← Chapters

ကြိုဆိုပါတယ်၊ လူနာနှစ်ယောက်

Vol. 4 Ch. 33

ကြိုဆိုပါတယ်၊ လူနာနှစ်ယောက်

Vol. 4 Ch. 33

ဤအရာကို ကျန်းချင်ရှန်း ယုံကြည်သည်။

ချန်ယွီ့က ငါးယွမ်သာလျှင် တန်သည့် အချိုရည်ကို ယွမ်တစ်သိန်းနှင့် ရောင်းဝံ့နေမှတော့ ၎င်းတွင် တမူထူးခြားသည့် အစွမ်းသတ္တိတို့ ရှိကိုရှိရမည်။

ဤသည်က အဆင့်အတန်းမြင့်သည့် ကုန်ပစ္စည်းတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။

“ တကယ်လို့ ငါးရက်အတွင်း ရောဂါမပျောက်ဘူးဆို ပြန်လာခဲ့ … ပိုက်ဆံပြန်အမ်းပေးမယ် …”

ကျန်းကျန့်ရှစ် စိတ်ထဲရှိ ချီတုံချတုံ ဖြစ်နေမှုကို ချန်ယွီ့ ဖောက်ထွင်းမြင်နိုင်ဖို့ရာ မခဲယဉ်းပေ။ ထို့ကြောင့် သူ့အား နှစ်သိမ့်ပေးလိုက်၏။

“ ရှောင်ပေ့လေး ဒီဟာသောက်ပြီးသွားလို့ သက်သာသွားတယ်ဆိုရင် ဒေါက်တာချန်ဆီ ကိုယ်တိုင်ကိုယ်ကျ ထပ်ပြီး ကျေးဇူလာတင်ပါဦးမယ် …”

တွေးတောဆင်ခြင်ကြည့်ပြီးနောက် ချန်ယွီ့ကို ယုံကြည်ဖို့ရာ ကျန်းကျန့်ရှစ် စိတ်ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေ ချန်ယွီ့က သူတို့ကို နှစ်သစ်ကူး ပန်းချီကားချပ် တစ်ချပ် ရောင်းပြီး အသက်ကယ်တင်ပေးခဲ့သည့်လူပင်။

သူ့သား၏ နာမကျန်းဖြစ်နေမှုနှင့် ဖြစ်ရသည့် အကြောင်းအရင်းကိုလည်း ပြောပြပေးခဲ့သည်။ ထိုအချက်တစ်ခုတည်းနှင့် ကျန်းကျန့်ရှစ် ဘာမျှ ထပ်မပြောနိုင်တော့ချေ။

သူ့အား ကျေးဇူးတင်ကြောင်း လာပြသည့် ကျန်းချင်ရှန်းနှင့် သူ့မိသားစုကို အပြင်သို့ လိုက်ပို့ပေးပြီးနောက် ချန်ယွီ့ အလျင်အမြန် ပြေးထွက်သွားပြီး ထမင်းသွားစားသည်။

နောက်တစ်နေ့နံနက်။

ချန်ယွီ့သည် စင်ရှေ့တွင် ရပ်၍ သူ၏ လက်ညှိုးနှင့် အဆောင်များအား ထပ်ပြီး ရေးဆွဲနေသည်။ စင်ပေါ်ရှိ ပစ္စည်းတစ်ဝက်ခန့်ကို မတူကွဲပြားသည့် မန္တန်စွမ်းရည်များ မန်းမှုတ်ထားသည်။

ချန်ယွီ့၏ ဝိဉာဏ်စွမ်းအင်တို့က အတော်လေးကို ပေါကြွယ်ဝနေတာလည်း ပါသည်။ အကယ်၍ အခြား မာစတာတစ်ယာက် ဖြစ်ခဲ့မည်ဆိုပါက ပစ္စည်းတစ်ခုထဲ ဝိဉာဏ်စွမ်းအား ထည့်သွင်းရုံမျှနှင့် မောဟိုက်သွားပေလိမ့်မည်။

ထို့ပြင်… မည်သူကမျှလည်း ထိုသို့သော ရူးမိုက်သည့် လုပ်ရပ်မျိုး ပြုလုပ်ကြမှာ မဟုတ်ချေ။

