ဂုဏ်သိက္ခာအတွက် သတ်သေခြင်း
Vol. 1 Ch. 9
"အမ်...."
ကျန်းရွှမ်သည် တွန့်လိမ်နေဆဲဖြစ်ကာ ပြန်ကောင်းလာမည့် အရိပ်အယောင်မရှိသည်ကိုကြည့်ပြီး မိုယန်ရွှယ်သည် ထပ်မံ၍သည်းမခံနိုင်တော့ချေ။သူမသည် ရှေ့သို့လျှောက်လှမ်းသွားပြီး ဆုရှင်း၏ဇက်ကြိုးကို ဆွဲလိုက်၏။
"နင် အဆင်ပြေရဲ့လား...."
"သခင်မလေး...ဘာမှစိတ်မပူပါနဲ့....ငါ ဆက်ပြီးတောင့်ခံနိုင်တယ်...."
ကျန်းရွှမ်၏ဖျော့တော့တော့အသံ ထွက်ပေါ်လာသည်။
မိုယန်ရွှယ်သည် အနည်းငယ်ကိုးယိုးကားယား ဖြစ်သွားကာ ညင်သာစွာချောင်းတချက်ဟန့်ပြီး ပြောဆိုလိုက်သည်။
"အဟန့်....ဆုရှင်းက မိုယွင်ကျောက်စိမ်းကို စားလိုက်တာကြောင့် ဘာသတ်ဖြတ်ခြင်းအရှိန်အဝါမှ မရှိတော့ဘူး"
"စားလိုက်တာလား...."
ကျန်းရွှမ်သည် ကြက်သေသေသွားပြီးနောက် သူ၏တွန့်လိမ်နေသောခန္ဓာကိုယ် သိသိသာသာတောင့်တင်းသွားသည်။သူသည် သူ၏မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်ရာ ယှဉ်ပြိုင်ပွဲကွင်းပြင်အတွင်းရှိ လူများအားလုံး သူ့ကို စူးစိုက်၍ကြည့်နေသည်ကို မြင်တွေ့မိလေ၏။
မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို နားလည်သွားသဖြင့် သူ ရှက်ရွံ့သွားကာ သူ၏မျက်ခွံများ တဆတ်ဆတ်တုန်သွားသည်။
ကြည့်ရသည်မှာ သူ သရုပ်ဆောင်လွန်သွားခဲ့ပုံပင်။
မိုယွင်ကျောက်စိမ်းမှ သတ်ဖြတ်ခြင်းအရှိန်အဝါများသည် သူ့ကဲ့သို့ နယ်မြေအရှင်တစ်ယောက်အတွက် မည်သည့်သက်ရောက်မှုမျှ မရှိချေ။ ထို့ပြင် ဆုရှင်းသည် ထိုအရှိန်အဝါ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို ပိတ်ဆို့ဟန်တားထားသဖြင့် သူ တစ်စုံတစ်ခုကိုခံစားမိရန် အလွန်ခက်ခဲသည်။သို့ရာတွင် သူ အလွန်တည်ငြိမ်နေပါက သံသယဝင်စရာ ဖြစ်သွားပေမည်။ထို့ကြောင့် သူသည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေသကဲ့သို့ ဟန်ဆောင်နေခြင်းပင်။
နောက်ပိုင်း၌ သူ၏သရုပ်ဆောင်မှု လွန်ကဲသွားခဲ့သည်။
ဤပြဿနာရှာသောမြင်းထံတွင် ညံဖျင်းသော သရုပ်ဆောင်အရည်အချင်းရှိမည်ဟု မည်သူက တွေးထင်မိမည်နည်း။ထိုမြင်းသည် မိုယင်ကျောက်စိမ်းကြောင့် မလန့်သွားရုံသာမက နေရာမှာပင် ဝါးမြိုလိုက်ပေ၏။
'မင်းကို နည်းနည်းလောက် ပိုပြီးအားကိုးလို့ မရဘူးလား... ငါ ကျန်းရွှမ်က ဘဝပေါင်းမရေမတွက်နိုင်အောင် ဆရာတစ်ယောက်ဖြစ်ခဲ့တာ ...အခုကျမှ ဒီလိုအားကိုးမရတဲ့ အဖော်တစ်ယောက်ကြောင့် အခုလိုမျိုး အဆုံးသတ်သွားခဲ့တယ်'
"သခင်မလေး...တကယ်လို့ အဲ့ဒီသတ်ဖြတ်ခြင်းအရှိန်အဝါတွေက အရမ်းသန်မာအားကောင်းတာကြောင့် ငါ ပြန်မကောင်းနိုင်သေးတာလို့ပြောရင် မင်း ငါ့ကို ယုံမှာလား...."
အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ကျန်းရွှမ်က မဝံ့မရဲမေးမြန်းလိုက်သည်။
မိုယန်ရွှယ်သည် ခေါင်းညိတ်ပြလေ၏။
ဤဖြေရှင်းချက်အပြင် သူမသည် တခြားအကြောင်းအရင်းကို စဉ်းစားတွေးတောနိုင်ခြင်း မရှိတော့ချေ။
ကျန်းရွှမ်က သက်ပြင်းတစ်ချက်ရှိုက်ပြီး မြင်းပေါ်မှခုန်ဆင်းလိုက်သည်။သူသည် မိုယန်ရွှယ် ကတိပေးထားသော ရင်းမြစ်ဒင်္ဂါးတစ်ရာအား တောင်းဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
"ငါရဲ့မိုယွင်ကျောက်စိမ်းကို ပြန်ပေးစမ်း"
သူ လှည့်ကြည့်လိုက်ရာ အစောပိုင်းက မောက်မာထောင်သွားနေသော လျှူမင်ယွဲ့သည် ယခုအချိန်၌ မျက်လုံးများနီမြန်းနေသည်ကို မြင်တွေ့မိသည်။
မိုယန်ရွှယ်က ပြောဆိုသည်။
"ဒီယှဉ်ပြိုင်ပွဲကို နင် အရင်စခဲ့တာ...အခုအချိန်မှာ ဆုရှင်းက မိုယွင်ကျောက်စိမ်းကို ဝါးမြိုလိုက်ပြီ....ငါ တတ်နိုင်တဲ့အရာဆိုလို့ ဘာမှမရှိဘူး"
"မရဘူး....နင် ငါ့ကို ပြန်ပေးရမယ်"
လျှူမင်ယွဲ့ကိုကြည့်ရသည်မှာ အလွန်စိုးရိမ်ပူပန်နေပုံရသည်။
မိုယန်ရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။
"နင် နည်းနည်းလေးတောင် မစဉ်းစားတတ်ဘူးလား...ယှဥ်ပြိုင်ပွဲမှာ နင် ရှုံးသွားခဲ့တယ်...နင်က အခုထိ မတောင်းပန်သေးတဲ့အပြင် အခု နင့်ရဲ့ပစ္စည်းကို အကြွေးတောင်းသလို ပြန်တောင်းနေတယ်"
"ဝါး...ဝါး..."
ရုတ်တရက် ယခင်က မောက်မာထောင်လွှားနေသော လျှူမင်ယွဲ့၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျလာသည်။
"ငါ အဲ့ဒါကို အိမ်ကနေခိုးလာခဲ့တာ...တကယ်လို့ ငါ့အဖေသိသွားရင် သူက ငါ့ကိုဆူလိမ့်မယ်...ကျေးဇူးပြုပြီးတော့ ငါ့ကိုပြန်ပေးပါ"
လျှူမင်ယွဲ့သည် ဤကဲ့သို့ ငိုယိုနေမည်ဟု မျှော်လင့်မထားမိသဖြင့် မိုယန်ရွှယ် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။သူမသည် ကျန်းရွှမ်ကိုကြည့်ပြီး မေးမြန်းလိုက်၏။
"နင့် အဲ့ဒါကို ထုတ်ပေးနိုင်မလား..."
အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"မြင်းကို မြက်များများပိုကျွေးရင်...အဲ့ဒါက မကြာခင် ထွက်လာလိမ့်မယ်"
"ဝါး...ဝါး...."
လျှူမင်ယွဲ့သည် ပို၍ပြင်းပြင်းထန်ထန် ငိုကြွေးလိုက်၏။
"ကောင်းပြီ....ကောင်းပြီလေ...."
ဆူညံသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသော မိုယန်ရွှယ်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါက ငါ့ရဲ့မိသားစုဆီကနေ မိုယွမ်ကျောက်စိမ်းတစ်ပြားယူပြီးတော့ နင့်အတွက် အစားပြန်ပေးမယ်...ဒါပေမဲ့ အလောင်းအစားမှာ ရှုံးနိမ့်တဲ့အတွက် နင် တောင်းပန်ဖို့လိုမယ်...နင် ငိုနေတာက ဘာမှအကူအညီဖြစ်မှာမဟုတ်ဘူး"
မူယွင်ကျောက်စိမ်းသည် အဖိုးတန်ရှားပါးသော်လည်း အဓိကမိသားစုသုံးစုအနက်တစ်စုဖြစ်သော မိုမိသားစုထံတွင် ကျောက်စိမ်းပြားအပိုတချို့ရှိနေသည်။
သူမအား မိုယွင်ကျောက်စိမ်း အစားပြန်ပေးမည်ဟု ကြားချိန်၌ လျှူမင်ယွဲ့သည် နောက်ဆုံး၌ စိတ်သက်သာရာရပြီး သက်ပြင်းရှိုက်လိုက်သည်။သူမသည် အချိန်အနည်းငယ်ကြာ ရှိုက်နေပြီးနောက် စိတ်တည်ငြိမ်အောင်ပြုလုပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"ငါက ငါ့ရဲ့အရှုံးကိုဝန်ခံပြီးတော့ မိန်းကလေးယုနဲ့ဆုရှင်းကို ရိုးရိုးသားသားတောင်းပန်ပါတယ်...ဒါက 'ငါ့ရဲ့အပြစ်ပါ' 'ငါ့ရဲ့အပြစ်ပါ' 'ငါ့ရဲ့အပြစ်ပါ'
သူမသည် 'ငါ့ရဲ့အပြစ်ပါ'ဟူသည့်စကားကို သုံးကြိမ်တိုင်တိုင်ပြောကာ ကတိအတိုင်းလုပ်ဆောင်လိုက်သည်။
"အင်း....အဲ့ဒီလိုမှပေါ့"
မိုယန်ရွှယ်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကာ ယုရှောင်ယွီသည်လည်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
ဤမိန်းကလေးသည် သူမတို့နှင့် ဆုံတွေ့သည့်အချိန်တိုင်း အစဉ်အမြဲစိန်ခေါ်လေ့ရှိသဖြင့် ဤကဲ့သို့ ရှုံးနိမ့်သွားသည်ကို မြင်ရသည်မှာ သူမအတွက် အလွန်ကြည်နူးဖွယ်ကောင်းသည်။သူမသည် အချိန်အတိုင်းအတာတစ်ခုထိ ပြဿနာရှာဝံ့တော့မည်မဟုတ်ချေ။
"သွားကြစို့"
သူမတို့အကြားတွင် နက်ရှိုင်းသော နာကျည်းမှုရန်ငြိုးမရှိသဖြင့် လျှူမင်ယွဲ့ တောင်းပန်သည်ကို မြင်တွေ့ချိန်၌ မိုယန်ရွှယ်သည် ဤကိစ္စကို ရှေ့ဆက်လိုခြင်းမရှိတော့ချေ။ထို့ကြောင့် သူမသည် ကျောင်းတော်ထံဦးတည်ပြီး ချက်ချင်းလျှောက်လှမ်းလိုက်၏။
ဤအချိန်တွင် သူမတို့၏ယှဉ်ပြိုင်ပွဲကြောင့် ကျောင်းတော်တံခါးဝ၌ လူများပြွတ်သိပ်နေသည်။သူမသည် မျောက်တစ်ကောင်အလား ဝိုင်းရံကြည့်ရှုခြင်းကို မခံလိုချေ။
သူမသည် လမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် နောက်သို့ပြန်လှည့်ပြီး ပြောဆိုသည်။
"ကျန်းရွှမ်...ငါနဲ့အတူ လိုက်ခဲ့ပါ...အိမ်တော်ထိန်းဖုန်းနဲ့တခြားလူတွေက ဒီနေရာမှာကျန်ခဲ့ပြီး ဆုရှင်းကိုစောင့်ရှောက်လိုက်တော့"
"ငါ...."
