← Chapters

တိုင်လုံးမှ ရွေးချယ်ခြင်း

Vol. 1 Ch. 11

တိုင်လုံးမှ ရွေးချယ်ခြင်း

Vol. 1 Ch. 11

"ဘာတွေဖြစ်နေတာလဲ..."

ကျန်းရွှမ်သည် ကောင်းကင်ဘုံစာကြည့်တိုက်၏ မဟာစာဖတ်ခန်းမအတွင်း၌ မတ်တတ်ရပ်ကာ သူ အကျွမ်းတဝင်ရှိသော စာအုပ်များကိုကြည့်ပြီး စိတ်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူ၏နောက်ဆုံးတိုက်ပွဲ၌ ကောင်းကင်ဘုံ ပြိုလဲပျက်စီးသွားခြင်းမှ ကာကွယ်ရန် သူ၏စိတ်အတွင်းရှိ စာကြည့်တိုက်ကိုဆင့်ခေါ်ကာ ကောင်းကင်လမ်းကြောင်းကို ယှဉ်ပြိုင်ခဲ့သည် ယခုလက်ရှိစာကြည့်တိုက်သည် သူ ကမ္ဘာသစ်ကိုဖန်တီးပြီးနောက် ကြီးမားသောစွမ်းအားများဖြင့် အသစ်တစ်ဖန်ပြန်လည် တည်ဆောက်ထားခြင်းဖြစ်သည်။ထိုအရာတွင် အားနည်းချက်ပြသနိုင်သော ကောင်းကင်လမ်း နည်းစနစ်ကျနသော ကောင်းကင်လမ်းနှင့် သဘာဝကောင်းကင်လမ်းဟူ၍ စွမ်းအားသုံးရပ်ပါဝင်သည် ။ထိုကြောင့် ဤသည်မှာ သူ ပိုင်ဆိုင်ထားသည့် အလွန်အမင်းထူးဆန်းပြီး မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော ရတနာတစ်ရပ်ဖြစ်လာသည်။

အားနည်းချက်များကို ထုတ်ဖော်ပြသနိုင်သည့်အပြင် ထိုအရာသည် အမိန့်အာဏာ၏ စွမ်းအားကို ထိန်းချုပ်နိုင်ခြင်း ကျင့်ကြံခြင်းနည်းစနစ်များကို ကောက်ချက်ချနိုင်ခြင်း ဒြပ်စင်ငါးခုကိုဖန်တီးပြီး တည်ငြိမ်စေနိုင်ခြင်း စသဖြင့် မရေမတွက်နိုင်သော တခြားလုပ်ဆောင်ချက်များရှိနေကာ မယုံနိုင်ဖွယ်ကောင်းအောင် အစွမ်းထက်သည်။

သို့ရာတွင် ကမ္ဘာသစ်၏ ကောင်းကင်ဘုံစာကြည့်တိုက်သည် ရင်းမြစ်ကမ္ဘာမှ မဟုတ်ချေ။

ထိုအကြောင်းအရင်းကြောင့် သူ ဤနေရာသို့ ရောက်ရှိလာချိန်တွင် ထိုအရာသည် ဖိနှိပ်ထားခြင်းခံရပြီး အသုံးပြု၍မရတော့ချေ။သူသည် ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းတတန်းကို စုပ်ယူရုံမျှဖြင့် ဤအရာ အသက်ပြန်ဝင်လာမည်ဟု သူ တကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

ဖြစ်နိုင်သည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအားသည် ကောင်းကင်ဘုံစာကြည့်တိုက်နှင့် ရင်းမြစ်ကမ္ဘာ၏ ကောင်းကင်လမ်းတို့အကြားမှ ပေါင်းကူးတံတားတစင်း ဖြစ်နေသလော....

