← Chapters

ယင်ကောင်များကို ဆွဲဆောင်ခြင်း

Vol. 1 Ch. 5

ယင်ကောင်များကို ဆွဲဆောင်ခြင်း

Vol. 1 Ch. 5

ဤမြင်းနှင့်ပတ်သက်ပြီး သူတို့သိရှိထားသော အချက်များကို အခြေခံကြည့်ပါက တစ်စုံတစ်ယောက်ကို ပွတ်သီးပွတ်သပ်လုပ်ခွင့်ပြုသည်ကပင် လုံလောက်သည်အထိ အံ့အားသင့်ဖွယ် ကောင်းနေလေပြီ။သို့ရာတွင် မြင်းသည် ဝပ်တွားပြီး လူအများကိုစီးခွင့်ပြုသည့်အပြင် မြင်းထိန်း၏အမိန့်ကို နာခံနေသည်မှာ အနည်းငယ်တရားလွန်သွားခဲ့သည်။

"ဖြစ်နိုင်တာတော့ ဆုရှင်းက မင်းနဲ့ မိတ်ဆွေတွေဖြစ်နေပြီးတော့ မင်းရဲ့စကားတွေကို နားလည်တာလား"

အိမ်တော်ထိန်းဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

ယမန်နေ့က မြင်းသည် ကျန်းရွှမ်၏အမိန့်အတိုင်း သေချင်ယောင်ဆောင်ခဲ့သဖြင့် သူ့အား အလောင်းအစား၌ ရှုံးနိမ့်စေခဲ့သည်။

"အမှန်ပဲ..."

ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ"

မိုယန်ရွှယ်က မေးမြန်းသည်။

"ဒါက...."

အိမ်တော်ထိန်းဖုန်းသည် ယမန်နေ့က ဖြစ်ရပ်များကို အလျှင်အမြန်ပြန်ပြောင်းပြောဆိုလိုက်ကာ ဆုရှင်းသည် ကျန်းရွှမ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း အလောင်းအစားအကြောင်းကိုမူ ချန်လှပ်ထားခဲ့သည်။

"ဆုရှင်းက မခုခံရုံတင် မကဘူး...အမိန့်တိုင်းကို နာခံနေတာလား"

မိုယန်ရွှယ်သည် အံ့အားသင့်စွာဖြင့် ကျန်းရွှမ်ကိုကြည့်ပြီး သူမ၏မျက်လုံးအတွင်း၌ သံသယအရိပ်အယောင်များ ထင်ဟပ်လာသည်။

"နင့်မှာ သားရဲတွေကို ယဥ်ပါးစေနိုင်တဲ့အရည်အချင်း ရှိနေတာလား"

ဤလောကကြီးအတွင်း၌ သားရဲယဥ်ပါးစေခြင်း အတတ်ပညာရှိသော်လည်း သဘာဝလွန်စွမ်းရည်အမျိုးမျိုးကို ပြသခြင်းမပြုမီ ကံကြမ္မာကိုသိရှိခြင်း ကံကြမ္မာ၏အသိအမှတ်ပြုမှုကို ရရှိခြင်းနှင့် ကံကြမ္မာကိုတည်ထောင်ခြင်းတို့ ရှိရန်လိုအပ်သည် ဤကဲ့သို့လူများသည် အလွန်အမင်းရှားပါးပြီး အစွမ်းထက်ကာ ကြုံရာမြင်းထိန်းတစ်ယောက် မဖြစ်နိုင်​ချေ။

မိုယန်ရွှယ်၏အတွေးများကို သတိပြုမိသွားသဖြင့် ကျန်းရွှမ်က သူ၏ခေါင်းကိုကုတ်ကာ ရိုးသားသောအမူအယာဖြင့် တုံ့ပြန်သည်။

"ဒါက ဘယ်လိုဖြစ်သွားတာလဲဆိုတာ ငါလည်း မသိဘူး...ဒီရင်းမြစ်သားရဲတွေကို ထိန်းကျောင်းရတာက ငါ့အတွက် အရမ်းလွယ်နေပုံရတယ်"

အကယ်၍ ကောင်းကင်ဘုံစာကြည့်တိုက်သာ လည်ပတ်နေပါက သူသည် ကောင်းကင်ဘုံလမ်းကြောင်း၏စွမ်းအားကို အသုံးပြုပြီး သားရဲများကို ယဥ်ပါးအောင် ပြုလုပ်နိုင်ပေမည်။သို့ရာတွင် ယခုအချိန်၌ သားရဲယဥ်ပါးစေခြင်းနှင့် ပတ်သက်ပြီး သူ မည်သို့မျှ ပြုလုပ်နိုင်ခြင်းမရှိချေ။

