← Chapters

ငွေကြေးအပေါ် လောဘကြီးခြင်း

Vol. 2 Ch. 16

ငွေကြေးအပေါ် လောဘကြီးခြင်း

Vol. 2 Ch. 16

သူတော်စင်အဆင့် ပါရမီသည် လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်းမဟုတ်လျှင်ပင် ရှားပါးသည်မှာ သေချာပေ၏။ဤကဲ့သို့ ပါရမီရှိသည့် မည်သူတစ်ဦးတစ်ယောက်မဆို ယခုချိန်၌ တခြားလူများအား ဟန်ရေးပြနိုင်ပေမည်။သို့ရာတွင် ဤမှတ်တမ်းမရှိသောလူသည် လုံးလုံးလျားလျားတိတ်ဆိတ်ငြိမ်သက်နေကာ သူ၏မျက်နှာအမူအယာသည် တခြားလူများနှင့်တူညီနေပြီး မည်သည့်ထူးခြားမှုကိုမျှ ပြသခြင်းမရှိချေ။

ဤကဲ့သို့ သိုသိုသိပ်သိပ်နေလိုသော စိတ်ထားမျိုးသည် လေးစားဖွယ်ကောင်းပေ၏။

သို့ရာတွင် အလွန်သိုသိုသိပ်သိပ်နေခြင်းသည် ကိစ္စကောင်းတစ်ရပ်မဟုတ်ချေ။ဤကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ရှာဖွေဖော်ထုတ်ပြီး အထူးသီးသန့်လေ့ကျင့်ပေးရန် လိုအပ်သည်။ အကယ်၍ သူတို့သည် သူ့အား ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပါက မည်သည့်နည်းဖြင့် သူ့ကို ပြုစုပျိုးထောင်ပေးရမည်နည်း။

အချိန်တခဏကြာခန့် ရှာဖွေပြီးသည့်တိုင် အောင်မြင်မှုမရရှိသဖြင့် ဝူယွင်ကျိုးက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"ကျောင်းအုပ်ကြီး...အဲ့ဒီလူက အကျင့်စရိုက်ကောင်းရှိပြီးတော့ အရမ်းသိုသိပ်တယ်...ငါတို့က သူ့ကို ဒီနေ့ရှာမတွေ့ဘူးဆိုရင် တကယ်လို့ သူက မနက်ဖြန်မှာ ပြန်မလာတာနဲ့ ကျောင်းတော်က အစစ်အမှန်ထိပ်သီးပါရမီရှင်တစ်ယောက်ကို လက်လွှတ်ရလိမ့်မယ်"

"ဒါက ငါ စိုးရိမ်နေတဲ့ကိစ္စပဲ"

လုမင်ရုန်သည် ခေါင်းညိတ်လိုက်၏။

ထိုလူထံတွင် မယုံကြည်နိုင်ဖွယ်ပါရမီရှိသော်လည်း ဆရာများအနက်တစ်ယောက်ကမျှ သူ၏အကြောင်းကို မကြားဖူးသည့်အပြင် ရွေးချယ်ခံထားရသော ထိပ်သီးပါရမီရှင်သုံးထောင်ကျော်၏နာမည်စာရင်း၌ မပါဝင်​ချေ။သူသည် ဤကဲ့သို့ပြုလုပ်နိုင်ရန်အတွက် အာရုံစူးစိုက်ခံရမှုကို မည်မျှထိ ရှောင်တိမ်းခဲ့သနည်း။

ဤကဲ့သို့ နှိမ့်ချသောအကျင့်စရိုက်ကို သူ ပင်လျှင် လေးစားကြည်ညိုမိလေ၏။

"ကျောင်းအုပ်ကြီး...ငါ့မှာ အကြံတစ်ခုရှိတယ်...ဒါပေမဲ့ ငါ ထုတ်ပြောလို့ သင့်တော်ပါ့မလားဆိုတာ ငါ မသိဘူး"

ဒုတိယအကြီးအကဲဝူလျှူယွင်က ကြားဖြတ်ပြောဆိုသည်။

"ပြောပါ"

