ကောင်းကင်ဘုံစာကြည့်တိုက်၏လမ်းကြောင်း အသက်ဝင်လာခြင်း
Vol. 1 Ch. 10
အဖြူရောင်ကျောက်တုံးကျောင်းတော်၏ သိုင်းပညာလေ့ကျင့်ရေးခန်းမ၌....
ဤနေရာတွင် လူများပြည့်သိပ်နေပေ၏။
မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည် လူအုပ်အကြား၌ထိုင်နေကာ သူမတို့၏နောက်တွင် ကျန်းရွှမ်ရှိနေသည်။
သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်၏အလယ်တွင် အချင်းဝက်မီတာသုံးဆယ်ခန့်ကျယ်သော စက်ဝိုင်းပုံစင်မြင့်ကြီးရှိနေကာ ထိုနေရာကို ကြီးမားသော လေးထောင့်တိုင်လုံးကြီးကိုးတိုင်မှ ဝိုင်းရံထားသည်။ထိုတိုင်လုံးတစ်လုံးစီသည် မီတာငါးဆယ်ကျော်မြင့်မားကာ မိုးထိလုမတတ်ဖြစ်နေပြီး ကြည့်ရသည်မှာ ဧရာမနဂါးကြီးကိုးကောင်သည် အထက်သို့ပျံတက်နေပုံနှင့် တူညီပေ၏။
"ဒါက ကျောင်းတော်ရဲ့နဂါးကိုးကောင်တိုင်လုံးတွေပဲ....ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု စတင်တာနဲ့ လက်ထောက်ကျောင်းအုပ်က ကျောင်းသားတွေကို စစ်ဆေးဖို့အတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ဆင့်ခေါ်ဖို့ ကံကြမ္မာချပ်ပြားတွေကို အသုံးပြုလိမ့်မယ်....စွမ်းအင်တန်းတစ်တန်းကို ထိန်းသိမ်းထားနိုင်တဲ့ တစ်ယောက်က နဝမအဆင့်ရင်းမြစ်ရေအိုင်ပိုင်ရှင်...စွမ်းအင်တန်းနှစ်တန်းက အဋ္ဌမအဆင့်....စွမ်းအင်တန်းလေးတန်းက သတ္တမအဆင့်...စွမ်းအင်တန်းရှစ်တန်းက ဆဋ္ဌမအဆင့်.....အဆင့်တစ်ခုစီက အရင်အဆင့်ထက် နှစ်ဆတိုးသွားတယ်...ပထမအဆင့် ရင်းမြစ်ရေအိုင်ကို ပိုင်ဆိုင်တဲ့လူတစ်ယောက်ကတော့ စွမ်းအင်တန်း၂၅၆တန်းကို ထိန်းသိမ်းနိုင်တယ်...သူတို့ကို အစကတည်းက ထူးချွန်တဲ့ပါရမီရှင်တွေလို့ ချွင်းချက်မရှိ ယူဆနိုင်တယ်...."