အိမ်တော်ထိန်းဖုန်း၏နှုတ်ခမ်း မဲ့ရွဲ့သွားသော်လည်း သူသည် မည်သည့်စကားတစ်ခွန်းကိုမျှ မပြောရဲချေ။
အိမ်တော်ထိန်းတစ်ယောက်ဖြစ်သော သူ့အနေဖြင့် သခင်မလေးနှင့်အတူ ကျောင်းတော်အတွင်းသို့ မဝင်နိုင်ခြင်းမှာ အရှက်ရဖွယ်ကိစ္စဖြစ်သော်လည်း သူ တတ်နိုင်သောအရာဟူ၍ မရှိချေ။မည်သို့ပင်ဆိုစေကာမူ ကျန်းရွှမ်သည် ဆုရှင်းကို ယဥ်ပါးအောင် ထိန်းကျောင်းနိုင်ခဲ့ပေ၏။
"သခင်မလေးကို ကျေးဇူးတင်ပါတယ်"
မိုယန်ရွှယ်သည် သူမနှင့်အတူ သူ့အား ခေါ်ဆောင်သွားမည်ကို သိလိုက်ချိန်၌ ကျန်းရွှမ်က စိတ်သက်သာရာရသွားသည်။သူသည် မိုယန်ရွှယ်၏နောက်သို့ လိုက်မသွားမီ ဆုရှင်း၏ခေါင်းအနီးသို့ချဥ်းကပ်ပြီး တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်၏။
အဖြူရောင်ကျောက်တုံးကျောင်းတော်သည် မြေဧကတစ်သောင်းကျော် ကျယ်ဝန်းသဖြင့် အလွန်ကြီးမားကျယ်ပြန့်သည်။ဤနှစ်အတွက် အကဲဖြတ်စစ်ဆေးမှုကို လာရောက်စစ်ဆေးခံသော ကျောင်းတော်သားများသည် အိတ်ကြီးများကိုသယ်ဆောင်၍ သူတို့၏မိသားစုဝင်များနှင့်အတူ လမ်းများပေါ်၌ လျှောက်လှမ်းနေသည်။ဤနေရာတွင် စီနီယာကျောင်းသားတချို့လည်းရှိနေကာ ကျောင်းသားသစ်များကိုကူညီရင်း အလုပ်ရှုပ်နေကြ၏။
မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည် ကျောင်းတော်အတွင်းတွင်သာမက အဖြူရောင်ကျောက်တုံးမြို့တော်အတွင်း၌လည်း လူသိများကျော်ကြားသည်။သူမတို့သည် ကျောင်းဝန်းအတွင်းသို့ဝင်လိုက်သည်နှင့် သူမတို့အား အကူအညီပေးလိုသော စီနီယာကျောင်းသားအမြောက်အများကို ဆွဲဆောင်နိုင်ခဲ့သည်။သို့ရာတွင် သူမတို့၏အနီး၌ ယုဖုန်း မတ်တတ်ရပ်နေသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး ငြိမ်အတိကျသွားပေ၏။
ယုဖုန်းသည် မြို့အရှင်၏သားတစ်ယောက်ပင်။ ထို့ပြင် သူ၏ပါရမီအရည်အချင်းနှင့်ခွန်အားတို့ကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ မဆင်မခြင် မလုပ်ဝံ့ကြချေ။
"ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမယ့်နေရာက ရှေ့မှာရှိတဲ့ သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်မှာပဲ...အဲ့ဒီနေရာကို တိုက်ရိုက်သွားကြစို့...မင်းတို့က အရည်အချင်းအကဲဖြတ်ပွဲကို အောင်မြင်တာနဲ့ ဆရာတစ်ယောက်ကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ မင်းတို့ သိလာလိမ့်မယ်"
ယုဖုန်းက လမ်းလျှောက်ရင်း ရှင်းပြသည်။
မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည် ခေါင်းညိတ်လိုက်ကြ၏။သူမတို့သည် ဤကျောင်းတော်၏စည်းမျဉ်းများနှင့် အတော်အသင့်ရင်းနှီးကျွမ်းဝင်သဖြင့် သူမတို့အား အထွေအထူးရှင်းပြရန် မလိုအပ်ချေ။
အချိန်တစ်ခဏကြာခန့် လမ်းလျှောက်ပြီးနောက် ပတ်ဝန်းကျင်တွင် လူများနည်းပါးသွားသည်ကိုကြည့်ပြီး ယုရှောင်ယွီက လေသံနှိမ့်၍ သူမ၏သူငယ်ချင်းကို ပြောဆိုလိုက်သည်။
"ရွှယ်အာ...နင့်ရဲ့မြင်းထိန်းက တော်တော်လေးအရည်အချင်းရှိတာပဲ...ဒီလိုဆိုရင်ရော နင် သူ့ကို ငါ့ဆီပေးပါလား"
"နင့်ကို ပေးရမှာလား..."
