ကိုယ့်ဘာကိုယ် ဖန်တီးတဲ့ ရောဂါ
Vol. 4 Ch. 38
ချက်ချင်းဆိုသလို လိုက်စထွင်းခန်းကြီး တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တော့၏။
ဒါ ဘယ်လို အဖွင့်မျိုးလဲ အဲ့တာ ....
ချန်ယွီ့ လိုက်စထွင်းထဲတွင် ကြည့်ရှုသူများမှာ အရာတော်တော်များများကို မြင်ဖူးကြသည်။
အချစ်စစ်ကိုပဲ ယုံတယ်၊ အချစ်စစ်ကိုပဲ ရှာဖွေမယ်ဆိုတဲ့ အချစ်သူရဲကောင်းကြီး ...
ဘီလီယမ်နာ သူဌေးကြီး ...
သွေးအေးတဲ့ ဆိုက်ကိုပါ့...
ဒါပေမယ့် ဒီ .....၊ မိန်းကလေးကို ကြိုးတုပ်ထားတာကျ ဘာလား...
“ ဒါက ပရိသတ်အသစ်တွေ ရအောင်လုပ်တဲ့ သမာရိုးကျ မဟုတ်တဲ့ နည်းလမ်းလား …”
“ ဒီမိန်းကလေး ပြန်ပေးဆွဲခံထားရတယ်လို့ ဘာကြောင့် ခံစားနေရတာပါလိမ့် …”
“ ငါတို့ ရဲကို ဖုန်းဆက်သင့်လား …..”
“ ကောင်မလေး တုပ်ခံထားရတာများ ဖက်ထုပ်ကျနေတာပဲ … ဒါဆို စင်ပေါ်တက်ဖို့ လက်ခံလာခဲ့တာက ဘယ်သူလဲ ….”
ကြည့်ရှုသူများအားလုံး ကွဲပြားသည့် အမြင်ကိုယ်စီနှင့် ဖြစ်နေခဲ့ကြ၏။
“ လူတိုင်းပဲ … ခဏလောက် တိတ်တိတ်နေပေးကြပါ …”
“ သူက ပြန်ပေးဆွဲခံထားရတာ မဟုတ်ဘူး …” ချန်ယွီ့ ညင်သာစွာ ပြောလိုက်ပြီး “ သူ့ကို ချုပ်ထားတာက စိတ်ရောဂါ ဝေဒနာ ပြင်းထန်တဲ့ လူတွေကို ချုပ်တဲ့ ခါးပတ်ပဲ …”
ထိုအချိန်မှာပဲ အသက်ငါးဆယ် အရွယ်ရှိပြီး သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးက ကောင်မလေး၏ နောက်တွင် ထွက်ပေါ်လာခဲ့သည်။
“ ဟယ်လို ဒေါက်တာချန် … ငါက သူ့အမေပါ …”
အမျိုးသမီးက ပူးတွဲထုတ်လွှင့်ဖို့ လက်ခံလိုက်သူမှာ သူမဖြစ်ကြောင်း လူတိုင်းကို ရှင်းပြလိုက်သည်။
ဆက်သွယ်မှု ချိတ်ဆက်သွားသည့် အချိန်တုန်းက ရုတ်တရက် ဖုန်းဝင်လာခဲ့သောကြောင့် အစောပိုင်းတုန်းက ကင်မရာရှေ့တွင် ရှိမနေခဲ့ခြင်းပင်။ ထို့ကြောင့်ပဲ အထင်လွဲစရာများ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်၏။
“ အစ်မကြီးရဲ့ သမီးက ပြင်းထန်တဲ့ စိတ်ရောဂါ ဝေဒနာကို ခံစားနေရတာပဲ …” ချန်ယွီ့ ပြောလိုက်သည်။ “ ခင်များ သူ့ကို အခုလို ခါးပတ်တွေနဲ့ ထိန်းချုပ်ထားတာက သူ့ကိုယ်သူ အဆုံးစီရင်တာကို ကာကွယ်ဖို့ပဲမဟုတ်လား …”
“ ဟုတ်တယ် ဟုတ်တယ် … နင်က သူများတွေ ပြောသလို တကယ်လည်း နတ်ဘုရားဆန်တာပဲ ….”
