မင်းရဲ့ အချစ်ရေးလမ်းကြောင်းက ကံခေမှုတွေနဲ့ ပြည့်နေတယ်
Vol. 4 Ch. 40
ချယ်ရီသစ်ပင်က တကယ်ပဲ သိပ်သနားဖို့ကောင်းလား …
အင်း ကောင်းတယ် … ဒါပေမယ့် သူ့ဘာသူ ဘယ်လောက်ပဲ နာကျင်ခံစားရတယ်ပြောပြော အဆုံးစီရင်လောက်တဲ့အထိတော့ သူ မလုပ်ခဲ့ဘူး...
ဒါပေမယ့် ကိုယ့်လူ … ၊ ဒီရဲ့ လွမ်းဆွေး နှင်းစက်ကတော့ တကယ်ပဲ သူ့ရဲ့ အွန်လိုင်းနာမည်နဲ့ ထိုက်တန်လွန်းတယ်။
သူက နှင်းစက်လေးလို လှတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျပြီဆိုတာနဲ့ သူ့လက်ကောက်ဝတ်က သွေးကြောတွေကို ဓားနဲ့ လှီးတော့တာပဲ …
“ မင်းရဲ့ ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကို သတ်သေတဲ့ ကိစ္စ မအောင်မြင်တဲ့ နောက်မှာ အဲ့ကောင်လေးနဲ့ ကောင်မလေးက လမ်းခွဲပြီးသွားခဲ့ပြီဆိုတာကို မင်း သိလိုက်ရတယ် …”
“ ဒီ သတင်းက မင်းကို ထပ်ပြီး အသက်ဆက်ရှင်ဖို့ မျှော်လင့်ချက် အလင်းရောင်လိုပဲ …”
“ မင်း သူ့ကို ချက်ချင်းပဲ သွားပြီး ဖွင့်ဟဝန်ခံချင်တယ် .. ဒါပေမယ့် မင်းရဲ့ အမေက မင်းဘေးနားမှာ ရပ်နေခဲ့ရော …”
“ မင်း အမေက မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အသိအမှတ်မပြုမှာကို စိုးရိမ်တော့ မင်းရဲ့ အခြေအနေကလည်း ပိုပိုပြီး ဆိုးရွားလာတယ် …”
“ သိပ်မကြာခင်မှာ သူ မင်းဆီ ဝီချက်အပ်ပြီး သင်္ချာနဲ့ ပတ်သက်တဲ့ နားမလည်တာတွေ ကူညီပေးဖို့ တောင်းဆိုလာတယ် …”
“ အဲ့မှာ မင်း အကြံတစ်ခု ရသွားတယ် … ငါ နင့်ကို ချစ်တယ်ဆိုပြီး အဖြေထွက်တဲ့ သင်္ချာညီမျှခြင်း တစ်ခုကို မင်း ရည်ရွယ်ချက်ရှိရှိ ဖြည့်စွက်ထားလိုက်တယ် …”
(520 - ငါနင့်ကိုချစ်တယ်)
“ ဒါပေမယ့် မင်း သူ့ကို ဝန်ခံပြီး တစ်လကြာတာတောင် သူ့ဘက်က ဘာမှ မတုံ့ပြန်လာတော့ သူမင်းကို ငြင်းတယ်ဆိုပြီး ထင်သွားခဲ့တယ် …”
“ အဲ့လိုနဲ့ မင်း ဒုတိယအကြိမ် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဖြစ်လာတာပဲ …”
“ အဲ့ဒီ အချိန်တုန်းက သူ မင်းပေးတဲ့ စကားဝှက်ရဲ့ အဓိပ္ပာယ်ကို လုံးဝ နားမလည်ဘူးဆိုတာ မင်း မသိဘူးမလား …”
ရေသောက်ရင်း တန်းလန်း လိုက်လွှင့်တာကို ကြည့်ရှုနေကြသူများမှာ ချက်ချင်းပဲ ရေများ မှုတ်ထုတ်မိလိုက်ကြ၏။
“ ငါ ရေသီးနေပြီ … လူနာတင်ယာဉ်ခေါ် ပေး… လူနာတင်ယာဉ်ခေါ်ပေး …”
“ ဒါ အေ-တွေချည်း တန်းစီရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အချစ်ကို ဝန်ခံတဲ့ ပုံစံလားဟ … မေမေရေ … သားသားကြောက်တယ် …”
“ သင်္ချာညံ့တဲ့လူဆီ သင်္ချာညီမျှခြင်းသုံးပြီး ချစ်ကြောင်းဝန်ခံတဲ့ သူ့ရဲ့ နည်းလမ်းကို ငါ အမှတ်ပြည့်ပေးတယ် …”
“ သားရီးတို့ … မင်းတို့ကိုရော ကောင်မလေးတွေဆီကနေ အဲ့လို ‘သင်္ချာညီမျှခြင်း’ မျိုး ရဖူးကြလား ….”
