← Chapters

ထူးဆန်းသည့် နစ်နာသူ

Vol. 4 Ch. 35

ထူးဆန်းသည့် နစ်နာသူ

Vol. 4 Ch. 35

ထူးချွန်သည့် မည်သည့် ထိပ်တန်းကျောင်းသားမဆို ပါးရည်နပ်ရည် ရှိကြသည်။

ချန်ယွီ့က အဆိုပါက ရဲဝတ်စုံနှင့် ကြောင်နက် စတစ်ကာများအား ဖုန်းလန်နှင့် လီချန်ကျွင်းတို့ကို ရောဂါရှိနေသည်ဟု ဆိုပြီး အတင်းရောင်းနေသည်မှာ အကြောင်းအရင်း တစ်စုံတစ်ရာတော့ ရှိကို ရှိရလိမ့်မည်။

ဤသည်က ပုံမှန်စတစ်ကာတော့ မဟုတ်နိုင်။ အဆောင်တစ်ခုဖြစ်၏။

သူတို့၏ အသက်ကို ကာကွယ်ပေးမည့် စတစ်ကာ အဆောင်ပင်။

ရဲအရာရှိ အလုပ်အကိုင်မှာ အန္တရာယ်များသည့် အလုပ်အကိုင်များထဲက တစ်ခုပင်။

သူတို့နှစ်ဦးလုံးက ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာန၏ အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့အပေါ် ကံဆိုးမှု တစ်စုံတစ်ရာ ကျရောက်လာနိုင်ချေက အင်မတန် မြင့်မား၏။

ချန်ယွီ့ လိုက်စထွင်းရှိ အံ့အားသင့်ဖို့ကောင်းသည့် အစွမ်းအစများကို ပြန်လည်စဉ်းစားမိပြီး …

သူတို့၏ လက်ရှိ အလုပ်အကိုင်များကိုပါ ထည့်သွင်းစဉ်းစားကြည့်လိုက်သည့်အခါ၌ ..

ဖုန်းလန်သည် ချက်ချင်းဆိုသလို လီချန်ကျွင်းကို ဘေးသို့ ဆွဲခေါ်သွားပြီး သူ သုံးသပ်မိသည့် အရာများအား ပြောပြလိုက်သည်။

လီချန်ကျွင်းလည်း တစ်ခါတစ်ရံ ခေါင်းတဆတ်ဆတ် ညိတ်နေပြီး တစ်ခါတစ်ရံ လေးနက်တည်ကြည်နေလျက်ရှိ၏။

“ ရှောင်ဖုန်း … စခန်းကို ပြန်တော့ … ငါ ခဏနေ လိုက်လာခဲ့မယ် …”

“ ဒါပေမယ့် …….”

လီချန်ကျွင်း သူ့အား စိုက်ကြည့်လိုက်သည်။ ဖုန်းလန် ချက်ချင်းပဲ သူပြောလိုသည့် စကားလုံးများအား ပြန်လည်မျိုချလိုက်ရ၏။

သူ့အချစ်ရေးအတွက်၊ သူ့ အနာဂတ် အိမ်ထောင်ရေးအတွက် သူ့ကိုယ်သူ ဖိနှိပ်ထားလိုက်သည်။

ဖုန်းလန်ကို အဝေးသို့ ပမထုတ်မီ ၊ လီချန်ကျွင်းက သူ့ထံမှနေ၍ ရဲဝတ်စုံနှင့် ကြောင်နက်စတစ်ကာကို ယူဖို့လည်း မမေ့လျော့ခဲ့ချေ။

“ ဒေါက်တာချန် … မင်းရဲ့ ဆိုင်ကို ခဏလောက် ပိတ်ထားလိုက်ရင် အဆင်ပြေမလား …”

ချန်ယွီ့၏ စကားကိုပင် စောင့်ဆိုင်းမနေဘဲ လီချန်ကျွင်းက တံခါးကို သော့ခတ်ထားလိုက်သည်။

