မြင်းထိန်းသမား
Vol. 1 Ch. 1
သိုသိုသိပ်သိပ်နေရမယ်...
သိုသိုသိပ်သိပ်နေရမယ်....
ငါက သိုသိုသိပ်သိပ်အနေအထားကို အမြဲတမ်း ထိန်းသိမ်းထားရမယ်...
အရေးကြီးတဲ့ကိစ္စတွေကို သုံးကြိမ်ပြောရမယ်...
ငါ ကျန်းရွှမ်က အမြဲတမ်းသိုသိုသိပ်သိပ်နေပြီးတော့ နှိမ့်ချတတ်တဲ့လူတစ်ယောက်ပဲ....
စားပွဲပေါ်တွင် ရေဖြင့် သူ ရေးသားထားသော စာကြောင်းများကို စောင်းငဲ့ကြည့်ပြီး ကျန်းရွှမ်သည် သူ၏ အနည်းငယ်ဖူးယောင်နေသောပါးပြင်ကို တို့ထိကြည့်ပြီးနောက် မြင်းဇောင်းအတွင်းရှိ အုန်းခွံရောင်မြင်းကို ကြည့်လိုက်သည်။
"ဒါက ငါ မင်းကို မရိုက်နိုင်လို့မဟုတ်ဘူး...ငါက သိုသိပ်တဲ့အနေအထားကို ထိန်းသိမ်းထားချင်လို့ပဲ...ငါ ဒီနေရာကို ရောက်လာချိန်မှာ မြင်းတစ်ကောင်နဲ့ စပြီးအငြင်းအခုံ မလုပ်ချင်ဘူး...ဘာအာရုံစူးစိုက်မှုကိုမှ မခံရရင် အကောင်းဆုံးပဲ"
ကျမ်းရွှမ်သည် တီးတိုးရေရွတ်ပြီးနောက် ချက်ချင်းဆိုသလိုပင် ပို၍နေသာသွားသည်ဟု ခံစားမိလေ၏။
ကောင်းကင်ဘုံတွင် ဖြစ်ခဲ့သောတိုက်ပွဲသည် အချိန်ငါးနှစ် ကြာမြင့်ခဲ့လေပြီ။ဤအချိန်အတောအတွင်း၌ သူသည် သူ၏ကိုယ်ပိုင်စကြာဝဠာကိုဖန်တီးရန် လေ့လာခဲ့ကာ ကောင်းကင်ဘုံစာကြည့်တိုက်အသစ်ကို အောင်မြင်စွာပြန်လည်ဖန်တီးနိုင်ခဲ့သည်။ထိုနောက် သူသည် ကမ္ဘာလောကအသစ်ကို ထိန်းသိမ်းထားသော စွမ်းအားများအားလုံးသည် 'ရင်းမြစ်ကမ္ဘာ'ဟု ခေါ်သောနေရာမှလာကြောင်း နားလည်သဘောပေါက်သွားသည်။ထိုအရာ တစ်ကြိမ်ပြတ်တောက်သွားသည်နှင့် ရင်းမြစ်စွမ်းအားများအားလုံး ပျောက်ကွယ်သွားကာ လောကကြီးတခွင်လုံး ပြိုလဲသွားပေမည်။
လွန်ခဲ့သောငါးရက်အကြာက ရင်းမြစ်ကမ္ဘာသည် ရုတ်တရက်မငြိမ်မသက်ဖြစ်လာကာ ကမ္ဘာလောကသစ်ထံသို့ ဆိုးဆိုးရွားရွားသက်ရောက်လာခဲ့သည်။သူကိုယ်တိုင်သည်လည်း သူ၏စွမ်းအားများမှ တန်ပြန်ဒဏ်ကြောင့် ပြင်းထန်သော ဒဏ်ရာအမြောက်အများရရှိခဲ့ပေ၏။မရေမတွက်နိုင်သောအသက်များနှင့် သူ့ကိုယ်သူကယ်တင်နိုင်ရန်အတွက် သူ့ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် ရင်းမြစ်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့ရသည်။ဤနေရာသို့ဝင်ရောက်လာပြီးနောက် သူသည် ချက်ချင်းဆိုသလိုပင် ထူထပ်သိပ်သည်းသော ရင်းမြစ်စွမ်းအားများ၏ တားဆီးကန့်သတ်ခြင်းကို ခံရကာ သူ၏ကျင့်ကြံဆင့်စွမ်းအားများကို အသုံးပြုနိုင်ခြင်းမရှိတော့ဘဲ သူ့၏ခန္ဓာကိုယ်အတွင်း၌ ချုပ်နှောင်ထားခြင်း ခံရလေ၏။