မိုယန်ရွှယ်က မော့ကြည့်သည်။
ယုရှောင်ယွီသည် ပြုံးလိုက်၏။
"ဟုတ်တယ်လေ...သူက အစေခံလေးတစ်ယောက်ပဲ...တကယ်လို့ နင်က သူ့ကို ငါဆီအလကားမပေးချင်ဘူးဆိုရင် ငါက ရင်းမြစ်ဒင်္ဂါးတစ်ထောင်နဲ့ သူ့ကိုဝယ်မယ်"
မိုယန်ရွှယ်က သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"သူက ရောင်းဖို့မဟုတ်ဘူး"
"ကျေးဇူးပြုပြီးတော့....လုပ်ပါဟာ ငါ နင့်ကိုတောင်းပန်ပါတယ်"
ယုရှောင်ယွီက စိတ်ပျက်လက်ပျက်အမူအယာဖြင့် သူမ၏မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောဆိုသည်။
မိုယန်ရွှယ်က အခိုင်အမာငြင်းဆန်နေဆဲပင်။
"ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး...ငါက မရဘူးလို့ပြောရင် မရဘူးပဲ"
...
သခင်မလေးနှင့်ကျန်းရွှမ်တို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး ကျောင်းဝန်းပြင်ပ၌ကျန်ခဲ့သော ဝူရှန်းသည် ထပ်မံ၍သည်းမခံနိုင်တော့ချေ။
"အိမ်တော်ထိန်းဖုန်း....ကျန်းရွှမ်က အခုချိန်မှာ သခင်မလေးရဲ့မျက်နှာသာပေးမှုကို ရသွားပြီ...နောက်အနာဂတ်မှာ သူက ငါတို့ကိုပြဿနာရှာမှာ ငါ စိုးရိမ်မိတယ်"
"သူ ပြဿနာရှာရင်တောင် ငါတို့ ဘာလုပ်နိုင်မှာမလို့လဲ...သခင်မလေးရဲ့စိတ်နေသဘောထားကို မင်းလည်း သိတာပဲ...သူ တစ်ခုခုကိုဆုံးဖြတ်ပြီးပြီဆိုရင် မိသားစုခေါင်းဆောင်တောင် သူ့ကို ဆန့်ကျင်လို့မရဘူး"
အိမ်တော်ထိန်းဖုန်းသည် ဤကိစ္စကို တွေးတောမိလေလေ သူ ပို၍ဒေါသထွက်လာလေလေပင်။ သူသည် သူ၏နားထင်ကြောများကိုနှိပ်ပြီး အနီးတွင်မတ်တတ်ရပ်နေသော ဆုရှင်းကို ကြည့်လိုက်သည်။
"ဒီမြင်းက ဘာလို့ သူ့ရဲ့စကားကိုနားထောင်ပြီးတော့ ငါတို့ရဲ့စကားကို နားမထောင်တာလဲ"
"ငါ အကြံရပြီ...."