“ ကပ္ပတိန်လီ … ခင်များနာမကျန်း ဖြစ်နေတယ်ဆိုတာ ယုံလား …” ချန်ယွီ့ ခပ်သာသာ ပြုံးပြီး မေးသည်။

“ ဒေါက်တာချန် … ဒီမှာ အပြင်လူလည်း မရှိဘူး … ဒီတော့ တည့်တိုးပဲ ပြောကြရအောင် ..” လီချန်ကျွင်းက နားလည်ရခက်သည့် လေသံဖြင့် ပြောဆိုလာခဲ့သည်။

“ ငါ အခု မင်းပေးတဲ့ စတစ်ကာကို မကပ်ထားဘူးဆိုရင် မကြာခင် သေမယ်လို့ မင်းပြောခဲ့တယ်နော် …”

“ ဆိုလိုတာ ငါ မကြာခင် တာဝန်ထမ်းဆောင်ရင်း သေသွားနိုင်တယ်လို့ ပြောချင်တာမလား …”

“ အဲ့တာကတော့ ခင်များရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တယ် …” ချန်ယွီ့ ဖြေပေးလိုက်သည်။ “ တကယ်လို့ ခင်များ ဆယ်ရက်ကနေ လဝက်လောက်အထိ ခွင့်ယူမယ်ဆိုရင်လည်း ခင်များ နာမကျန်းဖြစ်မှာ မဟုတ်ဘူး …”

“ ဒါပေမယ့် ခင်များရဲ့ အကျင့်စရိုက်အတိုင်းဆိုရင် ခင်များ အဲ့လို လုပ်မှာ မဟုတ်တာ သေချာတယ် …”

ချန်ယွီ့ အဖြေကို တိုက်ရိုက် မဖြေဆိုခဲ့ချေ။ သို့သော် လီချန်ကျွင်းက သူလိုချင်သည့် အဖြေကို ရရှိပြီး ဖြစ်၏။

“ ဒေါက်တာချန် … မင်းငါ့ရောဂါကို ကူပြီး စစ်ဆေးပေးပါလား … ငါ နောင်ကျရင် ဘာတွေလုပ်သင့်လဲ …”

ချန်ယွီ့ လက်ပင့်မြှောက်၍ လက်လေးချောင်း ထောင်ပြလိုက်သည်။

ဤသည်ကို မြင်တော့ လီချန်ကျွင်း၏ ရင်ဘက်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားခဲ့ရ၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ချန်ယွီ့ကို ဒီတိုင်း စိတ်ကျန်းမာရေး ဆရာဝန်လေးပါပဲကွာ ဟု ပြောဆိုလာခဲ့မည်ဆိုပါက လီချန်ကျွင်း ထိုသို့ ပြောလာသည့်လူကို ဖနှောင့်နှင့် သေအောင် ပေါက်သတ်ပစ်လိုက်မည်။

“ ဒေါက်တာချန် … ငါ ရှောင်ဖုန်းဆီကနေ ကြားတာ ရောဂါကုသဖို့ မင်းနဲ့ တိုင်ပင်ဆွေးနွေးခက ယွမ် ငါးထောင်ဆို … “

“ ငါ မင်းကို ခဏနေကျရင် ယွမ်တစ်သောင်းပေးမယ် … ငါ့ကို နည်းနည်းပါးပါး လမ်းညွှန်ပေးနိုင်မလား …”

ရှောင်ဖုန်း၏ သတိပေးချက်နှင့် ရှင်းပြချက်ကို နားထောင်ပြီးနောက် လီချန်ကျွင်းသည် ချန်ယွီ့၏ စည်းမျဉ်းစည်းကမ်းများကို တဖြည်းဖြည်းနှင့် စတင် သဘောပေါက်လာပြီ ဖြစ်သည်။

“ ရတာပေါ့ …”

“ ကျေးဇူးပါပဲ …”