ယုဖုန်းသည် သူ၏ညီမဖြစ်သူ ပို၍ရှင်းလင်းစွာနားလည်သဘောပေါက်စေရန် ပတ်ဝန်းကျင်ကိုညွှန်ပြရင်း ရှင်းပြနေသည်။
"တကယ်တော့ အဖြူရောင်ကျောက်တုံးကျောင်းတော်ကိုဝင်ဖို့ လိုအပ်ချက်တွေက အရမ်းမမြင့်မားဘူး...မင်းက နဝမအဆင့်ကို ရောက်နေသရွေ့ ကျောင်းသားတစ်ယောက်အဖြစ် လက်ခံလိမ့်မယ်"
မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည် ယခင်ကတည်းက ထိုအကြောင်းကိုကြားဖူးပြီးဖြစ်သဖြင့် အံ့အားသင့်သွားခြင်းမရှိသော်လည်း ကျန်းရွှမ်ကမူ အလွန်စိတ်ဝင်စားနေသည်။
ရင်းမြစ်ကမ္ဘာတွင် ကျင့်ကြံသူများသည် ပို၍အားကောင်းစေရန်အတွက် ရင်းမြစ်စွမ်းအင်ကို စုပ်ယူနိုင်ရန်လိုအပ်သည်။ရင်းမြစ်ရေအိုင်သည် ဒန်တျန်နှင့်တူညီပြီး ထိုအရာသည် စွမ်းအင်များကို ပို၍ထိန်းသိမ်းနိုင်လေလေ တစ်စုံတစ်ယောက်၏အနာဂတ်အောင်မြင်မှု ပို၍မြင့်မားလေလေပင်။
"ရင်းမြစ်စစ်သည်တော်တွေကို ရင်းမြစ်ရေအိုင်နယ်ပယ်လို့ခေါ်ပြီးတော့ အဆင့်ကိုးဆင့်ရှိတယ်...အာရုံခံခြင်း ရင်းမြစ်ရေအိုင်ရှာဖွေခြင်း စွမ်းအင်အိုလှောင်ခြင်း ခန္ဓာကိုယ်ထိန်းညှိခြင်း မရီဒါန်းများဖွင့်ခြင်း ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း ကျောက်စိမ်းအရိုး နတ်ဘုရားအရိုးနဲ့ ဓမ္မပုံရိပ်ယောင်တို့ပဲ...ဒီနေရာကိုလာပြီး အကဲဖြတ်စစ်ဆေးခံတဲ့ လူတွေအားလုံးက သူတို့ရဲ့ရင်းမြစ်ရေအိုင်ကို အောင်အောင်မြင်မြင် ဖွင့်ပြီးသွားကြပြီ...ဆိုလိုတာက သူတို့တွေအားလုံး ရင်းမြစ်ရေအိုင်နယ်ပယ် ဒုတိယအဆင့်ကို ရောက်နေကြပြီ"
ယုဖုန်း ပို၍ရှင်းပြလေလေ ကျန်းရွှမ်သည် ဤကမ္ဘာလောက၏စွမ်းအားရင်းမြစ်နှင့် ပတ်သက်ပြီး ပို၍နက်ရှိုင်းစွာ သဘောပေါက်လာလေလေပင်။
ဤသည်မှာ ဆရာသခင်ကုန်းမြေပေါ်ရှိ ကျင့်ကြံခြင်းလမ်းကြောင်း၏ အဆင့်ကိုးဆင့်နှင့် အတော်အသင့်တူညီသည်။ချွင်းချက်အနေဖြင့် စိတ်ဝိညာဥ်စွမ်းအင်နေရာတွင် ပို၍အားကောင်းပြီး အစွမ်းထက်သော ရင်းမြစ်စွမ်းအင်မှ အစားထိုးနေရာဝင်ယူသွားပေ၏။
ရင်းမြစ်စွမ်းအင်များဖြင့် ထိန်းညှိထားသော ရင်းမြစ်စစ်သည်တော်တစ်ယောက်သည် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ခွန်ရှီကဲ့သို့ အစွမ်းထက်သောလူတစ်ယောက်ကို အနည်းငယ်အင်အားစိုက်ထုတ်ရုံဖြင့် လွယ်လင့်တကူဆုတ်ဖြဲနိုင်ပေမည်။
ဤသည်မှာ ရင်းမြစ်စွမ်းအင်၏ကြောက်မက်ဖွယ်စွမ်းအားပင်။
အကယ်၍ ရင်းမြစ်ကမ္ဘာလောကသည် အဆင့်မြင့်ဂြိုလ်တစ်လုံးနှင့် တူညီပါက ကောင်းကင်ဘုံနယ်မြေသည် ကမ္ဘာမြေကြီးပင်။အဆင့်မြင့်ဂြိုလ်ပေါ်ရှိ လူတစ်ယောက်သည် သူ့၏ဂြိုလ်ပေါ်၌ သာမန်ဖြစ်နိုင်သော်လည်း ကမ္ဘာမြေတွင်မူ သူသည် ပြိုင်ဘက်ကင်းဖြစ်ပေ၏။
"အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ် ဝူယွင်ကျိုးက ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့် ကျောက်စိမ်းအရိုးကျင့်ကြံသူဖြစ်ပြီးတော့ မယုံနိုင်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်တယ်"
ယုဖုန်း၏မျက်လုံးအတွင်း၌ လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
လက်ထောက်ကျောင်းအုပ်ဝူ၏ခွန်အားသည် သူ့ဖခင်ထက် အနည်းငယ်သာပို၍အားနည်းပြီး အဖြူရောင်ကျောက်တုံးမြို့အတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအနက်မှ တစ်ယောက်ဖြစ်သည်။
"ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု စတင်တော့မယ်... နာမည်ခေါ်ခံရတဲ့ ကျောင်းသားတွေက ကျေးဇူးပြုပြီးတော့ စင်မြင့်ပေါ်ကို တက်လာကြပါ"
ထိုအချိန်မှာပင် အသံတစ်သံက သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်တခွင်လုံးအနှံ့ ပဲ့တင်ထပ်သွားသည်။ကျန်းရွှမ်က မော့ကြည့်လိုက်ရာ ကွင်းပြင်၏အလယ်ဗဟိုတွင် အသက်ငါးဆယ်ခန့်ရှိသောလူတယောက် မတ်တတ်ရပ်နေပြီး ဘောလုံးတစ်လုံးစာ အရွယ်အစားရှိသော ချပ်ပြားတစ်ခုကိုကိုင်ထားသည်အား မြင်တွေ့မိသည်။
လက်ထောက်ကျောင်းအုပ် ဝူရင်ကျိုး...
သူသည် မီးခိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏စွမ်းအားကို ထုတ်လွှတ်ထားခြင်းမရှိသည့်တိုင် လူအများ ခံနိုင်ရည်မရှိနိုင်သည့် အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။ အကယ်၍ ကျန်းရွှမ်သည် သူ၏ကမ္ဘာသစ်ကို အကန့်အသတ်ထိရောက်အောင် လောင်ကျွမ်းလျှင်ပင် ဤလူ့အား ယှဉ်ပြိုင်ရာ၌ ရုန်းကန်ရမည်မှာ သိသာထင်ရှားလှ၏။
"လျှူရုံဟူ...မုန့်ကျင်းပင်...ယွမ်ဟောင်ရှင်း..."
နာမည်များခေါ်သည်နှင့် ကျောင်းသားများသည် ကွင်းပြင်၏အလယ်သို့ အလျှင်အမြန်လျှောက်လှမ်းသွားသည်။မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည်လည်း ပထမအသုတ်နာမည်စာရင်း၌ ပါဝင်သည်။
"ရှေ့ကို နည်းနည်းတိုးကြည့်ကြစို့...နဂါးကိုးကောင်တိုင်လုံးတွေမှာ ကောင်းကင်ကံကြမ္မာစွမ်းအားအများစု ရှိနေပြီးတော့ စွမ်းအားတချို့ကတော့ ပြန့်ကျဲနေတယ်...တကယ်လို့ ငါတို့က အဲ့ဒါတွေကို စုပ်ယူနိုင်မယ်ဆိုရင် အရမ်းအကျိုးရှိလိမ့်မယ်"
ယုဖုန်းက ပြုံးရယ်ပြီး မတ်တတ်ထရပ်လိုက်သည်။
ကျန်းရွှမ်သည် မြင်းထိန်းတစ်ယောက်ဖြစ်သော်လည်း အစောပိုင်းက သူ၏ညီမဖြစ်သူအား ကြိုးစား၍ကူညီပေးခဲ့သည်။ထိုကြောင့် အစ်ကိုတစ်ယောက်ဖြစ်သော သူ့အနေဖြင့် ကျန်းရွှမ်ကို ကပ်တွက်နေခြင်း မပြုတော့ချေ။
"ဟုတ်ကဲ့"