အကယ်၍ ထိုစွမ်းအင်များကို အဆက်မပြတ်စုပ်ယူခြင်းဖြင့် ရင်းမြစ်ကမ္ဘာ၏ ကောင်းကင်လမ်းကို ကမ္ဘာသစ်၏ ကောင်းကင်လမ်း‌နေရာတွင် အစားထိုးနိုင်ပါက အမှန်တကယ်ကို ကောင်းမွန်ပေမည်။

ကျန်းရွှမ်သည် စိတ်လှုပ်ရှားမှုများကိုချိုးနှိမ်လိုက်သည်။

သူ၏လက်ကို ဝှေ့ယမ်း၍ စာအုပ်တစ်အုပ်ကို ဆင့်ခေါ်လိုက်သည်။ထိုစာအုပ်သည် ​ဖြည်းညှင်းစွာမျောလွင့်လာပြီး သူ၏လက်အတွင်းသို့ ကျရောက်လာပေ၏။သူသည် စာအုပ်ကိုဖွင့်ပြီး အောက်သို့ငုံကြည့်လိုက်သည်။

စာလုံးများသည် မှုန်ဝါးနေကာ ရေ၏အလင်းပြန်မှုအလား မထင်မရှားနှင့်မရှင်းမလင်း ဖြစ်နေသည်။

"ကြည့်ရတာတော့ ငါ စုပ်ယူခဲ့တဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်က မလုံလောက်တဲ့ပုံပဲ"

ကျန်းရွှမ်က ခန့်မှန်းလိုက်သည်။

သူ၏စိတ်ကို အာရုံစူးစိုက်လိုက်ပြီးနောက် သူ၏စိတ်စွမ်းအားလေဆင်နှာမောင်းကြီးသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများထံဦးတည်၍ ဆန့်တန်းသွားသည်။

လူအမြောက်အများသည် စွမ်းအင်များကို စုပ်ယူနေကာ သူ၏နာမည်သည် နဂါးကိုးကောင်တိုင်လုံးများပေါ်၌ ရှိမနေသဖြင့် သူ မည်မျှထိများများစုပ်ယူသည်ကို မည်သူကမျှ သတိပြုမိမည် မဟုတ်ချေ။

ဝှစ်...

နောက်ထပ် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းသည် သူ၏ မျက်ခုံးနှစ်ခုကြားမှတဆင့် စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်လာသည်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် ကြီးမားသောမီးအိမ်တစ်လုံးကို ထွန်းညှိလိုက်သည့်အလား ယခင်က မှိန်ဖျော့နေသောနေရာသည် ချွင်းချက်မရှိတောက်ပသွားပေ၏။ကျန်းရွှမ်သည် နောက်တကြိမ်ငုံကြည့်လိုက်ချိန်၌ စာအုပ်ပေါ်ရှိစာလုံးများ သိသိသာသာ ထင်ရှားပြတ်သားစပြုလာသည်ကို မြင်တွေ့မိသည်။

"ကြည့်ရတာတော့ ငါ့ရဲ့ခန့်မှန်းချက်တွေက မှန်ကန်တဲ့ပုံပဲ...ကောင်းကင်ကံကြမ္မာစွမ်းအားက စာကြည့်တိုက်ကို ရင်းမြစ်ကမ္ဘာရဲ့ကောင်းကင်လမ်းကြောင်းနဲ့ ချိတ်ဆက်ခွင့်ပြုခဲ့တယ်"

ကျန်းရွှမ်၏စိတ် တက်ကြွသွားသည်။

အစောပိုင်းက သူသည် ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သည့်တိုင် လျှင်မြန်စွာထမြောက်ရန် ခက်ခဲမည်ဟု သူ တွေးထင်ခဲ့သည်။ယခုချိန်တွင် ကောင်းကင်ဘုံစာကြည့်တိုက် အသက်ဝင်လာသဖြင့် ခေတ်အဆက်အဆက်၏ ဆရာသခင်တစ်ယောက်ဖြစ်ရန် ရည်မှန်းထားသောသူသည် မည်သည်ကြောင့် အ​စေခံတစ်ယောက်အဖြစ် အခြေချနေထိုင်ရမည်နည်း။

'ဘာလဲ...လောကကြီးထဲမှာ အရင်က အဲ့ဒီလိုလူစားမျိုး တစ်ယောက်မှ မရှိဘူးလား....'