ဤအချိန်အခိုက်အတန့်၌ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားရုံသာမက သူ၏ခန္ဓာကိုယ်သည် သာမန်လူသားတစ်ယောက်၏ခွန်အားကိုသာ ထုတ်ဖော်အသုံးပြုနိုင်ပြီး ကြီးမားသောစွမ်းအားများကို အသုံးပြုနိုင်ခြင်း မရှိတော့ချေ။
မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားမရှိသည့် ဒုက္ခသည်တစ်ယောက်သည် ဆိုင်များတွင် စျေးမဝယ်နိုင်သည့်အပြင် တည်းခိုခန်းတစ်ခုတွင် နေထိုင်နိုင်ခြင်းလည်းမရှိချေ။ထိုလူသည် အမြဲတစေ အသတ်ခံရမည့် သို့မဟုတ် ဖမ်းဆီးခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ကျန်းရွှမ်သည်လည်း ချွင်းချက်မဟုတ်ခဲ့ချေ။ပိုင်ယန်မြို့အတွင်းသို့ ဝင်ရောက်ပြီးနောက် သူ့အား မိုအိမ်တော်မှခေါ်ဆောင်သွားခဲ့ကာ ဂုဏ်ကျက်သရေရှိစွာဖြင့် မြင်းထိန်သမားတစ်ယောက် ဖြစ်လာပေ၏။
လောကကြီး၏ဆရာသခင်တစ်ယောက်ဖြစ်သော သူအနေဖြင့် မြင်းများကိုထိန်းကျောင်းရခြင်းသည် အသေးအမွှားပင်။အတိတ်တွင် စွန်းဝူခုံးပင်လျှင် မြင်းထိန်းခဲ့ရသောအချိန်များ ရှိခဲ့သည်။သို့ရာတွင် သူသည် မြင်းတကောင်၏ကန်ကျောက်ခြင်းကို ခံခဲ့ရသည်မှာမူ ရှက်ရွံ့ဖွယ်ရာကိစ္စတစ်ရပ်ပင်။
ဤသည်မှာ မိုအိမ်တော်၏သခင်မလေး မိုယန်ရွှယ်၏မြင်းဖြစ်ကာ ဆုရှင်းဟု အမည်ရသည်။ဤမြင်းသည် ယခုအချိန်၌ အသက်သုံးနှစ်သာရှိသေးသော်လည်း အလွန်တက်ကြွဖြတ်လတ်သည်။ဆုရှင်းသည် ချည်နှောင်ခြင်းကို ခွင့်မပြုသည့်အပြင် သူ၏အစားအစာများကိုလည်း လုယူခဲ့ပေရာ ရလဒ်အနေဖြင့် ပဋိပက္ခအနည်းငယ် ဖြစ်ပွားလာခဲ့သည်။
ကျန်းရွှမ်သည် ဤကိစ္စကို သုံးရက်ဆက်တိုက်သည်းခံခဲ့သည် တစ်ကြိမ်နှစ်ကြိမ်မဟုတ်ဘဲ သုံးကြိမ်အထိပင်။သို့ရာတွင် လေးကြိမ်မြောက် ဖြစ်ပွားလာချိန်၌ နယ်မြေတစ်ခု၏အရှင်သခင်ဖြစ်ခဲ့သော သူ့အနေဖြင့် အရေးယူရန် ဆုံးဖြတ်ခဲ့သည်။ဤသို့ဖြင့် အဆုံးသတ်၌ မြင်းကန်ခြင်းခံရကာ သူ၏မျက်နှာ ဖူးယောင်သွားပြီး ယခုအချိန်၌ ပန်ဒါဝက်ဝံတစ်ကောင်နှင့်တူနေကာ သူ့၏ဒဏ်ရာများ ပို၍ဆိုးရွားသွားသည်။