ကျန်းရွှမ်သည် ခေါင်းညိတ်ပြပြီးနောက် စင်မြင့်ထံဦးတည်ပြီး ယုဖုန်း၏နောက်မှ ထပ်ချက်မကွာလိုက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် နဂါးကိုးကောင်တိုင်လုံး၏နံဘေးပတ်လည်တွင် လူများပြွတ်သိပ်နေသည်။ကြည့်ရသည်မှာ လူများအားလုံးသည် ဤအခွင့်အရေးကို သိရှိထားပုံပင်။ရိုးရှင်းသောအကဲဖြတ်စစ်ဆေးမှုအတွက် စီနီယာကျောင်းသားများပင်လျှင် ရောက်ရှိလာသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
"သခင်လေးယု ရင်းမြစ်စွမ်းအင်နဲ့ မင်း ခုဏကပြောလိုက်တဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်ကြားမှာ ဘာကွဲပြားခြားနားချက်ရှိလဲ"
တိုင်လုံးများအနက်မှ တစ်လုံး၏ရှေ့တွင် ထိုင်ချပြီးနောက် ကျန်းရွှမ်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
သူသည် ယခင်က ရင်းမြစ်စွမ်းအင်အကြောင်းကို ကြားဖူးသော်လည်း ကောင်းကင်ကံကြမ္မာစွမ်းအင်အကြောင်းကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
ယုဖုန်းက ရှင်းပြသည်။
"ရင်းမြစ်စွမ်းအင်က အရာအားလုံးရဲ့မူရင်းဇစ်မြစ်ဖြစ်ပြီးတော့ အကြမ်းဆန်ပြီး ရုန့်ရင်းကြမ်းတမ်းတယ်...တကယ်လို့တစ်ယောက်ယောက်က သူ့ရဲ့ရင်းမြစ်ရေအိုင်ကိုဖွင့်ပြီးရင်တောင် အဲ့ဒီစွမ်းအင်ကို မဆင်မခြင်စုပ်ယူလို့မရဘူး...ကောင်းကင်ကံကြမ္မာစွမ်းအင်ကတော့ ကံကြမ္မာခန်းမကနေရောင်းချတဲ့ အထူးသီးသန့်ပစ္စည်းတစ်ခုပဲ...ဒါက ရင်းမြစ်စွမ်းအင်ကို လူတွေအားလုံးရဲ့ရုပ်ခန္ဓာကိုယ်နဲ့ ကိုက်ညီအောင် ထိန်းညှိထားတာ...ဒီစွမ်းအင်က အသစ်ဖွင့်ထားတဲ့ ရင်းမြစ်ရေအိုင်တွေကို ပြုစုပျိုးထောင်ဖို့ ပြီးပြည့်စုံတယ်"
"ငါက ကျင့်ကြံလို့မရဘူး...ဘာနည်းစနစ်ကိုမှလည်း မသိဘူး...ဒါကြောင့် ငါ အဲ့ဒီစွမ်းအင်ကို စုပ်ယူလို့မရလောက်ဘူး"
ကျန်းရွှမ်သည် ထိုကိစ္စကို နားလည်သဘောပေါက်ပြီးနောက် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုလိုက်သည်။
ယုဖုန်းက ပြုံးလိုက်သည်။
"ဘာမှမစိုးရိမ်နဲ့...ကောင်းကင်ကံကြမ္မာစွမ်းအင်ကတော့ ရင်းမြစ်စွမ်းအင်လို မတည်ငြိမ်တဲ့အရာမဟုတ်ဘူး...တကယ်လို့ မင်းက မကျင့်ကြံနိုင်သေးဘူးဆိုရင်တောင်...လုပ်ငန်းစဉ်ကနှေးကွေးသွားမယ်ဆိုပေမယ့် မင်းက ဒါကို စုပ်ယူနိုင်တယ်...စိတ်အေးအေးထားပါ...ဒါက မင်းအတွက် အကျိုးကျေးဇူးရှိလာနိုင်တယ်...မင်း အလွန်အကျွံ့တော့ မလုပ်သင့်ဘူး.. မင်း မွမ်းကြပ်လာတာကို ခံစားရတာနဲ့ ဒီနေရာက ချက်ချင်းထွက်သွားပါ... ဒီစွမ်းအင်တွေ အများကြီးကို စုပ်ယူတာက မင်းအတွက် ထိခိုက်နာကျင်မှုကို ဖြစ်စေနိုင်တယ်"
"ငါ သိပြီ"