ထိုသို့ဆိုပါက သူသည် ပထမဆုံးဖြစ်ပေမည်။

သူသည် ဤကမ္ဘာသစ်၏ ခုံးရှီဖြစ်လာပြီးနောက် စည်းမျဥ်းသစ်များကို တည်ထောင်ကာ ခေတ်ကာလအဆက်ဆက်၏ လမ်းစဉ်များကို သင်ကြားပေးရပေမည်။

သူ၏စိတ်အတွင်းရှိ ကြည်လင်ပြတ်သားသော ရည်မှန်းချက်ပန်းတိုင်နှင့်အတူ ကျန်းရွှမ်သည် သူ၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူနိုင်ရန် အာရုံစူးစိုက်လိုက်သည်။

သန့်စင်သောစွမ်းအင်တန်းများသည် သူ၏မျက်ခုံးမှတဆင့် စီးဝင်လာပြီး သူ့အား အားဖြည့်ပေးနေသည်။ဤစွမ်းအင်များဖြင့် ပံ့ပိုးပေးသည်နှင့် ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော ကောင်းကင်ဘုံစာကြည့်တိုက်သည် သိသိသာသာ အသွင်ပြောင်းသွားကာ တဖြည်းဖြည်း ရင်းမြစ်ကမ္ဘာနှင့် လိုက်လျောညီထွေဖြစ်လာပြီး ထိုအရာနှင့် တသားတည်းကျသော အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။

ဤသည်မှာ ကဏဦးချိတ်ဆက်မှုသာဖြစ်သော်လည်း သူသည် အကန့်အသတ်မဲ့သောကြောင့် စွမ်းရည်များကို လွယ်လင့်တကူထုတ်သုံးနိုင်တော့မည်ဟု ဆိုလိုခြင်းပင်။

စာကြည့်တိုက်အတွင်းရှိစာအုပ်များ ပို၍ပီပြင်ထင်ရှားလာသည်နှင့်အမျှ ကျန်းရွှမ်သည် ပို၍ပို၍များပြားသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူလိုက်၏။

စွမ်းအင်တန်းနှစ်တန်း ...

စွမ်းအင်တန်းသုံးတန်း...

စွမ်းအင်တန်းဆယ်တန်း...

စွမ်းအင်တန်း တစ်ရာ...

...

ရင်းမြစ်စစ်သည်တော်တစ်ယောက်အတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်နှင့် ပေါင်းစပ်နိုင်သော အရည်အချင်းသည် သူ၏ရင်းမြစ်ရေအိုင်အရွယ်အစားပေါ်၌ အဓိကမူတည်သည်။ လုံလောက်သည်အထိ ကျယ်ပြန့်သော ရင်းမြစ်ရေအိုင်မရှိပါက မည်မျှထိ များပြားသောစွမ်းအင်များ ရှိနေသည်ဖြစ်စေ သူတို့ စုပ်ယူနိုင်မည်မဟုတ်ချေ။ဤသည်မှာ သေးငယ်သောအစာအိမ်သည် မည်မျှထိများပြားသော စားကောင်းသောက်ဖွယ်များ ရှိနေပါစေ အစာများစွာကို လက်မခံနိုင်သည့်အလားပင်။

ရင်းမြစ်ရေအိုင်သည် အကန့်အသတ်ရှိသော်လည်း ကောင်းကင်ဘုံစာကြည့်တိုက်သည် အကန့်အသတ်မရှိချေ။

ကောင်းကင်ကံကြမ္မာစွမ်းအင် အမျှင်တန်းတစ်ရာကျော်ကို စုပ်ယူပြီးသည့်တိုင် ပင်လယ်အတွင်းမှ ရေတစ်ပေါက်စာပမာဏသာရှိသည်။ဤသည်မှာ ရေတစ်ပုံးကို ခြောက်ကပ်နေသော ပင်လယ်အတွင်းသို့ သွန်းလောင်းလိုက်သည်နှင့် တူညီပေ၏။ဤစွမ်းအားများကြောင့် သက်ရောက်မှုတချို့ရှိလာကာ စာအုပ်ရာဂဏန်းအနည်းငယ်သည် ပီပြင်ထင်ရှားလာသော်လည်း စာကြည့်တိုက်ကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက သက်ရောက်မှုသည် အနည်းငယ်မျှသာရှိသည်။

