နဂါးကိုးကောင် ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်း
Vol. 1 Ch. 14
"ဒါက...."
အတွေ့အကြုံရင့်ကျက်သော လုမင်ရုန်ပင်လျှင် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုမှ ပထမအဆင့်ပါရမီရှင်၏အကန့်အသတ်သည် စွမ်းအင်တန်း နှစ်ရာငါးဆယ့်ခြောက်တန်းပင်။သို့ရာတွင် ယခုအချိန်၌ တိုင်လုံးပေါ်ရှိနံပါတ်သည် နှစ်ရာငါးဆယ့်ခုနစ်သို့ ရောက်ရှိနေလေပြီ။
ဤကဲ့သို့အရှိန်နှုန်းကို စင်မြင့်ပေါ်ရှိ မည်သည့်လူငယ်က ယှဉ်ပြိုင်နိုင်မည်နည်း...
"ကျောင်းအုပ်ကြီး...ကြည့်ရတာတော့ ဒါက ...ခုထိမပြီးသေးတဲ့ပုံပဲ"
လုမင်ရုန်သည် စကားမပြောနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ဆရာများအကြားမှနေ၍ တုန်တုန်ရီရီအသံတစ်သံ ထွက်ပေါ်လာသည်။ထိုကြောင့် သူသည် စိတ်လှုပ်ရှားစွာဖြင့် တိုင်လုံး၏အထက်သို့ တဖန်ပြ၍မော့ကြည့်လိုက်၏။
နှစ်ရာငါးဆယ့်ရှစ်...
နှစ်ရာငါးဆယ့်ကိုး...
နှစ်ရာ့ခြောက်ဆယ်...
ကောင်းကင်ကံကြမ္မာစွမ်းအားများ အဆက်မပြတ်စီးဆင်းနေမှုနှင့်အတူ မှတ်တမ်းမရှိသောကျောင်းသားသည် မုန်တိုင်းအတွင်းသို့ ရောက်သွားသော နဂါးတစ်ကောင်အလား အလွန်လျှင်မြန်စွာ မြင့်တက်လာသည်။နံပါတ်များ မြင့်တက်လာမှုသည်အစောပိုင်းကထက်ပို၍လျှင်မြန်နေသည်။အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် နံပါတ်ငါးရာကိုကျော်လွန်ပြီး တစ်ထောင်ထံသို့ ဦးတည်နေလေပြီ။
မိုးကောင်းကင်ယံအတွင်းရှိ ကံကြမ္မာချပ်ပြားသည် တစ်စုံတစ်ယောက်မှ ကောင်းကင်ကံကြမ္မာစွမ်းအားများကို အလွန်လျှင်မြန်စွာ စုပ်ယူနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားပုံမရချေ။ထိုအရာသည် အလွန်လျှင်မြန်စွာလည်ပတ်နေကာ တောက်ပသောအအလင်းတန်းများ ဖြာထွက်လာပေ၏။နောက်ထပ်အချိန်အခိုက်အတန့်တွင် ကောင်းကင်ကံကြမ္မာစွမ်းအား၏ အကန့်အသတ်မရှိသောစွမ်းအင်စီးကြောင်းများ ဆင်းသက်လာသည်။
ဘုန်း....
စွမ်းအင်များ ပို၍ဆင်းသက်လာသည်နှင့်အမျှ နဂါးကိုးကောင်တိုင်လုံးများသည် ကမ္ဘာလောကများစွာကို ထမ်းထားရသည့်အလား ကြီးမားသောအလေးချိန်ကို တောင့်ခံထားရ သည်။ထိုအရာမှနေ၍ တုန်ခါသံများ ထွက်ပေါ်လာကာ မြေပြင်သည်လည်း မသိမသာတုန်ခါစပြုလာပေ၏။
အဖြူရောင်မြူခိုးလှိုင်းများသည် ကမ်းခြေကိုရိုက်ခတ်သော ဒီရေအလား စီးဆင်းနေကာ ပြင်းထန်သော ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု ကျင်းပခဲ့သည် နှစ်ကာလများတလျှောက်တွင် ဤကဲ့သို့အခြေအနေမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှ မကြုံတွေ့ဘူးချေ။ဆရာများသည် ဆွံ့အနေကာ အဖြေရရန်အတွက် သူတို့၏စိတ်အတွင်း၌ ရှာဖွေနေကြသော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ပေ။ကြည့်ရသည်မှာ ဤကိစ္စကို မည်သည့်စာအုပ်အတွင်းတွင်မျှ မှတ်တမ်းတင်ထားခြင်း မရှိသည့်ပုံပင်။
လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးသည် မျက်မှောင်ကြုတ်ထားကာ အချိန်တခဏကြာပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ကျောင်းအုပ်ကြီး ဒါက မူမမှန်ဘူး...တစ်ခုခုတော့ ဖြစ်နေပြီ....ငါတို့တွေ အကဲဖြတ်စစ်ဆေးမှုကို ရပ်တန့်ပြီးတော့ နောက်ရက်ကျမှ ပြန်ပြီးကျင်းပသင့်လား...ကျောင်းအုပ်ကြီး ...ကျောင်းအုပ်ကြီး...."