လီချန်ကျွင်း အပျော်လွန်သွားခဲ့သည်။

သူ လမ်းမထက်သို့ တစ်ဖန် ပြန်လည် ပြေးထွက်သွားခဲ့ပြီး ဆယ်မိနစ်မျှ ဖုန်းသွားပြော၏။

ဆိုင်ထဲသို့ ပြန်ဝင်လာပြီးနောက်တွင်လည်း တံခါးကို ပြန်လည် သော့ခတ်ထားဖို့ရာ လီချန်ကျွင်း မမေ့လျော့ခဲ့ချေ။

သူ တုံ့ဆိုင်းခြင်းမရှိ ယွမ်တစ်သောင်းကို ပေးချေလိုက်၏။

“ လူနာ … ခင်များ အခု ကျွန်တော့်ကို ခင်များရဲ့ အခြေအနေအကြောင်း ပြောပြလို့ ရပြီ …” ချန်ယွီ့ အပြုံးလေးဖြင့် ပြောလိုက်သည်။

လီချန်ကျွင်း၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့၏။

ချန်ယွီ့က တကယ့်ကို သရုပ်ဆောင်ပဲ...

သူ ပိုက်ဆံမရှင်းတုန်းကတော့ ချန်ယွီ့အတွက် သူက ကပ္ပတိန်လီ …

ပိုက်ဆံလည်း လက်ခံပြီးရော တစ်ခါတည်း လူနာ တန်းဖြစ်သွားတော့တာပဲ …

“ ငါ အခုတလော အမှုတစ်ခုကြောင့် တော်တော်လေး ခေါင်းစားနေတာ …”

လီချန်ကျွင်းက အသံဩဩနှင့် ပြောလိုက်ပြီး “ ဒီရဲ့ အမှုက တကယ့်ကို သည်းထိတ်ရင်ဖိုဖို့ကောင်းတယ် … ကျင်းချန်မြို့ရဲ့ ကွင်းဆက် လူသတ်မှုအောက် လုံးဝ မလျော့ဘူး …”

“ ဒေါက်တာချန် … မင်းငါ့ကို ကတိပေးပါ … “

“ ဒီကိစ္စကို နားထောင်ပြီးရင် တခြား အပြင်လူတွေကို စကားတစ်ခွန်းတောင် ဟလို့မရဘူး …”

ချန်ယွီ့ သူ့လက်ကို ဆန့်တန်း၍ လီချန်ကျွင်းကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။

ကပ္ပတိန်လီကို ဆရာဝန်တစ်ယောက်၏ အခြေခံကျင့်ဝတ်စည်းမျဉ်းက လူနာ၏ လျှို့ဝှက်ချက်များအား ၎င်းတို့၏ စိတ်ဆန္ဒမပါဝင်ပါဘဲ အပြင်လူများသို့ ပေါက်ကြားမှု မရှိခြင်းဖြစ်ကြောင်း နှစ်သိမ့်ပေးလိုက်သည်။

“ ဟန်ကျိုးမှာ လတ်တလော လူသတ်မှုတွေ အများကြီး ဖြစ်နေတယ် …”

လီချန်ကျွင်းက အသံကိုနိမ့်၍ တိုးတိုးလေး ပြောလိုက်သည်။

လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက လူမိုက်ဂန်းစတား တစ်ဦး နေအိမ်တွင် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

အဲ့ဒီတုန်းက စုံစမ်းစစ်ဆေးရေး တာဝန်ခံမှာ လီချန်ကျွင်းဖြစ်ပြီး စစချင်းတုန်းကတော့ သူလည်း အလေးအနက်မထားခဲ့ပေ။

အသတ်ခံရသည့် လူမိုက်က မကောင်းသည့် ပြစ်မှုတို့ကို အများအပြား ကျူးလွန်ခဲ့သူ တစ်ဦးပင်။

သူ့တွင် ရန်သူ တစ်ရာ မဟုတ်လျှင်တောင် အနည်းဆုံးတော့ ရှစ်ဆယ်ခန့် ရှိ၏။

ရက်ရက်စက်စက် အသတ်ခံထားခဲ့ရပြီး သူ့ကြောင့်နှင့် နစ်နာသူ မိသားစု တစ်စုံတစ်ယောက်က သွေးကြွေးလက်စားချေခြင်းမျိုး ဖြစ်နိုင်သည်။

