သူတို့ တစ်ယောက်ကမှ အပြစ်ကင်းတဲ့လူတွေ မဟုတ်ဘူး
Vol. 4 Ch. 36
“ ခင်များ ကျွန်တော့်ကို ဒီပုံတွေ ထုတ်ပြလာခဲ့တာ ဒီ နစ်နာသူ လေးဦးကြားထဲမှာ ဆက်စပ်မှု တစ်ခုခု ရှိမရှိ မေးချင်တာမလား …”
ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ ခုနလေးတင်ပဲ ကျွန်တော့်အဖြေကို ပြောပြီးသွားပြီ …”
“ အဖြေပြောပြီးပြီ ဟုတ်လား …”
လီချန်ကျွင်း ကြက်သေသေသွားခဲ့သည်။
“ သေဖို့ ထိုက်တန်တယ် “ ဆိုတာက ဘယ်လို အဖြေမျိုးလဲဟ …
“ ဒီလူတွေ အကုန်လုံးက လူ့ကျင့်ဝတ်စည်းကို ဖောက်ဖျက်နေကြတဲ့ လူတွေချည်းပဲ …”
ချန်ယွီ့ အသိပေးလိုက်သည်။
“ ဒီရဲ့ နစ်နာသူတွေကို ရှာတွေ့ပြီးတော့ ငါ ချက်ချင်းပဲ စတင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ် …”
“ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ ပထမ နစ်နာသူကလွဲရင် ကျန်တဲ့ နစ်နာသူတွေအားလုံးမှာ တူညီတဲ့ အဆင့်အတန်းတွေ ရှိတယ် …”
“ သူတို့ရဲ့ အလုပ်မှာပဲ ဖြစ်ဖြစ် ၊ သာမန်လူနေမှု ဘဝမှာပဲ ဖြစ်ဖြစ် ၊ … သူတို့မှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းတွေ ရှိတယ် …”
ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဌာန၏ အခြေခံ အဆင့် ခြေလှမ်းများထဲတွင် နစ်နာသူ၏ လူမှုရေး အဆက်အသွယ်များ၊ အလုပ်အကိုင် နောက်ခံများ၊ ရန်ူများ၊ အကြွေးများနှင့် အခြားသော သတင်းအချက်အလက်များလည်း ပါဝင်နေသည်။
“ အချိန်က အကန့်အသတ်ရှိတာရယ် … လုပ်စရာ အလုပ်တွေက များနေတာရယ် …. ပြီးတော့ လူအင်အား အကန့်အသတ်ရှိတာရယ်ကြောင့် ခင်များ လွန်ခဲ့တဲ့ နှစ်နည်းနည်းလေးတုန်းက သူတို့ရဲ့ သတင်းအချက်အလက်တွေကိုပဲ စစ်ဆေးခဲ့တာ မလား …” ချန်ယွီ့ မနှေးမမြန် လေသံဖြင့် မေးမြန်းလိုက်သည်။
“ ခင်များရဲ့ အချိန်သက်တမ်းကို အနောက် နည်းနည်းလေး ပြန်ဆုတ်လိုက် …”
“ ဥပမာ … လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက သူတို့ဘာတွေ လုပ်ခဲ့လဲဆိုတာမျိုးပေါ့ …”
“ ငါ အခု နားလည်သွားပြီ …”
လီချန်ကျွင်း ဖုန်းခေါ်ဆိုမှု တစ်ခုကို အလျင်အမြန် ပြုလုပ်လိုက်သည်။
“ ဒု ကပ္ပတိန်ဝမ် … နစ်နာသူတွေရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သတင်းအချက်အလက်တွေကို စပြီး စစ်ဆေးပါ …”
“ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အဓိက ထားပြီးတော့ စစ်ဆေး …”