"တကယ်လို့ ငါသာ ဒဏ်ရာရမနေဘူးဆိုရင် ငါမင်းကို သတ်နိုင်မှာ သေချာတယ်"
သူ့၏မျက်နှာကို စိုစွတ်သောမျက်နှာသုတ်ပဝါဖြင့် ပွတ်သပ်ပြီးနောက် များစွာပို၍ ကောင်းမွန်သွားသည်ဟု သူ ခံစားမိလေ၏။သူသည် ယနေ့တွင်လည်း ထပ်မံ၍ ဆာလောင်နေရအုံးမည်ကို တွေးတောပြီး စိုးရိမ်ပူပန်နေစဉ်မှာပင် သူ့ထံသို့ အလျှင်အမြန်လျှောက်လှမ်းလာသော ခြေလှမ်းသံများကို ကြားမိသည်။
မြင်းဇောင်းအတွင်းသို့ လူနှစ်ယောက် ဝင်ရောက်လာသည်။
ဤသည်မှာ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ပင်။ဦးဆောင်သူမှာ အသက်၁၆နှစ်၁၇နှစ်ခန့်သာရှိသော မိန်းကလေးဖြစ်ပေ၏။သူမသည် အစိမ်းရင့်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ဖရဲစေ့ပုံသဏ္ဍာန်မျက်နှာရှိပြီး သူမ၏မျက်ခုံးတစ်စုံသည် ဂုဏ်သိက္ခာကြီးမားသော တင့်တယ်မှုကို ပေါ်လွင်စေသည်။သူမ၏မျက်လုံးတစ်စုံသည် ခံစားချက်ကင်းမဲ့သော အရိပ်အယောင်များဖြင့် အေးစက်နေပေ၏။ဤသည်မှာ ဆုရှင်း၏ပိုင်ရှင်ဖြစ်ပြီး မိုအိမ်တော်၏သခင်မလေးဖြစ်သောမိုယန်ရွှယ်မှတပါး တခြားသူမဟုတ်ချေ။
သူမ၏နံဘေးရှိ လူသည် ပေါင်နှစ်ရာကျော်ဝကာ ကျဉ်းမြောင်းသောမျက်လုံးများနှင့် နှုတ်ခမ်းမွှေးများရှိသည်။ဤသည်မှာ ကျန်းရွှမ်ကို ဤနေရာသို့ ပထမဆုံးခေါ်ဆောင်လာခဲ့သည် အိမ်တော်ထိန်းဖုန်ကျင်းပင်။
"သေစမ်း..."
ကျန်းရွှမ်၏မျက်ခွံများ တုန်ရီသွားသည်။
သူသည် အကန်ခံရသဖြင့် ဒေါသထွက်သွားသောကြောင့် ဆုရှင်းကို ချည်နှောင်ထားခဲ့သည်။ ယခုအချိန်၌ ဤကိစ္စကို သူတို့မြင်တွေ့သွားပြီဖြစ်သောကြောင့် ပြဿနာများ ရှိလာနိုင်သည်။ သူ မျှော်လင့်ထားသကဲ့သို့ပင် မြင်းအားချည်နှောင်ထားသည်ကို မြင်တွေ့ချိန်၌ ဖုန်ကျင်း၏မျက်နှာ သုန်မှုန်သွားကာ ကျယ်လောင်စွာအော်ငေါက်လိုက်၏။
"ကျန်းရွှမ်....မင်းလို နိမ့်ကျတဲ့လက်အောက်ငယ်သားတစ်ယောက်က ဘယ်လိုသတ္တိမျိုးနဲ့ ဆုရှင်းကို ချည်နှောင်ထားဝံ့တာလဲ...မင်းက သေချင်နေတာလား"
"ငါက အခန်းကို သန့်ရှင်းရေးလုပ်နေတာကြောင့် ဆုရှင်း အနှောက်အယှက်ဖြစ်သွားမှာကို စိုးရိမ်လို့ပါ"
ကျန်းရွှမ်က အလျင်စလိုရှင်းပြသည်။