ထိုကိစ္စဖြစ်ပွားပြီး မကြာမီမှာပဲ ထိုနေရာတစ်ဝိုက်တွင် နောက်ထပ် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

အသတ်ခံရသည့် လူက အမျိုးသမီး တစ်ဦးဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး၏ အတွင်းရေးမှူးပင်။

သူမက အိမ်သို့ပြန်လာသည့် လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး သူမ၏ ရုပ်အလောင်းကို စွန့်ပစ်ခံထားရသည့် နေအိမ်တစ်လုံးတွင် ပြန်ပြီး ရှာတွေ့ခဲ့၏။

လီချန်ကျွင်း အမှုနှစ်ခုကို နှိုင်းယှဉ် ဆက်စပ်ကြည့်နေစဉ်မှာပဲ တတိယ အမှုတစ်ခုက ထပ်ပြီး ပေါ်ပေါက်လာပြန်သည်။

ဤတစ်ကြိမ် နစ်နာသူက အိမ်ခြေရာမဲ့ တစ်ဦး ဖြစ်ပြီး လမ်းကြားလေးတစ်ခုထဲတွင် သေဆုံးနေခဲ့ခြင်းပင်။

“ လေးယောက်မြောက် နစ်နာသူကကျတော့ ….”

လီချန်ကျွင်း သူ့ ကျောရိုးတစ်လျှောက် ချမ်းစိမ့်နေသည်။

“ သူက အရှင်လတ်လတ် မီးရှို့ခံရတာ ….” ချန်ယွီ့က စကားကို ဖြည့်ပေးလိုက်သည်။

“ ဟစ် …”

လီချန်ကျွင်း အဆုတ်ထဲသို့ လေအေးကြီးများ ရှိုက်သွင်းမိသွားခဲ့ပြီး မသိစိတ်အလျောက် နောက်သို့ ခြေသုံးလေးလှမ်းခန့်မျှ ဆုတ်မိသွားခဲ့သည်။

သူ၏ ညာဘက်လက်ဖဝါးက အင်္ကျီစကို လှန်၍ ခါးရှိ သေနတ်ကို အချိန်မရွေး ဆွဲထုတ်ရန် အဆင်သင့် ဖြစ်နေသည်။

“ လူနာ … ကျေးဇူးပြုပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ ..”

ချန်ယွီ့က စားပွဲကို လက်ညှိုးဖြင့် ပေါ့ပါးစွာ ခေါက်နေရင်း လီချန်ကျွင်းကို သူက ယခု ဆေးပြနေသည့် လူနာတစ်ယောက် ဖြစ်ကြောင်း သတိပေးလိုက်သည်။

“ ငါတောင်းပန်ပါတယ် ဒေါက်တာချန် … ဒီတိုင်း အကျင့်ဖြစ်နေလို့ပါ …”

လီချန်ကျွင်း ထိုင်ခုံသို့ ပြန်ရောက်လာပြီး ထိုင်ချလိုက်သည်။

သို့သော် လက်နှစ်ဖက်ကိုတော့ စားပွဲပေါ် မတင်ထားဘဲ စားပွဲအောက်သို့သာ ပို့ထားသည်။

“ ဆက်ပြောပါဦး …” ချန်ယွီ့ ပြောလိုက်၏။

လီချန်ကျွင်း မျက်မှောင်ကြုတ်ပြီး စောနက စကားကို ဆက်သည်။

“ ဒေါက်တာချန် ပြောခဲ့တဲ့အတိုင်းပဲ …”

“ လေးယောက်မြောက် နစ်နာသူက သေတဲ့အထိ အရှင်လတ်လတ် မီးရှို့ခံရတာပဲ ….”

