မြင်းတစ်ကောင်၏ လှောင်ပြောင်ခြင်းကိုခံရခြင်း
Vol. 1 Ch. 7
ရင်းမြစ်ဒင်္ဂါးများသည် ဤကမ္ဘာ၏ ငွေကြေးစနစ်ပင်။မြင်းထိန်းတစ်ယောက်ဖြစ်သော သူ့အနေဖြင့် လစာငွေသည် ဒင်္ဂါးနှစ်ရာသုံးရာခန့်သာ ရရှိပေ၏။ယှဉ်ပြိုင်ခြင်းဖြင့် ရင်းမြစ်ဒင်္ဂါးတစ်ရာကို အနိုင်ရနိုင်သည့်အခွင့်အရေး ရှိနေလေရာ ဤကမ်းလှမ်းမှုကို အရူးတစ်ယောက်ကသာ ငြင်းဆန်ပေမည်။
ယခင်ကဆိုလျှင် သူ အတပ်ပြောဆိုနိုင်မည် မဟုတ်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ ဆုရှင်းသည် သေဆုံးပြီးဖြစ်သည်။စိတ်ဝိညာဉ်ဆင့်ခေါ်ခြင်းနည်းစနစ်ကြောင့် မြင်းသည် လမ်းလျှောက်ပြီး ခုန်ပေါက်နိုင်သည်မှာ ကျေးဇူးတင်ဖွယ် ကောင်းနေလေပြီ။သာမာန်သတ်ဖြတ်ခြင်းအရှိန်အဝါများသည် မြင်းကို ထိတ်လန့်သွားစေမည် မဟုတ်သည့်အပြင် အကယ်၍ စစ်မြေပြင်နှင့် ရင်ဆိုင်ရလျှင်ပင် မြင်းသည် ခြေတစ်လှမ်းမျှ နောက်ဆုတ်သွားမည် မဟုတ်ချေ။
ကျန်းရွှမ် သဘောတူညီလိုက်သည်ကိုကြည့်ပြီး မိုယန်ရွှယ်၏နှုတ်ခမ်းထောင့် မြင့်တက်သွားသည်။သို့ရာတွင် မြင့်မြတ်သောသခင်မလေးတစ်ယောက်ဖြစ်သဖြင့် သူမ၏အမူအယာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိဘဲ သူမ၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။
"လျှူမင်ယွဲ့ သူ ပြောတာကို နင် ကြားတယ်နော်...နင်က ငါတို့နဲ့ ပြိုင်ချင်တယ်...ငါက ပိုပြီးတောင် ဆန္ဒရှိသေးတယ်"
"အရမ်းကောင်းတယ်...နင် မပြိုင်ရဲမှာကိုပဲငါက စိုးရိမ်နေခဲ့တာ"
လျှူမင်ယွဲ့၏မျက်လုံးများ တောက်ပသွားသည်။
သူမသည် ဤယှဥ်ပြိုင်မှုကို ရွေးချယ်ခဲ့ခြင်းမှာ သူမ၏သောက်လီအပေါ် အကြွင်းမဲ့ယုံကြည်ထားသောကြောင့်ပင်။အစစ်အမှန်စစ်မြေပြင်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ စစ်မှန်သော သတ်ဖြတ်ခြင်အရှိန်အဝါဖြင့် ထိန်းညှိခံထားရသော သောက်လီသည် သာမာန်မြင်းတစ်ကောင်ကို အနိုင်မယူနိုင်ပါက အရှက်ရဖွယ်ဖြစ်ပေမည်။
မသိသာမထင်ရှားသော မြင်းထိန်းကို တစ်ချက်စောင်းငဲ့ကြည့်ပြီး သူမက လှောင်ပြောင်သရော်လိုက်သည်။
"အဲ့ဒီကောင်ကို ဆုံးဖြတ်ခိုင်းတာလား...နင် နောင်တရစေရမယ်"
ယုဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး တီးတိုးပြောဆိုသည်။
"မိန်းကလေးမို ဒီကိစ္စကို အလျင်စလိုသဘောတူလိုက်တာက နည်းနည်းတော့ အဆင်အခြင်မဲ့တယ်..အဲ့ဒီလို မလုပ်လို့ မရဘူးလား"
"တကယ်လို့ ငါတို့ ရှုံးသွားရင်တောင် ငါတို့က သူ့ကို အပြစ်ပေးရုံပဲ..."
