ကျောင်းအုပ်ကြီး လုမင်ရုန်
Vol. 1 Ch. 13
အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ကျောင်းအုပ်ကြီးနေထိုင်သော ခြံဝန်းငယ်လေးသည် အမြဲတစေတိတ်ဆိတ်နေကာ အလည်အပတ်လာရောက်သူ အလွန်ရှားပါသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ အလောသုံးဆယ်နိုင်သော တံခါးခေါက်သံများ ထွက်ပေါ်နေပေ၏။
"ကျိုးရှု ဘာဖြစ်နေတာလဲ...တကယ်လို့ မင်း ငါ့ကို ဒီနေ့ အကြောင်းပြချက်ကောင်းကောင်း မပေးနိုင်ဘူးဆိုရင် ဒီနေရာကနေထွက်သွားဖို့ မစဉ်းစားနဲ့"
အချိန်တခဏကြာပြီးနောက် ဒေါသများပြည့်နှက်နေသောမျက်နှာဖြင့် ကျောင်းအုပ်ကြီးလုမင်ရုန်က တံခါးကို တွန်းဖွင့်လိုက်သည်။သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့်ကျင့်ကြံသူဖြစ်ကာ အဖြူရောင်ကျောက်တုံးမြို့အတွင်းရှိ ထိပ်သီးကျင့်ကြံသူများအနက်မှတစ်ယောက်ပင်။သူ၏လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမဆို သူ့အားစကားပြောဆိုရန် အလွန်ခက်ခဲစေသည်။
"ကျောင်းအုပ်ကြီး...ဒီနေ့ ငါတို့က ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုကို ကျင်းပခဲ့တယ်"
ဆရာကျိုးရှုသည် အံ့တင်းတင်းကြိတ်ပြီးနောက် နောက်ဆုံး၌ စကားပြောဆိုလိုက်၏။
ကျောင်းအုပ်ကြီးလုမင်ရုန်၏မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
"ငါက ဒီနှစ်အတွက် တပည့်သစ်လက်မခံဘူးလို့ ပြောထားတာကို ငါ မှတ်မိတယ်...ဒီလိုအသေးအမွှားကိစ္စတွေကို ငါ့ဆီသတင်းပို့ဖို့ လိုလို့လား..."
ဆရာကျိုးရှုက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။
"ငါ..ငါ သိပါတယ်...ဒါပေမဲ့ ကျောင်းအုပ်ကြီးက ဒီတကြိမ်ရလဒ်ကိုသိရင် စိတ်ပြောင်းသွားမယ်လို့ ငါ ထင်မိလို့ပါ"
လုမင်ရုန်က တုံ့ပြန်သည်။
"ဖြစ်နိုင်တာတော့ စွမ်းအင်တန်းဆယ့်ခြောက်တန်းကို သန့်စင်နိုင်တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာလို့လား...ပဉ္စမအဆင့် ပါရမီရှင်တစ်ယောက်က ရှားပါးတယ်ဆိုပေမယ့် ငါ့ရဲ့စိတ်ကိုပြောင်းလဲဖို့ မလုံလောက်သေးဘူး"
ဆရာကျိုးရှို့သည် အချိန်တစ်ခဏကြာခန့် ဆိုင်းငံ့နေပြီးနောက် လိမ္မာပါးနပ်စွာဖြင့် မေးမြန်းလိုက်၏။
"ဒါဆိုရင်...စွမ်းအင်အမျှင်တန်းတစ်ရာကျော်ဆိုရင်ရော ဘယ်လို သဘောရလဲ"
လုမင်ရုန်သည် ဆွံ့အသွားပေ၏။
ဆရာကျိုးရှို့က ဆက်လက်၍ပြောဆိုသည်။
"ဒါက အရမ်းမြန်လွန်းတယ်...နဂါးကိုးကောင်တိုင်လုံးပေါ်မှာ စွမ်းအင်တန်းတစ်ရာကို ပြသနေပေမယ့် အခုထိ မရပ်သေးဘူး...အမ် ကျောင်းအုပ်ကြီး မင်း ဘယ်ကိုသွားမလို့လဲ"
သူ၏စကားအဆုံးမသတ်သေးမီမှာပင် ကျောင်းအုပ်ကြီးလုမင်ရုန်သည် ခြေလှမ်းကျဲကြီးများဖြင့် အလျှင်အမြန် ထွက်ခွာသွားလေပြီ။
"သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်ကိုလေ.."
