တကယ့်ကို အရမ်းသိုသိပ်လွန်းတယ်
Vol. 1 Ch. 15
ကံကြမ္မာချပ်ပြား အက်ကွဲသွားသည်နှင့် တာဝန်ပြီးဆုံးသွားသော နဂါးကိုးကောင်တိုင်လုံးများသည် ထပ်မံ၍တောင့်မခံနိုင်တော့ချေ။ကျယ်လောင်သော အက်ကွဲသံများနှင့်အတူ တိုင်လုံးများသည် ကြီးမားသော အက်ကွဲကြောင်းများအဖြစ် ကွဲထွက်သွားသည်။ ထို့နောက် တိုင်လုံးများမှ အက်ကွဲကြောင်းများသည် အောက်သို့ပျံ့နှံ့လာကာ စူးရှပြီးကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။
ဖူး...
ဖူး...
ဖူး...
ထို့နောက် သွေးအန်သံများသည် သိုင်းပညာလေ့ကျင့်ရေးကွင်းပြင် တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားပေ၏။စင်မြင့်ပေါ်၌ ပါဝင်ယှဉ်ပြိုင်နေသူများဖြစ်စေ စင်အောက်မှနေ၍ စွမ်းအင်များကို စုပ်ယူနေသော လူများဖြစ်စေ သူတို့အားလုံး၏မျက်နှာများ ဖြူရော်သွားကာ သူတို့၏နှုတ်ခမ်းထောင့်များမှ သွေးများယိုစီးကျလာသည်။
တန်ပြန်ဒဏ်....
ဤသည်မှာ လွန်ဆွဲပွဲတစ်ခုနှင့် တူညီနေကာ နှစ်ဖက်စလုံးသည် အင်အားကုန်စိုက်ထုတ်ထားရာမှ တစ်ဖက်သည် ရုတ်တရက် လက်လွှတ်လိုက်သည့်အလားပင်။ကံကောင်းထောက်မ၍သာ သူတို့အားလုံး ဒဏ်ရာအပြင်းအထန် ရမသွားခြင်းဖြစ်ပေ၏။
"ဘာဖြစ်တာလဲ..."
"ကံကြမ္မာချပ်ပြားက ဘာလို့ ပေါက်ကွဲသွားတာလဲ"
"ကြည့်ရတာတော့ နဂါးကိုးကောင်းတိုင်လုံးတွေလည်း အက်ကွဲသွားတဲ့ပုံပဲ"
ကျင့်ကြံနေသော ကျောင်းသားများသည် သူတို့၏မျက်လုံးများကိုဖွင့်ကာ ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။
သူတို့သည် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူကာ သူတို့၏ရင်းမြစ်ရေအိုင်အတွင်း၌ သန့်စင်နေခဲ့သော်လည်း ယခုကြည့်ရသလောက် အရာအားလုံး ပျက်ပြယ်သွားပုံပင်။
ဤသည်မှာ စားသောက်ပွဲတစ်ခုသို့ သွားသောအချိန်၌ အစားအစာများကို တည်ခင်းဧည့်ခံခြင်းမပြုရသေးမီ မီးဖိုချောင် ပေါက်ကွဲသွားခြင်းနှင့် တူညီသည်။
ဤကဲ့သို့ကိစ္စမျိုးသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဖူးခြင်း မရှိချေ။
"မင်း ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း ဘယ်လောက်များများကို သန့်စင်နိုင်ခဲ့လဲ"
တစ်စုံတစ်ယောက်သည် ထိတ်လန့်တုန်လှုပ်မှုကို ခံစားရပြီးနောက် အနီးရှိ သူ၏မိတ်ဆွေအား မေးမြန်းလိုက်သည်။
"ငါလား...ငါက စွမ်းအင်တန်းတစ်တန်းကိုတောင် မအောင်မြင်သေးဘူး...ငါ သန့်စင်နေတုန်းမှာ ကံကြမ္မာချပ်ပြားက ကျိုးပဲ့ပျက်စီးသွားခဲ့တယ်"
"ငါလည်း အတူတူပဲ...တန်ပြန်ဒဏ်ရိုက်ခတ်ခံရတဲ့အချိန်မှာ ငါက သန့်စင်ဖို့ကို စတင်နေတုန်းပဲ"