မျက်မှောက်ခေတ်တွင် ဝိဉာဏ်စွမ်းအင်တို့က အင်မတန် ရှားပါးလှပြီး ကျင့်ကြံသူများအဖို့ သူတို့ ခန္ဓာကိုယ်ထဲရှိ ဝိဉာဏ်စွမ်းအင်က သူတို့ အသက်ထက်ပင် ပိုပြီး အရေးပါသည်။

၎င်းတို့အားလုံးကို ကုန်ခမ်းသွားဖို့ မပြောနှင့်၊ နည်းနည်လေး ဆုံးရှုံးလိုက်ရလျှင်ပင် ရင်ဘက်စည်တီး၍ မျက်ရည်နှင့်မျက်ခွက် ဖြစ်နေကြလိမ့်မည်။

“ ဒေါက် ဒေါက် ဒေါက် …”

ထိုအချိန်တွင် တံခါးဝသို့ ခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ချန်ယွီ့ သူလုပ်လတ္တံ့ ကိစ္စများအား ရပ်တန့်၍ တံခါးဖွင့်ရန်အတွက် တံခါးဝသို့ ရောက်လာခဲ့သည်။

“ ကြိုဆိုပါတယ် … လူနာတို့ … ကျေးဇူးပြုပြီး အထဲကို ကြွကြပါ …”

တံခါးအပြင်ဘက်တွင် လူနှစ်ယောက် မတ်တပ်ရပ်နေသည်။

တစ်ယောက်က အသက်နှစ်ဆယ် အစောပိုင်း ဖြစ်ပြီး အခြားတစ်ယောက်ကတော့ သုံးဆယ်ကျော် အရွယ်ဖြစ်၏။

ပျူငှာနွေးထွေးသည့် အပြုံးတစ်ခုကို ဆင်မြန်းထားရင်း … ချန်ယွီ့ ၎င်းတို့နှစ်ဦးကို အထဲသို့ ကြွရန် လက်ဟန်ပြလိုက်သည်။

‘ လူနာ ‘ ဆိုသည့် စကားလုံးကို ကြားတော့ လူငယ်လေးက ပြုံးသွားခဲ့ပြီး သက်လတ်ပိုင်း အမျိုးသားကတော့ ရယ်ရအခက်၊ ငိုရအခက် မျက်နှာထားမျိုး ဖြစ်သွားခဲ့၏။

“ ဟယ်လို ဒေါက်တာချန် .. ငါတို့က ဒီကို တိုင်ပင်ဆွေးနွေးဖို့ ရောက်လာတာ မဟုတ်ပါဘူး … ငါတို့ ဒီလာခဲ့တာက ရာဇဝတ်မှုတစ်ခုအကြောင်း မေးမြန်းချင်လို့ပါ …”

ဆိုင်ထဲသို့ ဝင်ရောက်ပြီးနောက် သက်လတ်ပိုင်း အမျိုးသားက သူ၏ အိုင်ဒီကတ်ကို ထုတ်ပြလာခဲ့သည်။

' ဟန်ကျိုး' မြို့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာန ၊ ကပ္ပတိန် လီချန်ကျွင်း။။

“ ဒါ ငါ့ရဲ့ အိုင်ဒီကတ်ပဲ …”

လူငယ်လေးလည်း သူ့အိုင်ဒီကတ်ကို အလားတူ ထုတ်ပြလာခဲ့သည်။

' ကျင်းချန် 'မြို့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန ၊ စုံထောက် ဖုန်းလန်။

“ ဆိုတော့ … ငါ့ရဲ့ ဆရာတူ တပည့်ချင်းကိုး … ဟားဟား … ထိုင်ကြပါဦး ထိုင်ကြပါဦး …”

ချန်ယွီ့က ထိုင်ခုံ နှစ်ခုံ ယူလာပေးပြီး အမျိုးသားနှစ်ယောက်၏ ဘေးတွင် ချပေးလိုက်သည်။

လီချန်ကျွင်းက ဖုန်းလန်ကို ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်မိ၏။

“ ရှောင်ဖုန်း … မင်းလည်း ဟန်ကျိုးတက္ကသိုလ်ကျောင်းဆင်းပဲလား …”

