အလောင်းအစား
Vol. 1 Ch. 2
ထိုအတွေး ပေါ်လာလာခြင်းမှာပင် ကျမ်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
မိုမိသားစု၏လုံခြုံရေးသည် သံမဏိပိုက်ကွန်တစ်ခုကဲ့သို့ တင်းကြပ်ပေ၏။သူသည် ဤနေရာမှ ထွက်မသွားမီ သူ့ထံ၌ အထောက်အထားတစ်ခုရှိနေရန် လိုအပ်သည်။အကယ်၍ သူသည် အဝေးသို့ ထွက်သွားနိုင်ပါက ထိုသို့ပြုလုပ်ပြီးသည်မှာ အချိန်ကြာမြင့်ပြီး ဖြစ်ပေမည်။သူ ယခုအချိန်ထိ ဤနေရာ၌ ဆက်နေမည် မဟုတ်ချေ။
"မဟုတ်သေးဘူး...ငါက ဘာလို့ အဲ့ဒီမြင်းကို သတ်နိုင်ရတာလဲ"
သူ ပျာယာခတ်သွားပြီးနောက် သံသယတခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
သူသည် ဤမြင်း၏အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေလေပြီ။သူ ပြင်းပြင်းထန်ထန် တိုက်ခိုက်လေလေ မြင်း၏ကန်ကျောက်မှု ပို၍ဆိုးရွားလာလေလေပင်။
မည်သည်ကြောင့် ယနေ့တွင် ထိုကိစ္စသည် ပြောင်းပြန်ဖြစ်သွားခဲ့သနည်း...
သူသည် ထိုကိစ္စကို သူ၏စိတ်အတွင်း၌ ပြန်တွေးကြည့်ပြီးနောက် ကုကယ်ရာမဲ့စွာဖြင့် သူ၏ကမ္ဘာသစ်လေးကို ကြည့်လိုက်သည်။
ဤသည်မှာ ရင်းမြစ်စွမ်းအားများကို စုပ်ယူပြီး ဖန်တီးထားခြင်းဖြစ်ကာ ကုန်းမြေများ တောင်တန်းများ ပင်လယ်သမုဒ္ဒရာများ သစ်ပင်ပန်းမန်နှင့် သတ္တဝါများ အစရှိသဖြင့် အရာရာတိုင်းရှိနေကာ ကောင်းကင်ဘုံနယ်မြေ၏ဖွဲ့စည်းပုံနှင့် တူညီသည်။
ကမ္ဘာသစ်၏နယ်မြေတစ်ခုအတွင်းရှိ ကြီးမားကျယ်ပြန့်ကာ မိုင်သောင်းနှင့်ချီ၍ ရှည်လျားသော ပင်လယ်သမုဒ္ဒရာတစ်စင်းသည် လုံးလုံးလျားလျားအငွေ့ပြန်သွားကာ မြင်းတစ်ကောင်ကိုသတ်ဖြတ်ခဲ့သော အပြာရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
ဆုရှင်း သေဆုံးသွားသည်မှာ ဖိနှိပ်ခံထားရသော သူ၏စွမ်းအားများ လွတ်ထွက်သွားခြင်းကြောင့်ဟု သူ မူလက တွေးထင်ခဲ့သည်။သို့ရာတွင် ယခုကြည့်ကြည့်တော့မှ ကမ္ဘာသစ်၏နေရာတစ်နေရာ လောင်ကျွမ်းသွားခြင်းကြောင့်ပင်။
မြင်းတစ်ကောင်ကိုသတ်ဖြတ်ရန်အတွက် မိုင်သောင်းနှင့်ချီရှည်လျားသော ပင်လယ်သမုဒ္ဒရာတစ်စင်း ကုန်ဆုံးသွားခဲ့သည်။အကယ်၍ ဤကဲ့သို့တိုက်ပွဲမျိုး အကြိမ်ရေအနည်းငယ်ခန့် ထပ်မံ၍ဖြစ်ပွားလာပါက သူ ခက်ခက်ခက်ခဲဖန်တီးခဲ့သော ကမ္ဘာလောကတစ်ခုလုံး ပြိုလဲပျက်စီးကာ ပျောက်ကွယ်သွားပေမည်။
