အနိုင်အရှုံး
Vol. 1 Ch. 8
မြင်းတစ်ကောင်သည် သူမအား လှောင်ပြောင်သရော်နေသလော....
လျှူမင်ယွဲ့သည် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားပေ၏။သူမသည် သူမ၏မျက်လုံးကိုပင် မယုံကြည်နိုင်တော့သော်လည်း သက်သေသည် သူမ၏ရှေ့၌ အထင်အရှားရှိနေသည်။
သူမသည် ကူကယ်ရာမဲ့စွာဖြင့် မြင်းပေါ်ရှိ မြင်းထိန်းကိုကြည့်လိုက်ရာ သူမအား စူးစိုက်ကြည့်နေသော မျက်လုံးတစ်စုံကို တွေ့မြင်မိသည်။အကြည်ခြင်းဆုံတွေ့ချိန်တွင် မြင်းထိန်း၏မျက်နှာပေါ်၌ နာကျင်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာကာ သူသည် ထပ်မံ၍ တောင့်မခံနိုင်တော့သည့်အလားပင်။
"..."
သူမ၏ပါးစပ် မဲ့ရွဲ့သွားသည်။
'သူက ငါ မြင်အောင် တမင်သက်သက် ဟန်ဆောင်နေတာများလား....'
သူမထံ၌ သံသယများဖြင့် ပြည့်နှက်နေကာ ပို၍ဂရုတစိုက်ကြည့်လိုက်သည်။ထိုလူငယ်သည် အလွန်နာကျင်နေပုံရကာ မည်သည့်အသံမျှ မထွက်တော့ချေ။ကြည့်ရသည်မှာ သူသည် ဟန်ဆောင်နေခြင်း မဟုတ်သည့်ပုံပင်။
"ထားလိုက်တော့....ဒီကိစ္စကို ငါ မဖော်ထုတ်နိုင်မှတော့ ခဏဘေးဖယ်ထားရမယ်"
လျှူမင်ယွဲ့က အံ့တင်းတင်းကြိတ်ပြီး အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဟွန့်....နင်က ငါးမီတာအပိုင်းအခြားထဲကို ဝင်လာနိုင်တယ်ဆိုရင်တော့ ဘာဖြစ်လာမှာမလို့လဲ....ဒီမြင်းထိန်းက သောက်လီကို ယှဥ်နိုင်မယ်လို့ ငါ မယုံဘူး"
သူမသည် သူမ၏ခြေတံရှည်များဖြင့် မြင်း၏ဗိုက်ကိုကန်ကာ ထပ်မံ၍ရှေ့သို့ ရွှေလျားလိုက်သည်။
ခွပ်...ခွပ်...
ခြေလှမ်းနှစ်လှမ်း ထပ်မံ၍လှမ်းပြီးနောက် သူမသည် မိုယွင်ကျောက်စိမ်းမှ သုံးမီတာပင် မပြည့်သောနေရာသို့ ရောက်ရှိသွားလေပြီ။ဤနေရာရှိ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများသည် ထင်သာမြင်သာရှိလုနီးပါး ဖြစ်နေကာ သူတို့၏စိတ်များကို အဆက်မပြတ်တိုက်ခိုက်နေသည်။။
"သုံးမီတာ...ဒီမြင်းက သုံးမီတာ အပိုင်းအခြားထိတောင် တောင့်ခံနိုင်ခဲ့တယ်...အဖိုးတန်မြင်းတစ်ကောင်လို့ မျှော်လင့်ထားတဲ့အတိုင်းပဲ...."