“ ခင်များတော့ အထင်လွဲနေပြီ ကပ္ပတိန်လီ .. ကျုပ်ထင်တော့ သူ ကျွန်တော့်ရဲ့ တခြား အထောက်အထားတစ်ခုကို ရိပ်မိသွားတာဖြစ်မယ် … အဲ့တော့ ဟာသလုပ်နေတာပေါ့ …”

“ တခြား အထောက်အထား ဟုတ်လား … မင်းမှာ တခြား ဘာ အထောက်အထား ရှိသေးလို့ …”

လီချန်ကျွင်း နားထောင်လေ၊ သူပိုပြီး ရှုပ်ထွေးလာလေ ဖြစ်လာခဲ့၏။

“ ကျုပ်ကလည်း ဒေါက်တာချန်ရဲ့ လိုက်စထွင်း ပရိသတ်တစ်ယောက်ပဲလ …”

ဖုန့်လန်က ငယ်ရွယ်ပြီး ချက်ဆို နားခွက်က မီးတောက်သည်။ ချက်ချင်းဆိုသလို ချန်ယွီ့၏ ဆိုလိုရင်းအား နားလည်သဘောပေါက်သွားခဲ့၏။

သူသည် မနေ့က ချန်ယွီ့ လိုက်စထွင်းထဲရှိ Richard von Krafft-Ebing ၏ ကျောင်းသားဖြစ်သည်ဟု ပြောခဲ့သူကလွဲ၍ အခြားသူ မဟုတ်ပေ။

သူ့အွန်လိုင်းနာမည်က [နတ်ဆိုးတွေကို အပြစ်ပေးပြီး သူတော်ကောင်းတွေကို ချီးမွမ်းတဲ့ ရဲသားလေး]ပင်။

သူ့အထက်လူကြီးများ သူ့ကို ဤနေရာသို့ စေလွှတ်လိုက်ရခြင်းက လူငယ်ဖြစ်နေတာကြောင့် အပြင် ဖုန်းလန်က ချန်ယွီ့ ကျင်းချန်မြို့၏ နတ်ဆိုးကို ဖော်ထုတ်သည့် လိုက်စထွင်းအား ကြည့်ရှုနေခဲ့သောကြောင့်လည်းပါသည်။

“ လက်စသတ်တော့ အဲ့လိုကိုး … မထူးဆန်းတော့ပါဘူး ..” လီချန်ကျွင်း ခေါင်းညိတ်လိုက်၏။

“ ကပ္ပတိန်လီ ၊ စုံထောက်ဖုန်း … မေးစရာရှိတယ်ဆိုမေးပါ … ကျွန်တော့်ဘက်က တတ်နိုင်သလောက် အကောင်းဆုံး ပူးပေါင်းပေးပါ့မယ် …”

ချန်ယွီ့ အံ့အားမသင့်သွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာ ဌာနက သူ့ထံသို့ တံခါးလာခေါက်မည်ကို အစောကြီးကတည်းက မျှော်လင့်ထားခဲ့ပြီးသောကြောင့်ပင်။

ချန်ယွီ့၏ ဖော်ရွေသည့် သဘောထားကို မြင်တော့ နှစ်ဦးလုံး စိတ်သက်သာရစွာ သက်ပြင်းချမိလိုက်ကြသည်။

ချန်ယွီ့ဘက်က ပူးပေါင်းပေးဖို့ ငြင်းဆန်လာမှာကို သူတို့ ကြောက်ရွံ့နေခဲ့မိကြသည်။ အထူးသဖြင့် သူ၏ လုပ်ဆောင်နိုင်စွမ်းနှင့် ပတ်သက်ပြီးတော့မှ ဖြစ်၏။

“ ဒေါက်တာချန် … ငါတို့ ဒီလာခဲ့တာ မင်းအကြောင်း ပိုသိရအောင်လို့ပါ … မင်းဘယ်အချိန်တုန်းကတည်းကစပြီး ကောင်းတဲ့ချွမ်ကို စုံစမ်းနေခဲ့တာလဲ …”