အကယ်၍ သူသာ ဤပညာရပ်ကို အမှန်တကယ်ကျွမ်းကျင်နေပါက ဤရက်အနည်းငယ်အတွင်းတွင် မည်သည်ကြောင့် မျက်ကွင်းများမည်းလာသည်အထိ ရိုက်နှက်ခံရမည်နည်း။

အမှန်အားဖြင့် သူသည် ထိုကိစ္စများကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ချေ။ထိုသို့ပြောဆိုပါက သူသည် အဖြူရောင်ကျောက်တုံးကျောင်းတော်သို့ သွားနိုင်မည့်အခွင့်အရေးကို ဆုံးရှုံးသွားမည့်အပြင် သူ့အား မွန်းစတားတစ်ကောင်ဟု မြင်ကြပြီး သတ်ဖြတ်ခြင်းကိုပင် ခံရနိုင်သည်။ထို့ကြောင့် သူသည် သူတို့၏ယူဆချက်များနှင့်အညီ လိုက်လျောညီထွေနေရပေမည်။

မိုယန်ရွှယ်သည် ဆွံ့အသွားပေ၏။

"အရမ်းလွယ်တာလား...ဒီလိုအရည်အချင်းမျိုးကို အလိုအလျောက် လက်ဆောင်ရထားတဲ့ လူတစ်ယောက် တကယ်ကြီး ရှိနေတာလား..ငါ ဒီလိုကိစ္စမျိုးကို တစ်ခါမှ မကြားဖူးဘူး...."

"နင် ကြားဖူးတာမကြားဖူးတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ...ဒီလိုအရည်အချင်းမျိုးရှိတာက ကောင်းတဲ့ကိစ္စ မဟုတ်လား"

ယုရှောင်ယွီသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်သဖြင့် သူမ၏ခေါင်းလောင်းများ တချွင်ချွင်မြည်သွားသည်။

"ငါ့ရဲ့အဖေက အမဲလိုက်လင်းယုန်တစ်ကောင်ကို ဖမ်းထားတယ်....လဝက်ကြာတာတောင် ငါတို့က အဲ့ဒီလင်းယုန်ကို ယဥ်ပါးအောင် မလုပ်နိုင်သေးဘူး...ငါတို့ရဲ့ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုပြီးရင် အဲ့ဒီခေါင်းမာတဲ့ငှက်ကို အမိန့်နာခံအောင် လုပ်ဖို့အတွက် နင် ငါ့ကို ဒီမြင်းထိန်း ငှားပေးနိုင်မလား"

'အမ်....'

ကျန်းရွှမ်က မိုယန်ရွှယ်ထံသို့ ကြည့်လိုက်သည်။

မြင်းထိန်းတစ်ယောက်ဖြစ်သော သူ့အနေဖြင့် ဆန္ဒရှိသကဲ့သို့ ထွက်ခွာသွား၍မရချေ။

ကျန်းရွှမ်၏စိုးရိမ်ပူပန်မှုကို နားလည်ပုံဖြင့် မိုယန်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။

"တကယ်လို့ နင် လုပ်နိုင်တယ်ဆိုရင်...ရှောင်ယွီကိုကူညီပေးတာက အဆင်ပြေပါတယ်"

မိတ်ဆွေဆက်ဆံရေးအပြင် မြို့အရှင်၏မိသားစုကို ကူညီပေးနိုင်ပါက မိုမိသားစုအတွက်လည်း ကြီးမားသောအကျိုးကျေးဇူးများ ရရှိနိုင်သည်။

ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

"ဟုတ်ကဲ့ပါ သခင်မလေး..."

ကမ္ဘာသစ်ကို လောင်ကျွမ်းစေခြင်းဖြင့် သူသည် စိတ်ဝိညာဥ်နိုးထခြင်းနည်းစနစ်ကို အသုံးပြုနိုင်ခဲ့သဖြင့် သူ၏သားရဲယဥ်ပါးစေခြင်းစွမ်းရည်ကိုလည်း အသုံးပြုနိုင်ပေမည်။အကယ်၍ သူ မငြင်းဆန်နိုင်ပါက ထိုကိစ္စမှနေ၍ အကျိုးအမြတ်များ ရအောင်ယူရပေမည်။အမှန်အားဖြင့် သူ အကျိုးအမြတ်များရရှိမည်မှာ သေချာအောင် အရင်ဆုံးလုပ်ဆောင်ရပေမည်။

