← Chapters

ဒေါက်တာချန် စိတ်ဓာတ်ကျရမယ့် အလှည့်

Vol. 4 Ch. 37

ဒေါက်တာချန် စိတ်ဓာတ်ကျရမယ့် အလှည့်

Vol. 4 Ch. 37

ချန်ယွီ့က အမှန်တကယ် အစွမ်းအစရှိတာကို လီချန်ကျွင်း လုံးဝဥဿုံ ယုံကြည်သွားတော့သည်။

သူ၏ တုံ့ပြန်မှုက စကားလုံးတို့ထက်ပင် ပိုပြီး မြန်ဆန်နေသေး၏။ ချန်ယွီ့က ရပ်ကွက်ထဲနှင့် ရဲစခန်း အနီးနားရှိ ဈေးဆိုင်များတွင် ထောက်လှမ်းရေးများ ချထားကြောင့် အရိပ်အမြွက်ပေးနေခြင်းပင်။

“ တကယ်လို့ လူတွေအတွက်ဆိုရင် တစ်ချက်တည်း ထိုးလို့ တော်ရောပေါ့ … ဘာလို့ နှိပ်စက်ညှင်းပန်းနေလဲ …”

ဆိုင်ထဲ၌ ချန်ယွီ့သည် လက်တစ်ဖက်ဖြင့် မေးထောက်ရင်း မျက်မှောင်ကြုတ်ထားလျက်ရှိကာ ကျန်လက်တစ်ဖက်ကလည်း စားပွဲကို ခပ်သာသာ ခေါက်နေသည်။

လူလေးဦးလုံးက အပြစ်သားများဖြစ်ကြပြီး သေဆုံးပြီးနောက်တွင် တစ်သက်လုံး ငရဲကျခံကြရမည့်လူများပင်။

၎င်းတို့အားလုံး ဘယ်တော့မှ ပြန်လည်မွေးဖွားနိုင်မှာ မဟုတ်ချေ။

ထိုအမှုလေးခုလုံးကလည်း ဖော်ပြလို့မရလောက်အောင် ထူးဆန်းလှ၏။

နစ်နာသူ လေးဦးလုံးက လောင်ကျွမ်း သေဆုံးသွားခဲ့သည့်တိုင် အခင်းဖြစ်သည့်နေရာတွင် မည်သည့် မီးလောင်ကျွမ်းမှုမျိုးကိုမျှ မမြင်တွေ့ရချေ။

တစ်စုံတစ်ယောက်က ဂမ္ဘီရပညာရပ်ဖြင့် ပြုလုပ်သွားခဲ့သည်မှာ သိသာလှသည်။

သို့သော် လူသတ်သမားက သာမန် လူမိုက်လေး တစ်ယောက်မျှသာ ဖြစ်၏။

လူသတ်သမားက တိုက်ခိုက်ရေးတွင် ကောင်းမွန်သော်လည်းပဲ ထိုသို့သော ဆန်းကြယ်သည့် ပညာရပ်များကို မတတ်ကျွမ်းကြောင်းတော့ ချန်ယွီ့ ၁၀၀ ရာခိုင်နှုန်း သေချာသည်။

ပထမ နစ်နာသူသုံးဦး၏ သေဆုံးမှုများကလည်း သံသယဖြစ်ဖို့ကောင်းလှသည်။

လူသတ်သမားက ပထမ နစ်နာသူ၏ အူကို ကြိုးထုံးသဖွယ် ခွေထားခဲ့၏။

တစ်ချို့သော ရိုးရာဓလေ့များတွင် အသုံးပြုသည့် အဆောင်ပုံစံတစ်ခုနှင့်ပင် ဆင်တူနေသေးသည်။

ဒုတိယ နစ်နာသူ၏ မေးစေ့နှင့် တတိယ နစ်နာသူ၏ ဝမ်းဗိုက်တွင် သွေးတို့ ပေကျံနေပြီး ဓာတ်ပုံထဲတွင် အနည်းငယ် ဝါးထားသော်ငြားလည်း ၎င်းက အဆောင်ပုံစံ တစ်ခုဖြစ်သည်ကို ချန်ယွီ့ ပြောနိုင်သည်။

“ အာ …….”