လုမင်ရုန်က ခွင့်ပြုလိုက်သည်။

ဝူလျှူယွင်က အကြံပေးသည်။

"ခုဏပါရမီရှင်က စင်မြင့်ပေါ်မှာပဲဖြစ်ဖြစ် စင်မြင့်အောက်မှာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ ကျောင်းသားဟောင်းတွေထဲက တစ်ယောက်မဟုတ်သရွေ့...သူတို့အားလုံးကို ရင်းမြစ်ရေအိုင်တောင်ကို ဖြတ်သန်းခိုင်းမယ်ဆိုရင် ဘယ်သူလဲဆိုတာ ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်"

"ဟုတ်သားပဲ"

ဝူယွင်ကျိုး၏မျက်လုံးများ တောက်ပသွားသည်။

"ရင်းမြစ်ရေအိုင်တောင်က ရင်းမြစ်ရေအိုင်ရဲ့တည်ငြိမ်မှုကို စမ်းသပ်တာပဲ....အဲ့ဒီလူက ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်ထောင်ကျော်ကို စုပ်ယူနိုင်မှတော့ သူ့ရဲ့ရင်းမြစ်ရေအိုင်က မယုံကြည်နိုင်ဖွယ်ကောင်းအောင် သန်မာအားကောင်းလိမ့်မယ်...သူ့ကို အဲ့ဒီနေရာဆီခြေချခိုင်းလိုက်တာနဲ့ ထူးခြားတဲ့ကိစ္စတွေ ဖြစ်လာမှာ သေချာပေါက်ပဲ"

ရင်းမြစ်ရေအိုင်တောင်သည် ကျောင်းတော်မှနေ၍ ရင်းမြစ်ရေအိုင်၏တည်ငြိမ်မှုကို စမ်းသပ်ရာ၌ အသုံးပြုသောပစ္စည်းပင်။တစ်စုံတစ်ယောက်သည် ထိုနေရာသို့ ခြေချသည်နှင့် တောက်ပသောအလင်းရောင်များ ဖြာထွက်လာကာ မတူကွဲပြားသည့်အရောင်များသည် တည်ငြိမ်မှု၏အဆင့်အသီးသီးကို ညွှန်ပြနေပေ၏။

သာမာန်အားဖြင့် ထိုအရာသည် အနီရောင် အဝါရောင် သို့မဟုတ် အစိမ်းရောင်အလင်းတန်းများကို ပြသသည်။

အနီရောင်သည် တည်ငြိမ်သော ရင်းမြစ်ရေအိုင်ကို ညွှန်ပြကာ အဝါရောင်သည် အလယ်အလတ်ဆင့်တည်ငြိမ်မှုဖြစ်ပြီး အစိမ်းရောင်သည် အားအနည်းဆုံးပင်။အကယ်၍ မည်သည့်အလင်းရောင်မျှ ထွက်ပေါ်မလာပါက ရင်းမြစ်ရေအိုင်မဖွင့်ရသေးဟု ဆိုလိုသည်။

"အဲ့ဒီလို လုပ်ကြတာပေါ့...သူ ဘယ်လောက်ထိ သိုသိုသိပ်သိပ်နေနိုင်မလဲဆိုတာ စောင့်ကြည့်ကြရအောင်"

လုမင်ရုန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သူသည် ဝင့်ကြွားသောကျောင်းသားများကို သဘောမကျသော်လည်း ယခုချိန်၌ အလွန်သိုသိုသိပ်သိပ်နေခြင်းသည် ပြဿနာတစ်ရပ်ဖြစ်လာပေ၏။

"ငါ အခု ကြော်ညာချက်ထုတ်ပြန်လိုက်မယ်"

ကျောင်းအုပ်ကြီး၏ခွင့်ပြုချက်ကို ရရှိသည်နှင့် ဝူယွင်ကျိုးသည် တွေဝေတုံ့ဆိုင်းမနေတော့ချေ။သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူ၏ကျယ်လောင်သောအသံသည် ကွင်းပြင်အနှံ့ ပဲ့တင်ထပ်သွားသည်။

"မင်းတို့အားလုံးအတွက် ရင်းမြစ်ရေအိုင်တောင် အကဲဖြတ်စစ်ဆေးမှုကို ဖြည့်စွက်ဖို့ ကျောင်းတော်က ဆုံးဖြတ်လိုက်တယ်...မင်းတို့တစ်ယောက်စီတိုင်း ဒီစစ်ဆေးမှုမှာ ပါဝင်ရမယ်...ဒါကြောင့် ကျေးဇူးပြုပြီးတော့ ဆရာတွေရဲ့လမ်းညွှန်မှုကို လိုက်နာပြီး ဆောင်ရွက်ကြပါ...အထိတ်တလန့် ဖြစ်မသွားကြနဲ့...."