"ဒီမြင်းက အရမ်းသန်မာအားကောင်းတယ်....ကြည့်ရတာတော့ မိန်းကလေးမိုရဲ့ဆုရှင်းက ရှုံးတော့မယ့်ပုံပဲ"
ဤအောင်မြင်မှုများသည် သက်တမ်းရင့်စစ်မြင်းများအတွက်ပင် မြင့်မားသည်ဟုဆိုနိုင်ရာ ဆုရှင်းသည် အတွေ့အကြုံမရှိသော မြင်းထီးလေးတစ်ကောင်သာ ဖြစ်သည်။ဤကဲ့သို့ အောင်မြင်မှုမျိုးရနိုင်ရန်မှာ ဆုရှင်းအတွက် မည်သို့မျှ မဖြစ်နိုင်ချေ။
လူအများ၏မှတ်ချက်စကားများကို ကြားချိန်တွင် လျှူမင်ယွဲ့သည် သူမ၏စိတ်အတွင်းသို့ စူးနစ်ဝင်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါကို တောင့်ခံကာ မြင်းထိန်းထံသို့ လှည့်ကြည့်လိုက်သည်။ထို့နောက် သူမသည် အေးစက်စက်ပြုံးလိုက်၏။
"ငါက နင် အရှုံးကိုဝန်ခံဖို့ အကြံပေးချင်တယ်...ဒီအပိုင်းအခြားက နင့်လိုအစေခံတစ်ယောက် မျှော်လင့်လို့ရတဲ့အရာမျိုး မဟုတ်ဘူး"
"ငါ မရတော့ဘူး"
လူငယ်လေး၏သွေးကြောများ ထောင်ထနေကာ သူသည် အချိန်မရွေးလဲကျသွားတော့မည့်ပုံရသည်။သို့ရာတွင် သူသည် ပြင်းပြင်းထန်ထန် အားတင်းကာ ဆက်လက်၍တောင့်ခံထားဆဲပင်။ဆုရှင်းကမူ ခြေထောက်များ တုန်ရီကာ ထိတ်လန့်နေပြီး အချိန်မရွေး ထိန်းချုပ်မှုလွတ်ကင်းသွားတော့မည်ပုံပင်။
ထိုမြင်ကွင်းကိုကြည့်ပြီး မိုယန်ရွှယ်က မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်သည်။
"ကျန်းရွှမ်....တကယ်လို့ နင် ဆက်ပြီးတော့င်မခံနိုင်တော့ဘူးဆိုရင် နောက်ကိုပြန်ဆုတ်ခဲ့တော့"
ဤယှဥ်ပြိုင်ပွဲတွင် ကွာဟချက်ကြီးတစ်ခု ရှိနေသည်။သူမသည် ရှုံးနိမ့်လိုခြင်းမရှိသော်လည်း ဆုရှင်အား ပြန်လည်ကုသ၍မရနိုင်သည့် ထိခိုက်ဒဏ်ရာမျိုး မရရှိစေလိုချေ။
"သခင်မလေး ဘာမှမစိုးရိမ်နဲ့...တကယ်လို့ ငါ ဒီနေ့သေသွားမယ်ဆိုရင်တောင် ငါ့အပေါ် မင်းရဲ့ယုံကြည်မှုကို သစ္စာမဖောက်ဘူး"
ကျန်းရွှမ်က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
သူ၏စကားများကိုကြားချိန်တွင် အမြဲတစေ တည်ငြိမ်နေသော မိုယန်ရွှယ်ပင်လျှင် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
"ဒီကောင်ကတော့...."
ဖုန်ကျင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
မိုမိသားစုတွင် ဆယ်နှစ်ကျော်ကြာအောင် အိမ်တော်ထိန်း လုပ်ဆောင်ခဲ့သူဖြစ်သဖြင့် သူသည် အရာအားလုံးအပေါ် အရိပ်အခြေသိသည်။ သခင်မလေး၏အမူအယာကို ကြည့်ခြင်းအားဖြင့် ဤကိစ္စ အဆုံးသတ်သွားပြီးနောက် သူသည် ကျန်းရွှမ်အား ထပ်မံ၍ဒုက္ခပေးရန် မဖြစ်နိုင်တော့ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
"ထားလိုက်တော့...အခုချိန်ကနေစပြီး ငါ သူ့ကို ကောင်းကောင်းဆက်ဆံရမယ်"
ဖုန်ကျင်းက တွေးတောလိုက်သည်။
"ရှေ့ကို ဆက်သွားစမ်း...."