ချန်ယွီ့ တွေးနေရင်းဖြင့် ရုတ်တရက် တွေးတောမိသွားခဲ့၏။

“ နတ်ဆိုးတွေကို အဆုံးသတ်ပြီး ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတာကလည်း ကုသိုလ်ရစေတာပဲ …”

ချန်ယွီ့ ပိုပြီးတွေးလေလေ ၊ ပိုပြီး ပျော်ရွှင်လာလေလေပင်။

သူ့မှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေ၍ တော်သေးသည်။ ကျင့်ကြံမှုအတွက် နည်းလမ်းအသစ်များကို တွေးတောနိုင်လိုက်လေသည်။

ဤသို့ ဖြစ်ပျက်ပြီးသည့်နောက် ဆန်းကြယ်ပညာရပ်များကို တတ်ကျွမ်းထားသူတို့မှာ သူတစ်ဦးတည်းသာ မဟုတ်ကြောင်းကို ချန်ယွီ့ အတည်ပြုနိုင်သွားခဲ့သည်။

လောကကြီးထဲတွင် နတ်ဆိုးနှင့် တစ္ဆေတို့ ရှိကြ၏။ ရှေးတုန်းက ကျင့်ကြံသူ တစ်ချို့သည်လည်း နတ်ဆိုးများကို သုတ်သင်၍ ကုသိုလ်များ ရယူကာ မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့ကြသည်။

ချန်ယွီ့လည်း ၎င်းတို့ကို အတုခိုး၍ ရသည်။

ဦးစွာအနေဖြင့် လူများကို မှန်ကန်သည့် နည်းလမ်းသို့ လျှောက်လှမ်းရန် ဖြောင်းဖြသည်က ကုသိုလ်ဘယ်လောက်များများ ရနိုင်မလဲဆိုတာကို ကြည့်ဖို့ လိုသည်။ ထို့နောက်တွင်တော့ နတ်ဆိုးနှင့် တစ္ဆေများကို ဖယ်ရှားပြီး နည်းလမ်းနှစ်ခုကို နှိုင်းယှဉ်ကြည့်ရမည်။

ထိုအခါမှပဲ သူ၏ ကျင့်ကြံမှုအတွက် ကြမ္မာကုသိုလ်များစွာ ရနိုင်မည့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်မှာ ဖြစ်၏။

အချိန်ကို တစ်ချက်ကြည့်လိုက်တော့ မှောင်ရီပျိုးခါနီးနေပြီ။

ချန်ယွီ့ သူ့ကိုယ်သူ အနားပေးဖို့ ဆုံးဖြတ်လိုက်ကာ မနက်ဖြန်မှပဲ ‘ လူနာများ ‘နှင့် ဆော့ကစားဖို့ရာ ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ နံနက်ခင်း။ မျက်နှာသစ် မနက်စာ စားပြီးသည့်နောက် ပထမထပ်ရှိ သူ့ရုံးခန်းစားပွဲသို့ ချန်ယွီ့ လျှောက်လှမ်းသွားလိုက်သည်။

“ ဘိုးဘိုး …. ဘိုးဘိုးမျှော်နေတဲ့ စထွင်မာက အခု လိုက်လွင့်နေပြီ ….”

“ ပျောက်နေတဲ့ စထွင်မာ ပြန်ရောက်လာတာက အမြဲတမ်း ပျော်ဖို့ကောင်းတဲ့ ပွဲပဲ …”

“ ရှင် တော်တော် နှလုံးသားမဲ့တဲ့ လူကြီး … ကျွန်မ မနေ့ညတုန်းက မနက်အထိ စောင့်နေခဲ့တာကို ဘာလို့ ရောက်မလာခဲ့တာလဲ အဟင့်ဟင့် …..”

“ ဝါး …. ငါ့အထက်မှာ နှင်းပွင့်လေး ရှိနေတာပဲ ….”

“ ဒေါက်တာချန်ရဲ့ မျက်နှာက ဂလိုးနေတယ်ဟ … ဖြစ်နိုင်ချေ အကုန်လုံးကို တွက်ချက်ကြည့်လိုက်ရင် မင်း မနေ့ညက ‘ အနှိပ်ခန်း ‘သွားခဲ့တာ ဖြစ်ရမယ် ဟုတ်တယ်မလား …”

“ဒေါက်တာချန်က စိတ်ကျန်းမာရေး ကုသပေးဖို့လိုတဲ့ နိုက်ကလပ်က ကောင်မလေးတွေကို ဖရီး ဆေးသွားကုပေးနေတာပါကွ ….”