"ရင်းမြစ်ရေအိုင်တောင်လား...."

"ဒါက ငါတို့တွေ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူပြီးတော့ ငါတို့ရဲ့ရင်းမြစ်ရေအိုင်တွေကို တည်ငြိမ်အောင်လုပ်ပြီးမှ ဒီစမ်းသပ်မှုကို ခံယူရတာ မဟုတ်ဘူးလား...အခု ငါတို့က ဘာလို့ ဒီစမ်းသပ်မှုကို လုပ်ရမှာလဲ"

သာမာန်အားဖြင့် ဤစစ်ဆေးမှုသည် ကျောင်းသားသစ်များ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူပြီးနောက် ရင်းမြစ်ရေအိုင်ကို တည်ငြိမ်အောင်ပြုလုပ်ပြီးမှသာ ပြုလုပ်ခြင်းဖြစ်သည်။ဤရုတ်တရက်စစ်ဆေးမှုသည် သင်ခန်းစာများ စတင်မသင်ကြားရသေးမီ စာမေးပွဲဖြေဆိုရသည်နှင့် တူညီနေသည်။

ယခုချိန်၌ မိုယန်ရွှယ် အပါအဝင် ယုရှောင်ယွီ ယုဖုန်း ကျန်းရွှမ်နှင့် တခြားလူများအားလုံး ဇဝေဇဝါဖြစ်နေသည်။သူတို့အားလုံးသည် ကျောင်းတော်မှ မည်သည့်အရာကို စီစဥ်နေသည်အား မသိရှိသဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

"အထူးပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတယ်လို့ ငါ ကြားထားတယ်...ရင်းမြစ်ရေအိုင်တောင်ကို ဖြတ်သန်းစေတာက ကျောင်းတော်ဘက်ကနေ အဲ့ဒီလူကို အတည်ပြုချင်လို့ပဲဖြစ်မယ်"

သတင်းနှံ့စပ်သော ယုဖုန်းက ရှင်းပြသည်။

"အထူးပါရမီရှင်တစ်ယောက်လား..."

မိုယန်ရွှယ်၏မျက်မှောင်ကြုတ်ထားမှု ပြေလျော့သွားသည်။

"ဒါက အဓိပ္ပါယ်ရှိတယ်...ကျောင်းအုပ်ကြီးက တိုက်ရိုက်တပည့်တစ်ယောက် ခေါ်ယူမယ်လို့ ပြောခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး..ဒါက အဲ့ဒီကိစ္စကြောင့်ဖြစ်မယ်"

"ကျောင်းအုပ်ကြီး သတိပြုမိတာကိုခံရတဲ့ ပါရမီရှင်က ငါ ဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်"

ယုရှောင်ယွီက ခေါင်းညိတ်ပြပြီးနောက် သူ၏မျက်လုံးအတွင်းတွင် မျှော်လင့်တောင့်တခြင်းများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူမသည် အနီးရှိ မြင်းထိန်းကို သတိပြုမိသွားလေ၏။

"ကျန်းရွှမ်...နင်က ဘာလို့ ဒီစင်ပေါ်ကို ရောက်နေတာလဲ...နင်လည်း ကျင့်ကြံချင်လို့လား"

"ငါက ကျင့်ကြံချင်ပေမယ့် ငါ့မှာ ဘာကျင့်ကြံနည်းစနစ်မှ မရှိဘူး"