အမျိုးသမီးကြီးက ဆက်တိုက် ခေါင်းညိတ်ပြီး သမီးဖြစ်သူ၏ အခြေအနေကို တုံ့ဆိုင်းခြင်း မရှိ ဖွင့်ဟလာခဲ့သည်။
သူမ၏ ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကွယ်လွန်သွားခဲ့ပြီး အထည်စက်ရုံ အသေးစားလေးတစ်ခုကို ချန်ရစ်ပေးသွားခဲ့သည်။
တစ်ချိန်က သူမတို့နှစ်ဦး အတူ ပူးပေါင်းတည်ထောင်ခဲ့သည့် အထည်စက်ရုံအပေါ် ခင်ပွန်းသည် ထားရှိခဲ့သည့် မျှော်လင့်ချက်နှင့် အိပ်မက်များကို ခင်ပွန်းဖြစ်သူကိုယ်စား အစားထိုး အကောင်ထည်ဖော်ပေးခဲ့သည်။
စက်ရုံလည်း ကြီးမားလာပြီး သူမက သူမတို့၏ အသိုင်းအဝိုင်းထဲတွင် အခွန်အများဆုံးဆောင်ရသူ တစ်ဦး ဖြစ်လာသည်။
သူမ၏ အလုပ်အကိုင်လမ်းကြောင်း ချောချောမွေ့မွေ့ ဖြစ်နေစဉ်မှာပဲ သတင်းဆိုးတစ်ခုက မိုးကြိုးသဖွယ် ရိုက်ခတ်လာခဲ့သည်။
သူမ၏ သမီး - တက္ကသိုလ်ကျောင်းသူမှာ ကိုယ့်လက်ကောက်ဝတ်ကို ဓားနှင့်လှီးခဲ့၏။
ကံဖေးမ၍ အချိန်မီ ကယ်တင်လိုက်နိုင်ပြီး အန္တရာယ်တွင်းထဲက အလျင်အမြန် ခေါ်ထုတ်လိုက်နိုင်သည်။
သမီးဖြစ်သူကို ဘာကြောင့် ကိုယ့်ကိုယ်ကို ဒီလို လုပ်ရသလဲ မေးကြည့်တော့ သူမ အချစ်ခံရသည်ဟု မခံစားရသောကြောင့်ဟု ဆိုလာသည်။
“ ငါ့အမှားတွေပါကွယ် … အရင်နှစ်တွေတုန်းက အလုပ်တွေချည်း တောက်လျှောက်လုပ်နေခဲ့တော့ ကိုယ့်သမီးကို ပစ်ထားသလို ဖြစ်သွားခဲ့တယ် … အဲ့တာကြောင့် မေတ္တာငတ်နေတာ ဖြစ်ရမယ်….”
အမျိုးသမီးကြီးက ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြရင်း မျက်ရည်စက်များအား လက်ဖြင့်သပ်လိုက်သည်။
“ အဲ့နေ့လွန်တာနဲ့ စက်ရုံကို ငါ့ရဲ့ လက်ထောက်နဲ့ လွှဲထားပြီး သမီးလေးကို အဖော်လုပ်ပေးဖို့ သူတို့ကျောင်းကို နေ့တိုင်းသွားတယ် …”
“ ဒါပေမယ့် သမီးလေးရဲ့ ငါ့အပေါ် မုန်းတီးမှုတွေက နောက်ထပ် အကြိမ်တွေ အများကြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်လောက်တဲ့အထိ ပြင်းထန်နေမယ်လို့ မထင်ထားခဲ့မိတာပဲ …”
“ ငါလည်း စိတ်မချတာနဲ့ တခြား ရွေးချယ်စရာလည်း မရှိတော့ သူ့ကို မွေးရပ်မြေ ပြန်ခေါ်လာခဲ့ပြီး မျက်စိဒေါက်ထောက် ကြည့်နေရတော့တာပဲ …”
“ ဒါတောင် ငါ သတိမထားမိတဲ့ အချိန်မှာ နှစ်ကြိမ်လောက် ကိုယ့်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့သေးတယ် ….”