လုမင်ရုန်က တုံ့ပြန်ပြောဆိုသည်။
ဆရာကျိုးရှုသည် ကြက်သေသေသွားလေ၏။
"ကျောင်းအုပ်ကြီး...ဒီနှစ်အတွက် တပည့်သစ် လက်မခံတော့ဘူးလို့ မင်း ပြောခဲ့တယ် မဟုတ်လား"
"ငါက တချက်သွားကြည့်ရုံပဲလေ... ငါက တပည့်သစ် လက်ခံမယ်လို့ မပြောပါဘူး...ဒါ့ပြင် တကယ်လို့ သူတို့က ငါ့ရဲ့တပည့်တွေ ဖြစ်ချင်နေတယ်ဆိုရင် ဆရာတစ်ယောက်အနေနဲ့ ငါ့မှာ ငြင်းဆန်ခွင့် မရှိဘူးလေ...ဟုတ်တယ်မလား..."
လုမင်ရုန်က ပြောဆိုပြီးနောက် သူ့၏ခြေလှမ်းများ အလွန်လျှင်မြန်လာကာ မကြာမီမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
သတ္တမအဆင့် ဆဋ္ဌမအဆင့် ပဉ္စမအဆင့်ပါရမီရှင်များကိုပင် သူ လျစ်လျူရှုထားနိုင်သော်လည်း ဤတစ်ယောက်သည် ဒုတိယအဆင့်နှင့် နီးကပ်နေလေပြီ။မည်သည်ကြောင့် သူ၏တပည့်အဖြစ် ခေါ်ယူခြင်း မပြုရမည်နည်း။သူသည် ထိုအကြောင်းကိုတွေးတောရင်း အရှိန်မြင့်ကာ မကြာမီမှာပင် စင်မြင့်ပေါ်သို့ ရောက်ရှိသွားပေ၏။
"ကျောင်းအုပ်ကြီး..."
သူ၏ရောက်ရှိလာမှုကိုမြင်ချိန်၌ ဝူယွင်ကျိုးနှင့်တခြားလူများ အလျင်အမြန်မတ်တတ်ထရပ်ပြီး အရိုအသေပြုလိုက်ကြသည်။
"အင်း...."
လုမင်ရုန်သည် သူ၏လက်ကို သာမန်ကာလျှံကာဝှေ့ယမ်းပြီး သူတို့၏နှုတ်ဆက်ခြင်းကို ကြားဖြတ်ဟန့်တားလိုက်သည်။
"အခု ဘယ်လိုအခြေအနေ ဖြစ်သွားပြီလဲ"
ဝူယွင်ကျိုးက တုံ့ပြန်သည်။
"ဒါက စွမ်းအင်တန်းနှစ်ရာ့ငါးတန်းထိ သန့်စင်ပြီးတဲ့နောက်မှာ ဆက်ပြီးတော့ မြင့်တက်နေတုန်းပဲ"
လုမင်ရုန်၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။
"စွမ်းအင်တန်းနှစ်ရာကျော်သွားပြီလား...မင်းတို့ပြောကြစမ်း...ဒီပါရမီရှင်က ပထမအဆင့်ပါရမီရှင်တစ်ယောက် ဖြစ်နိုင်တယ်မဟုတ်လား..."