သူ၏စိတ်ဝိညာဉ်သည် ထိုနေရာနှင့် ပေါင်းစည်းထားသဖြင့် အကယ်၍ ကမ္ဘာသစ် တစ်ခုခုဖြစ်ပွားသွားပါက သူသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားပေမည်။
ထို့ကြောင့် ဤနည်းလမ်းသည် ကောင်းမွန်သော်လည်း ထိုအရာကို ထပ်မံ၍ အသုံးမပြုသည်က ပို၍ကောင်းမွန်ပေမည်။
ထိုအတွေးများကို ရှင်းထုတ်ကာ ကျန်းရွှမ်သည် သူ့ရှေ့ရှိမြင်းကို ထပ်မံ၍ကြည့်လိုက်၏။
အစောပိုင်းက မောက်မာထောင်လွှားခဲ့သောမြင်းသည် ယခုအချိန်၌ လဲကျသေဆုံးနေလေပြီ။
ထိုမြင်းသည် မလုပ်မယှက် လဲလျောင်းနေကာ တဖြည်းဖြည်း တောင့်တင်းစပြုလာသည်။
"ဒီမြင်းက မိုယန်ရွှယ်ရဲ့၁၆နှစ်မြောက်မွေးနေ့မှာ လက်ဆောင်ရထားတာပဲ...သူက ဒါကို ရတနာတစ်ပါးလို့ တန်ဖိုးထားတယ်...ငါ အခု ဘာလုပ်သင့်လဲ"
ကျန်းရွှမ်သည် အခက်တွေ့နေပေ၏။
သူသည် ဤမြင်းကို ကြိုးချည်ထားရုံမျှဖြင့် အပြစ်ပေးခံခဲ့ရသည်။အကယ်၍ ဤကိစ္စကိုသာရှာဖွေတွေ့ရှိသွားပါက အကျိုးဆက်များသည်သိသာထင်ရှားလှ၏။သူ၏ယခုလက်ရှိခွန်အားဖြင့် အကယ်၍ သူသည် မိုအိမ်တော်မှ ထွက်ပြေးသွားလျှင်ပင် ပြန်လည်ဖမ်းဆီးခံရပြီး အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းခံရမည်မှာ သေချာပေါက်ပင်။
ယခုအချိန်၌ သူ့ကိုယ်သူကယ်တင်နိုင်သော နည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။
"ဘာလဲကွာ...မင်း ထပြီးတော့ ငါ့ကို ကန်ပါအုံးလား...."
ဆုရှင်း၏ရှေ့ခွာကို ဆုပ်ကိုင်ရင်း ကျန်းရွှမ်သည် ညည်းတွားလိုက်ကာ ဤလောကကြီးအတွင်း၌ ကောင်းကင်ဘုံစာကြည့်တိုက်ကို မည်ကဲ့သို့ အသက်သွင်းရမည်ကို သူ ရှာဖွေဖော်ထုတ်နေခဲ့သည်။ထိုအချိန်မှာပင် သူသည် မြင်းဇောင်း၏ပြင်ပမှနေ၍ ဝမ်ရှန်း၏အသံကို ကြားလိုက်ရသည်။
"ကျန်းရွှမ်...ဒါက ဆုရှင်းအတွက် သခင်မလေးပေးလိုက်တဲ့ ယပ်တောင်ပဲ...ဒီမြင်းရဲ့အမွှေးတွေက အရမ်းထူတာကြောင့် အပူဒဏ်ကို မခံနိုင်ဘူး ...မင်က ဒါကို ကောင်းကောင်းဂရုစိုက်ပြီး ထိန်းသိမ်းရမယ်...ဘာအမှားမှ မဖြစ်စေနဲ့"
တံခါးသည် ကျွီခနဲပွင့်သွားကာ ဝမ်ရှန်း၏စကားပြောဆိုနေမှု ရုတ်တရက် ရပ်တန့်သွားသည်။သူသည် သူ၏မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး ထိတ်လန့်တကြားဖြင့် စူးစိုက်ကြည့်လေသည်။
"မင်း...မင်း သတ်လိုက်တာလား..."