“ ငါလည်း ဖြစ်နိုင်ရင် ဒီလို မလုပ်ချင်ပါဘူး … မသက်သာလို့တာ သမီးလေးကို ဒီလိုမျိုး ကြိုးတုပ်ထားရတာပါ …”
အမျိုးသမီးကြီးက စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်နှင့် တိုင်ပင်ဆွေးနွေးခဲ့ဖူးသည်။ ဒေါက်တာက သူမ သမီးလေးသည် ပြင်းထန်သည့် စိတ်ကျရောဂါ ဝေဒနာ ခံစားနေရသည်ဟု အကဲဖြတ်ပေးလာသည်။
သူမ၏ ကိုယ့်ကိုယ်ကို သတ်သေလိုသည့် ရည်ရွယ်ချက်တို့က ထင်ရှား မြင်သာလှပြီး ဆေးဝါးနှင့် စိတ်ပညာအရ လမ်းညွှန်ထောက်ပြပေးမှုတို့ဖြင့်သာ ကုသပေးနိုင်သည်။
သူမလည်း ပိုက်ဆံ အများအပြား ကုန်ဆုံးခဲ့၏။ သို့တိုင် တစ်ခုကမှ အလုပ်မဖြစ်။
လွန်ခဲ့သောညက ဟူယွီ ပလတ်ဖောင်းတွင် ရယ်ချင်စရာကောင်းလောက်အောင်ကို အထင်ကြီးဖို့ကောင်းလှသည့် စိတ်ကျန်းမာရေး ဆရာဝန် စထွင်မာတစ်ဦး ရှိသည်ဟု သူမ နားစွန်နားဖျား သတင်းကြားမိလိုက်၏။ ချန်ယွီ့က သူမသမီးလေး၏ စိတ်ကျရောဂါကို ပျောက်ကင်းအောင် ကုသပေးသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကောလဟာလများကို သူမ မျက်ကန်း ယုံကြည်ခြင်းတော့ မပြု။ ချန်ယွီ့၏ အရင် လိုက်စထွင်းမှတ်တမ်းကို တစ်နေ့လုံး ထိုင်ကြည့်ခဲ့သည်။
ကြည့်ရှုပြီးနောက် ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန် တစ်ယောက် မဟုတ်ဘူးဆိုတာကို သူမ အခိုင်အမာ ယုံကြည်သွားခဲ့သည်။
သူက အင်အားကြီး အင်မော်တယ်တစ်ပါးပင်။
“ ငါက စိတ်ဓာတ်မကျဘူး … မိခင်မေတ္တာ ငတ်နေတဲ့ မိန်းကလေးလည်း မဟုတ်ဘူး ….”
လွမ်းဆွေးနှင်းစက်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လာခဲ့သည်။
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ကူညီပေးပါဦးရှင် … သမီးလေးရဲ့ ရောဂါက ထဖောက်လာပြန်ပြီ …”
အမျိုးသမီးမှာ ပျာယာခတ်သွားခဲ့ပြီး မျက်ရည်များက တစ်ဖန်ပြန်လည် စီးကျလာခဲ့သည်။
“ ငါ မင်းကို ယုံတယ် လူနာ …” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ဆိုလိုက်သည်။
သူ့စကားကို ကြားတော့ လွမ်းဆွေးနှင်းစက်က အော်ဟစ်နေတာကို ရပ်တန့်သွားခဲ့ပြီး …
နိုးနိုးကြားကြား ရှိသည့် အကြည့်ဖြင့် သူမ ချန်ယွီ့ကို စိုက်ကြည့်လိုက်သည်။
ခေါင်းညိတ်လျက် ချန်ယွီ့ ဆက်ပြီးပြောသည်။ “ ငါက ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက်ပဲ … လူနာရဲ့ ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မုသားမပြောဘူး ….”
“ မင်းက စိတ်ကျရောဂါကို ခံစားနေရတာလည်း မဟုတ်သလို မိခင် မေတ္တာ ငတ်မွတ်နေတဲ့ မိန်းကလေးလည်း မဟုတ်ဘူး ….”
လွမ်းဆွေးနှင်းစက်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမ ဆက်ပြီး တိတ်ဆိတ်လျက်သာ ရှိနေခဲ့သည်။
“ ဒါ ဟုတ်တော့ မဟုတ်သေးဘူးနော်….”