ဝူယွင်ကျိုး ယန်ချင်းရှု ဝူလျှူယွင်နှင့် ဆရာများအားလုံးသည်လည်း ခေါင်းညိတ်ပြလိုက်ကြ၏။
မူလက သူတို့သည် ကိန်းဂဏန်းများ မြင့်တက်လာခြင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသော်လည်း ယခုလက်ရှိအချိန်၌ သူတို့ ထုံသွားလေပြီ။
စွမ်းအင်တန်းတတန်း နှစ်တန်း လေးတန်း ဆယ့်ခြောက်တန်းမှ ယခုအချိန်၌ စွမ်းအင်တန်းနှစ်ရာကျော်သွားခဲ့သည်။ဤသည်မှာ သူတို့၏နားလည်သဘောပေါက်မှုနှင့် စိတ်ကူးစိတ်သန်းများကို အဆက်မပြတ် ကြေမွပျက်စီးသွားစေသဖြင့် သူတို့သည် မည်ကဲ့သို့ပြောဆိုရမည်ကို မသိတော့ချေ။
"သူ့ရဲ့နာမည်က ဘာလဲ...မိုယန်ရွှယ် ယန်ရှောင်ယွီတို့လား...ဒါမှမဟုတ် လျှူမင်ယွဲ့လား"
လုမင်ရုန်သည် သူ၏အသက်ရှူနှုန်းကိုထိန်းသိမ်းကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။သူသည် ဤပါရမီရှင်များ၏နာမည်များကို ကြားဖူးသဖြင့် အကယ်၍ ထိပ်သီးပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပါက သူတို့အနက်မှတစ်ယောက် ဖြစ်နိုင်ချေများသည်။
ဝူယွင်ကျိုးသည် အချိန်တစ်ခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောဆိုသည်။
"သူတို့ထဲကတစ်ယောက်မှ မဟုတ်ဘူး...ဒါက ပရိသတ်တွေထဲက တစ်ယောက်ပဲ"
"ပရိသတ်တစ်ယောက်လား"
လုမင်ရုန်သည် ကြက်သေသေသွားပေ၏။
သူ ဇဝေဇဝါဖြစ်နေစဥ်မှာပင် လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးမှ ရှေ့သို့ညွှန်ပြလိုက်သည်ကို သူ မြင်တွေ့မိသည်။
"ကျောင်းအုပ်ကြီး...မင်းကိုယ်တိုင်ကြည့်တာ ပိုကောင်းလိမ့်မယ်"
လုမင်ရုန်သည် ရှည်ရှည်ဝေးဝေးမမေးမြန်းတော့ဘဲ နဂါးကိုးကောင်တိုင်လုံးများထံသို့ ကြည့်လိုက်သည်။တိကျသေချာစွာပင် တိုင်လုံးတစ်တိုင်၏ထိပ်တွင် စကားစုတစ်စု ထွက်ပေါ်နေသည်။
အမည်...မှတ်တန်းမရှိ
သန့်စင်ခြင်း...စွမ်းအင်တန်း နှစ်ရာတစ်ဆယ့်ခုနစ်တန်း
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် နောက်ထပ်စွမ်းအင်တန်းဆယ့်နှစ်တန်းကို သန့်စင်ပြီးလေပြီ။
"မှတ်တမ်းမရှိဘူးတဲ့လား...."