မိုယန်ရွှယ်က ရယ်မောပြီးပြောဆိုသည်။
ယုဖုန်းသည် ကြက်သေသေသွားပြီးနောက် သူမ၏လိမ္မာပါးနပ်မှုကို နားလည်သဘောပေါက်သွားသည်။သူသည် ထိုမိန်းကလေးကို လေးလေးနက်နက် တချက်ကြည့်လိုက်၏။
ဤအခြေအနေအရ ယှဥ်ပြိုင်ခြင်းမပြုလျှင် သူတို့၏နာမည်ဂုဏ်သတင်းကို ထိခိုက်စေနိုင်သော်လည်း ရှုံးနိမ့်သွားပါက ပို၍ဆိုးရွားသွားပေမည်။အစေခံတယောက်ကို ဆုံးဖြတ်ခွင့်ပြုလိုက်ခြင်းဖြင့် ရှုံးနိမ့်မှုအတွက် မည်သည့်ကဲ့ရဲ့ပြစ်တင်မှုမဆို သူ့အပေါ်တွင်သာ ကျရောက်သွားကာ သူမသည် အရှက်ရမည့်ဘေးမှ လွတ်ကင်းသွားပေမည်။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အနိုင်ရခြင်းဖြစ်သဖြင့် သူမ၏ ဉာဏ်ပညာကြီးမားမှုကို မီးမောင်းထိုးပြနေခြင်းပင်။
ဤနည်းဗျူဟာမှတဆင့် သူမသည် အဖြူရောင်ကျောက်တုံးမြို့၌ မည်သည်ကြောင့် ပါရမီရှင်တစ်ယောက်ဟု နာမည်ကျော်ကြားသည်ကို ပြသနိုင်သည်။
ယုဖုန်းက သူ၏ညီမထံသို့ ပြန်လှည့်ကြည့်လိုက်သည်။ယုရှောင်ယွီသည် ဆုရှင်း၏နံဘေး၌ မတ်တတ်ရပ်နေပြီး တခြားမိတ်ကလေးနှစ်ယောက်အကြားရှိ ပဋိပက္ခကို တိတ်တဆိတ်အားပေးနေသည်အား သူ မြင်တွေ့မိသည်
ယုဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
သူ၏ညီမသည် အဖြူရောင်ကျောက်တုံးမြို့၏ အလှပဂေးသုံးယောက်အနက် တစ်ယောက်ဖြစ်သော်လည်း ကွာဟွချက်အလွန်ကြီးမားနေသည်။
"စကြစို့"
တစ်ဖက်လူ၏ စိတ်ဓာတ်ကျနေမှုကို လျစ်လျူရှုပြီး လျှူမင်ယွဲ့က သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အသားမည်းသော အစေခံတယောက် ရောက်ရှိလာပြီး လေးစားသောအမူအယာဖြင့် မိုယွင်ကျောက်စိမ်းကို ယူလိုက်သည်။သူ့၏လက်အတွင်းမှနေ၍ မီးခိုးပြာရောင်စွမ်းအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာတာ ကျောက်တုံးတစ်ခုလုံးကို လုံးလုံးလျားလျား လွှမ်းခြုံသွားပေ၏။
"ဒါက ရင်းမြစ်စွမ်းအားပဲ ဖြစ်မယ်"
ကျန်းရွှမ်က တွေးတောလိုက်သည်။
ဆရာသခင်ကုန်းမြေတွင် သူတို့သည် အစစ်အမှန်စွမ်းအားကို ကျင့်ကြံခဲ့သည်။ရင်းမြစ်ကမ္ဘာတွင် ရင်းမြင့်ရေအိုင်မှတဆင့် ရင်းမြစ်စွမ်းအင်များကို ရင်းမြစ်စွမ်းအားများအဖြစ် သန့်စင်ကာ တစ်စုံတစ်ယောက်အား ပို၍သန်မာအားကောင်းစေပြီး လောကကြီးအတွင်း၌ လှည့်ပတ်သွားလာစေနိုင်သည်။
ဤအစေခံသည် ရင်းမြစ်စွမ်းအင်ကို သန့်စင်နိုင်သည့် 'ရင်းမြစ်စစ်သည်တော်'ဟုခေါ်ဆိုသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားသည်။
ရင်းမြစ်စွမ်းအားများ စိမ့်ဝင်သွားပြီးနောက် မိုယွင်ကျောက်စိမ်းသည် အသက်ဝင်လာပုံရကာ မြူခိုးများထွက်ပေါ်လာသည်။ထို့နောက် စစ်မြေပြင်နှင့်တူညီသော သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ရပ် ပျံ့နှံလာပေ၏။
ဝှစ်...