သို့ရာတွင် ရေများစီးဆင်းနေသရွေ့အနက်ရှိုင်းဆုံးအသူရာချောက်နက်ကြီးပင်လျှင် ပြည့်သွားပေမည်။

"ဒီကောင်းကင်ကံကြမ္မာစွမ်းအင်က ငါ့ရဲ့ရင်းမြစ်ရေအိုင်ကို ဖွင့်ပြီးတော့ ငါ့ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်မလားဆိုတာ ကြည့်ကြစို့"

လွန်ခဲ့သောငါးရက်အကြာက မြင်းကန်ခံရမှုကြောင့် သူ ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့သည်။အကယ်၍ ကမ္ဘာသစ်လေး၏စွမ်းအားများနှင့် ပေါင်းစပ်ထားခြင်းကြောင့်သာ မဟုတ်ပါက သူသည် မြင်းကို စောင့်ရှောက်ရန်နေနေသာသာ လမ်းလျှောက်နိုင်မည်ပင် မဟုတ်ချေ။

သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူပြီးနောက် တချို့ကို စာကြည့်တိုက်အတွင်းသို့ပို့ကာ တချို့ကို သူ၏မရီဒါန်းများအတွင်းသို့ ဖြတ်သန်းစီးဆင်းသွားစေသည်။

ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးပြုခြင်းဖြင့် သူ့အတွက် မမျှော်လင့်ထားသော ဆုလာဘ်များကို ရရှိနိုင်သည်။သို့ရာတွင် သူ၏မူလရည်မှန်းချက်ပန်းတိုင်သည် ကျင့်ကြံနိုင်ရန်နှင့် သူ၏စွမ်းအားကိုမြှင့်တင်နိုင်ရန်ဖြစ်ကာ သူ ထပ်မံ၍ သိုသိုသိပ်သိပ်မနေလိုတော့ချေ။

ကောင်းကင်ကံကြမ္မာစွမ်းအင်သည် အမှန်တကယ်ကိုပင် ရင်းမြစ်စွမ်းအင်ထက် ပို၍ညင်သာသည်။ထိုအရာသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ဖြတ်သန်းစီးဆင်းနေစဉ်တွင် သူ့အား ထိခိုက်နာကျင်မှုမဖြစ်စေသော်လည်း သူ၏ဒဏ်ရာများကို ကုသပေးနိုင်ခြင်းမရှိချေ။အရေးကြီးသည်မှာ သူသည် အချိန်အတော်ကြာလှည့်ပတ်ပြီးနောက် ရင်းမြစ်ရေအိုင်၏အရိပ်အယောင်ကို တစိုးတစိမျှရှာမတွေ့ခြင်းပင်။

ဖြစ်နိုင်သည်မှာ....

အပြင်လူတစ်ယောက်ဖြစ်သဖြင့် သူ၏ရုပ်ခန္ဓာကိုယ်သည် တခြားလူများနှင့် ကွဲပြားခြားနားနေသဖြင့် သူ့ထံ၌ ရင်းမြစ်ရေအိုင် မရှိသလော...

ဤသည်မှာ မဟုတ်လောက်ချေ။

အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ပြီးနောက် အောင်မြင်မှုမရသည်ကို တွေ့ရှိသဖြင့် ကျန်းရွှမ်သည် ရှာဖွေမှုကို လက်လျှော့အရှုံးပေးလိုက်၏။

ရင်းမြစ်ရေအိုင်ကိုရှာဖွေရန် နည်းလမ်းအား မသိရှိသည့်အပြင် မည်သည့်လျှို့ဝှက်နည်းစနစ်မျှမရှိဘဲ သူ စမ်းတဝါးဝါးရှာဖွေနေသည်မှာ အကောင်းဆုံးချဥ်းကပ်မှု မဖြစ်နိုင်ချေ။

