမ်အဖြစ် ကိုလာ အများကြီးသောက်၍ အဆိပ်မိနေသည်ဟု သူတို့ ကြားဖူးကြခြင်းပင်။
ရွှင်ပြစွာ ပြုံးရင်း ချန်ယွီ့ မေးခွန်းထုတ်လိုက်သည်။ “ မင်းတို့ကျောင်းနားလေးမှာ ကုန်စုံဆိုင် တစ်ဆိုင် ရှိတယ်မလား …”
“ ဟုတ် ရှိတယ် ….” ကျန်းရှောင်ပေ့ ခေါင်းကို အလျင်အမြန် ညိမ့်လိုက်သည်။
“ မင်း နေ့တိုင်း ကျောင်းမသွားခင် အဲ့ဒီဆိုင်ကို သွားပြီး ကိုလာ ငါးပုလင်းဝယ်တယ် … သုံးပုလင်းကို ကျောင်းမှာ ကုန်အောင် သောက်ပြီး နှစ်ပုလင်းကိုကျတော့ အိမ်ပြန်သယ်လာတယ် …”
“ ဒီအတိုင်း မင်းလုပ်နေတာ သုံးလလောက်ရှိပြီ …”
ဤအချိန်တွင်တော့ ကျန်းမိသားစုတစ်ခုလုံး ငြိမ်သက်စွာဖြင့် နားထောင်နေခဲ့ကြသည်။
ချန်ယွီ့၏ စကားလုံးတို့က မှန်ကန်သည်ထက်ပိုသည်။ သူတို့ကိုယ်တိုင် မျက်မြင်ကြုံတွေ့နေရသကဲ့သို့ မျက်စိထဲကို ကွက်ကွက်ကွင်းကွင်း မြင်လာစေခဲ့သည်။
“ သူ့အဆိပ်က ကိုလာနဲ့ တိုက်ရိုက် ဆက်စပ်နေတယ် …”
“ အမြတ်များများ ရအောင်လို့ ဆိုပြီး ဆိုင်ရှင်က အရောင်းသမားရဲ့ လှုံ့ဆော်ပေးမှုနဲ့ ကိုလာအတုတွေ ဆိုင်မှာတင်တယ် …”
“ ကိုလာတစ်ပုလင်းရဲ့ စက်ရုံထုတ်ဈေးဆိုတာ အင်မတန် ဈေးသက်သာတယ် …”
“ ကိုလာအတုကလည်း အမြတ်ရချင်ရင် လက်ရင်းထက် ပိုဈေးသက်သာတဲ့ပါဝင်ပစ္စည်းတွေကို သုံးရတော့မှာ …”
“ ကိုလာအတုထဲမှာ တင်းတင်းကြပ်ကြပ် တားမြစ်ထားတဲ့ လူလုပ် အရသာမှုန့်နဲ့ အရောင်တွေ ပါဝင်နှုန်းက အင်မတန်ကို များတယ် …”
“ ကိုလာရဲ့ မူလအရသာကို တုပနိုင်မယ် … ကုန်ကျစရိတ်ကလည်း အများကြီး ပိုသက်သာတယ် …”
ချန်ယွီ့ အသံနိမ့်ပြီး ကျန်းကျန့်ရှစ်ကို ရှင်းပြလိုက်သည်။
လူလုပ် ဓာတုပစ္စည်းတို့ကြောင့် ကျန်းရှောင်ပေ့၏ အခြေအနေက ဆိုးရွားလာခဲ့ခြင်းပင်။ ရလဒ်အနေဖြင့် သူ၏ ကယောင်ကတမ်း စိတ်လှုပ်ရှားမှုနှင့် စိတ်ဓာတ်ကျမှုတို့ ဖြစ်ပေါ်လာသည်။
“ အဲ့ဒီ မျိုးမစစ်တွေ … ခေါင်းပုံဖြတ်တဲ့ အမြတ်ကြီးစားကောင်တွေ .... အပိုင်းတစ်ထောင်လောက်ခုတ်ပြီး သတ်ပစ်လိုက်ရမှာ ….”