ကျန်းရွှမ်၏အော်သံနှင့်မြင်းခွာသံက ပဲ့တင်ထပ်သွားကာ မြင်းသည် ခြေနှစ်လှမ်း ရွေ့လျားသွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် ဆုရှင်း၏မျက်နှာသည် မုန့်ကြိုးလိမ်တစ်ချောင်းအလား တွန့်လိမ်ရှုံးမဲ့နေကာ မြင်းထိန်းသည်လည်း ဝက်ရူးပြန်နေသည့်အလား တဆတ်ဆတ်တုန်နေပြီး သူ၏ပါးစပ်မှ အမြုပ်များပြန်လာလုနီးပါးပင်။
သို့သော် သူတို့သည် ရပ်တန့်လိုက်သောအချိန်၌ လျှူမင်ယွဲ့နှင့် တစ်တန်းတည်းနေရာတွင် ရှိနေပေ၏။
"..."
လျှူမင်ယွဲ့ အလွန်အမင်း ကြက်သေသေသွားသည်။
သူမသည် ရင်းမြစ်ရေအိုင်ကိုဖွင့်ပြီးလျှင် ရင်းမြစ်စစ်သည်တော်တစ်ယောက် ဖြစ်လာမည့်လူဖြစ်သဖြင့် သူမ၏ရုပ်ခန္ဓာကိုယ်အခြေအနေသည် အလွန်သန်မာအားကောင်းပေ၏။ထို့ပြင်သောက်လီသည် အစစ်အမှန်စစ်မြေပြင်ကို ရင်ဆိုင်ခဲ့ဖူးသော စစ်မြင်းတစ်ကောင်ဖြစ်သောကြောင့် ဤမျှအကွာအဝေးထိ ရောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။သို့ရာတွင် လေ့ကျင့်မထားသော မြင်းထိန်းတစ်ယောက်နှင့် အတွေ့အကြုံမရှိသောမြင်းထီးတစ်ကောင်သည် သူမနှင့် တစ်တန်းတည်းနေရာသို့ ရောက်ရှိလာပေ၏။
"ငါ ဒါကိုမယုံနိုင်ဘူး....သွားစမ်း"
အော်သံတစ်သံနှင့်အတူ သူမသည် မြင်းကို ရှေ့သို့ထပ်မံ၍သွားရန် တိုက်တွန်းလိုက်သည်။သို့ရာတွင် ဤတစ်ကြိမ်၌ သောက်လီသည် သူမ၏အမိန့်များကို နာခံခြင်းမရှိတော့ဘဲ ဒေါသတကြီးဟီကာ ခုန်ပေါက်ပြီး နောက်သို့ချာခနဲလှည့်၍ ထွက်ပြေးသွားတော့သည်။
မြင်း လန့်သွားလေပြီ။
သောက်လီသည် အဖိုးတန်မြင်းတကောင်ဖြစ်သော်လည်း ဖိအားအရှိန်အဝါကို တောင့်မခံနိုင်တော့သဖြင့် စိတ်ပိုင်းဆိုင်ရာပြိုလဲသွားခဲ့သည်။
ဘုန်း....
လျှူမင်ယွဲ့သည် မြင်းပေါ်မှ ခါချခြင်းခံရသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေ၏။
သူမသည် နောက်သို့ဆယ်မီတာကျော်ဆုတ်ပြီးမှသာ စိတ်သက်သာရာရသွားသည်။သူမသည် သက်ပြင်းတစ်ချက်ရှိုက်ကာ မလှမ်းမကမ်းအကွာတွင်ရှိနေသော ကျန်းရွှမ်ကို ကြည့်လိုက်သည်။
"သုံးမီတာက ငါ့ရဲ့အကန့်အသတ်ပဲ...နင်တို့ ရှေ့ဆက်သွားနိုင်မယ်လို့ ငါ မယုံဘူး...အလွန်ဆုံးအနေနဲ့ ဒါက သရေကျရုံပဲ"
သူမ၏စကားအဆုံးမသတ်သေးမီမှာပင် ကျန်းရွှမ်သည် ရှုံမဲ့နေသောမျက်နှာဖြင့် ဆုရှင်းကို ရှေ့သို့ဆက်လက်၍ စီးသွားကာ မိုးယွင်ကျောက်စိမ်းမှ နှစ်မီတာမပြည့်သောနေရာသို့ ရောက်ရှိနေသည်အား သူမ မြင်တွေ့လိုက်ရသည်။
ထိုမျှသာမက အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါရှိနေသည့်တိုင် သူ့ထံတွင် ရပ်တန့်မည့်အရိပ်အယောင်မရှိဘဲ ရှေ့သို့ဆက်သွားနေဆဲပင်။
ခွပ်...ခွပ်...