"ထားလိုက်တော့...ငါက အခုချိန်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စာကြည့်တိုက်ထဲ စုပ်ယူရုံပဲ တက်နိုင်လိမ့်မယ်"

သူ၏ခန္ဓာကိုယ်သည် စွမ်းအင်များကိုထိန်းသိမ်းမထားနိုင်သော်လည်း ဤခက်ခက်ခဲခဲရရှိသော အခွင့်အရေးကို သူ ဖြုန်းတီးလိုခြင်းမရှိချေ။ထိုကြောင့် ကျန်းရွှမ်သည် သူ၏စိတ်ကို ထပ်မံ၍ အာရုံစူးစိုက်ကာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို အလျှင်အမြန် စုပ်ယူလိုက်၏။

....

စမ်းသပ်ကွင်းပြင်နှင့် မလှမ်းမကမ်းအကွာရှိ စောင့်ကြည့်စင်မြင့်ပေါ်တွင် လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးသည် အကြီးအကဲများဆရာများနှင့်အတူ ထိုင်နေသည်။သူတို့သည် တိုင်လုံးကိုးလုံးပေါ်၌ တောက်ပနေသော နာမည်များကို ဂရုတစိုက်စောင့်ကြည်နေကာ သူတို့ထံတွင် စိတ်လှုပ်ရှားမှုများ မျှော်လင့်တောင့်တခြင်းများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ အဖြူရောင်ကျောက်တုံးကျောင်းတော်၏နှစ်စဉ် 'တိုင်လုံးမှ ရွေးချယ်ခြင်း' ဖြစ်သည်။

ကျောင်းသားသစ်များသည် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူပြီးနောက် သူတို့၏ ပါရမီအရည်အချင်းများ ပေါ်လွင်လာသည်။ဤဆရာများနှင့် အကြီးအကဲများသည် ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်​ချေ။သူတို့ ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ရှာဖွေဖော်ထုတ်ခံရသော ပါရမီရှင်များကို ဖိတ်ခေါ်ပြီး သူတို့၏ကိုယ်ပိုင်အင်အားစုအတွင်းသို့ သွပ်သွင်းနိုင်ရန် မျှော်လင့်ထားသည့်အတွက်ပင်။

ဆရာကောင်းများကို ရွေးချယ်နိုင်သော ကျောင်းသားများသည် အင်အားတစ်ဝက်စိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆရရှိနိုင်သည်။ကျောင်းသားကောင်းရှိသော ဆရာများသည်လည်း အရင်းအမြစ်များ ပို၍ရရှိနိုင်ကာ သူတို့၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်နိုင်သည်။ဤသည်မှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဆက်ဆံရေးပင်။

ကောင်းကင်ကံကြမ္မာစွမ်းအင်များ ဆင်းသက်လာသည်ကို စောင့်ကြည့်ပြီး ဖျင်ကြမ်းဝတ်စုံဝတ်ထားသော အကြီးအကဲတစ်ယောက်သည် အပြုံးနှင့် သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဒီနှစ်မှာ ပါရမီရှင်တွေ ဘယ်လောက်ထိများများ ငါတို့ မြင်ရမလဲဆိုတာ ငါ သိချင်မိတယ်..."

ဤသည်မှာ အဖြူရောင်​ကျောက်တုံးကျောင်းတော်၏ မဟာအကြီးအကဲ ယန်ချင်းရှုပင်။

"မနှစ်တုန်းက အဋ္ဌမအဆင့် အယောက်ရှစ်ရာကျော် သတ္တမအဆင့် အယောက်တစ်ရာကျော်နဲ့ ဆဋ္ဌမအဆင့် အယောက်ငါးဆယ်လောက် ရှိခဲ့တယ်...ဒါက အခုလတ်တလောအချိန်ကာလမှာ အအောင်မြင်ဆုံးနှစ် ဖြစ်ခဲ့တယ်...ဒီနှစ်ကတော့...အဲ့ဒီလောက်ထိ မကောင်းနိုင်ဘူး..."