ဝူရှန်းသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူ၏မျက်လုံးများ တောက်ပသွားသည်။
"ကျန်းရွှမ်က မြင်းကိုယဥ်ပါးအောင်လုပ်နိုင်မှတော့ ဘာလို့ မင်းလည်း မလုပ်နိုင်ရမှာလဲ...အိမ်တော်ထိန်းဖုန်း အခုကြိုးစားကြည့်ပါလား... တကယ်လို့ ဒါက အလုပ်ဖြစ်သွားရင် မင်းရဲ့အဆင့်အတန်းနဲ့ ကျန်းရွှမ်အတွက် နေရာရှိမှာမဟုတ်ဘူး"
"အမှန်ပဲ....ငါတို့ ကြိုးစားကြည့်ကြစို့...သခင်မလေးက ဒီကိစ္စကို စိတ်ဆိုးမယ်မထင်ဘူး"
အိမ်တော်ထိန်းဖုန်းသည် စကားပြောဆိုပြီးနောက် ဆုရှင်းထံဦးတည်ပြီး ခြေလှမ်းအနည်းငယ်ခန့်လျှောက်လှမ်းကာ မြင်းကိုထိတွေ့ရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
အစောပိုင်းက ယုရှောင်ယွီ ဤကဲ့သို့ ပြုလုပ်သွားချိန်တွင် မြင်းသည် အလွန်နာခံရို့ကျိုးပေ၏။
သူ၏လက် ဆန့်တန်းလာသည်ကို ဆုရှင်း ရှောင်ဖယ်ခြင်းမပြုသည်ကိုကြည့်ပြီး ဖုန်ကျင်းသည် အပျော်လွန်သွားပေ၏။
ဆုရှင်းကို ယဥ်ပါးအောင်လုပ်ခြင်းသည် ဤမျှထိ အလွန်ရိုးရှင်းပါသလော။အကယ်၍ သူ ကြိုသိခဲ့ပါက ကျန်းရွှမ်ကို အောင်မြင်ခွင့်ပြုမည်မဟုတ်ချေ။
"အင်း....ဝမ်ရှန်းက အကြံကောင်းပေးတတ်သားပဲ...နောက်ပိုင်းကျရင် ငါ သူ့ကို ဆုချီးမြင့်ရမယ်"
သက်ပြင်းတစ်ချက်ရှိုက်ပြီး ဖုန်ကျင်းသည် သူ၏လက်ကို မြင်း၏မျက်နှာပေါ်သို့ တင်လိုက်သည်။
သူ၏အထိအတွေ့ကို ခံစားမိချိန်၌ ဆုရှင်း၏ နက်မှောင်သောမျက်လုံးတစ်စုံအတွင်း၌ ပြင်းထန်သောဝမ်းနည်းကြေကွဲမှုများ အရှက်ရမှုများဖြင့် ပြည့်နှက်လာကာ သန့်စင်သောအပျိုစင်မိန်းကလေးတစ်ယောက်သည် ကလေကလွင့်တစ်ယောက်၏ ဗလက္ကာရပြုခံရမှုကြောင့် ညစ်နွမ်းသွားသည့်အလား...သူ၏မျက်ရည်မှမျက်ရည်များ ယိုစီးကျလာသည်။
ရုတ်တရက် ဆုရှင်းသည် နံဘေးတစ်ဖက်သို့ ချာခနဲလှည့်ပြီး အနီးရှိနံရံထံသို့ တိုးဝင်သွားသည်။
ခရက်....
မြင်း၏လည်ပင်းရိုး ကျိုးသွားကာ သူ၏ခေါင်းသည် နံဘေးတစ်ဖက်သို့ လည်လိမ်သွားသည်။တစ်ချိန်က ကြီးကျယ်ခမ်းနားသော အဖိုးတန်မြင်းတကောင်သည် ချက်ချင်းဆိုသလိုပင် အသက်ရှုခြင်းရပ်တန့်သွားပေ၏။
"ဒါက...."
ဖုန်ကျင်း၏အမြင်အာရုံ မှောင်မည်းသွားကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။ဤမြင်းသည် သူ၏လက်အတွင်း၌ သေဆုံးသွားခြင်းဖြစ်သဖြင့် ဆိုလိုသည်မှာ သူ လုံးလုံးလျားလျား အဆုံးသတ်သွားလေပြီ။
'တခြားလူတွေထိရင် မင်းက ဝမ်းသာကြည်နူးနေတယ်...ငါထိလိုက်တဲ့အချိန်ကျမှ ရှက်ပြီးတော့ မင်းကိုယ်မင်း သတ်သေတယ်တဲ့လား....သောက်ချေးပဲ...ငါ့ရဲ့လက်တွေက ဘာမှားနေလို့လဲ'
ထို့နောက် သူသည် ဝူရှန်းကို တစ်ချက်ကြည့်ကာ သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
'မင်းက ဒီအကြံကိုပေးတဲ့ကောင်ပဲ...ငါ မင်းကို အရင်ဆုံး ဖြေရှင်းမယ်'