တစ်မီတာ....မီတာဝက်...
အသက်နှစ်ရှိုက်စာအချိန်အတွင်း၌ ပင်ပန်းနွမ်းနယ်နေပုံရသော လူနှင့်မြင်းသည် မိုယွင်ကျောက်စိမ်းနှင့် အလွန်နီးကပ်သွားသောနေရာသို့ ရောက်ရှိသွားတော့သည်။
"ဒီမြင်းက သတ်ဖြတ်ခြင်းအရှိန်အဝါတွေကို မလန့်ဘဲနဲ့ ရင်ဆိုင်နိုင်တယ်...ဒါက မယုံနိုင်စရာပဲ"
"တိုင်းပြည်ထဲမှာရှိတဲ့ အကောင်းဆုံးစစ်မြင်းတွေတောင် ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး"
"မိန်းကလေးလျှူရဲ့သောက်လီက အဖိုးတန်မြင်းတွေထဲမှာ အထွတ်အထိပ်ဖြစ်မယ်လို့ အစကတော့ ငါ ထင်ခဲ့တာ...ဒါပေမဲ့ မိန်းကလေးမိုရဲ့ ဆုရှင်းကမှ အစစ်အမှန်အဖိုးတန်မြင်းတကောင်ပဲ"
လူများအားလုံးသည် အံ့အားသင့်စွာဖြင့် အကြည့်ခြင်းဖလှယ်လိုက်ကြကာ တစ်ယောက်၏မျက်လုံးအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို တခြားတစ်ယောက်က တွေ့မြင်မိသည်။
မိုယွင်ကျောက်စိမ်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် ရင်ဆိုင်ရချိန်တွင် မြင်းတစ်ကောင် မဆိုထားနှင့် ကျင့်ကြံခြင်းစွမ်းအားရှိသော ရင်းမြစ်စစ်သည်တော်တစ်ယောက်ပင်လျှင် တောင့်ခံနိုင်မည် မဟုတ်ချေ။ဤအချက်တစ်ချက်တည်းဖြင့် ဆုရှင်းသည် လူအများ၏ရိုသေလေးစားမှုကို ရရှိသွားပေ၏။
"မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီးတော့ ငါ ရှုံးသွားတာလဲ"
တခြားလူများ ထိတ်လန့်တုန်လှုပ်နေစဉ်တွင် လျှူမင်ယွဲ့သည် ဤကိစ္စကို မယုံကြည်နိုင်သေးချေ။
စစ်မြေပြင်အတွေ့အကြုံရှိသော အဖိုးတန်မြင်းတကောင်ဖြစ်သည့် သောက်လီသည် သုံးမီတာအပိုင်းအခြားသို့သာ ရောက်ရှိခဲ့သည်။တစ်ဖက်မြင်းသည် ဆယ်မီတာအပိုင်းအခြားအတွင်း၌ ရှုံးနိမ့်သွားမည်ဟု သူမ တွေးထင်ထားသော်လည်း အဆုံးသတ်ထိ လျှောက်လှမ်းသွားနိုင်ပေ၏။
ထိုမြင်းကိုကြည့်ရသည်မှာ အချိန်မရွေး ပြိုလဲသွားတော့မည်ပုံရသော်လည်း အကြောင်းအရင်းတချို့ကြောင့် ပို၍အားကောင်းလာခဲ့သည်။
ဤသည်မှာ တစ်စုံတစ်ယောက်မှနေ၍ 'ငါ ရူးသွားကတည်းက ငါ ပိုပြီးနေလို့ကောင်းလာတယ်'ဟု ပြောနေသည့်အလားပင်။