ထိုအရှိန်အဝါကိုခံစားမိချိန်တွင် ပြင်ပမှစောင့်ကြည့်နေသူများသည် သူတို့၏နှလုံးခုန်နှုန်းများမြန်လာကာ သူတို့၏နဖူးများမှ ချွေးများယိုစီးကျလာသဖြင့် ခြေလှမ်းပေါင်းများစွာ နောက်သို့ဆုတ်လိုက်ကြသည်။ထိုကြောင့် ကျယ်ပြန့်သော စက်ဝိုင်းပုံသဏ္ဍာန် မြေကွက်လပ်ကြီး ကြွင်းကျန်ခဲ့ပေ၏။
စစ်မြေပြင်၏ သတ်ဖြတ်ခြင်းအရှိန်အဝါသည် အားကောင်းသောကျင့်ကြံသူများအပေါ် သက်ရောက်မှုမရှိသော်လည်း ယခုချိန်ထိတိုင် စာရင်းမသွင်းရသေးသော ကျောင်းသားများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်။
မိုယွင်ကျောက်စိမ်းကို မြေပြင်ပေါ်၌ချထားပြီးနောက် လျှူမင်ယွဲ့က မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ကို ကြည့်လိုက်သည်။
"ငါ အရင်ဆုံးသွားပြီးတော့ နင်တို့ကို အဲ့ဒီနေရာမှာ စောင့်နေမယ်"
ထို့နောက် သူမသည် သောက်လီကိုစီးနင်းပြီး မိုယွင်ကျောက်စိမ်း၏အရှိန်အဝါအတွင်းသို့ ဝင်ရောက်သွားကာ မကြာမီမှာပင် ဆယ်မိတာအပိုင်းအခြားသို့ ရောက်ရှိသွားသည်။
ဤနေရာရှိ သတ်ဖြတ်ခြင်းအရှိန်အဝါသည် ထူထပ်သိပ်သသည်းခြင်းမရှိသော်လည်း မြင်းအများစုကို မတည်မငြိမ်ဖြစ်သွားစေရန် လုံလောက်သည်။
ယုရှောင်ယွီသည် ခြေတစ်လှမ်းရှေ့တက်ရန် ဟန်ပြင်လိုက်သော်လည်း မိုယန်ရွှယ်က သူမ၏ခေါင်းကိုခါယမ်းပြီး ကျန်းရွှမ်ကို ကြည့်လိုက်၏။
"ကျန်းရွှမ်...နင် သဘောတူပြီးမှတော့ မိန်းကလေးလျှူနဲ့ ယှဉ်ပြိုင်လိုက်ပါ"
"ဟုတ်ကဲ့"
ရင်းမြစ်ဒင်္ဂါးတစ်ရာကြောင့် ကျန်းရွှမ်သည် တွေဝေတုံ့ဆိုင်းခြင်း မရှိတော့ချေ။သူသည် ဆုရှင်းကိုကိုင်ကာ လျှူမင်ယွဲ့ထံသို့ ဦးတည်၍သွားပြီး မကြာမီမှာပင် ဆယ်မီတာအမှတ်အသားနေရာသို့ ရောက်ရှိသွားသည်။