“ အင်း … ငါ့ညီမလေး ….”
“ ဘာ … မင်းအဲ့မှာ ရပ်နေစမ်း …”
“ ငါ့ညီမက ငါ့ရဲ့ သင်္ချာဆရာမ ….”
“ မင်းအတွက် တစ်စက္ကန့် ငြိမ်သက်ပေးမယ် ….”
ကြည့်ရှုသူများမှာ လွမ်းဆွေးနှင်းစက်၏ အချစ်ဝန်ခံသည့် နည်းလမ်းက ဤမျှ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။
ဦးနှောက်ရှိသည့်လူတိုင်း သူမ တိတ်တိတ်လေး ကြိတ်ခိုးပြီး သဘောကျနေသူက သင်္ချာတွင် ချာတူးလံကြောင်းကို သိနိုင်သည်။ မဟုတ်ပါက သူမကို သင်္ချာနှင့် ပတ်သက်၍ အကူအညီတောင်းလာလိမ့်မည်လော။
“ မင်း ဆေးရုံတက်နေတဲ့အချိန်မှာ အဲ့ကောင်လေးက မင်းဆီ သစ်သီးခြင်းနဲ့ ရောက်လာပြီး မင်းကို အချိန်အကြာကြီး နှစ်သိမ့်ပေးတယ် …” ချန်ယွီ့ ဆက်ပြီးပြောသည်။
“ မင်းရင်ဘက်ထဲ အချစ်ရဲ့ ချိုမြိန်မှုတွေနဲ့ ပြန်ပြီး ပြည့်နှက်သွားခဲ့ပြန်ရော … ပြီးတော့ သူ မင်းအပေါ်မှာ အထင်အမြင်ကောင်းတွေ ရှိတယ်လို့လည်း မင်းထင်တယ် …”
“ မင်းဆေးရုံက ဆင်းလာခဲ့ပြီးနောက်မှာ ကောင်လေးက မိုဘိုင်းဂိမ်း တစ်ခု ဆော့ကစားရတာကို ကြိုက်မှန်း သိသွားခဲ့တယ် …”
“ မင်းချက်ချင်းပဲ အကောင့်အသစ် တစ်ခုဖွင့်ပြီး သူနဲ့ နေ့တိုင်းနေ့ အတူ ကစားတယ် …”
“ တစ်လလောက် ကြာပြီး …. မင်းတို့နှစ်ယောက် ဂိမ်းထဲမှာ ရင်းနှီးလာတော့ …. “
“မင်းဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ မင်းလည်း သူတို့ကျောင်းက ကျောင်းသူပါဆိုပြီး ထုတ်ပြောခဲ့တယ် … အဲ့မှာ ကောင်လေးက မင်းနဲ့ အပြင်မှာ တွေ့ဖို့ ပြောလာခဲ့ပါလေရော …”
“ မင်းတို့နှစ်ယောက် တွေ့မယ့်နေ့မှာ မင်းကိုယ်မင်း အင်္ကျီလှလှလေးတွေဝတ်၊ ကိုယ့်ကိုယ့်ကို လှလှပပလေး ပြင်ပြီး ဆုံမယ်လို့ ကြိုတင်ချိန်းထားတဲ့နေရာမှာ မင်း စောင့်နေတယ်….”
“ တစ်နာရီကျော်အောင် စောင့်ပြီးတဲ့နောက်မှာတောင် ကောင်လေးက ပေါ်မလာဘူး … အဲ့ဒါနဲ့ မင်း ဂိမ်းထဲဝင်ပြီး ကောင်လေးကို ဘာလို့ ရောက်မလာလဲ မေးလိုက်တော့ …..”