အထူးသဖြင့် တုံးအပုံရသောမြင်းထိန်းသည် မျက်နှာတပြင်လုံး ရှုံမဲ့နေကာ သူ၏လက်ချောင်းများတုန်ရီနေပြီး သတ်ဖြတ်ခြင်းအရှိန်အဝါကြောင့် မြင်းပေါ်မှ ပြုတ်ကျလာတော့မည့် ငတုံးတစ်ကောင်အလားပင်။သို့ရာတွင် သူ၏တင်ပါးသည် မြင်းနှင့်စွဲမြဲမြဲကပ်နေကာ အနည်းငယ်မျှ ရွေ့လျားသွားခြင်းမရှိချေ။ထို့ပြင် သူသည် မြင်းကိုရှေ့သို့မောင်းရင်း 'ငါ မရတော့ဘူး'ဟု ရံဖန်ရံခါအော်ဟစ်နေပေ၏။
မိုယန်ရွှယ်သည် မြင်းထိန်းအား ယှဉ်ပြိုင်ခွင့်ပြုသည့်အတွက် နောင်တရသွားမည်ဟု သူမ တွေးထင်ခဲ့သည်။သို့ရာတွင် ရှုံးနိမ့်သူသည် ယခုကြည့်ကြည့်တော့မှ သူမ ဖြစ်နေမည်ဟု မျှော်လင့်မထားမိချေ။
ဤသည်မှာ အလွန်မတရားသောကိစ္စပင်။
"ငါတို့ နိုင်သွားပြီ...."
မလှမ်းမကမ်းအကွာတွင်ရှိနေသော ယုရှောင်ယွီသည် စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်လိုက်သဖြင့် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ခေါင်းလောင်းများသည် လေတိုက်ခတ်မှုကြောင့် တဝီဝီမြည်နေသော ဆောင်းဦးသစ်ရွက်များအလား မြည်ဟီးနေပေ၏။
မိုယန်ရွှယ်သည်လည်း စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။သူမသည် မြင်းပေါ်ရှိ မြင်းထိန်းကို ထပ်မံ၍တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ဤမြင်းထိန်းသည် မြင်းများကို ယဥ်ပါးစေရာ၌ ထူးချွန်ရုံသာမက ဤကဲ့သို့ ဇွဲလုံလမျိုးလည်း ရှိနေသည်။
ဤသည်မှာ အထင်ကြီးဖွယ်ရာပင်။
ဤအချိန်အခိုက်အတန့်၌ သူ၏မျက်နှာ ရှုံမဲ့နေသော်လည်း သူ့ထံ၌ ရပ်တန့်ရန် ရည်ရွယ်ချက်ရှိပုံမရချေ။ထိုကြောင့် မိုယန်ရွှယ်က ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။
"ငါတို့ နိုင်သွားပြီ....အခု နောက်ကို ပြန်ဆုတ်လာလို့ရပြီ"
"ဟုတ်ကဲ့"
သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏သက်ရောက်မှုအောက်တွင်ရှိနေကာ မျက်နှာရှုံမဲ့နေဆဲဖြစ်သောမြင်းထိန်းသည် သတ်ပြင်းတချက်ရှိုက်ပြီး တုံ့ပြန်အဖြေပေးရန်အတွက် နာကျင်မှုကိုတောင့်ခံလိုက်သည်။သူသည် မြင်းကို နောက်သို့ပြန်မောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် မမျှော်လင့်သောအပြောင်းအလဲတစ်ခု ဖြစ်ပွားလာခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် တုန်ရီနေသော ဆုရှင်းသည် ခေါင်းကိုအောက်သို့ငုံပြီး မြေပြင်ပေါ်ရှိ မိုယွင်ကျောက်စိမ်းကို ကိုက်လိုက်၏။