“ ငါ လိုက်စထွင်းအခန်းမှားပြီး ဝင်လာခဲ့မိတာများလားဟ …”
“ ဒေါက်တာချန် … မင်း ခြိမ်းခြောက်ခံနေရတယ်ဆိုရင် ငါတို့ကို မျက်တောင် နှစ်ချက်ခတ်ပြ ….”
“ အရင်တုန်းက သူများတွေပဲ သူတို့ကိုယ်သူတို့ ရောဂါ မရှိဘူးလို့ ပြောကြတာ … ဒီတစ်ခေါက်ကတော့ ဒေါက်တာချန်ကိုယ်တိုင်ကိုက ရောဂါ မရှိဘူးလို့ ပြောလာတာ ပထမဆုံးအကြိမ်ပဲ ….”
“ ယွင်ဖန်း … မင်း ဘယ်လိုထင်လဲ …”
“ ဒေါက်တာချန်က စိတ်ပညာ နှစ်သိမ့်ကုထုံးကို သုံးနေတာများလား … လူနာကို သူ့မှာ ရောဂါ မရှိဘူးပြောပြီး သူ့နှလုံးသားကို ဖြည်းဖြည်းချင်း ဖွင့်ဟလာအောင် လုပ်နေတာများလား ….”
ကြည့်ရှုသူများ မည်မျှ တက်ကြွနေခဲ့စေကာမူ ထိုစကား ကြားပြီးသည့်နောက် ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့ကြသည်။
ချန်ယွီ့က သူမ သမီး ရောဂါဝေဒနာ ခံစားနေရတာ မဟုတ်ဘူးလို့ ပြောလာသည်ကို ကြားတော့ အမျိုးသမီးကြီးမှာ ယခင် စိတ်ကျန်းမာရေး ဆေးရုံတွင် သွားပြခဲ့ဖူးသည့် ဆေးမှတ်တမ်း အမြောက်အများကို အလျင်အမြန် ထုတ်ပြလာခဲ့သည်။
“ ဒေါက်တာချန် … ဒီမှာ တစ်ချက်ကြည့်လိုက် … ဒါတွေက စိတ်ကျန်းမာရေး ဆေးရုံမှာ ဆေးပြထားတဲ့ ဆေးမှတ်တမ်းတွေ …”
“ သူတို့ပြောကြတာတော့ ငါ့သမီးက ပြင်းထန်တဲ့ အစွန်း ၂ ဖက်ရှိတဲ့ စိတ်ကစဉ့်ကလျား ရောဂါကို ခံစားနေရတယ် ပြောတာပဲ ….”
“ ငါတို့ကို နှစ်သိမ့်ပေးချင်ရုံနဲ့ ငါ့သမီးလေးရဲ့ ကုသမှုကိုတော့ ကြန့်ကြာအောင် မလုပ်လိုက်ပါနဲ့ ဒေါက်တာရယ် …”
ယခင်တုန်းကလည်း ချန်ယွီ့ကဲ့သို့ ပြောဆိုခဲ့ကြဖူးသည့် တစ်ချို့ ဒေါက်တာများ ရှိခဲ့ဖူးသည်။
သူတို့က သမီးလေးတွင် ရောဂါ မရှိ ၊ သို့မဟုတ် အခြေအနေက မပြင်းထန်ကြောင်း ပြောကြပြီး ဖြည်းဖြည်းချင်း သူမ သမီး၏ ယုံကြည်မှုကို ရရှိလာအောင် လုပ်ဆောင်ကြသည်။
ထိုနည်းလမ်းလည်း အလုပ်မဖြစ်။ ယင်းတို့က သူမ သမီးလေး၏ အခြေအနေကို ပို၍ ဆိုးရွားလာစေရုံသာ ရှိသည်။
“ အစ်မကြီး … ခင်များ သမီးက မိခင် မေတ္တာလည်း ငတ်မနေသလို သူ့မှာ အစွန်း ၂ ဖက်ရှိတဲ့ စိတ်ကစဉ့်ကလျား ရောဂါလည်း မရှိဘူး …” ချန်ယွီ့ စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။
“ သူ့မှာ အဲ့ရောဂါ မရှိဘူးဆိုရင် ဘာလို့ သူ့ကိုယ်သူ တစ်ကြိမ်ပြီး တစ်ကြိမ် အဆုံးစီရင်ဖို့ ကြိုးစားနေမှာလဲ …..”