“ မင်းပြန်ရလိုက်တဲ့ အဖြေက သူမင်းကို ဆက်တိုက် ကျိန်ဆဲလာတာပဲ … မိုက်မိုက်ရိုင်းရိုင်း စကားလုံးတွေနဲ့ သူမင်းကို ဆဲတယ် … သူ့ရဲ့ ရင့်သီးတဲ့ စကားလုံးတွေက မင်းရင်ဘက်ကို မြားအစင်း တစ်သောင်းလောက် လာထိုးစိုက်သလို ခံစားသွားခဲ့ရပြီး ရင်ဘက်စူးအောင့် နာကျင်မှုဒဏ်က သေလုမတတ်ဘဲ …”
“ မင်းနောက်တစ်နေ့ လိုင်းပေါ်တက်လာတော့ သူ့ရဲ့ဂိမ်းအကောင့်ကို ဖျက်လိုက်ပြီဆိုတာကို တွေ့လိုက်ရတယ် …”
“ သူ လိမ်သွားတယ်လို့ မင်းထင်တယ် …”
“ ဒါက မင်း တတိယအကြိမ် ကိုယ့်ကိုယ်ကို သတ်သေဖို့ လုပ်ရတဲ့ အကြောင်းအရင်းပဲ …”
“ တကယ်က အဲ့နေ့မှာ ကောင်လေး အိမ်က ထွက်လာခဲ့တဲ့အချိန် သူ့ဖုန်းကို လမ်းမှာ ပြုတ်ကျခဲ့တာ …”
“ မင်းနဲ့ ချိန်းထားတဲ့နေရာကို သူ မရောက်ဖြစ်လိုက်ဘူး … ဘာလို့ဆို သူ့ဖုန်းပျောက်သွားတာကြောင့် ရဲစခန်းဆီ သွားအမှုဖွင့်ရမှာမို့လို့ပဲ …”
“ အဲ့နောက်ပိုင်းမှာ မိမနိုင်၊ဖမနိုင် ဖက်တီးလေးတစ်ယောက်က သူ့ဖုန်းကို ကောက်တွေ့သွားခဲ့တယ် … ကလေးက လျှို့ဝှက်နံပါတ်ကို ကျပန်းခန့်မှန်းပြီး ရိုက်ထည့်လိုက်တာ ကွက်တိ သွားမှန်နေတယ်… “
“ သူလည်း ကောင်လေး ဆော့တဲ့ ဂိမ်းကို ဆော့တဲ့ ဖွင့်ပြီး ကစားနေတော့တာပဲ ..”
“ ခဏကြာတော့ ကောင်လေးက အမျိုးသမီး ကစားသမားတစ်ယောက်လို ဟန်ဆောင်ထားတဲ့ လူလိမ်တစ်ယောက်ဆီမှာ သူ့ဂိမ်းပစ္စည်းတွေ အလိမ်ခံလိုက်ရတယ် ….”
ထိုမျှ များများစားစား ပြောပြီးနောက်တွင် ချန်ယွီ့ ဆက်မပြောတော့ချေ။ ဉာဏ်လျင်သည့် ကြည့်ရှုသူတို့ကလည်း ရှေ့ ဘာဆက်ဖြစ်လဲဆိုတာကို ခန့်မှန်းနိုင်ကြပြီး ဖြစ်၏။
ကလေးက ကြည့်ရှုသူတို့ တော်တော်များများ ကြုံဖူးကြမည့် ညစ်ညမ်းသည့် စကားလုံးများဖြင့် စက်သေနတ်ပစ်လာခဲ့၏။
တော်တော်များများလည်း အဆိုပါ မိမနိုင်၊ ဖမနိုင်၊ အဘိုးမနိုင်၊ အဘွားမနိုင်၊ တစ်မိသားစုလုံး ဆိုဆုံးမရနိုင်သည့် စောက်ကလေးစုတ်များ၏ ဆဲရေးတာကို တွေ့ကြုံခံစားဖူးကြလိမ့်မည်။
“ မင်း တတိယအကြိမ် သေကြောင်းကြံဖို့ လုပ်ပေမယ့် နောက်ဆုံးမှာ ကယ်တင်ခံလိုက်ရတယ် … နေ့ရက်တိုင်း၊ မိနစ်တိုင်းမှာ မင်းအမြဲ ကြေကွဲဝမ်းနည်းနေရတယ် ၊ 'ဘာကြောင့်လဲ' ဆိုတဲ့ မေးခွန်းကို မင်း အမြဲတွေးရင်း ကိုယ့်ကိုယ်ကို ညှင်းပန်းမိနေတယ် ….”