"ပါးစပ်ပိတ်ထားစမ်း....မြင်းထိန်းသမားတစ်ယောက်က စည်းမျဉ်းတွေကို လိုက်နာရမယ် ....မင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့အခွင့်အာဏာမျိုး ရှိတယ်လို့ မင်း ထင်နေတာလား "
အေးစက်တင်းမာသောအသံနှင့် ဖုန်ကျင်းကပြောဆိုသည်။
"ငါ မင်းကို ပြောမယ်...သခင်မလေးက မနက်ဖြန်ကျရင် ရင်းမြစ်ရေအိုင်အကဲဖြတ်မှုအတွက် အဖြူရောင်ကျောက်တုံးကျောင်းတော်ကိုသွားပြီး သတင်းပို့ရတော့မယ်...ဒီကိစ္စကို ဖြတ်ကျော်နိုင်တာနဲ့ သခင်မလေးက ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းပြီးတော့ မြင့်မားတဲ့အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်....တကယ်လို့ မင်းကြောင့် ဆုရှင်း တစ်ခုခုဖြစ်သွားရင် သခင်မလေးရဲ့အရေးကြီးတဲ့ကိစ္စကို ထိခိုက်သွားနိုင်တယ်....ဒါဆိုရင် မင်းမှာ အသက်အချောင်းတစ်ရာရှိနေရင်တောင် ဒီကိစ္စကို ပြန်ဖြည့်ဆည်းပေးဖို့ လုံလောက်မှာ မဟုတ်ဘူး"
ကျန်းရွှမ်သည် ဇဝေဇဝါဖြစ်သွားလေ၏။
"ရင်းမြစ်ရေအိုင် အကဲဖြတ်ခြင်းလား"
ဖုန်ကျင်းက တုံ့ပြန်သည်။
"အမှန်ပဲ ...ကျင့်ကြံနိုင်ဖို့အတွက် အရင်ဆုံး မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ရင်းမြစ်ရေအိုင်ကို ရှာဖွေပြီးတော့ အောင်မြင်အောင်ဖွင့်နိုင်ရမယ်...သခင်မလေးက အဲ့ဒီကိစ္စကို လုပ်နိုင်ခဲ့တာကြောင့် သူကအစစ်အမှန်ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့အတွက် အကဲဖြတ်စစ်ဆေးမှုကိုခံရဖို့ အရည်အချင်းပြည့်မီတယ်"
'ငါ ဒါကို မှတ်ထားရမယ်'
ကျန်းရွှမ်သည် 'ရင်းမြစ်ရေအိုင်'နှင့် 'ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု'ဟူသော အရာများကို သူ၏စိတ်အတွင်း၌ အလျှင်အမြန်မှတ်သားလိုက်၏။
ဖုန်ကျင်း ဆက်လက်၍ စကားပြောဆိုတော့မည့် အချိန်မှာပင် မိုယန်ရွှယ်က ရုတ်တရက်စကားပြောဆိုလိုက်ကာ သူမ၏အသံသည် အေးစက်တင်းမာနေပေ၏။
"ငါက ဆုလာဘ်နဲ့ပြစ်ဒဏ်ကို ခွဲခြားထားတယ် ....ငါက ကြုံရာလူကို ဆုမချီးမြှင့်တဲ့အပြင် တမင်သက်သက် နာကျင်အောင်လည်း မလုပ်ဘူး....ဆုရှင်းရဲ့အင်္ကျီက တောက်ပြောင်ပြီးတော့ သူ့ရဲ့အရွတ်တွေက သန်မာနေတယ်...သူရဲ့မျက်လုံးကလည်း တောက်ပနေတယ်...ဒါကြောင့် နင်က သူ့ကို မနှိပ်စက်ခဲ့ဘူးလို့ ညွှန်ပြနေတာပဲ...ဒါပေမဲ့ မြင်းထိန်းသမားတစ်ယောက်ဖြစ်တဲ့ နင်က စည်းမျဥ်းတွေကို မလိုက်နာဘဲနဲ့ နင့်သဘောနဲ့နင် ဆုံးဖြတ်ချက်ချခဲ့တယ်....တကယ်လို့ လူတိုင်းက အဲ့ဒီလိုလုပ်နေမယ်ဆိုရင် မိုမိသားစုက ဖရိုဖရဲဖြစ်သွားမှာ မဟုတ်လား....တခြားလူတွေကို သတိပေးတဲ့အနေနဲ့ နင် ထမင်းသုံးနပ် မစားရဘူး"