"အချိန်က မစောတော့ဘူး....တကယ်လို့ ငါတို့မြန်မြန်မသွားဘူးဆိုရင် ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုကို လွဲချော်သွားနိုင်တယ်...ရှောင်ယွီ အချိန်ဆွဲမနေဘဲ မြင်းပေါ်တက်တော့"

နေမင်းကြီးကိုမော့ကြည့်ပြီး မိုယန်ရွှယ်က တိုက်တွန်းလိုက်သည်။

ယုရှောင်ယွီသည် ခေါင်းညိတ်ပြပြီးနောက် မြင်းပေါ်သို့တက်လိုက်၏။တိုးညှင်းသောဟီသံတစ်သံနှင့်အတူ ဆုရှင်းသည် မတ်တတ်ထရပ်ပြီး ခြံဝန်း၏ပြင်ပသို့ လျှောက်လှမ်းသွားတော့သည်။

ဤမြင်း၏အပြုအမူများ သိသိသာသာပြောင်းလဲသွားသည်ကိုကြည့်ပြီး မိုယန်ရွှယ်က နောက်မှလိုက်သွားသည်။သူမသည် ခြေလှမ်းအနည်းငယ်ခန့်လှမ်းပြီးနောက် ကျန်းရွှမ်ကို ပြန်လှည့်ကြည့်လိုက်၏။

"နင်လည်း ငါတို့နဲ့အတူ လိုက်ခဲ့စမ်း..."

"ဟုတ်ကဲ့..."

ကျန်းရွှမ်က စိတ်သက်သာရာသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ပထမဆုံးအဆင့် အောင်မြင်သွားလေပြီ။

အိမ်တော်ထိန်းဖုန်းသည် သူ့အား အတူခေါ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သော်လည်း သခင်မလေးကိုယ်တိုင် သူ့အားဖိတ်ခေါ်သည်က များစွာပို၍ကောင်းမွန်သည်။ဤသည်မှာ ကောင်းမွန်သောအမြင်များကို ချန်ထားနိုင်သဖြင့် သူ၏အနာဂတ်လုပ်ရပ်များအတွက် ပို၍အဆင်ပြေချောမွေ့သွားပေမည်။

မိုအိမ်တော်၏ပြင်ပတွင် ခမ်းနားထည်ဝါသောရထားလုံးတစ်စီး စောင့်ဆိုင်းနေသည်။ထိုရထားလုံးတစ်စီးလုံးကို သစ်မာဖြင့်ပြုလုပ်ထားကာ အလွန်ခိုင်ခံ့ပြီး ရထားလုံးတွင် အလှဆင်ထားသော ပစ္စည်းအမျိုးမျိုးမှနေ၍ လေတိုက်ခတ်ချိန်တိုင်း တချွင်ချွင်အသံများ ထွက်ပေါ်နေသည်။ဤသည်မှာ ယုရှောင်ယွီ၏ရထားလုံးဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။

ဆုရှင်း၏ကျောပေါ်၌ မတ်မတ်ထိုင်နေသော ယုရှောင်ယွီက မိုယန်ရွှယ်ကိုကြည့်ပြီး ပြောဆိုသည်။

"နင်က ငါရဲ့ရထားလုံးကို စီးလိုက်တော့"

မိုယန်ရွှယ်က ခေါင်းညိတ်ပြပြီးနောက် ရထားလုံး၏နံဘေး၌ ရပ်တန့်လိုက်၏။

ကျန်းရွှမ်က အိမ်တော်ထိန်းဖုန်းကို စောင်းငဲ့၍ ကြည့်ပြီး စပ်ဖြဲဖြဲအပြုံးနှင့် ပြောဆိုသည်။

"အိမ်တော်ထိန်းဖုန်း.. မင်းက ဒူးထောက်ပြီးတော့ သခင်မလေးအတွက် ခြေနင်းတုံး လုပ်ပေးရမှာ မဟုတ်လား"

ရထားလုံးခြေနင်းတုံးသည် ရထားလုံးပေါ်သို့ တက်ရန်အတွက် အသုံးပြုရခြင်းဖြစ်ပြီး မြင်းပေါ်သို့တက်ရန်အတွက် ခြေနင်းတုံးလုပ်ပေးရသည်နှင့် တူညီသည်။အစောပိုင်းက အိမ်တော်ထိန်းဖုန်းသည် သူ့အား အရှက်ခွဲရန် ကြိုးစားခဲ့သဖြင့် သူသည် လက်တုံ့ပြန်နိုင်သောအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ချေ။

'ငါ့ကို ထိခိုက်အောင် လုပ်ချင်တာလား ..ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး'