ဝမ်ရှန်းသည် ဤနေရာသို့ ရုတ်တရက်ကြီးရောက်ရှိလာမည်ဟု မျှော်လင့်မထားမိသဖြင့် ကျန်းရွှမ်သည် မြင်း၏အလောင်းကိုဝှက်ရန် အချိန်မရခဲ့ချေ။သူသည် အချိန်တခဏကြာခန့် တိတ်ဆိတ်နေပြီးနောက် ရှင်းပြလိုက်၏။
"ငါ ပြောမယ်...ဒါက မတော်တဆဖြစ်သွားတာပဲ...."
ဝမ်ရှန်းကို ကြည့်ရသည်မှာ ရူးသွပ်သွားသည့်အလားပင်။
"မတော်တဆဟုတ်မဟုတ်က အရေးမကြီးဘူး...ဒီမြင်းက သခင်မလေးအတွက် ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ မင်း သိလား...မင်းတစ်ယောက်တည်း သေသွားရင် ပြဿနာမရှိဘူး...ဒါပေမဲ့ မင်းနဲ့အတူ ငါ့ကို ဆွဲမထည့်နဲ့လေ...မဟုတ်ဘူး...ငါက မင်းနဲ့အတူ အပြစ်ပေးမခံနိုင်ဘူး...မင်း စောင့်နေစမ်း...ငါက ဒီကိစ္စကို သတင်းပို့လိုက်ရင် အပြစ်ပေးခံရတာကနေ လွတ်မြောက်သွားနိုင်တယ်"
ဝမ်ရှန်းသည် ခြေနှစ်လှမ်းခန့် နောက်ဆုတ်၍ နောက်သို့ချာခနဲလှည့်ကာ ပြေးထွက်သွားပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။
"..."
သူ အလွန်လျှင်မြန်စွာ ပြေးထွက်သွားမည်ဟု ကျန်းရွှမ် မျှော်လင့်မထားမိချေ။သူ့ထံ၌ ဝမ်ရှန်းကိုဟန့်တားရန် အချိန်မရှိခဲ့သဖြင့် ကူကယ်ရာမဲ့မှုကို ခံစားမိလေ၏။
အကယ်၍ ဤကိစ္စကို ဝမ်ရှန်း ရှာတွေ့သွားခြင်းမရှိပါက မြင်း၏အလောင်းအား ဖြေရှင်းရန် သူ့ထံ၌ အခွင့်အရေးတစ်ခု ရှိလာနိုင်သည်။ အကယ်၍ သူ ထွက်မပြေးနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် အစီအစဥ်တစ်ခုကို စဉ်းစားတွေးတောရန် အချိန်တချို့ရရှိပေမည်။ ယခုအချိန်၌ မည်သည့်နည်းလမ်းမျှ မရှိတော့ချေ။
သူသည် သေဆုံးရန်အတွက် စောင့်ဆိုင်းနေရမည်လော...
သို့မဟုတ် အချိန်တိုအတွင်း၌ စွမ်းအားတချို့ရရှိနိုင်ရန် ကမ္ဘာသစ်ကို လောင်ကျွမ်းစေပြီး မိုမိသားစုအားတိုက်ခိုက်ကာ ထွက်သွားမည်လော....