ကျန်းရွှမ်က တုံ့ပြန်ပြောဆိုကာ ရှက်ရွံမှုကို ခံစားမိသည်။

ထိပ်တန်းပါရမီရှင်တစ်ယောက်အဖြစ် အစဥ်အမြဲနာမည်ကျော်ကြားသည့် ဆရာတစ်ယောက်ဖြစ်သော သူသည် ယခုအချိန်၌ သူ၏ရင်းမြစ်ရေအိုင်ကိုပင် ရှာမတွေ့နိုင်ခဲ့ချေ။ဤသည်မှာ အလွန်ရှက်ရွံဖွယ်ကောင်းပေ၏။

"နင် အရင်က တစ်ခါမှ မကျင့်ကြံဖူးဘူးလား"

ယုရှောင်ယွီသည် နောက်ဆုံး၌ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို နားလည်သဘောပေါက်သွားသဖြင့် မုယန်ရွှယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ရွှယ်အာ...နင်က အရမ်းကပ်စေးနည်းတာပဲ...ငါ အရင်က ပြောခဲ့ဖူးသလိုပဲ...သူ့ကို ငါဆီပေးပါ...ငါ သူ့ကို သင်ကြားပေးမယ်"

"မလိုဘူး...သူက ငါ့ရဲ့အစေခံပဲ...ငါကိုယ်တိုင် လုပ်ပေးမယ်"

မိုယန်ရွှယ်သည် ခေါင်းခါယမ်းကာ သူမ၏အင်္ကျီလက်ကြားမှ စာအုပ်တစ်အုပ်ကိုထုတ်ပြီး ကျန်းရွှမ်ထံသို့ လက်ကမ်းပေးလိုက်၏။

"ဒါက ငါတို့မိုမိသားစုရဲ့ 'ဟုန်ရှမ်းရင်းမြစ်ရေအိုင်နည်းစနစ်'ပဲ...လျှူမင်ယွဲ့နဲ့ယှဉ်ပြိုင်တဲ့နေရာမှာ အနိုင်ရခဲ့တဲ့အတွက် ဆုလာဘ်အဖြစ် ငါ နင့်ကို ဒီစာအုပ်ပေးမယ်...နင် ဒါကို စပြီးတော့ လေ့လာလို့ရပြီ..တကယ်လို့ နင့်မှာ မေးချင်တာတစ်ခုခုရှိရင် ငါ့ကို လွတ်လွတ်လပ်လပ်မေးလို့ရတယ်"

"အမ်...ဒါဆိုရင် ရင်းမြစ်ဒင်္ဂါးတစ်ရာက ဘာဖြစ်သွားပြီလဲ...."

ကျန်းရွှမ်ကို ကြည့်ရသည်မှာ ဝိရောဓိဖြစ်နေပုံရသည်။

သူသည် ဤကျင့်ကြံနည်းစနစ်ကို အမှန်တကယ်လိုချင်သော်လည်း ငွေသည်လည်း အလွန်အရေးကြီးပေ၏။

ကျန်းရွှမ်သည် ဤအခြေအနေ၌ ငွေကြေးအပေါ် ဖက်တွယ်နေဆဲဖြစ်သည်ကို ကြည့်ပြီး မိုယန်ရွှယ်က မျက်မှောက်ကြုတ်လိုက်သည်။

"နင် ရွေးချယ်လို့ရတယ်...ကျင့်ကြံနည်းစနစ်လား ဒါမှမဟုတ် ရင်းမြစ်ဒင်္ဂါးလား..."

"သခင်မလေး..ငါ ဆုံးဖြတ်ချက်မချခင် အဲ့ဒီစာအုပ်ကို အရင်ဆုံး တချက်လောက် ကြည့်လို့ရမလား...ဘာမှမစိုးရိမ်ပါနဲ့...ငါက စာအုပ်ကို ဖွင့်မကြည့်ပါဘူး"

အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းပြီးနောက် ကျန်းရွှမ်က မေးမြန်းသည်။

"ကောင်းပြီလေ"

မိုယန်ရွှယ်သည် အလေးအနက်မထားချေ။မည်သို့ပင်ဆိုစေကာမူ သူမသည် သူ့အား ထိုစာအုပ်ပေးရန် ရည်ရွယ်ထားပြီးဖြစ်သည်။

ကျန်းရွှမ်သည် စာအုပ်ကိုယူပြီးနောက် သူ၏လက်ချောင်းများဖြင့် ထိတွေ့ပြီးသည်နှင့် သူ၏စိတ်နှလုံးသားအတွင်းမှ စာကြည့်တိုက်ကို တိတ်တဆိတ်ဆင့်ခေါ်လိုက်သည်။

'အားနည်းချက်....'