"အချိန်က အရမ်းတိုလွန်းတယ်...ကောင်းကင်ကံကြမ္မာစွမ်းအင်တွေက ရင်းမြစ်စွမ်းအင်လောက် ကြမ်းတမ်းမှုမရှိဘူးဆိုပေမယ့် စွမ်းအင်တန်းတစ်တန်းကိုသန့်စင်နိုင်ဖို့က အနည်းဆုံးတော့ အချိန်ဆယ့်ငါးမိနစ်လောက် ကြာလိမ့်မယ်"
တိုင်ပင်ဆွေးနွေးသံများ အလျင်အမြန် ပျံ့နှံ့သွားသည်။
ထိုစကားပြောဆိုနေမှုများကို ကြားချိန်တွင် ကျောင်းအုပ်ကြီးလုမင်ရုန်သည် ထပ်မံ၍ရပ်ကြည့်မနေနိုင်တော့ချေ။သူသည် စင်မြင့်ထက်သို့ လျှောက်လှမ်းသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
"မင်းတို့ထဲမှာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့တဲ့လူရှိလား"
စင်မြင့်တခုလုံး ချက်ချင်းငြိမ်အတိကျသွားသည်။
စွမ်းအင်တန်းတစ်တန်းကို သန့်စင်ရန်မှာ... မယုံနိုင်ဖွယ်ကောင်းလောက်အောင် ခက်ခဲသောကိစ္စပင်။
တစ်စုံတစ်ယောက်သည် အစစ်အမှတ်ပါရမီရှင်တယောက် မဟုတ်ပါက မည်သူသည် ဤကိစ္စကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မည်နည်း....
လူများအားလုံးသည် ရှက်ရွံမှုကြောင့် ခေါင်းငိုက်စိုက်ကျသွားပေ၏။
"မိုယန်ရွှယ်...မင်းရဲ့အခြေအနေက ဘယ်လိုရှိလဲ"
ကျောင်းအုပ်ကြီးလုမင်ရုန်က မေးမြန်းကာ သူ၏အကြည့်သည် မလှမ်းမကမ်းအကွာတွေရှိသော ငယ်ရွယ်သည့်မိန်းမလှလေးထံသို့ ကျရောက်သွားပေ၏။
မိုမိသားစု၏သခင်မလေးသည် သူမ၏မြင့်မားသောပါရမီကြောင့် လူသိများကျော်ကြားသဖြင့် လုမင်ရုန်ကဲ့သို့ တသီးတသန့်နေတက်သော လူစားမျိုးပင်လျှင် သူမ၏အကြောင်းကို ကြားဖူးသည်။
"ငါ....ငါက စွမ်းအင်တန်းတစ်တန်းကို သန့်စင်နိုင်တော့မယ့်အချိန်မှာ ပြင်းထန်တဲ့ အားလှိုင်းတစ်ရပ်က တိုးဝင်လာခဲ့တယ်...ဒါကြောင့် ငါ မအောင်မြင်ခဲ့ဘူး"
မိုယန်ရွှယ်က အနည်းငယ်ရှက်ရွံနေသောလေသံဖြင့် ပြောဆိုသည်။
"ဟုတ်တယ်...ဒါက အမှန်ပဲ... ငါလည်း အဲ့ဒီလို ဖြစ်သွားခဲ့တယ်"
ယုရှောင်ယွီက ခုန်ပေါက်ပြီးပြောဆိုသည်။ သူမ၏ခေါင်းလောင်းများ တချွင်ချွင်မြည်နေကာ ဒေါသကြောင့် သူမ၏နှုတ်ခမ်းကိုစူပြီး ပြောဆိုလိုက်သည်။
ဤသည်မှာ သူမ၏ပါးစပ်ရှေ့တွင်ရှိနေသော ဝက်သားကင်၏ အရသာရှိသောအစိတ်အပိုင်းကို လုယူခံလိုက်ရသည်နှင့် တူညီနေပေ၏။သူမသည် ထိုအကြောင်းကို ပို၍တွေးတောမိလေလေ။ ပို၍ဒေါသထွက်လေလေပင်။
"မင်းတို့အားလုံး အဲ့ဒီလိုမျိုး ကြုံခဲ့ရတာလား"
ကျောင်းအုပ်ကြီးသည် မြင့်မားသော ပါရမီအရည်အချင်းရှိသည့် တခြားကျောင်းသားများကိုလည်း မေးမြန်းလိုက်ရာ တူညီသောတုံ့ပြန်မှုများကို ရရှိလေ၏။
ဟူး....