ကမ္ဘာသစ်သည် မည်မျှထိများပြားသော စွမ်းအားများကို သူ့အား ထောက်ပံ့ပေးနိုင်မည်ကို သူ မသိရှိချေ။သူသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတချို့ကို တိုက်ခိုက်ကောင်းတိုက်ခိုက်နိုင်သော်လည်း ထိုကမ္ဘာသစ်ကို လောင်ကျွမ်းလိုက်ပါက အတွင်းရှိသက်ရှိများအားလုံး သေဆုံးသွားပေမည်။
အကယ်၍ ထိုကိစ္စသာဖြစ်ပွားလာပါက သူ စွန့်စား၍ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းသည် အကျပ်အတည်းကို ဖြေရှင်းရန်မဟုတ်ဘဲ သူ့ကိုယ်သူ သေလမ်းရှာခြင်း ဖြစ်သွားပေမည်။
"ငါ ဘာလုပ်သင့်လဲ..."
"ခဏနေအုံး...ဆုရှင်းက သေသွားပြီ..ဆိုလိုတာက သူက သက်မဲ့အရာတစ်ခု ဖြစ်သွားပြီ... တကယ်လို့ သက်မဲ့အရာတစ်ခုဖြစ်နေရင် စိတ်ဝိညာဉ်ကို နိုးထလာစေနိုင်တယ်"
သူ စိတ်ပျက်လက်ပျက်ဖြစ်နေစဉ်မှာပင် အတွေးတစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
စိတ်ဝိညာဉ်နိုးထခြင်းနည်းစနစ်သည် ဆရာသခင်ကုန်းမြေပေါ်ရှိ စိတ်ဝိညာဉ်နိုးထစေသူများ၏ပညာရပ်တစ်ခုပင်။နာမည်နှင့်ကိုက်ညီစွာ ထိုပညာရပ်သည် မည်သည့်အရာဝတ္ထု၏ စိတ်ဝိညာဥ်ကိုမဆို နိုးထစေနိုင်ကာ အသက်သွင်းပေးနိုင်သည်။ထိုအရာသည် စိတ်ဝိညာဉ်နိုးထစေသူ၏အမိန့်အတိုင်း နာခံမည်ဖြစ်ကာ တာအိုပညာရှင်တစ်ယောက်မှ ဖုတ်ကောင်တစ်ကောင်ကို ထိန်းကျောင်းခြင်း သို့မဟုတ် ကျင့်ကြံသူတစ်ယောက်မှ ဓားပျံကို စီးနင်းနေခြင်းနှင့် တူညီသည်။
အတိတ်တွင် ဝမ်ယင်သည် တိုက်ခိုက်ရန်အတွက် ဆရာသခင်ခန်းမဆောင်အတွင်းရှိ အဆောက်အအုံများအားလုံး၏စိတ်ဝိညာဉ်များကို နိုးထစေခဲ့သည်။
သို့ရာတွင် ရင်းမြစ်စွမ်းအားများသည် ကျန်းရွှမ်၏စွမ်းအားများကို ချိတ်ပိတ်ထားသဖြင့် စိတ်ဝိညာဥ်နိုးထခြင်းပညာရပ်ကို အသုံးပြုရန်အတွက် သူ၏ကမ္ဘာသစ်ကို လောင်ကျွမ်းရန် လိုအပ်ပေမည်။
ဤသည်မှာ ထိခိုက်နစ်နာမှုအနည်းဆုံး နည်းလမ်းဖြစ်မည်ကို သိရှိသဖြင့် ကျန်းရွှမ်သည် တုံ့ဆိုင်းနေခြင်း မရှိတော့ချေ။သူသည် ဆုရှင်း၏အနီးသို့ ထပ်မံ၍ချဉ်းကပ်ကာ သူ၏လက်ညှိုးကိုမြှောက်ပြီး မြင်း၏နဖူးကို ထိတွေ့လိုက်သည်။
ဘုန်း...