[ဟန်ကျိုးမြို့ရဲ့ နံပါဝမ်း ဖျော်ဖြေရေး သတင်းထောက်] နာမည်အရင်းက ကောင်းတဲ့ချွမ်င်။

အွန်လိုင်းပေါ်တွင် ချန်ယွီ့ အမှုဖြေရှင်းသွားသည့် ဖြစ်စဉ်ကို စကားတစ်လုံးဖြင့် ဖော်ပြရမည်ဆိုပါက …

မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။

ရာဇဝတ်သား၏ အတိတ်အကြောင်းကို ထိုမျှ အသေးစိတ်ကျကျ ပြောပြနိုင်သည့် စထွင်မာတစ်ယောက်။

အထူးသဖြင့် ရဲများ တင်းကြပ်စွာ လျှို့ဝှက်ထားခဲ့သည့် နစ်နာသူ မိသားစု၏ သတင်းအချက်အလက်များပင်။

ကျင်းချန်မြို့ ရဲတပ်ဖွဲ့ကဖြစ်စေ၊ ဟန်ကျိုးမြို့ ရဲတပ်ဖွဲ့ကပဲ ဖြစ်စေ ၊ ဤကိစ္စကို ပေါ့သေးသေး မတွက်ဝံ့ကြချေ။

“ ကျွန်တော် သူ့အကြောင်း တစ်ခါမှ မစုံစမ်းကြည့်ဖူးပါဘူး … သူ ကျွန်တော့် လိုက်စထွင်းခန်းထဲ မဝင်လာခင်တုန်းက သူ ဟူယွီ ပလတ်ဖောင်းထဲ ရှိနေမှန်းတောင် မသိဘူး …”

ဤတစ်ကြိမ်တွင်တော့ ချန်ယွီ့ အမှန်အတိုင်းပဲ ပြောဆိုလိုက်သည်။

ဤသည်ကို ကြားတော့ လီချန်ကျွင်းနှင့် ဖုန်းလန်တို့ အချင်းချင်း ကြည့်မိလိုက်ကြ၏။

ဖုန်းလန်က ခေါင်းညိတ်ပြသည်။

သူလည်း ရာဇဝတ်မှုခင်း စိတ်ပညာတွင် ထိပ်တန်းကျောင်းသား တစ်ဦး ဖြစ်သဖြင့် ချန်ယွီ့က လိမ်ညာပြောနေသလားဆိုတာကို မျက်နှာအမူအရာကြည့်ပြီး အကဲဖြတ်ပေးနိုင်သည်။

“ ဒီတော့… ငါနားလည်ထားတဲ့အတိုင်းဆို … မင်းက သူ့ကို သိတောင် မသိဘူး … ဒါပေမယ့် မင်းရဲ့ ကျွမ်းကျင်တဲ့ အတွေ့အကြုံပေါ်မှာ အခြေခံပြီး သူက ကျင်းချန်မြို့ရဲ့ နတ်ဆိုးပါဆိုတာကို ပြောနိုင်တယ်ပေါ့ …” လီချန်ကျွင်း စပ်စုကြည့်လိုက်၏။

“ အမှန်ပဲ …”

ချန်ယွီ့ အပြုံးလေးဖြင့် ဖြေလိုက်သည်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး မင်းငါ့ကို အသေးစိတ် ပြောပေးနိုင်မလား … ရာဇဝတ်မှုခင်း စိတ်ပညာရဲ့ ဘယ်အပိုင်းက သူဘယ်သူဘယ်ဝါပါဆိုတာနဲ့ ရာဇဝတ်မှုတွေ ဘယ်လိုကျူးလွန်ခဲ့လဲဆိုတာ သိအောင် ကူညီပေးခဲ့တာလဲ …”

စိတ်ပညာတွင် ထိပ်တန်းကျောင်းသား တစ်ဦးဖြစ်သည့် ဖုန်းလန်ကဲ့သို့ မဟုတ်ပါဘဲ လီချန်ကျွင်းက လူတစ်ယောက်ကို တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်ပေးသည့် နေရာတွင် ပိုပြီး ထူးချွန်သည်။

သူက လူတစ်ယောက်ကို သူ၏ အတွေးရေယာဉ်ကြောအတိုင်း လိုက်ပါစီးမြော၍ မေးခွန်းထုတ်ပြီး သူတို့ နှလုံးသားထဲရှိ လျှို့ဝှက်ချက်များကို ထုတ်ပြောပြလာအောင် မေးမြန်းနိုင်စွမ်းရှိသည်။