“ ဒေါက်တာချန် လိုက်လွှင့်တဲ့ အခါတိုင်း ငါတို့ ပုံမှန် မဟုတ်တဲ့ လူနာများ ရှာဖွေသူအဖွဲ့က ဒေါက်တာချန်ကို ထောက်ခံဖို့ အမြဲရှိနေမယ် …”

စထွင်မာ တစ်ယောက်အနေနှင့် ချန်ယွီ့၏ အဆင့်အတန်းက အခြားသူများကို ကျော်လွန်သွားခဲ့ကာ အားကျမနာလိုဖြစ်ရုံမျှသာ တတ်နိုင်တော့သည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခင် နှစ်ရက်တွင် ကြည့်ရှုသူများက စကားပြောခန်းထဲတွင် နေပြီး မနက်ခင်းမှ ညအထိ တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ကြသည်။

အရေအတွက်ကလည်း ဒါဇင် အနည်းငယ် ၊ ရာဂဏန်း အနည်းငယ်မျှသာ မဟုတ်။ စောင့်ဆိုင်းနေသူ ဦးရေက အရေအတွက် တစ်သိန်းကျော်သည်။

ဇာနကမင်းသားပင် သူတို့လောက် ဇွဲသန်လိမ့်မည် မထင်။

အခြား စထွင်မာများက လိုက်စထွင်း လွှင့်သည်နှင့် ကြည့်ရှုသူများ စုဆောင်းရန် မိနစ် နှစ်ဆယ် ၊ နာရီဝက်မျှ အချိန်ပေးရသည်။

သို့‌သော် ချန်ယွီ့ကတော့ သူ စတင် တိုက်ရိုက်ထုတ်လွှင့်သည်နှင့် လူ အယောက် တစ်သိန်းက သူရောက်အလာကို စောင့်ဆိုင်းနေခဲ့ကြလေသည်။

“ မင်္ဂလာ နံနက်ခင်းပါ ငါ့ရဲ့ လူနာတို့ …”

“ ငါ မနေ့က ကိစ္စလေး ရှိလို့ စထွင်း မလုပ်ဖြစ်တာ …”

သူ၏ ကိုယ်ပိုင် လက္ခဏာဖြစ်သည့် ဖော်ရွေသည့် အပြုံးလေးကို ဆင်မြန်းထားရင်း ချန်ယွီ့ ကင်မရာသို့ လက်ဝှေ့ယမ်းပြလိုက်သည်။

“ ငါတော့ ဒေါက်တာချန် ငါ့ဘောတွေကို ကလိယား လာထိုးနေတယ်လို့ ခံစားရတယ် … ဒါပေမယ့် ငါ ဘာသက်သေမှ ရှာမရဘူး …”

“ အိမ်သာသွားမယ့်လူတွေ အမြန်သွားထားကြ .. အလုပ်သွားရမယ့်လူတွေလည်း အတူတူပဲ … ပထမ လူနာ ရောက်လာပြီဆိုတာနဲ့ မင်းတို့ဘာမှ လုပ်လို့ မမီတော့ဘူး …”

“ ဒေါက်တာချန် … ငါက မင်းရဲ့ အမာခံပရိသတ်ပါ … မင်း ပထမတစ်ခေါက် လိုက်လွှင့်ကတည်းကရင် မင်းကို အားပေးလာတာ … ငါ မင်းကို အကြံတစ်ခုလောက် ပေးလို့ရမလား …”

ဤကွန်းမန့်ကို မြင်တော့ ချန်ယွီ့ ပြုံးပြီး သဘောတူလိုက်သည်။

“ မင်း တခြား စထွင်မာတွေလို အချိန်ဇယားလေး ချထားလို့ မရဘူးလား … ဒီလို ပြောက်ကျား လိုက်စထွင်းတွေပဲ လုပ်နေမယ်ဆိုရင် ငါတို့လည်း ဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး …”