နှစ်ကြိမ်တိုင်တိုင်အော်ခေါ်လိုက်သော်လည်း လုမင်ရုန်သည် တုံ့ပြန်ခြင်းမရှိချေ။
ဝူယွင်ကျိုးသည် သူ့အားကြည့်ပြီးနောက် ကြက်သေသေသွားလေ၏။
ယခင်က အလွန်သြဇာအာဏာကြီးမားခဲ့သော လုမင်ရုန်သည် ယခုလက်ရှိအချိန်၌ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော တစ်စုံတစ်ခုကိုအမှတ်ရသွားပုံပင်။သူ၏မျက်စိသူငယ်အိမ်များသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေကာ သူ၏လက်များ တုန်ရီနေသည်။
"ကျောင်းအုပ်ကြီး...."
အမှားအယွင်းတစ်ခုခုဖြစ်မည်ကို ကြောက်ရွံသဖြင့် သူသည် ထပ်မံ၍ အော်ခေါ်လိုက်သော်လည်း သူ၏စကား အဆုံးမသတ်သေးမီမှာပင် ကျောင်းအုပ်ကြီး၏အသံ ထွက်ပေါ်လာသည်။
"ဖြစ်နိုင်တာတော့ ဒါက ဒဏ္ဍာရီလာ 'နဂါးကိုးကောင် ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်း' လား"
"နဂါးကိုးကောင် ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်းဆိုတာက ဘာလဲ"
ဝူယွင်ကျိုးက ဇဝေဇဝါဖြင့် မေးမြန်းသည်။
ယန်ချင်းရှု ဝူလျှူယွင်နှင့်တခြားလူများကို ကြည့်ရသည်မှာလည်း ဇဝေဇဝါဖြစ်နေပုံရသည်။
သူတို့ထံ၌ အသိပညာဗဟုသုတ အကန့်အသတ်ရှိနေခြင်းကြောင့် ဤအရာကို ကြားဖူးမည်မဟုတ်ကြောင်း နားလည်သဘောပေါက်သွားသဖြင့် လုမင်ရုန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ထိုနောက် သူ၏ထိတ်လန့်တုန်လှုပ်မှုကို ချိုးနှိမ်ပြီး ရှင်းပြလိုက်၏။
"ရင်းမြစ်ရေအိုင်က ရင်းမြစ်စွမ်းအင်ကို ကျင့်ကြံဖို့အတွက် အခြေခံအုတ်မြစ်ပဲ...ဒါကို အဆင့်ကိုးဆင့်ခွဲထားတယ်လို့ မင်းတို့ သိထားကြတယ်...ငါတို့အဖြူရောင်ကျောက်သုံးကျောင်းတော်ကလည်း အဲ့ဒီအတိုင်းပဲ ကျောင်းသားတွေကို သင်ကြားပေးခဲ့တယ်"
လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။
ရင်းမြစ်ရေအိုင်၏အဆင့်သည် ယေဘုယျအသိပညာဗဟုသုတဖြစ်သဖြင့် လမ်းများပေါ်တွင်ရှိနေသော ကလေးများပင်လျှင် သိရှိထားကြသည်။
"ဒါပေမဲ့ မင်းတို့ မသိတာကတော့...."