သတ်ဖြတ်ခြင်းအရှိန်အဝါသည် တစ်စုံတစ်ယောက်၏စိတ်ပိုင်းဆိုင်ရာကို ဖိနှိပ်နိုင်သော်လည်း စိတ်ထိန်းညှိသည့်ပစ္စည်းတခုအဖြစ်အသုံးပြုနိုင်သဖြင့် စိတ်ဝိညာဥ်ရတနာများနှင့် တူညီသောအကျိုးသက်ရောက်မှု ရှိသည်။
ဆုရှင်းသည် စိတ်ဝိညာဥ်သဘာဝနှင့် မွေးဖွားလာသဖြင့် ကျန်းရွှမ်၏အမိန့်ကို နာခံသည့်အပြင် သူ၏ကလီစာများကို ဖြတ်တောက်၍သန့်ရှင်းရေးလုပ်ပြီးနောက် ချက်ပြုတ်ပေးရန်အတွက် ငြင်းဆန်ခဲ့သကဲ့သို့ ကိုယ်ပိုင်အတွေးအခေါ်များရှိသည်။
ယခုအချိန်တွင် သူ့အတွက် အကျိုးကျေးဇူးရနိုင်သော ရတနာတစ်ခုကို သူ၏မျက်လုံးရှေ့၌ မြင်နေရသဖြင့် သူ တောင့်မခံနိုင်တော့ဘဲ မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ကျောက်စိမ်းပြားတစ်ခုလုံးကို ဝါးမြိုလိုက်သည်။
"ဒီမြင်းက မိုယွင်ကျောက်စိမ်းကို စားလိုက်တာလား"
လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
"မြင်းထိန်းကို ကြည့်လိုက်အုံး"
ပတ်ဝန်းကျင်မှနေ၍ အံ့အားတသင့်ပြောဆိုသောအသံများ မြင့်တက်လာကာ လူများအားလုံးသည် ထိုနေရာသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
'သစ္စာရှိ'မြင်းထိန်းသည် သူ၏လက်နှစ်ဖက်ဖြင့်သူ၏ခေါင်းကိုဆုပ်ကိုင်ကာ သူ့၏ခန္ဓာကိုယ်အဆက်မပြတ်တုန်ရီနေပြီး သူ၏မျက်လုံးများကို မှိတ်ချည်ဖွင့်ချည်လုပ်ကာ သူ၏ခြေလက်များ အကြောဆွဲနေသည်။ကြည့်ရသည်မှာ သူသည် သတ်ဖြတ်ခြင်းအရှိန်အဝါကို တောင့်မခံနိုင်သဖြင့် အချိန်မရွေး လဲပြိုသွားတော့မည့်အလားပင်။
"မိုယွင်ကျောက်စိမ်းက အစားခံလိုက်ရပြီ...ဒါကြောင့် သတ်ဖြတ်လိုခြင်းအရှိန်အဝါတွေ မရှိတော့ဘူး...သူက ဘာလို့ အဲ့ဒီလိုမျိုး ဖြစ်နေတာလဲ"
ယုရှောင်ယွီ၏အသံ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဆုရှင်းသည် မိုးယွင်ကျောက်စိမ်းကိုစားလိုက်သဖြင့် သတ်ဖြတ်ခြင်းအရှိန်အဝါများကို အလိုအလျောက် ပိတ်ဆို့ဟန့်တားထားပြီးဖြစ်သည်။ဤကဲ့သို့အခြေအနေတွင် မြင်းပေါ်၌သာမန်ကလေးတစ်ယောက် ထိုင်နေလျှင်ပင် သက်ရောက်မှုမရှိနိုင်ချေ။မည်သည်ကြောင့် မြင်ထိန်းသည် ရှုံမဲ့တွန်လိမ်နေဆဲ ဖြစ်သနည်း။
"ဘာတွေ ဖြစ်နေတာလဲ...မိုယွင်ကျောက်စိမ်းရဲ့အာနိသင်တွေ မပြယ်သေးတာများလား"