ပါမောက္မ ကျောင်းအုပ်ကြီးတစ်ဦးအနေဖြင့် ကျန်းကျန့်ရှစ်သည် ပထမဆုံးအကြိမ် အဖြစ် ကျယ်လောင်စွာ ဆဲရေးမိလိုက်သည်။
လူလုပ် ဓာတုဆေးဝါးများ၏ အန္တရာယ်ကို ကျောင်းအုပ်ကြီး တစ်ဦးဖြစ်သည့် ကျန်းကျန့်ရှစ်က ကောင်းစွာ နားလည်သည်။ လူလုပ် အရသာမှုန့်များနှင့် အရောင်ကာလာတို့က အသက်မပြည့်သေးသည့် ကလေးငယ်များ၏ ဉာဏ်ရည်အပေါ် ဆိုးရွားသည့် ဧရာမ အကျိုးသက်ရောက်မှုတို့ ရှိသည်။
နုနယ်သေးသည့် အသည်းနှင့် ညှစ်ထုတ်သည့် အင်္ဂါအစိတ်အပိုင်းတို့မှာ ကောင်းစွာ ဖွံ့ဖြိုးခြင်း မရှိသေးသဖြင့် အဆိုပါ အရောင်ကာလာ သောက်စရာတို့မှ ထိခိုက်စေသည့် အဆိပ်အသောက်များအား အပြည့်အဝ စွန့်ထုတ်မပစ်နိုင်ချေ။
ရလဒ် အနေဖြင့် ကလေး၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ် ထိခိုက်မှု ရှိလာတော့သည်။
ကြီးမားသည့် ဘေးထွက်ဆိုးကျိုးများထဲက တစ်ခုကတော့ ယင်းတို့က ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်စဉ်နှင့် ဦးနှောက်ရှိ နာ့ဗ်ကြောများကို အနှောင့်အယှက် ဖြစ်စေခြင်းပင်။
ကျန်းချင်ရှန်းမှာ မျက်နှာတစ်ခုလုံး မည်းမှောင်သည်အထိ အလွန်အမင်း ဒေါသထွက်နေလျက် ရှိသည်။
သူ၏ သနားစရာ မြေးလေးက ငယ်ငယ်လေး ကတည်းကရင် အမိမဲ့တစ်ယောက် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အဘိုးဖြစ်သူ တစ်ယောက်အနေဖြင့် သူ့ဘက်က တတ်နိုင်သည်များအားလုံးကို အစွမ်းကုန် ဖြည့်စွက်ပေးချင်သည်။
သူ၏ အလိုလိုက်စိတ်က သူ့မြေးလေးကို အရူးတစ်ယောက် ဖြစ်သွားစေလိမ့်မည်ဟု ဘယ်တုန်းက ထင်ထားခဲ့မိိလိမ့်မည်နည်း။
ယခုအချိန်၌ ကျန်းချင်ရှန်းသည် အဆိုပါ နှလုံးသား မည်းညစ်သည့် အမြတ်ကြီးစား ဈေးဆိုင်ပိုင်ရှင်ကို ဓားနှင့် ခုတ်ထစ်ပြီး ကိုလာထုတ်သည့် စက်ရုံကိုလည်း အရှင်လတ်လတ် မီးရှို့ပစ်ချင်နေတော့သည်။
“ ကျောင်းအုပ်ကျန်း ၊ အဘိုး .. ကျေးဇူးပြုပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ …”
ချန်ယွီ့ သူတို့ကို ဖြောင်းဖြလိုက်သည်။ “ ကံကောင်းချင်တော့ ကျွန်တော်တို့ ဒီကိစ္စကို စောစီး ရှာတွေ့သွားလို့ပဲ … ဒီတော့ ပြန်ကောင်းလာနိုင်တဲ့ အခွင့်အရေး ရှိသေးတယ် …”
“ သူသာ အဲ့ဒီ အချိုရည်တွေကို သောက်တာ ရပ်တန့်လိုက်ရင် နှစ်ဝက်အတွင်း ပုံမှန် ပြန်ဖြစ်လာလိမ့်မယ် …”
“ မဟုတ်ဘူး … သူ အချိန်မီ ပြန်မကောင်းနိုင်မှာကို ငါစိုးရိမ်တယ် …” ကျန်းကျန့်ရှစ်က အလျင်အမြန် ပြောဆိုလာခဲ့သည်။