"ဟုတ်ကဲ့"
ဖုန်ကျင်းက အလျှင်အမြန်ခေါင်းညိတ်ပြကာ သူ၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးမှုများဖြင့် ပြည့်နှက်နေသည်။
"သခင်မလေးက အရမ်းသဘောကောင်းတာပဲ"
"သူက ဘာကောင်မှမဟုတ်ဘူး...သူ့အပေါ်မှာ အရမ်းအာရုံစိုက်ပြီးတော့ အချိန်ဖြုန်းဖို့ မလိုဘူး"
မြင်း၏ပန်းရောင်လည်ပင်းကို ညင်သာစွာပွတ်သပ်ပြီးနောက် မိုယန်ရွှယ်က ကျန်းရွှမ်ကိုကြည့်ပြီး ပြောဆိုသည်။
"အခုက ဆောင်းရာသီကို စဝင်နေပေမယ့် ရာသီဥတုက ပူနေတုန်းပဲ...နင်က သူ့ကို ယပ်ခတ်ပေးဖို့နဲ့ရေချိုးဖို့အတွက် တာဝန်ယူရမယ်...တကယ်လို ဆုရှင်းက အပူချိန်ကြောင့် စိတ်အခြေအနေမကောင်းတာကို ငါ ရှာတွေ့ရင် ထမင်းမကျွေးတာလောက်နဲ့ ပြီးမယ့်ကိစ္စ မဟုတ်တော့ဘူး...နင့်ကိုဆွဲထုတ်ပြီးတော့ သေတဲ့အထိ ရိုက်ရလိမ့်မယ်...နင့်လို နိမ့်ကျတဲ့မြင်းထိန်းတစ်ယောက်အတွက် ဘယ်သူကမှ ရှေ့ထွက်ပြီး ပြောပေးမှာမဟုတ်ဘူး"
ကျမ်းရွှမ်က ခေါင်းညိတ်လိုက်၏။
"သခင်မလေး ဘာမှစိတ်မပူပါနဲ့...ငါက အကောင်းဆုံးကြိုးစားပါ့မယ်"
မိုယန်ရွှယ်က ညွှန်ကြားချက်များပေးပြီးနောက် လှည့်ထွက်သွားသည်။သူမသည် မြင်းဇောင်းနံဘေးမှ ဖြတ်သွားချိန်၌ သူမ၏မြင်းအား လျစ်လျူရှုထားခံရမည်ကို စိုးရိမ်သဖြင့် ဝင်ကြည့်ခြင်းဖြစ်သည်။ဆုရှင်းအား ကောင်းစွာဂရုစိုက်ခံထားရသည်ကို မြင်တွေ့ချိန်၌ သူမ စိတ်အေးသွားပေ၏။
မကြာမီမှာပင် ဖုန်ကျင်းသည် တစ်စုံတစ်ယောက်ကိုစေလွှတ်ပြီး မြင်းစာလှည်းတစ်စီးကို ပို့လိုက်သည်။ထိုအရာကို လာရောက်ပို့ဆောင်သောလူသည် ဝူရှန်းဟု အမည်ရသည့် အသက်သုံးဆယ်အရွယ် အစေခံတစ်ယောက်ဖြစ်ပြီး မိုမိသားစု၌ အလုပ်လုပ်ကိုင်နေသည်မှာ ဆယ်နှစ်ကျော်ရှိနေလေပြီ။သူသည် မကြာခဏ ကျန်းရွှမ်၏အစားအစာများကို ဖြတ်လုလေ့ရှိသည်။
ဝူရှန်းသည် ကျန်းရွှမ်၏တိုက်ရိုက်ကြီးကြပ်ရေးမှူးဖြစ်သော်လည်း အမြဲတစေစည်းကမ်းတင်းကြပ်ကာ သူတို့အကြား၌ ပြောဆိုဆက်ဆံဖူးသည်မှာ အကြိမ်ရေအနည်းငယ်သာရှိသည်။ကျန်းရွှမ်သည် သူ၏သိချင်စိတ်များကို ထိန်းချုပ်မထားနိုင်တော့သဖြင့် မေးမြန်းလိုက်၏။