သူနှင့် မလှမ်းမကမ်းအကွာတွင်ရှိနေသော တခြားအကြီးအကဲတစ်ယောက်က ဖြည်းညှင်းစွာပြောဆိုသည်။

ဤသည်မှာ ဒုတိယအကြီးအကဲ ဝူလျှူယွင်ပင်။

"အဲ့ဒီလို မဖြစ်နိုင်ဘူး...မိုမိသားစုရဲ့ မိုယန်ရွှယ်မှာ ထူးချွန်တဲ့ ပါရမီအရည်အချင်းရှိတယ်လို့ ငါ ကြားထားတယ်...အခုအချိန်ထိ သူက စမ်းသပ်စစ်ဆေးမှု မလုပ်ရသေးပေမယ့် အရင်းအမြစ်တွေအများကြီးကို အသုံးပြုပြီးတော့ သူ့ရဲ့ ရင်းမြစ်ရေအိုင်ကို ဖွင့်ခဲ့တယ်...ဒါက မိုမိသားစုတစ်စုလုံးမှာရှိတဲ့ အရင်းအမြစ်တွေ ကုန်သွားလုနီးပါးပဲ....အရင်းအမြစ်တွေ ပိုပြီးအသုံးပြုလေလေ ရင်းမြစ်ရေအိုင်က ပိုပြီးကျစ်လစ်သိပ်သည်းလေလေဆိုတာ ငါတို့အားလုံး သိထားတဲ့အချက်ပဲ...သူ့ရဲ့ပါရမီအရည်အချင်းက မြင့်မားနေဖို့ ငါ မျှော်လင့်မိတယ်"

ယန်ချင်းရှုက ပြောဆိုသည်။

"တကယ်တော့ မြို့အရှင်မိသားစုရဲ့ယုရှောင်ယွီနဲ့ လျှူမိသားစုရဲ့ လျှူမင်ယွဲ့တို့ကလည်း တော်တော်လေးထူးချွန်တယ်...အခုအချိန်မှာ သူတို့ ဘယ်အဆင့်တွေ ရမလဲဆိုတာ ငါတို့ မြင်ရတော့မယ်"

ဝူလျှူယွင်က ခေါင်းညိတ်လိုက်သည်။

"ကြည့်လိုက်အုံး...သူတို့က ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စပြီးစုပ်ယူနေကြပြီ.... နဂါးကိုးကောင်တိုင်လုံးတွေတောင် တောက်ပစပြုလာပြီ"

သူတို့ ခန့်မှန်းနေစဉ်တွင် အဝေးတစ်နေရာ၌ရှိနေသော မြင့်မားသည့် နဂါးကိုးကောင်တိုင်လုံးကိုးတိုင်သည် တပြိုင်နက်တည်း တောက်ပသွားပေ၏။

ဤသည်မှာ တစ်စုံတစ်ယောက်သည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတတန်းကို အောင်မြင်စွာစုပ်ယူနိုင်ခဲ့ကြောင်း ညွှန်ပြနေခြင်းပင်။ပထမဆုံးပါရမီရှင်၏ နာမည်နှင့်ရလဒ် ထွက်ပေါ်လာတော့ပေမည်။

"ငါ့အထင်တော့ ဒါက မိုယန်ရွှယ်ပဲ ဖြစ်မယ်"

"မဖြစ်နိုင်ဘူး...ယုရှောင်ယွီကိုကြည့်ရတာ ရိုးရှင်းပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းပါရမီက အရမ်းသန်မာအားကောင်းတယ်...သူက ပထမဆုံးထွက်ပေါ်လာတဲ့လူ ဖြစ်နိုင်တယ်"

"ငါက လျှူမင်ယွဲ့အပေါ်မှာ လောင်းတယ်"

ထိုမြင်ကွင်းကိုကြည့်ပြီး ဆရာများသည် စတင်၍ငြင်းခုန်ကြလေ၏။

"လက်ထောက်ကျောင်းအုပ်ကြီး.. မင်းရော ဘယ်လိုထင်လဲ"