ကျောင်းအုပ်ကြီးလုမင်ရုန်သည် နောက်ဆုံး၌ မည်သည်ကြောင့် ဝူယွင်ကျိုး ထိုကဲ့သို့ပြောဆိုသည်အား နားလည်သဘောပေါက်သွားသည်။'မှတ်တမ်းမရှိ'ဟု ဆိုလိုရင်းမှာ ထိုလူသည် စင်ပေါ်တွင်ရှိမနေဘဲ အောက်တွင်ရှိနေသောကြောင့်....'ပရိသတ်တစ်ယောက်'မှလွဲ၍ တခြားမည်သူ ဖြစ်နိုင်မည်နည်း။
ဤကိစ္စ၌ အမှားအယွင်းမရှိနိုင်ချေ။
လုမင်ရုန်သည် တခြားတိုင်လုံးများထံသို့ ကြည့်လိုက်ချိန်တွင် နာမည်တစ်ခုထွက်ပေါ်လာရန် အလွန်အလှမ်းကွာဟသည်ကို သူ မြင်တွေ့မိပေ၏။
ဆိုလိုသည်မှာ ရွေးချယ်ခြင်းမခံရသော ပရိသတ်တစ်ယောက်သည် စွမ်းအင်တန်းနှစ်ရာတစ်ဆယ့်ခုနစ်တန်းကို သန့်စင်ပြီးချိန်တွင် သူတို့ရွေးချယ်ထားသည့် ဤ'ပါရမီရှင်များ'ဟု သတ်မှတ်ခံထားရသူများအနက်မှ တစ်ဦးတစ်ယောက်မျှ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းကို မသန့်စင်နိုင်ခြင်းပင်။
ဤကွာဟချက်သည် အလွန်ကြီးမားပေ၏။
ဤှသည်မှာ အမြင်ကျဥ်းသော ကိစ္စမဟုတ်တော့ဘဲ လုံးလုံးလျားလျား မျက်လုံးကန်းနေခြင်းပင်။
သီချင်းဆိုပြိုင်ပွဲတစ်ခုတွင် တိုင်းပြည်၏ထိပ်သီးကြယ်ပွင့်များသည် နိုင်ငံခြားသားတစ်ယောက်နှင့် မယှဥ်နိုင်သော်လည်း ရုံပြင်တွင်စောင့်သော လုံခြုံရေးတစ်ယောက်မှ သက်တောင့်သက်သာဖြင့် အနိုင်ယူသွားသည့်အလားပင်။
ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်သော လုမင်ရုန်ပင်လျှင် ဤကိစ္စအပေါ် ပြင်းထန်သောအစွမ်းအစမဲ့မှုကို ခံစားမိပေ၏။သူသည် သူ၏ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ရန်အတွက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး မေးမြန်းလိုက်သည်။
"အဲ့ဒီလူက ဘယ်သူလဲဆိုတာ မင်းတို့ ရှာတွေ့ပြီလား"
"မတွေ့သေးဘူး...အဲ့ဒီနေရာမှာ လူတွေအများကြီးရှိပြီးတော့ ဖရိုဖရဲဖြစ်နေတယ်...အခုချိန်မှာ လူတိုင်းက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူနေကြတယ်...တကယ်လို့ ငါတို့ အလျင်စလိုလုပ်လိုက်မယ်ဆိုရင် သူတို့အတွက် အနှောက်အယှက်ဖြစ်သွားလိမ့်မယ်...အနှောင့်အယှက်တစ်ခုခုဖြစ်သွားရင် အဲ့ဒီပါရမီရှင်အတွက် မလိုလားအပ်တဲ့မတော်တဆမှုတွေ ရှိလာမှာကို ငါ စိုးရိမ်မိတယ်"
ဝူယွင်ကျိုးက သူ၏စိုးရိမ်ပူပန်မှုကို ဖော်ပြလိုက်သည်။
"မင်း သတိကြီးကြီးထားတာမှန်တယ်"
ကျောင်းအုပ်ကြီးလုမင်ရုန်က ခေါင်းညိတ်လိုက်သည်။
"ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုက အဆက်မပြတ် အင်အားစိုက်ထုတ်ဖို့လိုတဲ့ ဖြစ်စဉ်တစ်ခုပဲ....တကယ်လို့ အနှောင့်အယှက်တစ်ခုခုဖြစ်လာရင် ရင်းမြစ်ရေအိုင်ကို ကျုံ့ဝင်သွားစေပြီးတော့.. နောက်ပိုင်းကျရင် သူ့ရဲ့ရှေ့အလားအလာကို အပြည့်အဝထုတ်ဖော်အသုံးမပြုနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်"
ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ရင်းမြစ်ရေအိုင်အတွင်းသို့ သန့်စင်သည့် လုပ်ငန်းစဉ်သည် ကြီးထွားမှုဖြစ်စဉ်တစ်ခုပင်။
အနှောင့်အယှက်တစ်ခုဖြစ်လာပါက မည်သည့်နည်းလမ်းနှင့်မဆို ထိုလုပ်ငန်းစဉ်အား ထိခိုက်သွားစေနိုင်သည်။ဤသည်ကြောင့် ဆရာများအနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ထိုပါရမီရှင်ကို ရှာဖွေမှုမပြုခြင်းပင်။
သူ၏သဘောထားကို ကျောင်းအုပ်ကြီးမှ သဘောတူညီလိုက်သည်ကိုကြည့်ပြီး ဝူယွင်ကျိုးက စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက်ရှိုက်ကာ ဆက်လက်၍ပြောဆိုသည်။
"အဲ့ဒီပါရမီရှင်က ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းနှစ်ရာကျော်ကို စုပ်ယူပြီးသွားပြီ...စွမ်းအင်တန်းနှစ်ရာငါးဆယ့်ခြောက်တန်းဆိုရင် ပထမအဆင့် ပါရမီရှင်တစ်ယောက်ပဲ...တကယ်လို့ သူရဲ့ပါရမီအရည်အချင်းက အရမ်းထူးချွန်တယ်ဆိုရင်တောင် မကြာခင်မှာ သူ့ရဲ့အကန့်အသတ်ကို ရောက်သွားတော့မယ်...ဒါဆိုရင် စွမ်းအင်စုပ်ယူမှုကို အရင်ဆုံး ရပ်လိုက်တဲ့လူကိုမြင်တာနဲ့ ငါတို့က အဲဒီပါရမီရှင်ကို အလွယ်တကူရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်"
"အကြံကောင်းပဲ... အဲ့ဒီလို လုပ်ကြတာပေါ့"
ကျောင်းအုပ်ကြီးလုမင်ရုန်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် နဂါးကိုးကောင်တိုင်လုံးများထံသို့ တဖန်ထပ်၍ကြည့်လိုက်သည်။
ထိုတိုင်လုံးများကို ကံကြမ္မာချပ်ပြားဖြင့်ချိတ်ဆက်ပြီးနောက် အထူးဝင်္ကပါတစ်ခုကိုဖွဲ့စည်းပြီး စင်မြင့်ပေါ်သို့ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို စီးဆင်းစေခြင်းဖြစ်သည်။
ဤစွမ်းအင်လှိုင်းဂယက်များအကြားတွင် ရှိနေသော ကျောင်းသားသုံးတောင်ကျော်သည် ပရိသတ်တစ်ယောက်မှ စွမ်းအင်တန်းနှစ်ရာကျော်ကို သန့်စင်ပြီးပြီအားမသိရှိဘဲ သူတို့သည်စွမ်းအင်တန်းတစ်တန်းကို သန့်စင်နိုင်ရန် ရုန်းကန်နေရသည်။
စင်အောက်ရှိ လူအုပ်ကြီးထံသို့ တဖန်ပြန်၍ကြည့်လိုက်ချိန်တွင် သူသည် ဒုတိယအကြီးအကဲ ဖော်ပြသည့်ကိစ္စကို မြင်တွေ့မိသည်။နဂါးကိုးကောင်တိုင်လုံးများသည် စွမ်းအင်များကို တင်းတင်းကျပ်ကျပ်ပိတ်လှောင်ထားသဖြင့် ပရိသတ်များ၏နေရာ၌ ပါးလွှာသောပိတ်စတစ်ခုကဲ့သို့ အလွှာပါးတစ်ခုသာ လေထုအတွင်း၌မျှော်လင့်နေသည်။
"စွမ်းအင်တွေ ပြန့်ကြဲနေတဲ့နေရာမှာ စွမ်းအင်တန်းနှစ်ရာကျော်ကို သန့်စင်နိုင်တယ်...ဒီပါရမီရှင်က တကယ့်ကို ကြောက်ဖို့ကောင်းတာပါလား"