“ ဒါပေမယ့် …. အခင်းဖြစ်တဲ့နေရာမှာ ဘယ်လို ရှို့ရာ လက်ရာမှ မကျန်နေခဲ့ဘူး …”

လီချန်ကျွင်း အသက်ကို ပြင်းပြင်းရှူသွင်းပြီး နောက်ဆုံး နစ်နာသူ အကြောင်းကို အသက်တစ်ရှိုက်စွာ အတွင်း လျင်မြန်စွာ ပြောပြလိုက်သည်။

လေးယောက်မြောက် နစ်နာသူက စီးပွားရေး လုပ်ငန်း ပိုင်ရှင်တစ်ဦးပင်။

သေသွားခဲ့သည့် အချိန်ကတော့ လွန်ခဲ့သည့် လဝက်လောက်တုန်းက ဖြစ်၏။

ထိုည ညဉ့်သန်းခေါ်ယံတွင် စီးပွားရေးလုပ်ငန်းရှင်မှာ လူမှုရေး ပွဲတစ်ခုကနေ ပြန်လာခဲ့ပြီး သူ၏ အိမ်အကူကို မနက် ခုနစ်နာရီတွင် လာပြီးနှိုးပေးဖို့ အမိန့်ပေးထားခဲ့၏။

နောက်တစ်နေ့ နံနက်ခင်း မနက် ခုနစ်နာရီထိုးတော့ အိမ်အကူကလည်း ထုံးစံအတိုင်း သူ့အိပ်ခန်းတံခါးသို့ တံခါးလာခေါက်သည်။

အခန်းထဲ မည်သည့် လှုပ်ရှားမှုကိုမျှ မကြားရ။

အိမ်အကူကလည်း သူ့သူဌေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၍ တံခါးခေါက်သည့်အသံကို မကြားတာဟု ထင်နေခဲ့သည်။

ထို့ကြောင့် တံခါးတွန်းဖွင့်၍ သူ့ကို နှိုးဖို့ အထဲဝင်သွားခဲ့၏။

အိမ်အကူ အိပ်ခန်းထဲသို့ ဝင်လာသည့် အချိန်မှာပဲ သူ့သူဌေးက အိပ်ရာပေါ်တွင် ကွေးကွေးကြီး ဖြစ်နေခဲ့၏။

သူမ၏ သူဌေးပေါ်သို့ လက်တင်သည့် အချိန်မှာပဲ ထိတ်လန့်တကြား အော်ဟစ်သံက လည်ချောင်းထဲကနေ ထွက်ပေါ်လာသည်။

သူမ သူဌေး၏ ခန္ဓာကိုယ်မှာ နီရဲနေသည့် သံပူမီးခဲကဲ့သို့ တငွေ့ငွေ့ လောင်ကျွမ်းလာခဲ့သည်။

ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက် လူနာတင်ကား ရောက်လာသည်။ စီးပွားရေး လုပ်ငန်းပိုင်ရှင် သူဌေးကြီးမှာ အခင်းဖြစ်သည့် နေရာမှာပဲ သေဆုံးသွားခဲ့၏။

သေဆုံးရသည့် အကြောင်းအရင်းကတော့ မီးလောင်ဒဏ်ရာတို့ကြောင့် ဖြစ်ပြီး ခန္ဓာကိုယ်၏ အဓိက အစိတ်အပိုင်း အင်္ဂါရပ်တို့ ထိခိုက်သွားခဲ့ရ၏။

ထူးဆန်းသည့် အရာက …

အခန်းထဲ မည်သည့် နေရာတွင်မျှ မီးလောင်ထားသည့် အရိပ်အယောင်ကို မမြင်တွေ့ရခြင်းပင်။ သူ အိပ်သည့် အခင်းပင် မီးမစွဲခဲ့ချေ။

စီးပွားရေးလုပ်ငန်းပိုင်ရှင်က အဆင့်အမြင့်ဆုံး မီးခိုး ထောက်လှမ်းရေးစနစ်ကို တပ်ဆင်ထားပြီး အိမ်အနှံ့တွင်လည်း ရေဖြန်းစနစ်တို့ ရှိ၏။

သေးငယ်သည့် မီးခိုးငွေ့ ပမာဏကပင် အိမ်တစ်ခုလုံး၏ မီးငြိမ်းသတ်ရေး စနစ်ကို အသက်သွင်းလိုက်နိုင်သည်။