"အိမ်တော်ထိန်းဖုန်းက 'ရင်းမြစ်ရေအိုင်နဲ့ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု' အကြောင်းပြောတာကို ငါ ကြားခဲ့တယ်...အဲ့ဒါတွေက ဘာကို ဆိုလိုတာလဲ"
"ဒါတွေက ကျင့်ကြံခြင်းနဲ့ဆိုင်တဲ့ အရာတွေပဲ"
ဝူရှန်းသည် အမြဲတစေ စကားပြောရခက်သော်လည်း ဤကိစ္စများသည် လျှို့ဝှက်ချက်များ မဟုတ်ချေ။အကယ်၍ သူ ပြောမပြလျှင်လည်း တခြားလူများကို မေးမြန်းနိုင်သောကြောင့် သူသည် ထိုကိစ္စကို ဖုံးကွယ်ထားခြင်းမရှိချေ။
"ရင်းမြစ်စွမ်းအားက ကျင့်ကြံခြင်းလောကမှာ အခြေခံအကျဆုံးစွမ်းအားပဲ...ဒါက ကမ္ဘာလောကတွေကို ဖန်တီးနိုင်ပြီးတော့ အကန့်အသတ်မဲ့တဲ့စွမ်းအားနဲ့ အရာရာတိုင်းကို ပြောင်းလဲနိုင်တယ်...ဒီလိုမျိုးအစွမ်းထက်တဲ့ စွမ်းအားတစ်ရပ်ကို ထိန်းချုပ်ဖို့ မလွယ်ကူတာကြောင့် အထူးနည်းလမ်းတွေ လိုအပ်တယ်....."
အချိန်တခဏကြာခန့် နားထောင်ပြီးနောက် ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားပေ၏။
ရင်းမြစ်စွမ်းအားသည် သူ၏ကျင့်ကြံဆင့်ထက်ပင် သာလွန်သောစွမ်းအားကို ပြသရန်လုံလောက်သည်။သာမန်လူများသည် ထိုစွမ်းအားကိုစုပ်ယူပါက ပြင်းထန်သောအဆိပ်ကိုသောက်မိသည့်အလား ချက်ချင်းသေဆုံးသွားပေမည်။
ရင်းမြစ်ရေအိုင်သည် ဤစွမ်းအားကို သိုလှောင်သောနေရာဖြစ်ကာ ဆရာသခင်ကုန်းမြေပေါ်ရှိ ကျင့်ကြံခြင်းအရာ၌ အသုံးပြုသောဒန်တျန်နှင့်ဆင်တူသည်။
"ရင်းမြစ်စွမ်းအားကို အဆင့်ကိုးဆင့် ပိုင်းခြားထားတယ်....နဝမအဆင့်က အနိမ့်ဆုံးဖြစ်ပြီးတော့ ပထမအဆင့်က အမြင့်မားဆုံးပဲ...ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုက မင်းမှာရှိတဲ့ ရင်းမြစ်ရေအိုင်အဆင့်ကို စမ်းသပ်တာပဲ...အဆင့်ပိုမြင့်လေလေ မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက ပိုပြီးမြင့်မားလေလေပဲ"
နောက်ဆုံး၌ ဝူရှန်းက သရော်တော်တော်ပြောဆိုသည်။
"မင်းက ရင်းမြစ်ရေအိုင်ဆိုတာ ဘာလဲတောင်မသိဘဲနဲ့ ကျင့်ကြံနိုင်ဖို့ မမျှော်လင့်နဲ့...အစေခံက အစေခံလိုနေ....ဖီးနစ်တစ်ကောင်ဖြစ်ဖို့ အိပ်မက်မက်မနေနဲ့....မိုမိသားစုက ကျင့်ကြံခြင်းနည်းစနစ်တွေ ကျင့်ကြံတာကို တားမြစ်မထားဘူးဆိုပေမယ့် ခွင့်ပြုချက်မရှိဘဲနဲ့ မင်းက တိတ်တိတ်လေးကျင့်ကြံမယ်ဆိုရင် ဖမ်းမိတာနဲ့ အသတ်ခံရလိမ့်မယ်"