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီးနောက် ထပ်မံ၍ မေးခွန်းမထုတ်တော့ချေ။
သူတို့နှစ်ယောက် စကားပြောဆိုနေစဉ်တွင် စင်မြင့်ပေါ်၌ ကျောင်းသားများဖြင့် ပြည့်နှက်နေကာ အရေအတွက်အားဖြင့် ထောင်နှင့်ချီနေပေ၏။
"ကောင်းကင်ကံကြမ္မာစွမ်းအင် ဆင်းသက်လာတဲ့အချိန်ကျရင် မင်းတို့ရဲ့ရင်းမြစ်ရေအိုင်တွေက ဘယ်လောက်ထိများများ စုပ်ယူနိုင်လဲဆိုတာ နဂါးကိုးကောင်တိုင်လုံးတွေပေါ်မှာ ပြသထားလိမ့်မယ်...အဲ့ဒီအချိန်ကျရင် မင်းတို့ရဲ့ပါရမီအရည်အချင်းအဆင့်ကို မင်းတို့ အလွယ်တကူ သိနိုင်လိမ့်မယ်"
လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးက ရှင်းပြသည်။
လူများအားလုံး ခေါင်းညိတ်လိုက်ကြပြီးနောက် နဂါးကိုးကောင်တိုင်လုံးများကို ကြည့်လိုက်သည်။ကျန်းရွှမ်သည်လည်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ မကြာမီမှာပင် မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့၏ နာမည်များနှင့် မလှမ်းမကမ်းအကွာ၌ လျှူမင်ယွဲ့၏နာမည် ရှိနေသည်ကို ရှာဖွေတွေ့ရှိမိသည်။
အချိန်တစ်ခဏကြာခန့် ရှာဖွေပြီးနောက် ကျန်းရွှမ်က ဇဝေဇဝါဖြင့်မေးမြန်းသည်။
"သခင်လေးယု...မင်းရဲ့နာမည်က ဘာလို့ အဲ့ဒီနေရာမှာ မရှိတာလဲ"
"ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုက ကျောင်းသားသစ်တွေအတွက်ပဲ..လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက သူတို့ရဲ့နာမည်တွေကို ကြိုတင်ပြီး စာရင်းပေးသွင်းထားကြတယ်..တခြားလူတွေရဲ့နာမည်တွေက အဲ့ဒီနေရာမှာ ရှိမှာမဟုတ်ဘူး"
ယုဖုန်းက အပြုံးနှင့်ပြောဆိုသည်။
ကျန်းရွှမ်သည် ချက်ချင်းနားလည်သဘောပေါက်သွားပေ၏။
"အကဲဖြတ်စမ်းသပ်ပွဲ စတင်မယ်"
လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးသည် အရာရာတိုင်းကိုရှင်းပြပြီးနောက် ကံကြမ္မာချပ်ပြားကို လေထုအတွင်းသို့ ပစ်တင်လိုက်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နဂါးကိုးကောင်တိုင်လုံးများ၏အလယ်၌ မျောလွင့်နေကာ အလွန်တောက်ပသောအလင်းတန်းကိုးတန်း ဖြာထွက်လာသည်။
ထိုအလင်းတန်းများသည် တိုင်လုံးများနှင့် ချိတ်ဆက်သွားကာ ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ဆင့်ခေါ်နေသည့်အလားပင်။
ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများသည် မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာကာ တောက်ပသောအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး စင်မြင့်ပေါ်ရှိ ကျောင်းသားများထံဦးတည်၍ တိုးဝင်သွားသည်။
"ဒီနေရာမှာပဲ..."