“ သူတို့ရဲ့ ဖုန်းတွေ ၊ ကွန်ပျူတာတွေ ၊ အီးမေးလ်တွေနဲ့ စကားပြောမှတ်တမ်းတွေကိုရော အကုန်စစ် …”
“ ငါ အိမ်ထောင်စု မှတ်ပုံတင်တဲ့ ဗျူရိုရုံးနဲ့ အင်တာနက် လုံခြုံရေး ဗျူရိုကို ကူညီပေးဖို့ ဆက်သွယ်ထားလိုက်မယ် …”
ဖုန်းဝင်သွားသည်နှင့်တစ်ပြိုင်နက် လီချန်ကျွင်းက အမိန့်များ တစ်ခုပြီး တစ်ခု ပေးလိုက်သည်။
“ သတင်းက တစ်နာရီအတွင်း ရလာလိမ့်မယ် … ခင်များ စားမယ်ဆို တစ်ခုခု သွားစားထားလိုက် …”
ချန်ယွီ့ သူ့ဖုန်းကို ထုတ်ပြီး candy crush ဂိမ်းတစ်ခုကို ကစားနေလိုက်သည်။
တစ်နာရီအတွင်း သတင်းရလာမည်ကို ကြားတော့ လီချန်ကျွင်း စားချင်စိတ်တို့ ပျောက်ဆုံးသွားခဲ့သည်။
ချန်ယွီ့ကတော့ သူ့ဖုန်းနှင့် အေးဆေး သာသာယာယာ ဂိမ်းဆော့နေခဲ့ပြီး လီချန်ကျွင်းကတော့ စိုးရိမ်ကြောင့်ကြစွာဖြင့် သတင်းကို စောင့်ဆိုင်းနေခဲ့သည်။
ကလင် ကလင် ကလင် …
လီချန်ကျွင်း၏ ဖုန်းက အသံမြည်လာခဲ့ပြီး ဖုန်းကို အလင်းကဲ့သို့ မြန်ဆန်သည့် နှုန်းဖြင့် ချက်ချင်းကိုင်လိုက်သည်။
“ ဘာ … ဘုရားရေ ……”
“ သူ ဘယ်လိုတောင် … ကောင်းပြီ… ငါ သိပြီ ….”
“ ချက်ချင်း ချရေးထားလိုက် … ပြန်ရောက်လာရင် ငါ ကြည့်ချင်တယ် …”
လီချန်ကျွင်း ဖုန်းချလိုက်ပြီး ချန်ယွီ့ကို ကြည့်သည့် အကြည့်တို့မှာ နတ်ဘုရားတစ်ပါးကို ကိုးကွယ်သူတစ်ယောက်၏ အကြည့်မျိုး ဖြစ်နေခဲ့သည်။
ချန်ယွီ့၏ မှန်းဆမှုတို့က အင်မတန် နတ်ဘုရားဆန်လွန်းလှသည်။
တစ်နာရီအကြာတွင် သတင်းရောက်လာမည် ပြောသည့်အခါ၌ တကယ်ပဲ သတင်းရောက်လာခဲ့၏။
ထို့ပြင် … သူ့လက်ထောက် ပြောလာသည့် စကားလုံးတို့ကလည်း ချန်ယွီ့ ပြောသည်များနှင့် ထပ်တူညီနေသည်။
နစ်နာသူ လေးဦးလုံး … မည်သူကမျှ အပြစ်ကင်းစင်သူ မဟုတ်ကြချေ။
“ ဆိုတော့ … ခင်များ တူနေတဲ့အရာတွေကို ရှာတွေ့သွားပြီပေါ့ …..”
ချန်ယွီ့ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ငါတို့ တွေ့သွားပြီ … ၊ ဒေါက်တာချန် … မင်း ပြောတာ လုံးဝ မှန်တယ် …”
လီချန်ကျွင်းမှာ ပီတိဖြစ်လွန်းသောကြောင့် ဘာပြောလို့ ပြောရမှန်း မသိတော့ဘဲ သူ၏ လေးစားမှုကို လက်မထောင်ပြ၍သာ ဖော်ပြနိုင်တော့သည်။
ချန်ယွီ့ လက်ဝှေ့ယမ်းပြလိုက်ပြီး တည်ငြိမ်သည့် အပြုံးလေးဖြင့် ဆိုလိုက်၏။
“ အခု … ကျွန်တော့်ရဲ့ သိရခက်တဲ့ စကားတွေကို စိတ်ထဲ မထားတော့ဘူးပေါ့ ….”