လီချန်ကျွင်းက နောက်ထပ် သုံးလေးကြိမ်ခန့် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ရင်ဘက်ထဲရှိ မသက်မသာဖြစ်မှုနှင့် စိုးရိမ်တုန်လှုပ်မှုကို ဖိနှိပ်ထားလိုက်သည်။

“ ဒီသတင်းကြားတော့ ငါ ချက်ချင်းပဲ အသင်းကို ဦးဆောင်ပြီး စုံစမ်းစစ်ဆေးဖို့ သွားခဲ့တယ် …”

“ အခင်းဖြစ်တဲ့ နေရာမှာ တခြား အမျိုးသားတစ်ယောက်ရဲ့ ခြေရာတွေလည်း ရှိနေသေးတယ်…”

“ အဲ့ဒီ ခြေရာတွေက ပထမ နစ်နာသူ သုံးယောက်ရဲ့ အခင်းဖြစ်တဲ့ နေရာမှာ ကျန်နေခဲ့တဲ့ ခြေရာနဲ့ အတူတူပဲ …”

ထူးဆန်းသည့် နစ်နာသူ လေးဦး။ တူညီနေသည့် ခြေရာလေးခု။

ကျင်းချန်မြို့၏ ကွင်းဆက်လူသတ်မှုက မြို့သူမြို့သားများအပေါ် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှုတို့ ရှိခဲ့သည်ကို ပြန်အမှတ်ရတော့ အထက်က ဤကိစ္စကို လျှို့ဝှက်ချက် တစ်ခု အဖြစ် ထားပြီး အမှုဖြေရှင်းရန်အတွက် လီချန်ကျွင်းကို အချိန်အကန့်အသတ်တစ်ခု ပေးလာခဲ့သည်။

လီချန်ကျွင်းလည်း သူ့ရှိသည့် လူအားလုံးကို စုစည်း၍ နည်းပညာမြင့် စုံစမ်းရေး ကိရိယာများကို အသုံးပြုသည့်တိုင် အခင်းဖြစ်သည့် နေရာတွင် ချန်ထားခဲ့သည့် ခြေရာတို့အရ လူသတ်သမား၏ ခန့်မှန်းခြေ အသက်မှာ သုံးဆယ်ခန့်မျှရှိပြီး ၁.၇ မီတာခန့် ရှည်ကာ ၊ ပေါင် ၁၅၀ခန့် လေးသည်။

ထိုအရာတို့ကလွဲ၍ အခြား မည်သည့် သဲလွန်စတို့မျှ မရှိ‌ချေ။

လူသတ်သည့် အချိန်ဖြစ်စေ၊ သို့မဟုတ် လူသတ်သည့် နည်းလမ်းဖြစ်စေ၊ သူတို့ ဘာတစ်ခုမျှ မဖော်ထုတ်နိုင်ခဲ့ချေ။

နစ်နာသူ လေးယောက်လည်း အချင်းချင်း ဆက်စပ်မနေသည့် အပြင် မည်သူကမျှလည်း တစ်ယောက်နှင့် တစ်ယောက် မသိကြချေ။

ပြောနေရင်းဖြင့် လီချန်ကျွင်း သူ့ဖုန်းကို ထုတ်ကာ နစ်နာသူများ၏ ဓာတ်ပုံကို ထုတ်ပြလာခဲ့သည်။

“ ဒီရဲ့ သေသွားတဲ့ လူလေးယောက်လုံးက သေဖို့ တန်တဲ့ လူတွေချည်းပဲ … “ ချန်ယွီ့က အလောင်းများကို တစ်ချက်ကြည့်ရင်း ပုံမှန် လေသံဖြင့် ပြောလိုက်၏။

“ ဒေါက်တာချန် … မင်း ဘာကို ပြောချင်နေတာ …” လီချန်ကျွင်း နှုတ်မှလွှတ်ကနဲ မေးမြန်းမိသွားခဲ့၏။

All Chapters