လုမင်ရုန်နှင့်ဝူယွင်ကျိုးတို့နှစ်ယောက်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စင်မြင့်၏အောက်တွင်ရှိနေသော လူအုပ်ကြီးထံသို့ ကြည့်လိုက်သည်။
စင်မြင့်ပေါ်၌ ပါရမီရှင်အမြာက်အများ စုဝေးနေသည့်တိုင် မည်သူတစ်ဦးတစ်ယောက်မျှ အောင်မြင်ခြင်းမရှိချေ။သို့ရာတွင် မှတ်တမ်းမရှိသော ပါရမီရှင်တယောက်ကမူ တစ်ချက်ချည်းဖြင့် စွမ်းအင်တန်းတစ်ထောင်ကျော်ကို စုပ်ယူနိုင်ခဲ့ပေ၏။
ဤကွာဟချက်မှာ အလွန်ကြီးမားသည်။
အဓိကသော့ချက်မှာ ထိုပါရမီရှင်ထံတွင် စွမ်းအင်စုပ်ယူနိုင်သော အရှိန်နှုန်း မြင့်မားနေရုံသာမက သူ့ထံတွင် တခြားလူများ သန့်စင်နေသော စွမ်းအင်များကို လုယူနိုင်သောအရည်အချင်း ရှိနေခြင်းပင်.. ဤသည်မှာ သူတို့၏အတွေးအမြင်များထက် များစွာပို၍ကျော်လွန်သွားခဲ့သည်။
ဖြစ်နိုင်သည်က ဤသည်မှာ သူတော်စင်အဆင့်ပါရမီရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းသော အရည်အချင်းဖြစ်သလော..
"တကယ်တော့ သူတို့မအောင်မြင်တာ ကံကောင်းတယ်... မဟုတ်ရင် စွမ်းအင်တွေက သူတို့ရဲ့ရင်းမြစ်ရေအိုင်ထဲကို ဝင်သွားပြီးတော့ သူတို့ရဲ့ခွန်အားတွေကို ကျစ်လစ်သိပ်သည်းအောင် လုပ်နေတဲ့အချိန်ကျမှ ကောင်းကင်ကံကြမ္မာစွမ်းအင်ထောက်ပံ့မှုမှာ အနှောင့်အယှက်တစ်ခုဖြစ်သွားမယ်ဆိုရင် ဆိုးရွားတဲ့ ထိခိုက်မှုတွေကို ဖြစ်စေနိုင်တယ်"
ယန်ချင်းရှုက ပြောဆိုသည်။
လုမင်ရုန်သည် ခေါင်းညိတ်လိုက်၏။
ဤသည်မှာ အမှန်တကယ်ကို ကံဆိုးမှုအကြားမှ ကံကောင်းမှုပင်။
"မင်းတို့တွေထဲမှာ ဘယ်သူက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို မင်းတို့ရဲ့ရင်းမြစ်ရေအိုင်ထဲ အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့တာလဲ...တကယ်လို့ စွမ်းအင်တန်းတစ်တန်းဆိုရင်တောင် မင်းတို့ ထုတ်ပြောလို့ရတယ်"
လုမင်ရုန်သည် စင်အောက်ရှိ လူအုပ်ကြီးကိုကြည့်ပြီး သူတို့၏မျက်နှာအမူအယာများမှတစ်ဆင့် လျှိူ့ဝှက်ပါရမီရှင်ကို ရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးစားလိုက်သည်။သို့ရာတွင် သူဟမြင်ရသမျှအရာအားလုံးသည် ဇဝေဇဝါဖြစ်နေသောမျက်နှာများနှင့် ခါယမ်းနေသောခေါင်းများပင်။
"ဒါက ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ...မင်း ဝန်ခံလိုက်တာနဲ့ ငါက မင်းကို ငါရဲ့တိုက်ရိုက်တပည့်အနေနဲ့ ခေါ်ယူမယ်...ဒါ့ပြင် မင်းကို အဖြူရောင်ကျောက်တုံးကျောင်းတော်ကနေ အကောင်းဆုံး ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပေးမယ်လို့ ငါ အာမခံတယ်"