ကျန်းရွှမ်၏ရည်ရွယ်ချက်ကို နားလည်သဖြင့် အိမ်တော်ထိန်းဖုန်း၏မျက်နှာ ရှုံမဲ့သွားသည်။ မိုမိသားစု၏အိမ်တော်ထိန်းဖြစ်သော သူ့အနေဖြင့် လူများအားလုံး၏ရှေ့၌ ဒူးထောက်ရသည်မှာ သူ၏ဂုဏ်သိက္ခာကို ညိုနွမ်းစေပေမည်။

သူ တွေဝေနေစဉ်မှာပင် ကျန်းရွှမ်၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။

"သခင်မလေးယုအတွက် ခြေနင်းတုံးလုပ်ပေးရတာက ငါ့အတွက် ဂုဏ်ယူစရာလို့ မင်း ပြောခဲ့တယ် မဟုတ်လား...အခုအချိန်မှာ သခင်မလေးက ရထားလုံးပေါ်ကိုတက်ဖို့ ခြေနင်းတုံးလိုနေတယ်...မင်က ဘာလို့ တုံ့ဆိုင်းနေတာလဲ"

"မင်း...ငါက သခင်မလေးအတွက် ခြေနင်းတုံးလုပ်ပေးမှာပါ...ငါ အဲ့ဒီနေရာကို မရောက်သေးတာပါ"

အိမ်တော်ထိန်းဖုန်းသည် ပို၍အရှက်ကွဲမည်ကို ကြောက်ရွံ့သဖြင့် သူ၏ဒေါသများကိုချိုးနှိမ်ကာ ရထားလုံးဘေး၌ဒူးထောက်ပြီး စိတ်ခံစားချက်ကြောင့် သူ၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်နေသည်။

မိုယန်ရွှယ်သည် သူတို့၏ငြင်းခုံနေခြင်းကို စိတ်ဝင်စားခြင်းမရှိဘဲ အိမ်တော်ထိန်းဖုန်းပေါ်သို့ခြေချကာ ရထားလုံးပေါ်သို့မတက်မီ ကျန်းရွှမ်ကို တချက်ပြန်ကြည့်လေသည်။

"မြင်းထန်း...နင် အရမ်းပျော်နေတာလား"

သူတို့နှစ်ယောက်ကြားရှိ တင်းမာမှုကို မြင်တွေ့သဖြင့် ယုရှောင်ယွီက ကျန်းရွှမ်ကိုကြည့်ပြီး ပြုံးလိုက်သဖြင့် သူမ၏မျက်နှာပေါ်၌ ပါးချိုင့်များ ပေါ်လွင်လာသည်။

"ဒီနားကိုလာပြီးတော့ ငါ့အတွက် မြင်းကိုကိုင်ထားပေးပါ...မြင်းလန့်သွားရင် ငါ မထိန်းချုပ်နိုင်တော့မှာကို စိုးရိမ်မိတယ်"

"ဟုတ်ကဲ့"

ကျန်းရွှမ်က ရှေ့သို့တိုးလိုက်သည်။

သူသည် ဤမြင်းကို ယဥ်ပါးအောင် ပြုလုပ်ထားပြီးဖြစ်သဖြင့် မြင်းလန့်သွားမည့်အခွင့်အရေးသည် မရှိသလောက်နီးပါးပင်။သို့ရာတွင် ယုရှောင်ယွီသည် သူ့အား မျက်နှာသာတချို့ပေးလိုသည့် ရည်ရွယ်ချက်ကို သူ နားလည်သဘောပေါက်သဖြင့် သူ ရှေ့ဆက်ရန်အတွက်လမ်းကြောင်းကို တွေးတောပြီး ဝမ်းသာပျော်ရွှင်သွားသည်။

လမ်းတလျှောက်၌ ကြီးကျယ်ခမ်းနားသောမြင်းနှင့် ယုရှောင်ယွီ၏ခေါင်းလောင်းများမှ တချွင်ချွင်မြည်သံများကြောင့် လူအများ၏အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။

ဆုရှင်း၏ ကြီးကြပ်ခမ်းနားသောအသွင်အပြင်နှင့် ခမ်းနားထည်ဝါသောရထားလုံးတို့ကြောင့် လူအများသည် သူတို့အား ရန်မစသည်ကပို၍ကောင်းမွန်ကြောင်း သိရှိပေ၏။