“ ဒေါက်တာချန် … မင်းကတော့ သိမှာမဟုတ်ဘူး … ဒါပေမယ့် သူ့ရဲ့ အလယ်တန်း အရည်အချင်းစစ် စာမေးပွဲက မကြာခင် စတော့မှာ …”
“ သူ့ကို မြန်မြန်ပြန်ကောင်းလာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်း မရှိဘူးလား …”
အဘယ်ကြောင့် ကယောင်ကတမ်း ဖြစ်နေလဲဆိုတာကို မသိခင် အချိန်တုန်းကတော့ ကျန်းကျန့်ရှစ်သည် သူ့သားကို အရည်အချင်းစစ် စာမေးပွဲ ဖြေခိုင်းဖို့ စိတ်မကူးထားခဲ့ချေ။
ပိုပြီးကြီးမားသည့် မြို့ကြီး တစ်မြို့သို့ ကျန်းရှောင်ပေ့ကို ခေါ်သွားပြီး ထူးချွန်သည့် ဆရာဝန်နှင့် ဆေးပြရန် ကြံရွယ်ထားခဲ့လေသည်။
ယခု မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်သဖြင့် ကျန်းကျန့်ရှစ်သည်လည်း သူ့သား အလျင်အမြန် နေပြန်ကောင်းလာဖို့ရာ မျှော်လင့်မိသည်။
“ ဒါပေါ့ … အမြန်ပျောက်အောင် ကုသနိုင်မယ့် နည်းရှိတာပေါ့ … ဒါပေမယ့် ဈေးတော့ နည်းနည်းကြီးမယ် …”
အကယ်၍ လွန်ခဲ့သည့် နာရီအနည်းငယ်တုန်းက ဖြစ်ခဲ့မည်ဆိုပါက ချန်ယွီ့သည် ဤကောင်လေး အမြန်ပြန်သက်သာလာဖို့ လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ချေ။
လွန်ခဲ့တဲ့ နာရီအနည်းတုန်းက သူ၏ ကျင့်ကြံမှု အဆင့်မှာ အခြားသူများ၏ မကောင်းသည့် ဝိဉာဏ်များအား ကူညီမောင်းထုတ်ပေးဖို့သာ စွမ်းသာသည်။
သို့သော် အတိတ်က အတိတ်ဖြစ်၏။ လက်ရှိတွင် အနေအထားတို့က မတူညီတော့ချေ။
ချန်ယွီ့၏ ကျင့်ကြံမှုအဆင့်က ထူထဲသည့် ကုသိုလ်မျှင်တန်းကို သန့်စင်ပြီးသွားသည့်အချိန်၌ အများအပြား မဟုတ်သော်ငြား အဆင့်တစ်ဆင့် တိုးမြင့်လာခဲ့သည်။
အစောပိုင်း အရှိန်အဝါ သန့်စင်မှု နယ်ပယ်မှ အလယ်ပိုင်း အရှိန်အဝါ သန့်စင်မှု နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။ အထွတ်အထိပ် အရှိန်အဝါ သန့်စင်မှုနယ်ပယ်နှင့် ခြေတစ်လှမ်းခန့်သာ ဝေးကွာတော့၏။
မြင့်တက်လာသည့် သူ့ကျင့်ကြံမှု၏ အကျိုးကျေးဇူးများကို စကားလုံးဖြင့် ဖော်ပြဖို့က အင်မတန် ခက်ခဲလှ၏။ သို့သော် သိသာထင်ရှားမှုရှိအောင် ပြောပြရမည်ဆိုပါက ယခုအချိန်တွင် နေရာကျယ်ပြန့်သည့် အကြီးစားမန္တန်များကို သူ့ဘက်က အသုံးချနိုင်နေပြီ ဖြစ်သည်။
မကောင်းဆိုးဝါး နှင်သည်ကလွဲ၍ ချန်ယွီ့သည် ယခု တစ်ပါးသူ၏ အိမ်ကို ကောင်းချီးပေးခြင်း၊ ကံကောင်းစေသည့် အဆောင်များ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်ပြုခြင်းနှင့် သန္ဓေမရနိုင်သည့် ကိစ္စများအပြင် အမျိုးမျိုးသော မန္တန်များကိုလည်း ကျွမ်းကျင်နေလေပြီ။