မိုယန်ရွှယ် ယုရှောင်ယွီနှင့်တခြားလူများသည် စကားပြောဆိုနေခြင်းကိုရပ်တန့်ကာ ဆင်းသက်လာသောစွမ်းအင်များကို လက်ခံရန်အတွက် သူတို့၏မျက်လုံးများကို စုံမှိတ်ပြီး သူတို့၏စိတ်များကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်သည်။
ယုဖုန်းသည်လည်း သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။
ကျန်းရွှမ်သည် အလျင်လိုခြင်းမရှိချေ။ထိုအစား သူသည် နဂါးကိုးကောင်တိုင်လုံးများမှပွင့်အံ့ထွက်လာသော ကောင်းကင်ကံကြမ္မာစွမ်းအင်ကို အာရုံခံရန် သူ၏စိတ်ပိုင်းဆိုင်ရာကိုပြင်ဆင်လိုက်သည်။သူ၏စိတ်ကို အာရုံစူးစိုက်လိုက်ရာ သူ၏ခန္ဓာကိုယ်နံဘေးပတ်ပတ်လည်၌ ပြန်ကျဲနေသော သန့်စင်သည့် စွမ်းအင်စီးကြောင်းများကို တွေ့မြင်မိသည်။
"ငါ စွမ်းအင်တန်းတစ်တန်းလောက် စုပ်ယူနိုင်ဖို့ ကြိုးစားကြည့်ရမယ်"
သူ၏စိတ်စွမ်းအားကို နွယ်ဆင်နှာမောင်းကဲ့သို့ အသုံးပြုကာ ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းတစ်ကြောင်းထံသို့ ဆန့်တန်းပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ လွယ်လင့်တကူ ဆွဲသွင်းလိုက်သည်။
သူသည် ထိုအရာကိုထိန်းချုပ်ကာ သူ၏ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်လိုက်သည်။ဤစွမ်းအင်သည် သူ့၏ဒဏ်ရာများကို ကုသပေးနိုင်ခြင်းရှိမရှိနှင့် သူ၏ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ခြင်းရှိမရှိ သူ သိရှိလိုသည်။သို့ရာတွင် ကျန်းရွှမ်သည် သူ၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းထန်သွားသကဲ့သို့ ခံစားလိုက်ရကာ နေရာမှာပင် တောင့်တင်းသွားသည်။
သူ အစောပိုင်းက စုပ်ယူလိုက်သော ကောင်းကင်ကံကြမ္မာစွမ်းအင်သည် သူ၏စိတ်အတွင်းရှိ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ စီးဝင်သွားပေ၏။
ရင်းမြစ်စွမ်းအင်၏ဖိနှိပ်ခြင်းကို ခံထားရကာ သူနှင့်အတူ တစ်ချိန်လုံးယှဉ်တွဲပါလာသော ကောင်းကင်ဘုံစာကြည့်တိုက်မှ ရုတ်တရက် တောက်ပသောအလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ထို့နောက် သူ၏စိတ်အတွင်းတွင် ခေါင်းလောင်းသံများနှင့်ဗုံသံများကဲ့သို့ အသံများ မြည်ဟီးသွားသည်။
'မိုးနဲ့မြေက အကြင်နာတရားမရှိဘူး...သူတို့ကအရာအားလုံးကို ခွေးလေခွေးလွင့်တွေလို ဆက်ဆံတယ်...'
'နေနဲ့လက လောကဓံအရ နိမ့်တုံမြင့်တုံဖြစ်နေပြီးတော့ မိုးနဲ့မြေမှာ ချို့ယွင်းချက်တွေ ရှိနေတယ်....'
ဘုန်း...
နောက်ထပ်အချိန်အခိုက်အတန့်၌ ကျန်းရွှမ်သည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ သူ ရုတ်တရက် ပြန်လည်ထွက်ပေါ်လာသည်ကို ခံစားမိသည်။သူ၏နံဘေးပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော စာအုပ်စင်များရှိနေကာ အမျိုးအစားစုံလင်သော စာအုပ်များဖြင့် အကန့်အသတ်မဲ့ ပြည့်နှက်နေသည်။
သူ အချိန်အတော်ကြာအသုံးပြု၍ မရခဲ့သော ကောင်းကင်ဘုံစာကြည့်တိုက်သည် ယခုအချိန်၌ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းကို စုပ်ယူရုံမျှဖြင့် အသက်ဝင်လာခဲ့လေပြီ။