နာရီဝက်ခန့်ကြာအောင်သွားပြီးနောက် ကြီးမားသောအဆောက်အအုံတစ်ခု ထွက်ပေါ်လာသည်။ပြင်ပရှိ မြင့်မားသောနံရံများသည် အတွင်းရှိ စိမ်းလန်းစိုပြေသောမြင်ကွင်းကို ဖုံးကွယ်မထားနိုင်​ချေ။တံခါးဝ၏ထိပ်ရှိ ကမ္ပည်းပြား၌ ကြီးမားသောစာလုံးများကို ရေးထွင်းထားသည်။

'အဖြူရောင်ကျောက်တုံး ကျောင်းတော်'

ပြင်ပ၌ လူများစုဝေးနေကာ အများစုသည် အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်ပတ်ဝန်းကျင်ရှိသော ဆယ်ကျော်သက်များဖြစ်ပေ၏။

"ရှောင်ယွီ....မင်းက ဒီမှာလား...."

ခေါင်းလောင်းသံများကိုကြားချိန်၌ လူငယ်တစ်ယောက် ချဥ်းကပ်လာသည်။

သူသည် အသက်နှစ်ဆယ်အရွယ်ခန့်ရှိကာ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာပေါက်သည် ယုရှောင်ယွီနှင့် အနည်းငယ်တူညီပေ၏။

"အစ်ကို..."

ယုရှောင်ယွီက စိတ်လှုပ်ရှားစွာဖြင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဤသည်မှာ မြို့အရှင်၏အကြီးဆုံးသားဖြစ်ကာ ယုရှောင်ယွီအစ်ကိုဖြစ်သော ယုဖုန်းပင်။

"ငါ မင်းအတွက် ရထားလုံးတစ်စီး စီစဉ်ပေးထားတယ်လေ...မင်းက ဘာလို့ မြင်းစီးလာတာလဲ"

ယုဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းသည်။

"ဒါက သားရဲတစ်ကောင်ပဲ...လူအများစုက ဒီလိုသားရဲတစ်ကောင်ကို စီးဖို့အတွက် အခွင့်အရေးတောင်မရဘူး"

ယုရှောင်ယွီက သူမ၏အစ်ကိုသည် မြင်း၏တန်ဖိုးကို မသိ​သည်အား မြင်တွေ့မိသဖြင့် သူမ၏နှုတ်ခမ်းကိုစူပြီး ပြောဆိုလိုက်၏။

"သားရဲတကောင်လား...."

ယုဖုန်းက မြင်းကိုစစ်ဆေးလိုက်သည်။

အမှန်တကယ်ကိုပင် ဤမြင်းထံ၌ တောက်ပသော အုန်းခွံရောင်သားမွှေးများနှင့်အတူ ကြီးကျယ်ခမ်းနားသော ခန္ဓာကိုယ်တည်ဆောက်ပုံရှိကာ ခမ်းနားထည်ဝါသော ပုံပန်းသွင်ပြင်ကြောင့် ကြည့်ရသည်မှာ အလွန်စွဲမက်ဖွယ်ကောင်းသည်။သူ စကားပြောရန် ဟန်ပြင်လိုက်သည့်အချိန်မှာပင် သူ၏မျက်လုံးအကြည့်သည် တစ်စုံတစ်ခုပေါ်သို့ ကျရောက်သွားသဖြင့် သူ့အား တောင်တင်းသွားစေသည်။

"ဒါက ဘာလဲ.. ယင်ကောင်တွေ ဝဲနေတာလား"

မြို့အရှင်သား ကြည့်နေသောနေရာသို့ ကြည့်လိုက်ကြရာ သူတို့သည် ဆုရှင်း၏ဗိုက်နားတဝိုက်၌ အနံ့များ၏ဆွဲဆောင်မှုကြောင့်ယင်ကောင်များစွာ ဝဲနေသည်ကို မြင်တွေ့လိုက်ရသည်။

ကျန်းရွှမ်၏မျက်ခွံများ တဆတ်ဆတ်တုန်သွားသည်။

'ငါ ဒါကို မေ့သွားတယ်...ပန်းတွေက အပုတ်နံ့ကို ဖုံးကွယ်နိုင်ပေမယ့် ယင်ကောင်တွေကို လှည့်စားလို့မရဘူး'

ပျားများ သို့မဟုတ် လိပ်ပြာများဆိုလျှင် အဆင်ပြေနိုင်သော်လည်း ယင်ကောင်များကို ဆွဲဆောင်နိုင်ခြင်းသည်...ဤသည်မှာ တစ်စုံတစ်ခုလွဲချော်နေသည်ဟု လူများသတိပြုမိသွားရန် အလွန်လွယ်ကူသည်။

All Chapters