“ ငွေက ပြဿနာ မဟုတ်ဘူး …”
ထိုစကားပြောသည့် အချိန်၌ ကျန်းကျန့်ရှစ် စဉ်းပင် စဉ်းစားမနေချေ။
“ ငါ့သားက စာမေးပွဲကို ပုံမှန် ပြန်ဖြေနိုင်မယ်ဆို မင်း ဘယ်လောက်တောင်းတောင်း ငါပေးနိုင်တယ် …”
“ ကောင်းပြီလေ … ဒါဆိုလည်း ကျွန်တော် ဆေးစာရေးပေးလိုက်မယ် …”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့သည် သူ၏ စားပွဲခုံသို့ သွား၍ ထိုင်ချလိုက်သည်။
ဖောင်တိန်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ကို ယူ၍ စားပွဲပေါ်တွင် စတင်ရေးခြစ်တော့သည်။
“ ဒါက … ဆေးစာလား …”
ဆေးစာတွင် စာရင်းနှစ်ခုရှိပြီး ပထမတစ်ခုကို ဖတ်ကြည့်သည့် အချိန်၌ ကျန်းကျန့်ရှစ် ကြက်သေသေသွားခဲ့၏။
အဆိပ်ဖြေဆေး လက်ဖက်ရည် တစ်ပုလင်း …
သောက်သုံးရန်
၅၀၀ မီလီလီတာ
ယွမ် တစ်သိန်း
“ မင်းဘာတွေ ငိုင်နေတုန်းကွ … မြန်မြန် ပိုက်ဆံရှင်းလိုက်လေ …”
ကျန်းချင်ရှန်းက သူ့သားကို ဆော်ဩလိုက်သည်။
ကျန်းမိသားစုက စီးပွားရေး လုပ်ငန်းများတွင် ဝင်မပါသော်လည်းပဲ သူတို့က ပိုက်ဆံတော့ ချို့တဲ့ခြင်း မရှိချေ။
ကျန်းကျန့်ရှစ်၏ လက်ချာတန်းများ၊ ခံစားခွင့်ရသည့် အကျိုးကျေးဇူးများအားလုံး ထည့်သွင်းတွက်ချက်ကြည့်မည်ဆိုပါ တစ်နှစ်တစ်နှစ် သူ၏ ဝင်ငွေမှာ ယွမ် တစ်သန်းမှ နှစ်သန်းအထိရှိ၏။
သူတို့အဖို့ … ယွမ် တစ်သိန်းက မပြောပလောက်ချေ။
“ အိုး … “
ကျန်းကျန့်ရှစ် အသိစိတ် ပြန်ဝင်လာခဲ့ပြီး သူ၏ ဖုန်းကို ထုတ်ကာ ချန်ယွီ့ စားပွဲပေါ်ရှိ ငွေပေးချေသည့် ကုတ်ကို စကန်ဖတ်လိုက်သည်။
အခြားစာရင်း တစ်ခုကိုတော့ ချန်ယွီ့ ငွေရပြေစာ အဖြစ် ထားထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် စိတ်ကျန်မာရေး တိုင်ပင်ဆွေးနွေးမှုက သိပ္ပံပညာဖြစ်ပြီး ဆေးကုန်ကျစရိတ်အတွက် ညွှန်ကြားထားသည်များအတိုင်း တင်းကြပ်စွာ လိုက်နာသင့်သည်။
စင်သို့ လျှောက်လှမ်းသွားရင်း ချန်ယွီ့ ပစ္စည်းတစ်ခုကို လှမ်းယူလိုက်၏။ ပုလင်းသို့ ညာလက်ညှိုးညွှန်၍ ကျိန်စာဖြေဖျောက်သည့် မန္တန်တစ်ခုကို ပုလင်းပေါ်တွင် ရေးဆွဲပေးလိုက်သည်။
ဆန်းကြယ်ဂိတ်ဝ နည်းစနစ်၊ ကပ်ဘေးအားလုံး ပယ်ဖျက်ခြင်း။
မိုးကြိုးငါးစင်း ဗာဂျရာ ၊ စွဲကပ်သည့် ရောဂါ ဥဿုံပျောက်အံ့။
ဝိဉာဏ်စွမ်းအင်ထည့်သွင်းပြီး မန်းမှုတ်ပြီးသည်နှင့် အရာအားလုံး အဆင်သင့်ဖြစ်သွားခဲ့လေပြီ။
“ မနက်နဲ့ ညနေခင်းတိုင်း ပါးစပ်နဲ့ တစ်ငုံ အပြည့်သောက်… ငါးရက်နေရင် ကလေး ပြန်သက်သာလိမ့်မယ် ….”