လုမင်ရုန်သည် ထိုပါရမီရှင် စိတ်အေးသွားစေရန်အတွက် သူ၏လက်ကိုဝှေ့ယမ်းပြီး ကတိပေးလိုက်သည်။
"ကျောင်းအုပ်ကြီးက တိုက်ရိုက်တပည့်အနေနဲ့ လက်ခံမှာလား...ဒါက အရမ်းကြီးမားတဲ့ ဂုဏ်ယူစရာကိစ္စပဲ...ဒီကိစ္စက အဖြူရောင်ကျောက်တုံးမြို့မှာ အားအကောင်းဆုံး ကျောထောက်နောက်ခံ ရှိသွားတာနဲ့ အတူတူပဲ"
"ကျောထောက်နောက်ခံက အကြောင်းအရင်းတစ်ခုဖြစ်ပြီးတော့ လုံလောက်တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေရှိမယ်ဆိုရင် သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က မြန်မြန်ဆန်ဆန် မြင့်တက်သွားလိမ့်မယ်"
"အမှန်ပဲ...အဲဒီလူက ကံအရမ်းကောင်းတာပဲ"
ပတ်ဝန်းကျင်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။လူများအားလုံးသည် ဤသတင်းကိုကြားပြီးနောက် အလွန်စိတ်လှုပ်ရှားနေပေ၏။
သူတို့အားလုံးသည် စွမ်းအင်တန်းကို သန့်စင်နိုင်ခဲ့သည့် ကံကောင်းသူတစ်ယောက်ဖြစ်လိုသော်လည်း...သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ အောင်မြင်ခဲ့ခြင်းမရှိချေ။
"ကျောင်းအုပ်ကြီးက တပည့်လက်မခံတာ ဆယ်နှစ်ကျော်နေပြီ...ငါ့ရဲ့အဖေက ငါ့ကို သူ့ရဲ့တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုခဲ့ပေမယ့် သူက ငြင်းဆန်ခဲ့တယ်"
ယုရှောင်ယွီက မနာလိုအားကျသောလေသံဖြင့် ပြောဆိုသည်။
"ဒီလူမျိုး ကြီးမားတဲ့အခွင့်အရေးကို ရသွားတဲ့လူက ဘယ်သူလဲဆိုတာ ငါ သိချင်မိတယ်"
"ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ရင်းမြစ်ရေအိုင်နဲ့ စုပ်ယူပြီးတော့ အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့တာက တကယ့်ကို လေးစားကြည်ညိုစရာပဲ...ဒါက ငါ ဖြစ်နေဖို့ ဆုတောင်းမိတယ်"
ကျန်းရွှမ်သည် မနာလိုအားကျဖြစ်သွားခြင်းကြောင့် ညည်းတွားလိုက်၏။
ကျင့်ကြံခြင်းနည်းစနစ်များမရှိဘဲ သူ ကျင့်ကြံနိုင်မည် မဟုတ်ချေ။သူသည် ကောင်းကင်ဘုံစာကြည့်တိုက်ကို မှီခိုအားထား၍ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းအနည်းငယ်ကို စုပ်ယူကာ စာအုပ်အနည်းငယ်ကို ပီပြင်ထင်ရှားစေနိုင်ခဲ့သည်။ထိုအစစ်အမှန်ပါရမီရှင်များနှင့် သူ့အားနှိုင်းယှဉ်ပါက ကြီးမားသောကွာဟချက်ကြီး ရှိနေသည်။
အကယ်၍ သူသည် သူတို့ကဲ့သို့ ကျင့်ကြံနိုင်ကာ ကျောင်းအုပ်ကြီး၏တပည့်အဖြစ် ခေါ်ဆောင်ခြင်းခံရပါက သူ၏မြင်းထိန်းတစ်ယောက်ဟူသော အဆင့်အတန်းကို လွယ်လင့်တကူစွန့်ပစ်နိုင်ပေမည်။ထို့နောက် သူ၏အဆင့်အတန်းမြင့်မားသွားကာ တခြားလူများကို ထပ်မံ၍ မော့ကြည့်နေရတော့မည် မဟုတ်ချေ။