ချန်ယွီ့၏ ဖော်လိုဝါ အရေအတွက်က ၁.၁ သန်းသို့ပင် ရောက်ရှိနေချေပြီ။

အဆိုပါ ဖော်လိုဝါများက နယ်ပယ်ပေါင်းစုံက ဖြစ်၏။

လိုက်စထွင်း စတင်သည့် အချိန်ကို ထိုင်စောင့်နေဖို့က လူတိုင်းမှာ ထိုသို့ အားလပ်မနေကြချေ။

အမျိုးမျိုးသော ကိစ္စရပ်တို့ကြောင့် သူတို့ ကြည့်ရှုရသည့် အတွေ့အကြုံသည်လည်း ထိခိုက်ရသည်။

သေချာသတ်မှတ်ထားသည့် အချိန်ဇယားဖြင့်ဆိုပါက လူတိုင်းလည်း ၎င်းတို့၏ အချိန်ကို အားလပ်အောင် ပြုလုပ်၍ အဆင်ပြေသည်။

သို့မှသာ ချန်ယွီ့၏ ဖျော်ဖြေမှုများကို သေချာစိတ်နစ်ပြီး ကြည့်ရှုနိုင်မှာ ဖြစ်သည်။

ဪ ဒါနဲ့ စာရွေးမှားသွားတယ် … ဖျော်ဖြေမှုမဟုတ်ဘူး … ‘လူနာ’ တွေကို ကုသပေးတာ …

“ ဒီလူနာရဲ့ အဆိုပြုချက်က တော်တော်လေး အထောက်အကူဖြစ်စေတာပဲ … ငါ စဉ်းစားကြည့်လိုက်ပါမယ် …”

“ ဒီနေ့ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးတာက အရင် အကြိမ်တွေနဲ့ အတူတူပဲ … နေရာသုံးခုရှိမယ် …”

“ ဒါပေမယ့် ဒီရဲ့ နေရာတွေ ရနိုင်မယ့် နည်းလမ်းကိုတော့ ပြောင်းဖို့လိုလာပြီ …”

အရင် လိုက်စထွင်းများတွင် လက်မြန်သည့်လူက ချန်ယွီ့နှင့် စကားပြောဖို့ စင်ပေါ် တက်ခွင့်ရသည်။

ယခု သူ့လိုက်စထွင်းထဲတွင် ကြည့်ရှုသူ အရေအတွက်က ဧရာမ များပြားလာသဖြင့် ထိုနည်းလမ်းကို ဆက်ပြီး အသုံးပြုလို့ အဆင်မပြေတော့ချေ။ ထို့ကြောင့် ချန်ယွီ့ ယွမ် တစ်ရာတန် ဟုန်ပေါင်းများကို အချိန်အကန့်အသတ် သုံးမိနစ် အတွင်း ပို့လွှတ်ဖို့ ဆုံးဖြတ်ထား၏။

ရွေးချယ်ခံရသည့် ကံကောင်းသူ သုံးဦးက ယွမ် ၁၀၀ တန် ဟုန်ပေါင်း သုံးခုကို လက်ခံရရှိသူ ဖြစ်လိမ့်မည်။

“ ကံကောင်းသူ ဆိုတဲ့ စကားက သုံးလို့ အဆင်ပြေပါ့မလား … ငါတော့ အဲ့ဒီအစား ဘာလို့ ကံမကောင်းတဲ့သူလို့ ခံစားနေရပါလိမ့် …”

“ ပေါက်ကရတွေ လျှောက်မပြောနဲ့ … ဂရုစိုက်… မဟုတ်ရင် မင်းကိုယ်တိုင် အဲ့လူ သုံးယောက်ထဲ ပါသွားဦးမယ် …”

“ ကံမကောင်းတဲ့လူ ဆိုတဲ့ အသုံးအနှုန်းက တကယ်မမှားဘူး … တမြန်မနေ့က အဲ့ဒီ ခွေးချေးကောင်ဆို တကယ် ကံဆိုးသွားတာပဲလေ …”

“ အဲ့ကောင်က သူနဲ့ တန်တာ ရသွားတာ …”