“ သမီးလေးက သူ့ကိုယ်သူ အချစ်မခံရဘူးလို့ပဲ ဆက်တိုက် ပြောနေတာ တကယ်လို့ ငါ့လို မိခင်တစ်ယောက်ရဲ့ မေတ္တာ ငတ်မွတ်နေတာ မဟုတ်ရင် ဘာများ ဖြစ်နိုင်ဦးမှာမို့လို့ …”
အမျိုးသမီး၏ ချန်ယွီ့အပေါ် ယုံကြည်မှုတို့ စတင်ဝေဝါးလာသည်။
ချန်ယွီ့က အရည်အချင်းရှိသူ တစ်ဦးဟု သူမ တွေးထင်ထားခဲ့သော်ငြားလည်း သူမ သမီး၏ ရောဂါ အခြေအနေကို လုံးဝ လုံးဝ လွဲမှားစွာ အကဲဖြတ်ပေးလာလိမ့်မည်ဟူ၍ မျှော်လင့်မထားခဲ့ချေ။
“ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ငါ့ယောက်ျား ကွယ်လွန်သွားတော့ စက်ရုံကို လက်လွှဲယူခဲ့တယ် …”
“ သမီးကို စောင့်ရှောက်ဖို့ကျ အိမ်အကူနဲ့ပဲ ပစ်ထားခဲ့တာ များတယ် …”
“ ငါသာ သူ့အပေါ် အချိန်လေး နည်းနည်းလောက်သာ ပိုပေးခဲ့မိရင် သူလည်း ဒီလိုမျိုး ခံစားနေရမှာ မဟုတ်ဘူး …”
အမျိုးသမီးမှာ သူမ၏ မျက်နှာကို လက်ဖြင့် ကိုင်ထားရင်း အဆက်မပြတ် ငိုကြွေးလို့နေသည်။
“ အန်တီ … အန်တီ့သမီး ဘယ်လိုခံစားနေရလဲဆိုတာကို ကျွန်တော်နားလည်တယ် … သူက အင်ထရိုဗာ့ဆိုတော့ ပုံမှန်ဆို အရာရာတိုင်းကို သူ့စိတ်ထဲမှာပဲ သိမ်းဆည်းထားတတ်တယ် မလား …”
ချန်ယွီ့၏ လူနာဟောင်းကြီး ရောက်ချလာခဲ့သည်။
“ သူနဲ့ လွမ်းဆွေးနှင်းစက်က တစ်လှေတည်းစီးသင့်တယ် … သူတို့နှစ်ယောက်လုံးက ကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာတယ် … ဒါပေမယ့် သူတို့ရဲ့ ဘယ်မိဘကမှ သူတို့ကို ဂရုမစိုက်ကြဘူး …”
“ ညီကိုချယ်ရီ … မင်း အချစ်စစ်ကို ရှာဖွေနေတုန်းလား ….”
“ မင်း အဲ့နောက်ပိုင်း မင်းရဲ့ အလှနတ်ဘုရားမလေးနဲ့ရော တွေ့ဖြစ်သေးလား ….”