ဤသည်ကိုကြားတော့ လီချန်ကျွင်း၏ မျက်နှာမှာ နီမြန်းသွားခဲ့၏။ သူ့ကိုယ်သူ ကျွင်းတစ်ကျွင်း တူး၍ ပုန်းအောင်းချင်စိတ်တို့ပင် ဖြစ်လာသည်။
“ ဒေါက်တာချန် … ငါ့ကို အရှက်ခွဲမနေပါနဲ့တော့ … ငါ အမြင်ကန်းသွားခဲ့လို့ပါ …”
ချန်ယွီ့ ညွှန်ကြားသည့်အတိုင်းပဲ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနက စုံစမ်းစစ်ဆေးမှုကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကိစ္စရပ်များသို့ထံ အာရုံစိုက်လိုက်သည်။
ယင်းက သူတို့ကို ကြီးကြီးမားမား ရိတ်သိမ်းလိုက်နိုင်စေသည်။
နစ်နာသူ လေးဦးလုံး အပြစ်ကင်းစင်သူ တစ်ယောက်မျှ မပါကြချေ။
လွန်ခဲ့သည့် ဆယ်နှစ်တုန်းက ငွေချေးသည့် လုပ်ငန်းများမှာ အတော်လေးကို တွင်ကျယ်ခဲ့သည်။
ပထမဦးစွာ သေဆုံးသွားသည့် နစ်နာသူမှာ ကျောင်းတွင်း ငွေချေးလုပ်ငန်းတစ်ခုကို တိတ်တိတ်လေး လုပ်ကိုင်နေသူပင်။
ကနေဦး စုံစမ်းစစ်ဆေးမှုတို့ပြီးသည့်နောက် ထိုလူက ကျောင်းသူ ဆယ့်လေးငါးယောက်ခန့်ကို လမ်းမှားရောက်အောင် အတင်းအကြပ် ပို့ဆောင်နေကြောင်း တွေ့ရှိလိုက်ရသည်။
ထိုအနက် သုံးဦးကတော့ ပြည့်တန်ဆာ မဖြစ်လိုကြသည့်အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ကြလေသည်။
ထိုနောက်ပိုင်းတွင် ပြည့်တန်ဆာ လုပ်ငန်းများလည်း ထိထိရောက်ရောက်နှင့် နှိမ်နှင်းခံရကာ သူသည်လည်း သူ၏ အလုပ်အကိုင်ကို ပြန်ရုတ်သိမ်းခဲ့သည်။ ထိုအထဲ ပါဝင်သည့် အတွင်းလူများကိုတော့ မဲနက်သည့် နှလုံးသားတစ်စုံဖြင့် နှုတ်ပိတ်ထားရန် အမိန့်ပေးခဲ့၏။
ကွင်းဆက်လူသတ်မှု၏ ဒုတိယ နစ်နာသူက အမျိုးသမီး အတွင်းရေးမှူးပင်။
သူမက အထက်တန်းကျောင်းမှ အစပြု၍ တက္ကသိုလ် တက်ချိန်အထိ ကောလဟာလများနှင့် ပြဿနာပေါင်းများစွာကို အမြဲတစေ ဖန်တီးနေခဲ့သူပင်။
သူမထက် သာသည့်၊ လှပသည့် မိန်းကလေးတစ်ယောက်ယောက်ကို တွေ့ပြီဆိုပါက ချက်ချင်းပဲ ကျောင်းတွင်းနှင့် အွန်လိုင်းပေါ်တွင် သတင်းအတုအယောင်များ စတင်ဖြန့်တော့သည်။
သူမက စနိုးဝိုက်၏ မိထွေးနှင့် အမျိုးသမီး ကီးဘုတ်ဖိုက်တာ နှစ်မျိုး ပေါင်းစပ်ထားခြင်း၏ ပြယုဂ်ဖြစ်၏။