ဤသည်ကလည်း လူသိများသည့် စစ်ကြောရေး နည်းလမ်းတစ်ခု ဖြစ်၏။

“ အဲ့ကိစ္စက နည်းနည်းတော့ ရှုပ်တယ် … ထားပါ … ကျွန်တော် အစကနေပဲ ရှင်းပြပေးလိုက်မယ် …”

ချက်ချင်းဆိုသလို ချန်ယွီ့ စတင်ပြီး ရှင်းပြတော့၏။

မိနစ် နှစ်ဆယ်ကျော်ကြာအောင် နားထောင်ပြီးနောက်တွင် ဖုန်းလန်က တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိလာသည်။

အချိန်တစ်ချို့ကြာပြီးသည့်နောက် ဖုန်းလန် ဆွံ့အသွားခဲ့ရ၏။

ချန်ယွီ့ သူ အစကနေ ရှင်းပြပေးမည်ဟု ပြောသည့်အချိန်၌ ၊ သူ တကယ်လည်း အစကနေ ရှင်းပြပေးခဲ့သည်။

သူက ရာဇဝတ်မှုခင်း စိတ်ပညာအတန်းကို အစကနေ ရှင်းပြပေးနေခြင်းပင်။

စိတ်အခြေအနေကို ဝေဖန်သုံးသပ်မှုနှင့် ရာဇဝတ်မှု စိတ်ဗေဒ၊

နောက်ဆုံး ဆိုက်ကိုပါ့တို့၏ ထားရှိသည့် စိတ်အခြေအနေ၊

ဖုန်းလန် သူ့ကိုယ်သူ တက္ကသိုလ်နေ့ရက်များသို့ ပြန်လည်ရောက်ရှိသွားသည့်နှယ် ခံစားလိုက်ရသည်။ ဂုဏ်သိက္ခာကြီးမားပြီး ကျွမ်းကျင်သည့် ပါမောက္ခကြီးက စင်ပေါ်တက်၍ ဟောပြောနေကာ ကျောင်းသူကျောင်းသားတို့မှာ အသက်ပင် ကျယ်ကျယ် မရှူဝံ့ကြချေ။

လီချန်ကျွင်းလည်း တစ်ခုခုတော့ မဟုတ်တော့ဘူးဆိုတာကို စတင် သတိပြုမိလာသည်။

သူ ဘေးရှိ ဖုန်းလန်ကို တစ်ချက်ကြည့်လိုက်၏။

ဖုန်းလန် သက်ပြင်းချလိုက်ပြီး ဖုန်းထုတ်ကာ စာအုပ်တစ်အုပ်၏ အမည်ကို ရှာဖွေလိုက်သည်။

စာအုပ်ကို ကြည့်ရှုပြီးသည့်နောက် လီချန်ကျွင်းမှာ ဒေါသထွက်မှုကြောင့် နှာတံကောက်ကွေးလုမတတ် ဖြစ်သွားခဲ့ရ၏။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး မင်းခဏလောက် ရပ်ပေးဦး ….”

လီချန်ကျွင်းက ကျနေသည့် သူ့စိတ်အခြေအနေလေးကို ခေတ္တ ဖိနှိပ်ထား၍ ဆိုလိုက်၏။

“ ငါ မေးနေတာက မင်း ကောင်းတဲ့ချွမ် ဘယ်သူ ဘယ်ဝါ ဖြစ်တာလဲဆိုတာကို ဘယ်လိုသိသွားခဲ့တာလဲလို့ မေးနေတာလေ … ငါတို့ကို စာအုပ်ကြီးထဲက အကြောင်းအရာတွေ ပြောပြခိုင်းနေတာ မဟုတ်ဘူး …”

“ ကျွန်တော်လည်း ခင်များမေးနေတဲ့ အဖြေကို ဖြေပေးနေတာပဲလေ …”