"စစ်မြေပြင် အတွေ့အကြုံမရှိတဲ့ မြင်းထီးတစ်ကောင်ကများ...နင်က ငါနဲ့ ယှဉ်ပြိုင်ချင်တာလား...အိပ်မက်မက်နေလိုက်စမ်း"
လျှူမင်ယွဲ့သည် သရော်တော်တော်ပြောဆိုပြီး သောက်လီကို ရှေ့သို့တိုးရန် တိုက်တွန်းကာ တစ်ကြိမ်တည်းဖြင့် ရှေ့သို့ခြေလှမ်းငါးလှမ်း တိုးသွားခဲ့သည်။
ယခုအချိန်၌ မိုယွင်ကျောက်စိမ်းနှင့် ငါးမီတာအပိုင်းအခြားသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ပြင်းထန်သောသတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ရပ် တိုးဝင်လာသည်။သောက်လီပင်လျှင်အမှုမဲ့အမှတ်မဲ့ဖြင့် စတင်၍တုန်ရီလာပေ၏။
သောက်လီသည် စစ်မြေပြင်အတွေ့အကြုံရှိသော်လည်း သူ၏စိတ်ပိုင်းဆိုင်ရာဖိအားသည် အကန့်အသတ်နှင့် နီးကပ်နေလေပြီ။
"နင် ဒီနေရာထိ တိုးလာရဲလား"
လျှူမင်ယွဲ့က သူမ၏ခေါင်းကိုမော့ပြီး ခနဲ့တဲ့တဲ့ပြောဆိုသည်။
သတ်ဖြတ်ခြင်းအရှိန်အဝါသည် သူမပေါ်သို့လည်း သက်ရောက်နေသည့်တိုင် သောက်လီသည် စုပြုံခံထားရသဖြင့် သူမအား မသက်မသာဖြစ်မှုအနည်းငယ်ကိုသာ ခံစားရစေသည်။
"ငါ ကြိုးစားကြည့်မယ်"
ကျန်းရွှမ်၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာကာ ဆုရှင်းကို ဖြည်းညင်းစွာတို့ထိပြီး ဆယ်မီတာအပိုင်းအခြားအတွင်းသို့ ဝင်လိုက်သည်။
သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ရပ်သည် သူ၏စိတ်အတွင်းသို့ တိုးဝင်လာသော်လည်း သာမန်လူတစ်ယောက်အတွက် စိတ်ဖိစီးမှုကိုဖြစ်စေရုံသာလုံလောက်ပြီး အလွန်ထူထပ်သိပ်သည်းခြင်းမရှိချေ။
အမှန်အားဖြင့်...