သူ၏ကမ္ဘာသစ်အတွင်းရှိ မိုင်ပေါင်းတစ်သိန်းကျော်ရှည်လျားသော တောင်တန်းကြီးတစ်ခုလုံး ချက်ချင်းကြေမွှပျက်စီးသွားကာ အပြာရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
"အိမ်တော်ထိန်းဖုန်း....ငါ မြင်းဇောင်းထဲကို ဝင်သွားတဲ့အချိန်မှာ ကျန်းရွှမ်က ဆုရှင်းကို ရိုက်နေတာကို ငါ မြင်ခဲ့တယ်...ဆုရှင်းက မြေပြင်ပေါ်ကို လဲကျသွားပြီးတော့ အသက်မရှုတော့ဘူး...."
ကျန်းရွှမ်သည် သူ၏လက်ညှိုးကို ဆုရှင်း၏နဖူးပေါ်သို့ တင်လိုက်သောအချိန်မှာပင် ဝမ်ရှန်း၏ရှင်းပြနေသောအသံက ခြံဝန်းအတွင်းမှ ထွက်ပေါ်လာသည်။ထိုနောက်မှနေ၍ ပျာပျာသလဲပြေးလာသော ခြေလှမ်းသံများ ထွက်ပေါ်လာပေ၏။
ကျွီ...
တံခါးကို ပြင်းပြင်းထန်ထန်တွန်းဖွင့်ခြင်းခံလိုက်ရကာ ဖုန်ကျင်းသည် အလျင်စလိုပြေးဝင်လာပြီး သူ့ကိုကြည့်ရသည်မှာ ထိတ်လန့်တကြားဖြစ်နေပုံပင်။ဝူရှန်း၏သတင်းပို့မှုသည် သူ့အား ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်မှာ သိသာထင်ရှားသည်။
မြင်းဇောင်းအတွင်းရှိမြင်ကွင်းကို သူ မြင်တွေ့လိုက်ရသည်။ကျန်းရွှမ်သည် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်နေကာ မြင်း၏ခေါင်းကို ပွတ်သပ်နေသည်။ဆုရှင်းကမူ မြေပြင်ပေါ်၌ မလှုပ်မယှက်လဲလျောင်းနေကာ အမှန်တကယ်ကို သေဆုံးသွားပုံရပေ၏။
ဖုန်ကျင်း၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီသွားသည်။
"ကျန်းရွှမ်.. မင်းက ဘယ်လိုသတ္တိနဲ့ ဆုရှင်းကို သတ်ဝံ့တာလဲ...မင်းက သေချင်....."
"သတ်တာလား..."
သူ၏စကား အဆုံးမသတ်သေးမီမှာပင် ကျန်းရွှမ်က ကြားဖြတ်ပြောဆိုသည်။
"အိမ်တော်ထိန်းဖုန်း...မင်း မှားနေပြီ...ဘယ်လိုလုပ်ပြီးတော့ ငါက အဲ့ဒီလိုကိစ္စမျိုးကို လုပ်ရဲမှာလဲ...ငါက ဆုရှင်း ယားနေလို့ ကုတ်ပေးနေတာပါ"
ဖုန်ကျင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကာ သူသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုပေ၏။
"ငါ မျက်လုံးကန်းနေတယ်လို့ မင်း ထင်နေတာလား...ယားလို့ကုတ်ပေးတာနဲ့ မြင်းတစ်ကောင်လုံးက ပျဥ်ချပ်တစ်ချပ်လို တောင့်တင်းသွားတာလား"
ဤအချိန်အခိုက်အတန့်၌ ဆုရှင်း၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေကာ ပေါင်မုန့်ခြောက်တစ်ခုကဲ့သို့ မာကျောနေသဖြင့် သေဆုံးသွားသည်မှာ အမှားအယွင်းမရှိနိုင်ချေ။
သို့ရာတွင် ကျန်းရွှမ်သည် ဆုရှင်းယားနေသဖြင့် ကုတ်ပေးနေသည်ဟု ဆိုလိုက်သလော...