လူများအားလုံး၏ တုံ့ပြန်မှုကိုကြည့်ပြီး လုမင်ရုန်နှင့်ဝူယွင်ကျိုးတို့သည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
ယေဘုယျကျကျပြောဆိုရလျှင် ဤကဲ့သို့ ကြီးမားသောကတိစကားကို ကြားပြီးနောက် မည့်သူတစ်ဦးတစ်ယောက်မျှ တွေဝေတုံ့ဆိုင်းနေမည် မဟုတ်ချေ။သို့ရာတွင် ယခုအချိန်၌ မည်သူမျှ ရှေ့သို့ထွက်လာခြင်း မရှိပေ။
ထို့ပြင် လူများအားလုံးကို ကြည့်ရသည်မှာ လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေကြပြီး ဟန်ဆောင်နေပုံမရချေ။
"မင်းတို့ထဲက ဘယ်သူကမှ စွမ်းအင်တွေကို တကယ်ကြီး မသန့်စင်နိုင်ခဲ့တာလား...စွမ်းအင်တန်းတစ်တန်းကိုတောင် မသန့်စင်နိုင်ဘူးလား"
လုမင်ရုန်သည် လက်လျှော့အရှုံးပေးလိုခြင်းမရှိသဖြင့် ထပ်မံ၍မေးမြန်းလိုက်သော်လည်း တိတ်ဆိတ်ငြိမ်သက်မှုကိုသာ ကြုံတွေ့လိုက်ရသည်။
"ကျောင်းအုပ်ကြီးလု ဘာဖြစ်တာလဲ...ကံကြမ္မာချပ်ပြားနဲ့ နဂါးကိုးကောင်တိုင်လုံးတွေက ဘာလို့ ကြေမွှပျက်စီးသွားတာလဲ...ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုကို ဘာလို့ ရပ်တန့်လိုက်တာလဲ"
လျှူမင်ယွဲ့က အော်ဟစ်ပြောဆိုသည်။
"အမှန်ပဲ... ကျောင်းအုပ်ကြီး ဒါက ဘယ်လိုဖြစ်သွားတာလဲ"
"ဘာလို့ ဒီလိုဖြစ်သွားတာလဲ.. နောင်တစ်ချိန်မှာ ငါတို့က အကဲဖြတ်စစ်ဆေးမှုကို ထပ်ပြီးလုပ်လို့ရအုံးမှာလား"
သူတို့အားလုံးသည် မျက်လုံးစုံမှိတ်ပြီး စွမ်းအင်တန်းကို သန့်စင်သည့်အပေါ်၌ အာရုံစူးစိုက်နေသဖြင့် ပြင်ပရှိကိစ္စများကို သတိမပြုမိကြချေ။ ထိုကြောင့် သူတို့သည် မှတ်တမ်းမရှိသောလူတစ်ယောက်၏ ထွက်ပေါ်လာမှုကြောင့် ဤကဲ့သို့ ကမောက်ကမကိစ္စများ ဖြစ်ပွားလာသည်ကို မသိရှိကြပေ။
"ကံကြမ္မာချပ်ပြားက အချိန်တွေကြာလာတာကြောင့် ချို့ယွင်းသွားတာပဲ...ဘာမှမစိုးရိမ်ကြနဲ့ ...မနက်ဖြန်ကျရင် ငါတို့က နောက်ထပ်အကဲဖြတ်စစ်ဆေးမှုကို ထပ်ပြီးကျင်းပပြီးတော့ ဒီကိစ္စအတွက် ဖြည့်ဆည်းပေးမယ်"
အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် လုမင်ရုန်က ရှင်းပြလိုက်သည်။
ရိုးရိုးသားသားဝန်ခံရလျှင် အစောပိုင်းကမြင်ကွင်းသည် နဂါးကိုးကောင် ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်းဖြစ်စဉ် အမှန်တကယ်ဟုတ်မဟုတ် သူ တပ်မပြောနိုင်ချေ။ထို့ပြင် သူတော်စင်အဆင့်ပါရမီရှင်တစ်ယောက် မွေးဖွားလာခြင်း ဟုတ်မဟုတ်ကိုလည်း သူ အတိအကျမသိရှိချေ။သူသည် ထိုပါရမီရှင်ကို အတည်ပြုနိုင်ခြင်း မရှိသေးသရွေ့ မည်သည့်အရာကိုမျှ အတိအကျပြောဆိုနိုင်မည်မဟုတ်ပေ။
"ဟုတ်ကဲ့..."