ယန်ချင်းရှုသည် အလယ်၌တည်ငြိမ်စွာထိုင်နေသော ဝူယွင်ကျိုးကိုကြည့်ပြီး သူ၏အမြင်ကို တောင်းခံလိုက်သည်။

ကျောင်းအုပ်ကြီးမရှိသဖြင့် ဝူယွင်ကျိုးသည် ယခုလက်ရှိချိန်၌ အဖြူရောင်ကျောက်တုံးကျောင်းတော်တွင် အဆင့်မြင့်ဆုံးခေါင်းဆောင်ပင်။သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို ဆင့်ခေါ်ရန် ကံကြမ္မာချပ်ပြားကို အသုံးပြုခဲ့သူတစ်ယောက်လည်း ဖြစ်သဖြင့် အကဲဖြတ်ရန် အရည်အချင်းအမှီဆုံးသူပင်။

ထိုမေးခွန်းကိုကြားချိန်တွင် တခြားဆရာများသည် သူတို့၏ငြင်းခုံနေမှုများကို ရပ်တန့်လိုက်ကာ လက်ထောက်ကျောင်းအုပ်ထံသို့ကြည့်လိုက်ကြပြီး သူ၏အတွေးအမြင်ကိုကြားရရန် ဆန္ဒစောနေကြသည်။

ဝူယွင်ကျိုးက ပြုံးလိုက်သည်။

"ငါ့အထင်တော့ ဒါက မိုယန်ရွှယ်ပဲဖြစ်မယ်...သူ့ရဲ့ပါရမီအရည်အချင်းက ယုရှောင်ယွီနဲ့လျှူမင်ယွဲ့တို့ထက် မသာပေမယ့် သူက အတည်ငြိမ်ဆုံးလူပဲ...သူက ကောင်းကင်ကံကြမ္မာစွမ်းအင်ကို ပထမဆုံးသန့်စင်နိုင်တဲ့လူ ဖြစ်သင့်တယ်"

သူ၏တွက်ချက်မှုအရ ပါရမီအရည်အချင်းသည် ကဏ္ဍတစ်ခုဖြစ်ကာ အကျင့်စရိုက်သည်လည်း အရေးပါသောအရာပင်။မိုယန်ရွှယ်သည် အလွန်တည်ငြိမ်သူဖြစ်သည်မှာ သိသာထင်ရှားလှ၏။အကယ်၍ ရလဒ်ပထမဆုံး ထွက်ပေါ်လာသူကို ပြသမည်ဆိုပါက သူမ ဖြစ်မည်မှာသေချာပေါက်ပင်။

"ငါက လက်ထောက်ကျောင်းအုပ်ရဲ့အမြင်ကို သဘောတူတယ်"

ယန်ချင်းရှုက ပြုံးလိုက်သည်။သူ၏စကားအဆုံးမသတ်သေးမီမှာပင် မြောက်ဘက်ခြမ်းရှိအလင်းတိုင်လုံးများအနက်မှတစ်တိုင် တဖြည်းဖြည်းမှိန်ကျသွားကာ စလုံးအမြောက်အများထွက်ပေါ်လာပြီး မင်ဖြင့်ခတ်နှိပ်ထားသည့်အလားပင်။

အမည်...မှတ်တမ်းမရှိ

သန့်စင်ခြင်း...အမျှင်တန်းတစ်တန်း

"မှတ်တမ်း မရှိတာလား...ဒါက ဘာကိုဆိုလိုတာလဲ"

"ဖြစ်နိုင်တာတော့ မိုယန်ရွှယ်ကိုတောင် ကျော်ပြီးတော့ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းကို ပထမဆုံးသန့်စင်နိုင်ခဲ့တဲ့လူက ဒီအကဲဖြတ်စစ်ဆေးစမ်းသပ်မှုမှာ တရားဝင်ပါဝင်ခြင်းမရှိတာလား"

လူများအားလုံးသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ကြက်သေသေနေကြ၏။

All Chapters