“ နင်တို့ကောင်တွေ တော်တော်ဆိုးတာပဲ … ၊ ဒီမှာမောင်လေး … နင် ဘာလို့ ငါ့လို မမတစ်ယောက်ကို မပိုးပန်းချင်တာလဲဟင် …”
“ ငါ့လက်က ငါ့ကိုယ်ငါထက်တောင် ပိုပြီး နားလည်နေသေးတယ် … ဒီလူရဲ့ ပရိုဖိုင်ထဲ ဝင်ကြည့်လိုက်တော့ ….. အားပါးပါး ငါ့မျက်လုံးတွေ … အန်တီကြီး … ခင်များ အသက် ဘယ်လောက်တောင် ရှိနေပြီတုန်း …”
[မိုးကို မျှော်နေသည့် ချယ်ရီသစ်ပင် ]က နောက်ထပ် အထူးကွန်းမန့်တစ်ခု ပေးပို့လာခဲ့သည်။
“ ဒေါက်တာချန် … ငါ သူနဲ့ စကားပြောကြည့်ရင်ကော … ငါတို့ချင်း တူညီတဲ့ အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်ဆိုတော့ သူ့ နှလုံးသားထဲက ကြိုးထုံးကို ငါဖြေပေးလို့ရရင် ရမှာပေါ့ …”
ချန်ယွီ့ ပြုံးပြီး ခေါင်းခါလိုက်သည်။
“ သူ့ အခြေအနေက မင်းနဲ့ လုံးဝကွဲတယ် … မင်းသူ့ကို ညွှန်ပြပေးနိုင်မှာ မဟုတ်ဘူး ….”
“ သူက မိခင်မေတ္တာငတ်တဲ့လူလည်း မဟုတ်ဘူး … ပြီးတော့ သူ့ အခြေအနေက အစွန်း ၂ ဖက်ရှိတဲ့ စိတ်ကစဉ့်ကလျား ရောဂါလည်း မဟုတ်ဘူး ….”
“ ဒါပေမယ့် …..”
ဒါပေမယ့် ဆိုတဲ့ စကားကိုကြားတော့ ကြည့်ရှုသူများမှာ ရင်တဒိန်းဒိန်း ခုန်လာကြသည်။
“ အကြာကြီးကျမှကွာ …”
“ နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားပြီ …”
“ ဟုတ်တယ် … ဒါပဲ … ရင်းနှီးနေတဲ့ အငွေ့အသက် ….”
“ နောက်ကျတယ်ဆိုပေမယ့် နောက်ဆုံးတော့ ရောက်လာခဲ့ပြီ ….”
ချန်ယွီ့၏ ‘ ဒါပေမယ့် ….’ ဆိုသည့် စကားက တိုက်ပွဲ၀င် ကျွဲချိုမှုတ်သံနှင့် မခြားပေ။
ကွန်းမန့်ခန်းထဲတွင် ကြည့်ရှုသူများမှာ လူးလားခေါက်ပြန် နေရာယူထားကြပြီ ဖြစ်၏။
သူတို့တွေ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရသည့်အရာက နောက်ဆုံးတော့ ရောက်လို့လာလေပြီ။
“ လူနာမှာ အစွန်း ၂ ဖက် ရှိတဲ့ စိတ်ကစဉ့်ကလျား ရောဂါ မရှိဘူး …” ချန်ယွီ့ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်ပြီး “ ဒါပေမယ့် သူ့မှာ စိတ်ရောဂါတစ်ခုတော့ ရှိတယ် ….”
“ ငါ ခုနက ပြောခဲ့သလို သူ့ရဲ့ ရောဂါက အတော်လေးလည်း ပြင်းထန်တယ် ….”
“ ဒီခုလို အခြေအနေမှာ ဒါက ဒီတိုင်း စိတ်ရောဂါသပ်သပ် မဟုတ်တော့ဘူး …”
“ သူ့ရဲ့ အတွင်းအင်္ဂါ အစိတ်အပိုင်းတွေက ဘယ်လိုမှကို တောင့်မခံနိုင်တော့တဲ့ ဖိအား လယ်ဗယ်ကို ရောက်နေပြီ …”
“ ဒီရောဂါရဲ့ နာမည်ကို ‘ အသည်းကွဲရောဂါ ‘လို့ခေါ်တယ် ….”
လွမ်းဆွေးနှင်းစက်မှာ စကားလုံးများဖြင့် ဖော်မပြနိုင်သည့် ရှော့ခ်ရသည့် မျက်နှာထားမျိုး ဖြစ်သွားခဲ့သည်။
“ ဒီရောဂါ ပိုဆိုးလာရတဲ့ အကြောင်းအရင်းကလည်း မင်းကိုယ်တိုင် အဲ့လိုမျိုး ဖြစ်အောင် ကိုယ့်ကိုယ်ကို လုပ်နေခဲ့တာကြောင့်ပဲ ….” ချန်ယွီ့ ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။