အနည်းဆုံးတော့ ကျောင်းသူ ရှစ်ယောက်ခန့်က သူမ၏ ဖျက်စီးခြင်းကို ခံလိုက်ရကာ အတိုင်းအတာ တစ်ခုထိတိုင်အောင် စိတ်ဝေဒနာများ ခံစားသွားခဲ့ကြရသည်။
အိမ်ခြေရာမဲ့ လူကတော့ …
ထိုလူကို အပိုင်းပိုင်း အတစ်တစ် ဖြစ်သည်အထိ ခုတ်သတ်ဖို့ ထိုက်တန်သည်။
မျက်နှာနှိုင်းယှဉ် စစ်ဆေးမှု အပြီးတွင် ထိုလူက ကျောက်မီးသွေးတွင်းပိုင်ရှင်၏ တွင်းသား တစ်ဦးဖြစ်ခဲ့သည်ကို တွေ့ရှိလိုက်ရသည်။
သူက တွင်းသမား ဆယ်ယောက်ကျော်ခန့် သေဆုံးသွားခဲ့ရခြင်း၏ အကြောင်းအရင်း တရားခံ ဖြစ်၏။
စတုတ္ထမြောက် နစ်နာသူကတော့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ပင်။
သူ့စီးပွားရေး စတင်ကာလတွင် အမြတ်များများ ကျန်စေရန်နှင့် ကုန်ကျစရိတ် သက်သာစေရန်အတွက် အိမ်ရာများကို အမြဲတစေ အတင်းအကြပ် ရွှေ့ပြောင်းဖြိုချမှုတို့ ပြုလုပ်ခဲ့သည်။
ပြန်လည် နေရာချထားပေးရမည့် နေထိုင်သူတို့မှာ သူ့ကြောင့် အိမ်ခြေရာမဲ့များ ဖြစ်သွားခဲ့ရပြီး အတင်းအကြပ် ဖြိုချမှုကြောင့် သေဆုံးသွားခဲ့သည့် အိမ်ထောင်စု သုံးလေးခု၏ တရားခံပင်။
သူ ကြွယ်ဝလာသည့် အခါမှသာ အတိတ်တွင် တိုင်းတာမရအောင် ဆိုးသွမ်းခဲ့သည့် လုပ်ရပ်တို့အား အတင်းအကြပ် ဖုံးဖိထားခဲ့သည်။
အကယ်၍ အင်တာနက် လုံခြုံရေး ဗျူရိုနှင့် အိမ်ထောင်စု မှတ်ပုံတင် ဗျူရိုဌာနတို့၏ အကူအညီသာ မရှိဘူးဆိုပါက ဤသို့သော အသေးစိတ်များကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ချေ။
မကောင်းသည့် ဒုစရိုက်အလုပ်များနှင့် အမျိုးမျိုးသော ရာဇဝတ်မှုများကို အနှီ လူတစ်စုက ကျူးလွန်ခဲ့ပါသော်လည်း ဥပဒေ၏ သေဒဏ်ပေးခြင်းကို မခံရချေ။ ဦးနှောက်ရှိသည့် လူတိုင်း ဤလူများက ရက်စက်သည့် ပြစ်မှုများကို ကျူးလွန်ခဲ့သောကြောင့် သေဖို့ ထိုက်တန်သည်ကို ပြောနိုင်သည်။
“ ဒေါက်တာချန် … လူသတ်သမားက အခု ဘယ်နေရာမှာ ပုန်းနေတာလဲ …”
နစ်နာသူများက လူယုတ်မာများ ဖြစ်နေသည်ဆိုသော်လည်းပဲ လူသတ်သမားကိုတော့ သူတို့ ဖမ်းဆီးရဦးမည်။
“ ငါက တန်ခိုးရှင်မှ မဟုတ်တာ … လူသတ်သမား ဘယ်နေရာမှာ ရှိနေလဲ ဘယ်လိုလုပ်ပြီးတော့ သိမှာ …”
ချန်ယွီ့ ပခုံးတွန့်ပြလိုက်၏။
“ ဒေါက်တာချန် .. ငါ့ရဲ့ ကုသမှုအတွက် နောက်ထပ် ယွမ်တစ်သောင်း ထပ်ပေးပါ့မယ် ….”