တစ်စုံတစ်ယောက်က ကျင်းချန်မြို့၏ နတ်ဆိုးအကြောင်း ပြောလာသည့်အချိန်၌ စကားပြောခန်း၏ လေသံသည်လည်း ပြောင်းလဲသွားခဲ့တော့သည်။

ကျင်းချန်မြို့၏ နတ်ဆိုးက သူ့ကိုယ်သူ လည်လှပြီ ထင်ပြီး ချန်ယွီ့ကို နင်းပြားလုပ်၍ မိမိကိုယ်ကို ကျော်ကြားအောင် လုပ်ချင်ခဲ့သည်။

ယင်းက သူ့ဘဝ၏ နောက်ဆုံး လိုက်စထွင်းတစ်ခု ဖြစ်သွားလိမ့်မည်ဟူ၍ ဘယ်တုန်းကမှ ထင်ထားခဲ့မှာ မဟုတ်လောက်ချေ။

ရက်အနည်းငယ် ကြာပြီးသည့်တိုင် အဆိုပါ နတ်ဆိုးအပေါ် ကြည့်ရှုသူများ၏ အမုန်းတရားက လျော့ပါးမသွားဘဲ ရှိနေသည်။

ချန်ယွီ့၏ ယခင် လိုက်စထွင်းကို ကြည့်ရှုဖူးသူများက ချန်ယွီ့ နတ်ဆိုး၏ အထောက်အထားကို မည်သို့ ဖော်ထုတ်ခဲ့ကြောင်း ကြည့်ရှုသူ အသစ်လေးများကို စီနီယာနေရာကနေ၍ ရှင်းပြနေခဲ့ကြ၏။

အဆုံး၌ ၊ အနှစ် ၂၀ ကျော်လောက် အပြစ်ပေးမှုကနေ လွတ်မြောက်နေခဲ့သည့် ထို လူ့တိရစ္ဆာန်ကောင်သည် သူနှင့် ထိုက်တန်သည့် အပြစ်ပေးမှုကို ရရှိသွားခဲ့သည်။

“ စီအီးအိုရွှီ သေသွားပြီ ….”

ရုတ်တရက် ဆိုသလို အထူးကွန်းမန့်တစ်ခုက စခရင်ထက်တွင် ပေါ်လာသည်။

“ သူ တကယ်ပဲ သေသွားပြီလား … ဘုရားရေ … ဒေါက်တာချန်ရဲ့ စကားတွေ တကယ့်လက်တွေ့ ဖြစ်လာနေရောပါလား ….”

“ အင်း … စီအီးအိုရွှီ သေသွားပြီ ... အခုလေးတင် ငါ့ဖုန်းထဲ သတင်းတက်လာတာ ….”

“ လွန်ခဲ့တဲ့ ရှစ်မိနစ်တုန်းကပဲ စီအီးအိုရွှီ ချင်းလုံတောင်ရဲ့ ဆောက်လုပ်ရေးဆိုက်မှာ ရှိတဲ့ ကရိန်းတာဝါပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားခဲ့တာ ….”

ကြည့်ရှုသူများလည်း မိမိတို့၏ သတင်း အက်ပ်များကို ဖွင့်ကာ ပြည်တွင်း သတင်း ကဏ္ဍထဲသို့ ဝင်ရောက်လိုက်ကြသည်။

စီအီးအိုရွှီ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည့် သတင်းက သတင်း ဝက်ဘ်ဆိုဒ်များအားလုံး၌ ထိပ်ပိုင်း ခေါင်းစည်းသတင်း ဖြစ်နေခဲ့သည်။

ခေါင်းစည်းများအားလုံးက သာတူညီမျှ ရှော့ခ်ရနေခဲ့ကြ၏။

“ ဒေါ်လာ တစ်ဘီလီယမ် ချမ်းသာတဲ့ စီးပွားရေး အင်ပါယာကြီးရဲ့ စီအီးအိုက သူ့ ကုမ္ပဏီ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်မှာကို ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ် …”

“ ပိုင်ဆိုင်မှုတွေ အားလုံး - ပြည်တွင်းနဲ့ နိုင်ငံခြားက စီးပွားရေးလုပ်ငန်းတွေ အကုန်လုံး ချေမှုန်းခံလိုက်ရပြီ .. ရွှိကျုံးယွမ် ဒေဝါလီခံလိုက်ရခြင်း၏ အတွင်းဇာတ်လမ်း ….”