“ အဲ့ဒီအချိန်မှာပဲ ကျောင်းအပြင်ဘက် လူမိုက်တစ်ယောက်က ကောင်လေးကို ထိခိုက်အောင် လုပ်လိုက်တဲ့သတင်းကို မင်း သိလိုက်ရတယ် …”
“ မင်းချက်ချင်းပဲ ဆေးရုံကို ပြေးသွားပြီး သူ့အတွက် အစားအသောက်တွေ နေ့တိုင်း ယူလာခဲ့ပေးတယ် …”
“ သူ့ရဲ့ ကျေးဇူးတင်စကားတွေ ၊ ချိုသာတဲ့ အပြုံးတွေက မင်းကို နောက်တစ်ကြိမ်ထပ်ပြီး ပျော်ရွှင်စေဖို့ လုံလောက်တယ် ….”
“ မင်းရဲ့ တွေးပေးတတ်မှုတွေက သူ့ကို ဟက်ထိသွားစေတယ်လို့ မင်း ထင်နေတယ် …”
“ ဒီတော့ သူ ပြန်သက်သာတာတဲအချိန် မင်းဝန်ခံဖို့ စိတ်ထဲ ကြိတ်ပြီး ဆုံးဖြတ်ထားခဲ့လိုက်တယ် …”
“ တစ်နေ့ … မင်း ထုံးစံအတိုင်း သူ့ဆီကို အစားအသောက်တွေ သွားပို့တဲ့အချိန် သူ့ကုတင်နေရာက လွတ်နေတာကို မင်း မြင်လိုက်ရတယ်…”
“ မင်းကိုယ်မင်း ထင်ရာမြင်ရာတွေ ဇွတ်ဆွဲတွေးပြီး ရင်ဘက်ထဲ နာကျင်နေတဲ့ ဝေဒနာက မင်းရဲ့ ဆင်ခြင်တုံတရားကို ဖုံးလွှမ်းသွားတယ် … မင်း ဆေးရုံခေါင်မိုးထက်ကို ခက်ခက်ခဲခဲနဲ့ လမ်းလျှောက်သွားပြီး ခေါင်မိုးထက်က ခုန်ချပြီး သေဖို့ ကြံတယ် …”
“ ကံကောင်းချင်တော့ မင်း အဲ့လို မလုပ်နိုင်ခင်မှာပဲ သတိလစ်သွားခဲ့ပြီး မင်းရဲ့အသက် နောက်တစ်ကြိမ် ကယ်တင်ခံလိုက်ရတာပဲ …”
ချန်ယွီ့ ခေါင်းခါလိုက်သည်။
ဤကောင်မလေးက အရာရာတိုင်းတွင် စံနမူနာထားရလောက်အောင် ထူးချွန်သည်။ သို့သော် ဦးနှောက်ထဲ တစ်ခန်းလွတ်နေသည်ကတော့ ဆိုးသည်။
“ သူ မင်းကို နှုတ်မဆက်ဘဲ ထွက်သွားခဲ့တာ မဟုတ်ဘူး… အဲ့နေ့မတိုင်ခင် ညတုန်းက သူ့ ဒဏ်ရာဟောင်းတွေ ပြန်ထလာလို့ ပိုကောင်းတဲ့ ဆေးရုံကို ရောက်သွားခဲ့တာ …”
ထိုစကားကြားတော့ ကြည့်ရှုသူများမှာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့သည်။
ချန်ယွီ့ မှန်သည်။
လွမ်းဆွေးနှင်းစက်၏ အချစ်ဇာတ်လမ်းက အမျိုးမျိုးသော ကံဆိုးမိုးမှောင်ကျမှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။
ဖွင့်ပြောဖို့ ခက်ခဲသည့် လူတော်တော်များများကို သူတို့ ကြုံဖူးကြသည်။ သို့သော် လွမ်းဆွေးနှင်းစက်၏ အခြေအနေအထိတော့ မဟုတ်ကြချေ။
သူမ၏ အခြေအနေမှာ ကိုယ်တိုင်ကိုက ခက်ခဲအောင် ပြုလုပ်နေခြင်းပင်။
ထိုအချိန်တွင် အမျိုးသမီးကြီးမှာ သူမ သမီးလေးကို ရှုပ်ထွေးနေသည့် ခံစားချက်တို့ဖြင့် ကြည့်လိုက်မိ၏။
သူမနှင့် သူမအဖေတို့ နှစ်ဦးလုံးက သတ္တိရှိကြသည့် လူစားမျိုးများပင်။
သူမ အဖေဆိုလျှင် အလုပ်ထွက်ပြီး ကိုယ်ပိုင် စီးပွားရေးတစ်ခုကို စတင်ခဲ့၏။ ထိုဆုံးဖြတ်ချက်ကို ချမှတ်ရန် သူ အချိန် ဆယ်မိနစ်သာ ယူခဲ့သည်။