ချန်ယွီ့ နောက်သို့လှည့်လာခဲ့ပြီး လက်ဖက်ရည် တစ်ပုလင်းကို ကမ်းပေးလာခဲ့သည်။
ကျန်းကျန့်ရှစ်မှာ ပုလင်းတွင်ပတ်ထားသည့် တံဆိပ်ကို ရှင်းလင်းစွာမြင်တွေ့လိုက်ရ၏။
အရှေ့ပိုင်း လက်ဖက်ရွက် ၊ လိမ္မော်ရည် အရသာ။
ပုလင်း အဖုံးပေါ်တွင် ဒိတ်ကုန်မည့် ရက်စွဲကိုလည်း ရေးထိုးထားပြီး ဒိတ်ကုန်ဖို့က တစ်လသာလျှင် လိုတော့သည်။
“ ဒါက အဆိပ်ဖြေ လက်ဖက်ရည်တဲ့လား …”
သူ့ဦးနှောက် ဖုန်တက်သွားသည်ဟု ခံစားရကာ ကျန်းကျန့်ရှစ် ထုတ်၍ ဖုန်ခါခပ်ပြီး ပြန်ထည့်၍ မေးလိုက်မိသည်။
ဤလက်ဖက်ရည် ပုလင်းကို လမ်းတိုင်းလမ်းတိုင်းတွင် ရနိုင်ပြီး အလွန်ဆုံးပေးရ ငါးယွမ်ပင်။
ချန်ယွီ့၏ ဆေးခန်းတွင်တော့ ယွမ် တစ်သိန်းတောင်းနေပြီး ဒိတ်ကလည်း လွန်တော့မည်။
တကယ်လို့ စူပါမားကတ်မှာ သွားထားရင် သုံးယွမ်တောင် ရပါ့မလား ..
ဘယ်ရမှာ …
ကျန်းကျန့်ရှစ်မှာ ငူငူငိုင်ငိုင်ကြီး ဖြစ်စွာဖြင့် ချန်ယွီ့ ပြောသည့် အဆိပ်ဖြေလက်ဖက်ရည်ပုလင်းဆိုသည့် အရာကို လှမ်းယူလိုက်ရင်း ရင်ထဲ အနည်းငယ် နာကျင်နေသည်။
မည်သို့ပင် ကြည့်စေကာမူ ဤအရာကြီးက အဆိပ်ဖြေပေးသည့် အရာနှင့် နည်းနည်းလေးမျှကို မတူချေ။
“ ဟေ့ကောင် မြန်မြန်လေး … ဒေါက်တာချန်ကို ကျေးဇူးတင်လိုက်လေ …”
ကျန်းချင်ရှန်းက ချန်ယွီ့၏ အမာခံတစ်ယောက်ကဲ့သို့ ပြန်ဖြစ်သွားခဲ့သည်။
သူ့သားကို တံတောင်ဖြင့်တွတ်၍ ကျေးဇူးတင်သင့်ကြောင်း လက်ဟန်ပြလာခဲ့သည်။
အကယ်၍ အိမ်သာသုံး တစ်သျှူးစက္ကူ တစ်ခု ဖြစ်ခဲ့လျှင်ပင် ယင်းက မာစတာတစ်ယောက် ကမ်းပေးလာသည့် အရာဖြစ်၏။
နဂိုမူလအခြေအနေနှင့် လုံးဝ လုံးဝ တူညီတော့မှာ မဟုတ်ချေ။