လုမင်ရုန်သည် အံ့အားသင့်သွားကာ သူ၏စိတ်အတွင်း၌ အတွေးတစ်ခု ထွက်ပေါ်လာသည်။
"ဒီလိုဆိုမှတော့ ငါတို့တွေက သူ့ကို ဘာလို့ ကူညီမပေးဘဲနေရမှာလဲ...သူ့ရဲ့အခြေခံအုတ်မြစ်ကို ပိုပြီးသန်မာအားကောင်းအောင် လုပ်ရမယ်"
"ကူညီပေးမှာလား...ဘယ်လိုလဲ"
ဝူယွင်ကျိုးက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ဒါက ရိုးရှင်းပါတယ်""
ကျောင်းအုပ်ကြီးလုမင်ရုန်က ပေါ့ပေါ့ပါးပါးအပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
"တိုင်လုံးတွေက စွမ်းအင်တွေကို ပိတ်လှောင်ထားမှတော့ ငါတို့က ကယ်ပေါက်တစ်ခုကိုဖွင့်ပေးပြီး စွမ်းအားတွေကို ပိုပြီးလွတ်လွတ်လပ်လပ်စီးဆင်းခွင့် ပြုလိုက်မယ်...အဲ့ဒီနည်းလမ်းနဲ့ သူက စွမ်းအားတွေကို မြန်မြန်ဆန်ဆန်နဲ့ ပိုပြီးတည်တည်ငြိမ်ငြိမ် စုပ်ယူနိုင်လိမ့်မယ်"
ဝူယွင်ကျိုးက ခေါင်းညိတ်လိုက်သည်။
"ဒါက အဓိပ္ပာယ်ရှိတယ်...ငါတို့က ကျောင်းအုပ်ကြီးကိုပဲ အားကိုးရတော့မယ်"
"ကောင်းပြီလေ"
လုမင်ရုန်က ခေါင်းညိတ်ပြပြီးနောက် တိုင်လုံးတစ်လုံးထံသို့ လျှောက်လှမ်းသွားကာ သူ၏လက်သီးကိုဆုပ်ပြီး ပြင်းပြင်းထန်ထန်ထိုးနှက်လိုက်၏။
ခရက်...
တိုင်လုံးကြီးသည် အနည်းငယ်တုန်ခါသွားကာ ကံကြမ္မာချပ်ပြားနှင့် ချိတ်ဆက်ထားသော စွမ်းအင်အလင်းတန်းကိုးတန်း၌ လှိုင်းဂယက်များထသွားသည်။ရုတ်ချည်းဆိုသလိုပင် ချိတ်ပိတ်ခံထားရသော အဖြူရောင်ဖြူခိုးများသည် ထွက်ပေါက်တစ်ခုရှာတွေ့သွားပုံဖြင့် အဆက်မပြတ်ယိုစိမ့်ထွက်သွားကာ စင်မြင့်၏အောက်တွင်ရှိသော ကျင့်ကြံသူများအားလုံးကို လွမ်းခြုံသွားပေ၏။
"ငါ လုပ်ပြီးသွားပြီ..."
လုမင်ရုန်က ခေါင်းညိတ်လိုက်ပြီးနောက် စင်မြင့်ထံသို့ ပြန်လှည့်ကြည့်လိုက်သော်လည်း ဝူယွင်ကျိုး ယန်ချင်းရှု ဝူလျှူယွင်နှင့် တခြားလူများအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် တိုင်လုံး၏အထက်သို့ကြည့်နေကာ သူတို့၏မျက်လုံးများပြူးကျယ်ပြီး သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေသည်ကို သူ မြင်တွေ့မိသည်။
"ဘာမှားနေလို့လဲ..."
သူတို့၏တုံ့ပြန်မှုကိုကြည့်ပြီး လုမင်ရုန်သည် ကူကယ်ရမဲ့စွာဖြင့် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ သူ့၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး နေရာမှာပင်တောင့်တင်းသွားသည်။
နဂါးကိုးကောင်းတိုင်လုံးများ၏အထက်တွင် အစောပိုင်းကပြသနေသော နံပါတ်နှစ်ရာတစ်ဆယ့်ခုနစ်မှ အနည်းငယ်မြင့်တက်သွားသည်။
ထိုအရာသည် နှစ်ရာငါးဆယ့်ခုနစ်ဖြစ်သွားလေပြီ။