ဘာကြောင့် သူတို့ သမီးလေးက ဒီလောက်တောင် သတ္တိကြောင်နေရတာလဲ …
သူမ သမီးလေးရဲ့ ဖုန်းထဲမှာပဲဖြစ်ဖြစ် ၊ ဆိုရှယ်မီဒီယာမှာပဲ ဖြစ်ဖြစ် ရည်းစားထားတဲ့ အရိပ်အယောင် မတွေ့တာ မဆန်းတော့ပါဘူး …
အမေဖြစ်တဲ့ သူတောင်မှ ကိုယ့်သမီး လုပ်နေတဲ့ နည်းလမ်းတွေကို နားမလည်နိုင်ခဲ့ဘူးလေ …
“ မင်းချစ်တဲ့ ကောင်လေးနဲ့ မတွေ့နိုင်တဲ့ ဒီအတောအတွင်း … မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ ရင်ဖွင့်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ နာမည်မဖော်ဘဲနဲ့ မင်းဇာတ်လမ်းကို ပြောပြခဲ့တယ် …”
“ ဖတ်ရှုသူတစ်ယောက်က မင်းမှာ အသည်းကွဲတဲ့ရောဂါ - အသည်းကွဲတဲ့အချိန်တိုင်း ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ ရောဂါတစ်မျိုးရှိကြောင်း ပြောလာတယ် …”
“ ဒါက အချစ်အပေါ်မှာ သစ္စာကြီးတဲ့ မိန်းကလေးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်မျိုး ဖြစ်ကြောင်းလည်း သူ ပြောခဲ့သေးတယ် …”
“ အသည်းကွဲတဲ့ ရောဂါရဲ့ လက္ခဏာရပ်တွေကို အကြမ်းဖျင်း စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ မင်းလက်ရှိ ခံစားနေရတဲ့ အခြေအနေနဲ့ အတိအကျ ထပ်တူညီနေတာကို မင်း သိသွားတယ် …”
“ အဲ့ဒါနဲ့ မင်း ဒီလောကကြီးထဲကနေ လွမ်းဆွတ်အောက်မေ့ဖွယ်ကောင်းအောင် လှလှပပလေး ထွက်သွားဖို့ရာ ဆုံးဖြတ်လိုက်တယ် …”
ကြည့်ရှုနေကြသူများသာ ကြက်သေသေနေကြသည် မဟုတ်။ လွမ်းဆွေးနှင်းစက်၏ မိခင်သည်ပင် ကိုယ့်သမီးကို အံ့ဩဘနန်း ဖြစ်နေမိသည်။
ဒါ တကယ်ပဲ သူ့သမီးလား …
ဂန္တဝင်စာပေတွေထဲက စိတ်ကူးယဉ်ဆန်တဲ့ မိန်းမငယ်လေးတွေနဲ့ ဘာကြောင့်ဆင်နေတာပါလိမ့် …
လွမ်းဆွေးနှင်းစက်၏ မိခင်က နေ့တိုင်း လိုင်းတက်ပြီး သူမ သမီးလေးနှင့် ပြောစရာစကား ရှိစေရန်အတွက် လူငယ်များ သုံးနှုန်းရတာကို ကြိုက်သည့် အင်တာနက် ဗန်းစကားများကို လေ့လာလေ့ရှိသည်။
သူမသမီး ထပ်ခါ ထပ်ခါ အဆုံးစီရင်နေခဲ့သည်က မိခင်ဖြစ်သည့် သူမက ကိုယ့်သမီးလေးကို လုံလောက်သည့် မေတ္တာ မပေးစွမ်းနိုင်ခဲ့သောကြောင့်ဟု ထင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမ သမီးလေးမှာ ငယ်တုန်းကတည်းက အဖေဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အခြားသော ပြင်ပ အကြောင်းအရင်းများကိုပါ ထည့်ပေါင်းစဉ်းစားကြည့်လိုက်မည်ဆိုပါက ကိုယ့်ကိုယ်ကို သတ်သေလောက်သည့် အကြောင်းအရင်း ရည်ရွယ်ချက်တို့ ရှိနေလေသည်။