ဘုန်း...

ကောင်းကင်ဘုံစာကြည့်တိုက်သည် အလင်းနှင့်အမှောင်အကြား၌ တစ်လှည့်စီ လင်းလိုက်မှိန်လိုက်ဖြစ်နေသည်။အားနည်းချက်အတည်ပြုခြင်းစွမ်းရည် အသက်ဝင်လာပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်များနှင့် ပေါင်းစပ်သွားကာ မျက်နှာပြင်ပေါ်တွင် စာလုံးကြီးများဖြင့်ရေးသားထားသည့် စာအုပ်တစ်အုပ်အသွင်သို့ ပြောင်းလဲသွားသည်။

'ဟုန်ရှမ်း ရင်းမြစ်ရေအိုင်နည်းစနစ်'

"ဒါက စာအုပ်အသစ်တစ်အုပ် ထုတ်ပေးရမယ့်အစား ကံကြမ္မာစွမ်းအင်တွေနဲ့ အစားထိုးလိုက်တာပါလား"

ကျန်းရွှမ်က ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

ယခင်က ကောင်းကင်ပုံစာကြည့်တိုက်သည် သူထိတွေ့လိုက်သော မည်သည့်စာအုပ်ကိုမဆို အားနည်းချက်များကို အမှတ်အသားပြုပြီးသည်နှင့် တထပ်တည်းတူသော မိတ္တူတစ်အုပ်ကို ထုတ်ပေးပေမည်။ယခုအချိန်၌ ထိုစာအုပ်နေရာတွင် အစားထိုးရန်အတွက် ကောင်းကင်ကံကြမ္မာစွမ်းအားများကို ပေါင်းစပ်ရန်လိုအပ်သည်။

ကြည့်ရသည်မှာ စာကြည့်တိုက်သည် အသက်ဝင်လာသော်လည်း အနည်းငယ်အားနည်းနေပုံရသည်။

ကျန်းရွှမ်၏မျက်လုံးအတွင်း၌ တွေဝေမှုအရိပ်အယောင်များ ထင်ဟပ်နေသော်လည်း သူ၏ခေါင်းကို ပြတ်ပြတ်သားသားခါယမ်းပြီး စာအုပ်ကို ပြန်၍လက်ကမ်းပေးလိုက်သည်။

"သခင်မလေး ငါ တွေးပြီးပြီ...ငါက ရင်းမြစ်ဒင်္ဂါးတစ်ရာကိုပဲ ယူတော့မယ်"

"နင် ကျင့်ကြံနိုင်ပြီးတော့ ရင်းမြစ်စစ်သည်တော်တစ်ယောက် ဖြစ်လာတာနဲ့ ရင်းမြစ်ဒင်္ဂါးတစ်ရာကို လွယ်လွယ်လေးရှာနိုင်လိမ့်မယ်"

မိုယန်ရွှယ်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

"ငါက ဆုံးဖြတ်ချက်ချပြီးပြီ"

ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကိုပူးဆူပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

"နင် ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် ငါက နင့်ကို ဒုတိယအကြိမ် အခွင့်အရေးထပ်ပေးမှာမဟုတ်ဘူး"

မိုယန်ရွှယ်၏မျက်လုံးအကြည့် အေးစက်တင်းမာနေသည်။

"ငါ နားလည်ပါတယ်"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ဟွန့်..."