"မင်း ငါ့ကို နောက်နေတာလား...'
"မင်းက ငါပြောတာကို မယုံဘူးလား"
ကျန်းရွှမ်ကိုကြည့်ရသည်မှာ အပြစ်ကင်းစင်ပုံရသည်။
"ဒီလိုဆိုရင်ရော...ငါတို့ အလောင်းအစားတစ်ခု လုပ်ကြမလား...တကယ်လို့ ဆုရှင်း သေသွားတယ်ဆိုရင် ငါက တာဝန်အပြည့်ယူပေးမယ် ...မင်းတို့ ဆန္ဒရှိသလို ငါ့ကို လုပ်နိုင်တယ်... ဒါပေမဲ့ သူ မသေဘူးဆိုရင် ငါက မနက်ဖြန်ကျရင် သခင်မလေးက ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ ကြည့်ချင်တာကြောင့် သူနဲ့အတူ အဖော်ပြုပြီးတော့ အဖြူရောင်ကျောက်တုံးကျောင်းတော်ကို လိုက်သွားချင်တယ်"
မိုယန်ရွှယ်ကဲ့သို့ သခင်မလေးတစ်ယောက်သည် ပြင်ပသို့ ထွက်ခွာသွားသည့်အချိန်၌ သူမနှင့်အတူ အစေခံအမြောက်အများကို ခေါ်ဆောင်သွားမည်မှာ သေချာပေါက်ပင်။မည်သူ လိုက်ပါသွားရမည်ဟူသော ဆုံးဖြတ်ပိုင်ခွင့်သည် ဖုန်ကျင်း၏အခွင့်အာဏာအတွင်း၌ ရှိနေပေ၏။
"မင်းလိုအစေခံတယောက်က ငါနဲ့ အလောင်းအစားလုပ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ မင်း ထင်နေတာလား"
ဖုန်ကျင်းက အော်ငေါက်လိုက်သည်။
"ငါ အရည်အချင်းရှိမရှိက ပြဿနာမရှိဘူး...အရေးကြီးတဲ့ကိစ္စက..."
ကျန်းရွှမ်က သူ၏ခေါင်းကိုကုတ်လိုက်ကာ သူ၏မျက်လုံးအတွင်း၌ ရိုးသားမှုများဖြင့် ပြည့်နှက်နေသည်။
"ဆုရှင်းသာ တကယ်ကြီးသေသွားရင် မင်း ငါ့ကို ရိုက်သတ်ရင်တောင် အပြစ်ဒဏ်ကနေ မင်းလည်း လွတ်မြောက်မှာမဟုတ်ဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ငါ မိုမိသားစုကို ရောက်လာတာက မင်း ခေါ်လာခဲ့လို့ပဲ...မင်း တာဝန်ယူရမယ်ဆိုတာကို ငြင်းဆန်လို့ရမှာ မဟုတ်ဘူး...တကယ်လို့ ဆုရှင်း အသက်ရှင်နေရင် လူတိုင်းပျော်ရွှင်သွားပြီးတော့ သခင်မလေးလည်း စိတ်ကျေနပ်သွားလိမ့်မယ်...မင်းက စိတ်အေးအေး အနားယူနိုင်တဲ့အပြင် ဆုလာဘ်တွေကိုတောင် ရလာနိုင်တယ် ...အိမ်တော်ထိန်းဖုန်း ငါက နိမ့်ကျတဲ့အစေခံတယောက်ပါ...ငါ အများကြီး နားမလည်ဘူး...ငါ ပြောတဲ့အဓိပ္ပာယ်ကို မင်းသိလား"
"မင်း..."
ဖုန်ကျင်းသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် သူရှေ့ရှိ လူငယ်လေးကို ထပ်မံ၍ကြည့်ကာ အမှုမဲ့အမှတ်မဲ့ဖြင့် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။