သို့ပါသော်လည်း … ကောင်လေးတစ်ယောက်ကို ဖွင့်မပြောနိုင်ခြင်းက သူမသမီး အကြိမ်ကြိမ်သတ်သေရန် ကြိုးစားနေရခြင်း အကြောင်းအရင်း ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝလုံးဝ တွေးထင်မထားမိခဲ့ချေ။
“ မင်း ငါးကြိမ်လောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားပြီးတဲ့နောက်မှာ အမေဖြစ်တဲ့သူက လိပ်ပြာလွင့်လုမတတ် ကြောက်လန့်သွားခဲ့တယ် …”
“ သူ့ရဲ့ အလုပ်ကို ဘေးချိတ်ထားပြီး အိမ်မှာပဲ မင်းနဲ့အတူ နေ့တိုင်း အတူအဖော်လုပ်ပေးတယ် …”
“ အဲ့နောက်ပိုင်းမှာ မင်း ဒီအချစ်ရေးကို လက်လျှော့ဖို့ ဆုံးဖြတ်ပြီးသား …”
“ မင်း အိမ်ပြန်ရောက်လာပြီး ငါးရက်မြောက်တဲ့နေ့မှာ ကောင်လေးက သူ ပြန်ရောက်ပါပြီဆိုတဲ့အကြောင်း မင်းဆီကို မက်ဆေ့ချ် ပို့လာတယ် …”
“ စာကို မြင်တော့ မင်းရဲ့ ရင်ခုန်နှုန်းတွေ ရုတ်တရက်ကြီး မြန်ဆန်လာခဲ့တယ် …”
“ မင်းတို့နှစ်ယောက်ရဲ့ ရေစက်ကြမ္မာက ဒီလောက်နဲ့ပဲ မပြီးဆုံးသွားဘူးလို့ မင်းယုံတယ် …”
“ သူ့ နွေရာသီ ကျောင်းပိတ်လို့ ဒီပြန်ရောက်တုန်းရောက်ခိုက် ဆရာဟောင်းတွေဆီ သွားကန်တော့ဖို့ မင်းသူ့ကို ဖိတ်လိုက်တယ် …”
“ ဒါက မင်းတို့နှစ်ယောက် သီးသန့် အတူရှိတဲ့အချိန် ချစ်ကြောင်း ဖွင့်ဟဝန်ခံဖို့ အချိန်ကောင်းပဲ ….”
“ ဒါပေမယ့်လည်း မင်း အမေက မင်းကို ဟန့်တားလာလိမ့်မယ်လို့ မင်း လုံးဝ လုံးဝ ထင်မထားခဲ့ဘူးမလား …”
“သူက မင်း အပြင်ကို တစ်ယောက်တည်း သွားပြီး တစ်နေရာမှာ သေကြောင်းကြံနေမှာကို စိုးရိမ်တယ် … အဲ့တာကြောင့် မင်း ဘယ်လိုပဲ တောင်းဆိုပါစေ သူ့ဘက်က ခွင့်မပြုခဲ့ဘူး …”
“ မင်းရဲ့ စိတ်ခံစားချက်တွေ ပိုပိုပြီး ပြင်းထန်လာတာကို မြင်တော့ မင်းအမေလည်း မသက်သာတဲ့အဆုံး စိတ်ကျန်းမာရေး ဆရာဝန်ဆီ ခေါ်သွားပြီး စိတ်ငြိမ်ဆေး တစ်လက် ထိုးခိုင်းလိုက်ရတာပဲ …”
“ မင်း ပြန်နိုးလာတော့ ညသန်းခေါင်အချိန်ရှိနေပြီ …”
“ ကောင်လေးက မင်း သူ့ကို ခေါ်ထားပြီး ဘာကြောင့် ပေါ်မလာလဲ စာပို့ မေးလာတယ် …”
“ မင်း သူ့ကို ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး … မင်း သူ့ကို စိတ်ပျက်အောင်လုပ်မိပြီလို့ ကိုယ့်ကိုယ်ကို အပြစ်တင်တယ် … ပြီးတော့ အဲ့အတွက် မင်းသေသွားလိုက်တာကမှ ပိုကောင်းဦးမယ် .. “
ချန်ယွီ့ အရာအားလုံးကို တည်ငြိမ်စွာ ရှင်းပြသွားခဲ့သည်။
“ မင်း ခြောက်ကြိမ်မြောက် သေကြောင်းကြံတဲ့ သတင်းကိုကြားတော့ ကောင်လေးက မင်းအိမ်ကို ချက်ချင်း အလည်ရောက်လာတယ် …”
“ ဒါပေမယ့် ဒီတစ်ကြိမ်တော့ … အခြေအနေက နည်းနည်းလေး မတူတော့ဘူး ….”
စာစဉ် (၄) ပြီး၏။