လုမင်ရုန်က ဆက်လက်၍ပြောဆိုသည်။
"ပထမအဆင့်ရဲ့အထက်မှာ သူတော်စင်အဆင့်ရှိနေတယ်"
"သူတော်စင် အဆင့်လား"
ဝူယွင်ကျိုးက မေးမြန်းသည်။
လုမင်ရုန်သည် ခေါင်းညိတ်ပြလိုက်၏။
"အမှန်ပဲ....အဲ့ဒီပါရမီရှင်မျိုးတွေက ကောင်းကင်ကံကြမ္မာစွမ်းအင်ကိုပ ထမဆုံးစုပ်ယူတဲ့အချိန်မှာ စွမ်းအင်တန်းနှစ်ရာငါးဆယ့်ခြောက်တန်းကို ကျော်လွန်ရုံတင် မကဘူး စွမ်းအင်တန်းငါးရာကိုတောင် အလွယ်တကူ စုပ်ယူနိုင်တယ် ...သူတို့က စွမ်းအင်တွေကို မြန်မြန်ဆန်ဆန် စုပ်ယူနိုင်တာကြောင့် သာမန်ကံကြမ္မာချပ်ပြားတွေက လုံလောက်တဲ့စွမ်းအားကို ထောက်ပံ့မပေးနိုင်တော့တာကြောင့် လျှို့ဝှက်ဝင်္ကပါ အသက်ဝင်လာခဲ့တယ်...ဒါကြောင့် နဂါးကိုးကောင်တိုင်လုံးတွေကပါ ပူးပေါင်းဆောင်ရွက်တာကြောင့် စွမ်းအင်တွေကို ပိုပြီးဆွဲငင်နိုင်လိမ့်မယ်....ဒီသဘာဝလွန်ဖြစ်ရပ်ကို နဂါးကိုးကောင်ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်းလို့ ခေါ်တယ်"
လူများအားလုံး ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ဝူယွင်ကျိုးသည် နောက်ဆုံး၌ ကျောင်းအုပ်ကြီး ထိတ်လန့်တုန်လှုပ်နေသည့် အကြောင်းအရင်းကိုသိရှိသွားပေ၏။ထို့နောက် သူက မေးမြန်းလိုက်သည်။
"ကျောင်းအုပ်ကြီး....မင်း ဆိုလိုတာက အဲ့ဒီ မှတ်တမ်းမရှိတဲ့ကျောင်းသားမှာ သူတော်စင်အဆင့်ပါရမီအရည်အချင်း ရှိနေတာလား"
ပထမအဆင့်ပါရမီအရည်အချင်းပင်လျှင် မယုံနိုင်ဖွယ်ကောင်းအောင် ရှားပါးကာ တိုင်းပြည်တစ်ပြည်လုံးအတွင်း၌ ရှာဖွေလျှင်ပင် တွေ့ရှိရန်အလွန်ခက်ခဲသည်။သူတော်စင်အဆင့်ကမူ ပို၍ပင်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းပေမည်။
"အမှန်ပဲ..."
လုမင်ရုန်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ သူတော်စင်အဆင့် ပါရမီအရည်အချင်းရှိနေတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး"
"မင်း ဘာကိုဆိုလိုတာလဲ"
ဤတစ်ကြိမ်တွင် ဝူယွင်ကျိုး ဇဝေဇဝါဖြစ်သွားရုံသာမက တခြားဆရာများသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။
ပါရမီအရည်အချင်း မြင့်မားလေလေ ပို၍ကောင်းမွန်လေလေ မဟုတ်လော...
သူတော်စင်အဆင့် ပါရမီအရည်အချင်းကိုရရှိရန် လူတိုင်းဆန္ဒရှိကြမည်။မည်သည်ကြောင့်ကျောင်းအုပ်ကြီးသည် ထိုကဲ့သို့ ပြောဆိုခဲ့သနည်း။
သူတို့အားလုံး ဇဝေဇဝါဖြစ်နေသည်ကို မြင်တွေ့ချိန်၌ လုမင်ရုန်သည် မည်သည့်အရာကိုမှ ထိန်ချန်မထားတော့ဘဲ ဆက်လက်၍ပြောဆိုလိုက်သည်။
"နဂါးကိုးကောင် ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်း အသက်ဝင်လာတဲ့အချိန်မှာ ဆင်းသက်လာတဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေရဲ့ အရည်အသွေးနဲ့အရှိန်နှုန်းက နှစ်ခုလုံးမြင့်တက်သွားတယ်...ဒါက အကူအညီဖြစ်သလို စမ်းသပ်မှုတစ်ခုလည်း ဖြစ်တယ်...တကယ်လို့ စုပ်ယူတဲ့လူက ထိန်းသိမ်းထားနိုင်ရင် ထူးကဲတဲ့ပါရမီကို အသက်သွင်းနိုင်ပြီးတော့ အားအကောင်းဆုံးလမ်းကြောင်းကို ဦးတည်သွားလိမ့်မယ်....တကယ်လို့ သူက ထိန်းသိမ်းမထားနိုင်ဘူးဆိုရင် သူ တောင့်မခံနိုင်တဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...ဒါက ကျဉ်းမြောင်းတဲ့ပိုက်တလုံးက ရေတွေအများကြီး စီးဆင်းတာကို လက်မခံနိုင်နိုင်တာနဲ့ တူနေပြီးတော့ ထွက်ပေါ်လာမဲ့ရလဒ်က တစ်ခုတည်းပဲရှိတယ်..ဒါက ပေါက်ကွဲမှုပဲ"
ကျောင်းအုပ်ကြီးလုမင်ရုန်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
"တကယ်လို့ အဲ့ဒီလို ဖြစ်လာခဲ့ရင် အဲ့ဒီပါရမီရှင်က နေရာမှာတင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်...ပထမအဆင့်ပါရမီရှင်ဖြစ်ဖို့ မပြောနဲ့...သူက အဋ္ဌမအဆင့်ကိုတောင် မရောက်နိုင်တော့ဘဲနဲ့ မသန်မစွမ်းတစ်ယောက် ဖြစ်သွားနိုင်တယ်"
"ပထမအဆင့်ပါရမီကို ကျော်လွန်နိုင်တဲ့အခွင့်အရေးတစ်ခုရှိပေမယ့် အဋ္ဌမအဆင့်ရဲ့အောက်ကိုတောင် ကျသွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာလား..."