CU shocking သတင်းဆောင်းပါးရေးသူက မီဒီယာခေါင်းစည်းတို့အနက် အချဲ့ကားဆုံးပင်။

“ ရှော့ခ်ရဖွယ်သတင်း …”

“ ဟန်ကျိုးမြို့မှာရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေက ဒါကို ရေပန်းစားအောင် လုပ်နေတာပဲ … ဘီလီယမ်နာ စီအီးအိုကြီးက အမျိုးသားတစ်ယောက်ကြောင့်နဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ် …..”

“ ဒေါက်တာချန်ကတော့ အခု နာမည်ကြီးနေပြီ … စီအီးအိုရွှီ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာ မင်းကြောင့်ဆိုတာ လူတိုင်းသိတယ်နော်…”

“ မသိသေးတဲ့ အသစ်လေးတွေဆိုလို့ကတော့ ဒေါက်တာချန်က စီအီးအိုရွှီရဲ့ ချစ်သူများလား ဆိုပြီး မေးကြလောက်တယ် ….”

“ ဟားဟား ဒေါက်တာချန် … ဒီတစ်ခေါက်တော့ မင်း စိတ်ဓာတ်ကျရမယ့် အလှည့်ပဲ ….”

“ ငါ မရယ်ဘဲ မနေနိုင်တော့ဘူး … ငါအခု အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ညီလာခံကို တက်နေတာ … အခု အမျိုးသမီး ဒါရိုက်တာတွေ အကုန်လုံး ငါ့ကို ရူးနေတာလား ဆိုပြီး ကြည့်နေကြတယ် … ဒါက အစည်းအဝေးလုပ်နေချိန် ရေသာခိုခြင်းရဲ့ အကျိုးဆက်တွေများလား ….”

“ ငါက အပေါ်ကလူထက်တော့ သာသေးတယ် … ငါလည်း ဗွီဒီယိုကောနဲ့ အစည်းအဝေးတက်နေတာ … ဒါပေမယ့် ငါ့မိုက်ကို ပိတ်ထားတယ်လေ ….”

CU shocking သတင်းဆောင်းပါးရေးသူ၏ ချဲ့ကားထားသည့် သတင်းခေါင်းစည်းမှာ ကြည့်ရှုသူများအဖို့ အတော်လေး ရယ်ချင်စရာ ကောင်းနေခဲ့သည်။

တစ်ချိန်တည်းတွင် ယင်းက ကြည့်ရှုသူ အသစ်လေးများကိုလည်း တုန်လှုပ်သွားစေခဲ့၏။

ချန်ယွီ့က စီအီးအိုရွှီ သေဆုံးသွားရခြင်း၏ အကြောင်းရင်း အကြောင်းခံ ဖြစ်နေလိမ့်မည်ဟု သူတို့တွေ မျှော်လင့်ထားကြချေ။

“ လူတိုင်းပဲ … ဟုန်ပေါင်းတွေ လက်ခံဖို့ ပြင်ထားကြပါ …”

ပြောပြီးနောက် ချန်ယွီ့ ဟုန်ပေါင်းပေးသည့် လုပ်ဆောင်ချက်ကို ကလစ်နှိပ်လိုက်သည်။

သုံးမိနစ်ကြာပြီးနောက် ဟုန်ပေါင်းက ပျောက်ကွယ်သွားခဲ့သည်။

ဟုန်ပေါင်း သုံးခုကို လက်ခံရရှိလိုက်သည့် အသုံးပြုသူ အမည်စာရင်းတို့ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာသည်။

“ ကဲ … ငါတို့ရဲ့ ပထမဆုံး လူနာ [လွမ်းဆွေး နှင်းစက်]ကို စင်ပေါ် ဖိတ်လိုက်ကြရအောင်လား ….”

ချန်ယွီ့ ပြောလိုက်၏။

ခေတ္တ ကြာပြီးသည့်နောက် ချန်ယွီ့၏ စခရင်က နှစ်ခြမ်းကွဲသွားခဲ့ပြီး

ကြိုးနှင့်တုပ်ခံထားရသည့် ကောင်မလေး တစ်ဦးက စခရင် မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

All Chapters