ချန်ယွီ့ ပိုက်ဆံ လိုချင်နေသောကြောင့် အရိပ်အမြွက်ပြနေသည်ဟု တွေးထင်သွားခဲ့ပြီး လီချန်ကျွင်းက ကျူအာကုတ်ကို စကန်ဖတ်ရန် ဟန်ပြင်လိုက်သည်။
“ ဒါက ပိုက်ဆံပေးတာ မပေးတာနဲ့ မဆိုင်ဘူး … လူသတ်သမားရဲ့ တည်နေရာကို ငါ တကယ်ကြီး မသိတာ … “
“ ဒါပေမယ့် ………”
ချန်ယွီ့ လေသံကို ဆွဲပြောလိုက်သည်။
အကယ်၍ လိုက်စထွင်းခန်းထဲတွင်သာ ဖြစ်ခဲ့မည်ဆိုပါက ဤနေရာ အရောက်တွင် သူ့ ကြည့်ရှုသူအပေါင်းတို့မှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေလောက်ချေပြီ။
ချန်ယွီ့နှင့် ရင်းနှီးသည့်လူတိုင်း သူ လေသံကို ဆွဲပြီး ပြောသည်နှင့်တစ်ပြိုင်နက် …
ကြီးကြီးမားမား တစ်စုံတစ်ရာကို ထုတ်ဖော်တော့မည် ဖြစ်ကြောင်း တပ်အပ် သိကြသည်။
“ ဒါပေမယ့် ဘာလဲ …”
လီချန်ကျွင်း စိတ်မရှည်စွာ မေးမြန်းလာခဲ့သည်။
“ ဒါပေမယ့် ရာဇဝတ်မှုခင်း စိတ်ပညာကို သုံးပြီး သူ့ တည်နေရာကို ခွဲခြမ်းစိတ်ဖြာပေးလို့တော့ ရတယ် …”
“ ရတာပေါ့ ရတာပေါ့ … ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”
လီချန်ကျွင်း စိတ်လှုပ်ရှားသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသတ်သမားကို မကြာခင် ဖမ်းမိနိုင်တော့မှာ ဖြစ်သောကြောင့် ဖြစ်၏။
“ ဒီလူက အသက် ၃၅ နှစ်၊ အရပ်က ၁.၇၈ မီတာ ရှည်တယ် … ပြီးတော့ ကိုယ်အလေးချိန်က ၁၅၂ပေါင် …”
“ သူက ကလပ်တစ်ခု ငှားထားတဲ့ လက်မရွံ့ လူမိုက် တစ်ယောက်ပဲ …”
“ သူနေတဲ့ နေရာက လောင်ချန် ခရိုင် ၊ ဖျင်အန်းလမ်း တိုက်ခန်း အမှတ် ၅ မှာ … ဘယ်ဘက်ကနေ ရေရင် ပထမခန်း ….”
“ အခုချိန်ဆိုရင် သူ အိမ်မှာ အိပ်နေလောက်တယ် …”
ထိုနေရာတွင် ချန်ယွီ့ စကားကို ခေတ္တ ရပ်တန့်လိုက်၏။ ထို့နောက် ဆက်ပြီးပြောသည်။
“ နောက် ၁ နာရီခွဲလောက်နေရင် သူ အိပ်ရာက နိုးလာလိမ့်မယ် …”
ဒါက ရာဇဝတ်မှုခင်း စိတ်ပညာ ဟုတ်လား …
လီချန်ကျွင်း စိတ်ထဲ ကြိတ်၍ စောဒကတက်မိလိုက်၏။
မည်သို့ပင် ဖြစ်စေ သူက ရာဇဝတ်မှုခင်း စုံစမ်း စစ်ဆေးရေး ဌာန၏ ကပ္ပတိန်တစ်ယောက်ပင်။ ရာဇဝတ်သားများစွာကို စုံစမ်းစစ်ဆေးဖူးသည့် အတွေ့အကြုံတို့ရှိသည်။
သို့တိုင် ချန်ယွီ့က သူကဲ့သို့သော ကျွမ်းကျင်သူ၏ ရှေ့မှောက်တွင် မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်လည်နေသည်။