"ဒါက ဘယ်လောက်တောင်ကြီးမားတဲ့ ကွာဟချက်ကြီးလဲ"
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့သည် ထူးကဲသောပါရမီရှင်တစ်ယောက် ထွက်ပေါ်လာမည်ဟု တွေးထင်ထားကြသော်လည်း ယခုအချိန်၌ ကြည့်ရသလောက် အလောင်းအစားတစ်ခုဖြစ်နေပုံပင်။
ကံဆိုးကံကောင်းသည် ရောယှက်နေကာ တစ်ခါတရံ၌ အလွန်ထူးချွန်စွာ စတင်ခြင်းသည် ကိစ္စကောင်းတစ်ရပ်မဖြစ်နိုင်ချေ။
"ကြည့်လိုက်အုံး...ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ ဆင်းသက်နေတဲ့အရှိန်နှုန်းက အရမ်းမြန်လာပြီ...သူ အောင်မြင်ပါစေလို့ပဲ ငါ မျှော်လင့်မိတယ်"
လူများအားလုံး နားလည်သဘောပေါက်သွားသည်ကို မြင်တွေ့ချိန်၌ ကျောင်းအုပ်ကြီးလုမင်ရုန်သည် ထပ်မံ၍စကားမပြောဆိုတော့ချေ။သူသည် စင်အောက်ရှိလူများကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ဝူယွင်ကျိုးနှင့်တခြားသူများသည်လည်း တိတ်ဆိတ်ငြိမ်သက်နေကာ စင်အောက်သို့အဆက်မပြတ်ကြည့်နေပြီး ထိုပါရမီရှင်ကိုအတည်ပြုနိုင်ရန် ကြိုးစားနေကြသည်။
ထိုတိုင်ပင်ဆွေးနွေးမှုများနှင့် 'နဂါးကိုးကောင် ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်း'ဟု ခေါ်သည့်အရာကို သတိမပြုမိဘဲ ကျန်းရွှမ်သည် သူ ရင်းမြစ်ရေအိုင်ကို ရှာမတွေ့သဖြင့် ကျင့်ကြံ၍မရသည်ကို တွေးတောပြီး စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
ဤကဲ့သို့ အခွင့်အရေးတစ်ခုသည် သူ၏လက်အတွင်းမှာ ချော်ထွက်သွားတော့ပေမည်။သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို အလကားစုပ်ယူနိုင်သည့် နောက်ထပ်အခွင့်အရေးမျိုး ရှိမရှိကို မည်သူက သိနိုင်မည်နည်း။
"ထားလိုက်တော့..."