ပြန်လည်ဖြည့်ဆည်းပေးသော အကဲဖြတ်စစ်ဆေးမှုရှိမည်ဟု ကြားချိန်၌ လူများအားလုံး စိတ်သက်သာရာရသွားကြသည်။
သူတို့သည် ဤတကြိမ်၌ အောင်မြင်မှုမရရှိခဲ့သော်လည်း အတွေ့အကြုံများစွာ ရရှိခဲ့သည်။ထို့ကြောင့် သူတို့သည် နောက်တစ်ကြိမ်တွင် ပို၍မြင့်မားသောအဆင့်ကို ပစ်မှတ်ထားနိုင်ရန် ယုံကြည်ချက်များ ရရှိသွားသည်။
ကျန်းရွှမ်၏မျက်လုံးများသည်လည်း တောက်ပသွားပေ၏။
ဤသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို အလကားစုပ်ယူနိုင်ရန် သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးဟု သူ တွေးထင်ခဲ့သည်။သို့ရာတွင် မနက်ဖြန်၌ နောက်ထပ်အခွင့်အရေးတစ်ခု ရှိလာမည်ဖြစ်သောကြောင့် သူသည် စာကြည့်တိုက်ကို စွမ်းအင်တန်းများပို၍စုပ်ယူခွင့်ပြုကာ သူ့ကိုယ်သူ ပို၍သန်မာအားကောင်းလာအောင် ပြုလုပ်ရပေမည်။ ထို့ပြင် သူသည် ယနေ့တွင် ကျင့်ကြံနည်းစနစ်တစ်ခုကိုရှာဖွေကာ သူ့ကဲသို့ အပြင်လူတစ်ယောက်သည် ရင်းမြစ်ရေအိုင်ကို ဖွင့်နိုင်ခြင်းရှိမရှိ စူးစမ်းရှာဖွေရပေမည်။
အကယ်၍ သူ၏ပါရမီအရည်အချင်းသည် အလွန်ထူးချွန်နေပြီး ကျောင်းအုပ်ကြီးသည် သူအား တိုက်ရိုက်တပည့်အဖြစ် ခေါ်ယူပါက သူ၏အနာဂတ်လမ်းကြောင်း ပို၍အဆင်ပြေချောမွေ့သွားပေမည်။
ဤအချိန်အခိုက်အတန့်၌ ကျန်းရွှမ်ထံတွင် မျှော်လင့်တောင့်တခြင်းများဖြင့် ပြည့်နှက်နေပေ၏။
...
လူများအားလုံး၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ချွင်းချက်မရှိထင်ဟပ်နေသည်ကိုကြည့်ပြီး ဝူယွင်ကျိုးက သူ၏လေသံကိုနှိမ့်ကာ ပြောဆိုလိုက်သည်။
"ကျောင်းအုပ်ကြီး...ကြည့်ရတာတော့ အဲ့ဒီပါရမီရှင်က အရမ်းသိုသိုသိပ်သိပ်နေပြီးတော့ ဒီကိစ္စကို လူသိမခံချင်တဲ့ပုံပဲ"
ဟူး....
လုမင်ရုန်က သက်ပြင်းရှိုက်လိုက်သည်။
"သူက တကယ့်ကို အရမ်းသိုသိပ်လွန်းတယ်"
Thank For reading.