ညီကို … မင်းဟာက လူသတ်သမား ညအိပ်ဝတ်စုံ ဘာအရောင် ဝတ်ထားတယ်ဆိုတာကို မပြောရုံတမယ်ပဲကွ …
“ စကားမစပ် … လူသတ်သမားက ညအိပ်ဝတ်စုံတွေ ဘာတွေ မဝတ်ဘူးနော်… သူက ကိုယ်တုံးလုံး အိပ်တာ …”
ချန်ယွီ့ စကားကို ထပ်ဖြည့်ပြောလိုက်၏။
ဘုတ် …
လီချန်ကျွင်း ထိုင်ခုံပေါ်မှ ပြုတ်ကျသွားခဲ့တော့သည်။
ပြန်ထပြီးနောက် ကိုးရိုးကားယားနိုင်စွာဖြင့် သူ့တင်ပါးရှိ ဖုန်များအား ခါခပ်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် သူ့မှာ ရေသောက်နေရင်း တန်းလန်း မဟုတ်ခဲ့၍ပင်။ မဟုတ်ပါက ရေသီးပြီး ကိစ္စချောသွားလောက်၏။
“ ဒေါက်တာချန် … ငါ အရင်သွားနှင့်တော့မယ် … နောက်မှ ပြန်တွေ့ကြတာပေါ့ …"
စကားဖြင့် ပြန်ပက်ချင်ပါသော်လည်း သူ့တွင် ရွေးချယ်စရာမရှိ။ လူသတ်သမားကို ချက်ချင်းသွားဖမ်းရဦးမည်။
ချန်ယွီ့က လူသတ်သမားသည် နောက်တစ်နာရီခွဲ နေလျှင် အိပ်ရာနိုးလာတော့မည့်ဟု ရှင်းလင်းစွာ ပြောထားခဲ့၏။
အကယ်၍ သူသာ အိပ်ရာနိုးပြီး အပြင်သို့ ထွက်သွား၍ လူတွေ ထပ်သတ်နေမည်ဆိုလျှင် အတော်လေး ပြဿနာ များသွားနိုင်သည်။
သူ၏ အကြောင်းပြချက်က မည်မျှပင် တရားမျှတမှု ရှိနေစေကာမူ လူသတ်သည်ကတော့ မှားယွင်းသည်။
“ ခဏလေး …”
ချန်ယွီ့ တံခါးဝသို့ လျှောက်သွားခဲ့ပြီး လီချန်ကျွင်းကို အော်ခေါ်လိုက်သည်။
“ ဘာကျန်သေးလို့လဲ ဒေါက်တာချန် …”
လီချန်ကျွင်း နောက်ပြန်လှည့်လာပြီး မေး၏။
“ စတစ်ကာ ….”
“ အိုး … အိုး …”
လီချန်ကျွင်း သဘောပေါက်သွားခဲ့ပြီး ရဲဝတ်စုံနှင့် ကြောင်နက် စတစ်ကာကို သူ၏ ရင်ဘက်ပေါ်သို့ ချက်ချင်း ကပ်ထားလိုက်သည်။
“ အဲ့လူက မရိုးရှင်းဘူး … ခင်များရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ဂရုစိုက်ဖို့ ပြောလိုက် …”
ထိုသို့ပြောပြီးနောက် ချန်ယွီ့ လှည့်ထွက်ခွာသွားခဲ့ကာ သူ့ဆိုင်သို့ ပြန်ဝင်လာခဲ့သည်။
“ တကယ်လို့ ခင်များ စီးကရက်တွေ ဝယ်ချင်သေးတယ်ဆိုရင် ဟိုက်ပါမားကတ်ကိုသွား …”
“ ဝယ်လို့ အဆင်ပြေတာနဲ့ပဲ ခင်များတို့ရပ်ကွက်ထဲက စူပါမားကတ်မှာပဲ ဝယ်မနေနဲ့ … ပြီးတော့ ရဲစခန်းနားက ကုန်စုံဆိုင်ငယ်လေးတွေမှာလည်း မဝယ်နဲ့ …”
“ အဲ့နေရာတွေက မလုံခြုံတော့ဘူး …”
သူ ထိုစကားလုံးများ ပြောလိုက်သည်နှင့် လီချန်ကျွင်းမှာ သွားနေရင်းတန်းလန်း လဲကျတော့မည့်နှယ် ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။