ဝူရှန်း ပြန်သွားပြီးနောက် ကျန်းရွှမ်သည် အတွေးများအတွင်း၌ နစ်မြောသွားပေ၏။
ကြည့်ရသည်မှာ ဤလောကကြီးအတွင်း၌ ဆရာကြီးတစ်ယောက် ဖြစ်လာရန်မှာ သူ တွေးထင်ထားသကဲ့သို့ လွယ်ကူမည့်ပုံမရချေ။
ရင်းမြစ်ရေအိုင်ကိုရှာဖွေပြီး ဖွင့်လှစ်ရန် တစ်ခုတည်းဖြင့် သူ့အတွက် ခက်ခဲသောကိစ္စတစ်ရပ် ဖြစ်နေလေပြီ။
"ငါက အရင်ဆုံး ကျင့်ကြံနည်းစနစ်တစ်ခုကိုရှာဖို့ လိုတယ်...ပြီးတော့မှ ငါနဲ့ ကိုက်ညီအောင် ပြုပြင်မွမ်းမံရမယ်"
ဤလောကကြီးအတွင်းရှိ ကောင်းကင်ဘုံလမ်းကြောင်းသည် ကောင်းကင်ဘုံနှင့် လုံးလုံးလျားလျားကွဲပြားခြားနားနေသည်။ ကောင်းကင်ဘုံလမ်းကြောင်းမှ ကျင့်ကြံနည်းစနစ်များနှင့် ကောင်းကင်ဘုံစာကြည့်တိုက်သည်လည်း အသုံးဝင်မည်မဟုတ်ချေ။ဤအချိန်အခိုက်အတန့်တွင် သူသည် ဆရာသခင်ကုန်းမြေသို့ ပထမဆုံး ကူးပြောင်းလာစဉ်ကထက် ပို၍ခက်ခဲသောအခြေအနေ၌ ရှိနေသည်။
အတိတ်တွင် သူထံ၌ အနည်းဆုံးအနေဖြင့် ဆရာတစ်ယောက်ဟူသော အဆင့်အတန်းရှိခဲ့သည်။ ယခုအချိန်၌ သူသည် မြင်းထိန်းသမားတစ်ယောက်သာဖြစ်လေရာ...မည်မျှထိ စိတ်ပျက်ဖွယ်ကောင်းသနည်း။
ကျန်းရွှမ်သည် မလိုလားသောအတွေးများကို ဖယ်ရှားရန် သူ၏ခေါင်းကိုခါးယမ်းရင်း အမှတ်တမဲ့ဖြင့် မြင်းအား ကြိုးဖြည်ပေးလိုက်သည်။
ဟီး....
ဆုရှင်းသည် ဟီလိုက်ကာ သူ၏ရှေ့ခြေကိုမြှောက်ပြီး ကျန်းရွှမ်ထံဦးတည်ကာ ထပ်မံ၍ကန်လိုက်သည်။
သူ့အား အချိန်ကြာမှလွှတ်ပေးသဖြင့် အနည်းငယ်ဒေါသထွက်နေသည်မှာ သိသာထင်ရှားလှ၏။
"လူကောင်းတယောက်က မြင်းတကောင်နဲ့ မတိုက်ခိုက်ဘူး...ငါ သည်းမခံလို့မရဘူး...ငါက သိုသိပ်တဲ့အနေအထားကို ထိန်းသိမ်းထားရမယ်"
ကျန်းရွှမ်သည် ထိုတိုက်ခိုက်မှုကိုရှောင်တိမ်းရန် သူ၏ခန္ဓာကိုယ်ကို တိမ်းစောင်းလိုက်စဉ်မှာပင် အတွေးတစ်ခု ရုတ်တရက် ရရှိသွားသည်။
"ရင်းမြစ်စွမ်းအားက ဆရာသခင်ကုန်းမြေပေါ်က စိတ်ဝိညာဉ်စွမ်းအားနဲ့တူတယ်...အဲ့ဒါကို သန့်စင်ပြီးတာနဲ့ အစစ်အမှန်စွမ်းအားတွေ ရလာနိုင်တယ်....ငါ ဖန်တီးခဲ့တဲ့ ကမ္ဘာလောကအသစ်ကလည်း ရင်းမြစ်စွမ်းအားတွေကို စုပ်ယူနိုင်တယ်...ဒါကြောင့် ငါက သန့်စင်ထားတဲ့ စွမ်းအားတွေကို အစစ်အမှန်စွမ်းအားအနေနဲ့ တိုက်ရိုက်အသုံးပြုနိုင်လောက်တယ်"