သူ၏မလိုလားအပ်သော စိတ်ခံစားချက်များကို ရှင်းထုတ်ပြီး ကျန်းရွှမ်သည် ကောင်းကင်ဘုံစာကြည့်တိုက်ကို ထိန်းချုပ်ကာ ဆင်းသက်လာသောစွမ်းအင်များ စုပ်ယူသည့်အရှိန်နှုန်းကို မြှင့်တင်လိုက်၏။သူ့အတွက် အခွင့်အရေးသည် အလဟဿပြုန်းတီးသွားခြင်း မရှိသရွေ့ အဆင်ပြေသည်။
သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ပို၍စုပ်ယူလိုက်သည်နှင့်အမျှ စာကြည့်တိုက်အတွင်းရှိစာအုပ်များ ပို၍ပီပြင်ထင်ရှားလာသည်။ကျန်းရွှမ်က လေထုအတွင်းရှိစွမ်းအင်များသည် ပို၍ပေါကြွယ်ဝလာကာ စုပ်ယူရန် ပို၍လွယ်ကူလာကြောင်း သတိပြုမိသွားပေ၏။သူသည် အနည်းငယ်များ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ စာကြည့်တိုက်ကိုထိန်းချုပ်ကာ ထိုစွမ်းအင်များကို အရူးအမူးဝါးမြိုလိုက်သည်။
စာကြည့်တိုက်သည် ရင်းမြစ်ကမ္ဘာ၏ကောင်းကင်လမ်းနှင့် ချိတ်ဆက်ထားပုံရကာ အရူးအမူးလည်ပတ်နေသည်။စာကြည့်တိုက်၏ပုံရိပ်ယောင်သည် မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာပုံရပြီး နဂါးကိုးကောင်တိုင်လုံးများ၏အထက်ရှိ မိုးကောင်းကင်ယံကို ချက်ချင်းလွှမ်းခြုံသွားပေ၏။
ဘုန်း...ဘုန်း...ဘုန်း...
အဖြူရောင်မြူခိုးများသည် ဧရာမဝေလငါးကြီးတစ်ကောင်၏ ဝါးမြိုခြင်းခံရသော ရေများအလား စီးဆင်းနေကာ စာကြည့်တိုက်အတွင်းရှိ စာအုပ်များ၏ စာမျက်နှာတစ်ခုစီတိုင်းသို့ အထူးသီးသန့်အားဖြည့်ပေးနေသည်။
စွမ်းအင်တန်းတစ်ထောင်..
စွမ်းအင်တန်းနှစ်ထောင်...
စွမ်းအင်တန်းငါးထောင်...
…
စာကြည့်တိုက်သည် တစတစပို၍လျှင်မြန်စွာဝါးမြိုနေကာ အောက်ခြေမရှိသော ကျင်းနက်ကြီးတစ်ခုအလားပင်။ယခင်က အရှိန်မြင့်လာသော ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် တဖန်ပြန်၍ မလုံလောက်စပြုလာသည်။
နဂါးကိုးကောင် ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်းဖြစ်စဉ်မှ စွမ်းအင်များကို စုပ်ယူနေစဉ်အတောအတွင်းတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်အမြောက်အများကို ယူဆောင်လာခဲ့သည်။သို့ရာတွင် ထိုစွမ်းအင်များသည် စာကြည့်တိုက်၏ဝါးမြိုခြင်းအဆင့်နှင့် နှိုင်းယှဉ်ပါက နည်းပါးနေပုံရသည်။
စွမ်းအင်များ ပျက်ပြယ်သွားမှုကို အာရုံခံမိသဖြင့် ကံကြမ္မာချပ်ပြားနှင့်နဂါးကိုးကောင်တိုင်လုံးများ ပို၍လျှင်မြန်စွာ လည်ပတ်သွားသည်။ အထူးသဖြင့် ကံကြမ္မာချပ်ပြားသည် လောင်ကျွမ်းနေသည့်အလား တောက်ပသောအနီရောင်သို့ ပြောင်းလဲသွားပေ၏။
ဘုန်း...
မြေပြင် တုန်ခါလာကာ ကောင်းကင်ယံအတွင်းရှိ မြည်ဟီးသံများ ပို၍ကျယ်လောင်လာသည်။
"မကောင်းတော့ဘူး..."
လုမင်ရုန်၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။သူသည် မှတ်တမ်းတင်မထားသောကျောင်းသားကို ရှာဖွေရန် ထပ်မံ၍ ဂရုမစိုက်တော့ဘဲ အထက်သို့ အလျှင်အမြန်မော့ကြည့်လိုက်၏။မိုးကောင်းကင်ယံအတွင်း၌ လည်ပတ်နေသော ကံကြမ္မာချပ်ပြားသည် စွမ်းအင်များ အလျင်အမြန်ကုန်ဆုံးမှုဒဏ်ကို တောင့်မခံနိုင်တော့ကြောင်း သူ မြင်တွေ့မိသည်။အက်ကွဲသံတစ်သံနှင့်အတူ ကံကြမ္မာချပ်ပြား၏အလယ်၌ သိသာထင်ရှားသော အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာပေ၏။
ထိုအက်ကွဲကြောင်းသည် ပျံ့နှံ့စပြုလာကာ သန့်စင်သော စွမ်းအင်အစုအဝေးငယ်လေးများအဖြစ်သို့ ပြောင်းလဲပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုများတွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အသုံးပြုခဲ့သော ကံကြမ္မာချပ်ပြား ကွဲအက်သွားလေပြီ။