ကျန်းရွှမ်အတွက် ဤသတ်ဖြတ်ခြင်းအရှိန်အဝါသည် အရေးမပါလှချေ။အကယ်၍ ယခုထက်ပို၍ အဆပေါင်းထောင်ချီသောင်းချီ ပို၍ပြင်းထန်လျှင်ပင် သူ့အား သက်ရောက်စေမည်မဟုတ်ချေ။သို့ရာတွင် သူသည် နှိမ့်ချနေတတ်သော မြင်းထိန်းတစ်ယောက်ဖြစ်သဖြင့် သူ၏သိုသိပ်သောအသွင်အပြင်ကို ထိန်းသိမ်းထားရန် လိုအပ်သည် သူ့ရှေ့သို့ သတ္တိရှိရှိ တိုးဝင်သွားပါက အလွန်သိသာထင်ရှားသွားပေမည်။
သူ၏စိတ်အတွင်း၌ ထိုအတွေးမျိုးရှိနေသဖြင့် သူသည် ဆုရှင်းကိုရပ်တန့်ရန် ထိန်းချုပ်ကာ နာကျင်စွာရုန်းကန်နေရသော အမူအယာမျိုး ပြသစေသည်။
သူသည် အလေးအနက်ထား၍ သရုပ်ဆောင်နေပေ၏။
"တကယ်တော့ ဆယ်မီတာအပိုင်းအခြားထဲကို သိသာထင်ရှားတဲ့ နာကျင်မှုမရှိဘဲ ဝင်နိုင်တာကတင် ဆုရှင်းက အဖိုးတန်မြင်းတကောင်ဆိုတာ အတည်ပြုနိုင်ပြီ"
"မိန်းကလေးမိုက ဒီမြင်းကို အရမ်းချစ်မြတ်နိုးတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါက အရမ်း အထင်ကြီးဖို့ကောင်းတယ်...ဒါပေမဲ့ မြင်းက အကန့်အသတ်ကို ရောက်နေပြီ..ဒီမြင်းက ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ စစ်မြေပြင်ကို မရောက်ဘူးတဲ့ မြင်းတကောင်က ဒီအကွာအဝေးထိပဲ ရောက်နိုင်လိမ့်မယ်"
အခြေအနေကို နားလည်သဘောပေါက်သော လူများသည် စတင်၍ခွဲခြမ်းစိတ်ဖြာလိုက်ကြ၏။
ထိုမှတ်ချက်စကားများကိုကြားချိန်၌ ယုဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။သူသည် စစ်မြေပြင်သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော်လည်း သတ်ဖြတ်ခြင်းအရှိန်အဝါ၏ဖိအားကို သူ ခံစားမိသဖြင့် စိတ်ပိုင်းဆိုင်ရာအပေါ် မည်မျှထိ သက်ရောက်မှုဖြစ်စေသည်အား သူ သိရှိပေ၏။ဆုရှင်းအတွက်ကမူ ဆယ်မီတာအပိုင်းအခြားအတွင်းသို့ ထိတ်လန့်ကြောက်ရွံခြင်းမရှိဘဲ ဝင်သွားနိုင်သည်ကပင် သူ မျှော်လင့်ထားသည်ထက်ကျော်လွန်နေလေပြီ။
မိုယန်ရွှယ်သည်လည်း စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူမသည် သူမ၏မြင်းအကြောင်းကို ကောင်းစွာသိရှိထားသဖြင့် ဤသည်မှာ သေးငယ်သောအောင်မြင်မှု မဟုတ်ချေ။ကြည့်ရသည်မှာ ကျန်းရွှမ်ထံ၌ အမှန်တကယ်ကို အရည်အချင်းတချို့ ရှိနေပုံရသည်။ထိုသို့မဟုတ်ပါက သူသည် ဤကဲ့သို့ မြင်းရိုင်းတစ်ကောင်ကို ယဥ်ပါးအောင် ပြုလုပ်နိုင်မည် မဟုတ်ချေ။
"ဒါက ရှုံးနေသေးပေမယ့်..."