မည်သည့်စကားကိုမျှ ထပ်မပြောလိုတော့သဖြင့် မိုယန်ရွှယ်သည် ရစ်မြစ်ဒင်္ဂါးတစ်ရာကို ထုတ်ယူကာ ကျန်းရွှမ်ထံသို့ပစ်ပေးလိုက်သည်။

သူသည် စိတ်အားထက်သန်ပြီး သင်ယူလိုစိတ်ပြင်းပြသည်ဟု သူမ တွေးထင်ခဲ့သော်လည်း ယခုကြည့်ကြည့်တော့မှ သူသည် ငွေကြေးအပေါ် လောဘကြီးသူဖြစ်နေသည်။သူ့အပေါ်တွင် သူမသည် ယခင်က အမြင်ကောင်းရှိခဲ့သော်လည်း ယခုအချိန်၌ ပျောက်ကွယ်သွားလေပြီ။

"သခင်မလေးကို ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်က ဝမ်းသာပျော်ရွှင်သောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။

ကောင်းကင်ဘုံစာကြည့်တိုက်ကြောင့် ဤစာအုပ်ကို သူ မိတ္တူပွားပြီးဖြစ်သဖြင့် ထပ်မံ၍တောင်းဆိုရန် အကြောင်းမရှိတော့ချေ။ သူ့အတွက် ငွေကြေးကသာ ပို၍လက်တွေ့ကျပေ၏။

"တကယ်တော့ သူရဲ့ရွေးချယ်မှုက အဓိပ္ပါယ်အရှိဆုံးပဲ"

မိုယန်ရွှယ်နှင့်ညီမဖြစ်သူ၏မျက်နှာပေါ်မှ ဇဝေဇဝါအရိပ်အယောင်များကိုကြည့်ပြီး ယုဖုန်းက ရှင်းပြသည်။

"ညီအစ်ကိုကျန်းက အသက်နှစ်ဆယ်ကျော်နေပြီ ....သူ့ရဲ့မရီဒါန်းတွေက သတ်မှတ်ပြီးသားဖြစ်တာကြောင့် တကယ်လို့ သူ ရင်းမြစ်ရေအိုင်ကိုရှာတွေ့ရင်တောင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လောက်ထိကြာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး....ဒါ့ပြင် ကျင့်ကြံခြင်းအရင်းအမြစ်တွေ လိုအပ်တယ်...သူ့ရဲ့အဆင့်အတန်းနဲ့ အဲ့ဒါတွေကိုစုဆောင်းဖို့ ဘယ်လောက်ထိကြာမယ်ဆိုတာ မသိနိုင်ဘူး...မသေချာတဲ့အရာတစ်ခုအပေါ် အလောင်းအစားလုပ်မယ့်အစား သူ အခုလိုအပ်နေတဲ့အရာကိုယူတာ ပိုကောင်းလိမ့်မယ်"

"ဒါက အဓိပ္ပါယ်ရှိတယ်"

ယုရှောင်ယွီသည် နားလည်သဘောပေါက်သွားပေ၏။

မိုယန်ရွှယ်သည် မျက်မှောက်ကြုတ်လိုက်သော်လည်း မည်သည့်အရာကိုမျှ ပြောဆိုခြင်းမရှိချေ။

ဤအကြောင်းအရင်းသည် အမှန်တကယ်ကိုအဓိပ္ပါယ်ရှိပေ၏။

တစ်စုံတစ်ယောက်သည် အသက်ကြီးသွားသောအချိန်တွင် ရှေ့အလားအလာသည်လည်း များစွာပို၍နိမ့်ပါးသွားလေပြီ။သူ၏ဘဝတလျှောက်တွင် သူ၏ရင်းမြစ်ရေအိုင် ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းရှိမရှိ မသေချာချေ။သူ့ထံတွင် ရည်မှန်းချက်မရှိသော်လည်း အနည်းဆုံးအနေဖြင့် သူ၏အခြေအနေကို သူ ကောင်းစွာနားလည်သဘောပေါက်သည်။

"ရင်းမြစ်ရေအိုင်တောင်ကို စစ်ဆေးခံဖို့အတွက် သွားကြစို့...ကျောင်းအုပ်ကြီး အရမ်းစိတ်ဝင်စားနေတဲ့ ပါရမီရှင်က ဘယ်သူလဲဆိုတာ ငါ ကြည့်ချင်တယ်"

မိုယန်ရွှယ်သည် ထပ်မံ၍တွေးတောမနေတော့ဘဲ ရှေ့သို့စတင်၍ လျှောက်လှမ်းလိုက်သည်။

All Chapters