ဤအတွေးသည် သူ၏စိတ်အတွင်း၌ တစ်ကြိမ်ထွက်ပေါ်လာပြီးနောက် ကြီးထွားလာကာ ဖိနှိပ်ထားနိုင်စွမ်း မရှိတော့ချေ။
အတွေးတစ်ချက်နှင့်အတူ ကျန်းရွှမ်ဖန်တီးထားသော ကမ္ဘာလောကအသစ်သည် စတင်၍အသက်ဝင်လာကာ အထူးရင်းမြစ်စွမ်းအားတစ်ရပ်က သူ၏လက်ဝါးထံသို့ ပျံ့နှံ့လာသည်။
ဤအချိန်အခိုက်အတန့်တွင် ဆုရှင်း၏ခွာသည် ရီဖုန်း၏ရှေ့သို့ ကျရောက်လုဆဲဆဲ ဖြစ်နေလေပြီ။မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ကျန်းရွှမ်သည် သူ၏လက်ဝါးကို ရှေ့သို့ညင်သာစွာတွန်းလိုက်ရာ စွမ်းအားများ တလိမ့်လိမ့်ထွက်လာသည်။
ဘန်း....
လေထုအတွင်း၌ ကြာပွတ်ရိုက်သံအလား ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာကာ လေဟာနယ်ကွဲအက်သွားပုံရသည်။ဆုရှင်း၏မျက်လုံးအတွင်း၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ စူးရှသောအော်သံတစ်သံနှင့်အတူ နောက်သို့ဆယ်မီတာခန့် လွင့်ထွက်သွားသည်။မြင်းသည် မြေပြင်နှင့် ပြင်းပြင်းထန်ထန်တိုက်မိပြီး လည်လိမ်သွားကာ အသက်ရှုရပ်တန့်သွားပေ၏။
"သေ...သေသွားတာလား..."
ကျန်းရွှမ်၏အမြင်အာရုံ မှောင်မည်းသွားကာ သူငိုချင်စိတ်ပေါက်သွားသည်။
သူသည် သိုသိပ်သောအနေအထားကို ထိန်းသိမ်းထားသည် မဟုတ်လော...
မည်သည်ကြောင့် ဤကဲ့သို့ကိစ္စများသည် အလျှင်အမြန် ကြီးထွားလာသနည်း...
ကံတရား၏ရိုက်ချက်ကြောင့် သူ၏သာမန်ကာလျှံကာ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် အမြဲတစေ မောက်မာထောင်လွှားနေသောမြင်းကို မမျှော်လင့်ဘဲ သတ်ခဲ့မိလေ၏။
ဤသည်မှာ အလွန်ဆိုရွားကာ သူ ပြဿနာကြီးတစ်ခုကို ရှာမိလေပြီ။
သခင်မလေးမိုသည် ဤမြင်းကို ရတနာတစ်ပါးအလား ဆက်ဆံနေသည်။ဤမြင်း၏စိတ်အခြေအနေ မကောင်းလျှင်ပင် သူ့အားသတ်ဖြတ်မည်ဟု ခြိမ်းခြောက်သွားပေ၏။ အကယ်၍ သူသည် ဆုရှင်းကိုသတ်လိုက်သည်အား သူမ သိသွားပါက မိုအိမ်တော်အတွင်းမှ အရှင်လတ်လတ် ထွက်သွားနိုင်ရန် သူ့အတွက် အခွင့်အရေးရှိမည်မဟုတ်ချေ။
မဟုတ်သေး...
သူသည် ထွက်ပြေးရန်အတွက် နည်းလမ်းတစ်ခုကို ကြိုတင်၍ရှာဖွေရပေမည်။