ချန်ယွီ့က လေးနက်သည့် အမူအရာကို သူ့မျက်နှာတွင် ချိတ်ဆွဲထားပြီး ပြန်ဖြေလိုက်သည်။

“ သူ့ရဲ့ အကျင့်ဗီဇနဲ့ ရာဇတ်မှုခင်း စိတ်ပညာ၊ ဂိုဏ်းရာဇဝတ်မှုခင်း စိတ်ပညာ၊ ဆိုက်ကိုပါ့တွေရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေကို သေချာ‌ ဝေဖန်ဆန်းစစ်ပြီးတော့ သူက ရာဇဝတ်သားတစ်ယောက်ဆိုတာ ဆုံးဖြတ်လိုက်နိုင်တာပဲ …”

“ ပြဿနာ တစ်ခုခု ရှိလို့လား …”

ချန်ယွီ့၏ ချက်ကျလက်ကျ လေသံကို နားထောင်ပြီးနောက် လီချန်ကျွင်း ထိုးနှက်ခံလိုက်ရသည်။

“ ဒီခု စကားဝိုင်း အပြင်ကို မပေါက်ကြားစေရဘူးလို့ ရဲဘက်က ကတိပေးတယ် ဒေါက်တာချန် … မင်းစိတ်ချ လက်ချ ပြောလို့ရတယ် …” ဖုန်းလန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ “ ဒေါက်တာချန် ငါတို့အပေါ် ရိုးသားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် …”

“ ဘာပဲဆိုဆို ရဲတွေ အခုထိ ဖမ်းဆုပ်လို့ မမိသေးတဲ့ အမှုရဲ့ တစ်ချို့ အစိတ်အပိုင်းတွေ ကျန်နေသေး …”

“ ကလင် ကလင် ကလင် … “

သူ့စကား မဆုံးသေခးင်မှာပဲ ဖုန်းလန်၏ ဖုန်းက ရုတ်တရက် အသံမြည်လာခဲ့သည်။

“ စုံထောက်ဖုန်း … မင်း ဒီဖုန်းကို မကိုင်ဖို့ ငါ စေတနာနဲ့ အကြံပေးချင်တယ် …”

ဖုန်းလန် သူ့ဖုန်းကို ထုတ်လိုက်သည့်အချိန်မှာပဲ ချန်ယွီ့ စကားကို ကြားလိုက်ရသည်။

“ ဘာလို့ ….”

ဖုန်းလန် မသိစိတ်အလျောက် မေးမြန်းမိသွားခဲ့သည်။

ချန်ယွီ့ လီချန်ကျွင်းဘက်သို့ အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

“ ဒေါက်တာချန် … မင်းငါ့ကို ဘာလို့ အဲ့လို လာကြည့်နေတာ …” လီချန်ကျွင်း နားဝေတိမ်တောင် ဖြစ်သွားခဲ့ရသည်။

“ ကပ္ပတိန်လီ... ခင်များ ညီမမှာ အခုထိ ကောင်လေး မရှိသေးဘူးမလား …”

“ ဟုတ်တယ်လေ … ဟမ် နေပါဦး … မင်းအဲ့တာတောင် သိနေတယ်ပေါ့ …”

လီချန်ကျွင်း ဇဝေဇဝါ ဖြစ်ရင်း‌ မေးလိုက်မိသည်။

“ ဒါဆို ခင်များ ညီမ မကြာခင် ကောင်လေး ရတော့မှာ … ပြီးရင် လက်ထပ်ပြီးတာနဲ့ တစ်ခြားမြို့ကို ပြောင်းသွားတော့မှာ …”

ဤသည်ကိုကြားတော့ လီချန်ကျွင်း ထိုင်ရာက ချက်ချင်း ထလိုက်မိသည်။

အခြားတစ်ဖက်တွင်ရှိ ဖုန်းလန်၏ နဖူးထက်တွင်တော့ ချွေးစေးတို့က ပြိုက်ကနဲ ပြိုက်ကနဲ နေအောင် ကျဆင်းလို့နေသည်။

ဖုန်းလန် သိပ်ပြီး မူမမှန်နေတာကို လီချန်ကျွင်း သတိထားမိတော့ သူ မျက်မှောင်ကြုတ်သွားခဲ့ပြီး သကောင့်သားအား မျက်လုံးစိမ်းကြီးများဖြင့် စူးစိုက်ကြည့်လိုက်သည်။

All Chapters