မိုယန်ရွှယ်က တွေးတောလိုက်သည်။
"ဆယ်မီတာအပိုင်းအခြားထဲကို မြင်းကို အထိတ်တလန့်မဖြစ်စေဘဲ ဝင်သွားစေနိုင်တာကတင် အောင်မြင်မှုတစ်ခု ဖြစ်နေခဲ့ပြီ"
လျှူမင်ယွဲ့သည် ကြိုတင်ပြင်ဆင်ထားကာ ဤယှဥ်ပြိုင်ပွဲကို သဘောတူရန် သူမတို့အားရည်ရွယ်ချက်ရှိရှိရန်စပြီး သူမတို့အား အရှက်ရစေရန် ပြုလုပ်ခဲ့ကြောင်း သူမ နားလည်သဘောပေါက်သည်။သူမသည် အနိုင်ရရန်အတွက် တွေးတောမထားဘဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်မသွားစေရန်ကိုသာ မျှော်လင့်ခဲ့ပေ၏။
"ဒီအကွာအဝေးထိရောက်အောင် တောင့်ခံနိုင်ခဲ့သားပဲ..ဒီလိုမြင်းတစ်ကောင်က ငါ့ရဲ့မြင်းကို ယှဉ်ပြိုင်ရဲတာလား"
ဆုရှင်း ရပ်တန့်လိုက်သည်ကို မြင်တွေ့ချိန်၌ လျှူမင်ယွဲ့က လှောင်ပြောင်သရော်လိုက်သည်။သို့ရာတွင် သူမ၏စကား အဆုံးမသတ်သေးမီမှာပင် တုံ့ဆိုင်နေသောဆုရှင်းသည် ခေါင်းကိုခါယမ်းပြီး ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းလာသည်။
ခြေလှမ်းတစ်လှမ်း...မြင်း၏မျက်နှာ ရှုံ့မဲ့သွားသည်။
ခြေလှမ်းနှစ်လှမ်း....မြင်း၏မျက်နှာ ပုံပျက်ပန်းပျက် တွန့်လိမ်နေသည်။
ခြေလှမ်းသုံးလှမ်း...မြင်း၏မျက်နှာကို ကြည့်ရသည်မှာ ပြိုလဲတော့မည့်ပုံနှင့် တူညီနေပေ၏။
ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်နှင့်ဆုရှင်းတို့သည် သူမ၏အနီးသို့ ရောက်ရှိနေကာသူမနှင့် တစ်မီတာမပြည့်သော အကွာအဝေး၌ မတ်တတ်ရပ်နေသည်။
“…”
လျှူမင်ယွဲ့သည် ကြက်သေသေသွားပေ၏။ မြင်းသည် ခေါင်းကိုခါးယမ်းပြီး ဆက်သွားနိုင်မည့်ပုံမရဘဲ ပြိုလဲလုဆဲဆဲ ဖြစ်နေသည့်အချိန်တိုင်း မြင်းထိန်းထွက်ပေါ်လာခဲ့သည်ကို သူမ မြင်တွေ့မိသည်။ထို့နောက် သူတို့သည် အားတင်း၍ ရှေ့သို့ဆက်နေဆဲဖြစ်ကာ ကြည့်ရသည်မှာ သူတို့ထံ၌ စွမ်းအားများ ပို၍ကျန်ရှိနေသေးပုံပင်။
လျှူမင်ယွဲ့က သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။
"စစ်မြေပြင်ကို ဘယ်တုန်းကမှ မရောက်ဖူးတဲ့ မြင်းတစ်ကောင်အတွက် ခြောက်မီတာအပိုင်းအခြားကို ရောက်တာက အကန့်အသတ်ပဲ...အဲ့ဒီမြင်းက ငါ့ရဲ့မြင်းကို ယှဉ်ပြိုင်နိုင်မယ်လို့ ငါ မယုံဘူး"
သူမသည် သောက်လီကို ရှေ့သို့တိုးရန် တိုက်တွန်းလိုက်သော်လည်း သူမ၏နံဘေးရှိ ဆုရှင်းသည် နောက်ထပ်ခြေတစ်လှမ်းတက်ပြီး သူမနှင့် တစ်တန်းတည်းနေရာသို့ ရောက်ရှိလာလေပြီ။
လျှူမင်ယွဲ့သည် မျက်လုံးအပြူးသားဖြင့် လှည့်ကြည့်လိုက်ရာ မီတာဝက်ခန့်အကွာတွင် ဆုရှင်၏ကြီးမားသောမျက်နှာကြီး ရှိနေသည်ကို မြင်တွေ့မိသည်။ရုတ်တရက် မြင်းသည် ပါးစပ်ဟကာ အဖြူရောင်သွားများ အတန်းလိုက်ပေါ်လွင်လာပြီး ဤသည်မှာ.....သူမကို လှောင်ပြောင်နေသည့်အလားပင်။