အစေခံတစ်ယောက် မဟုတ်တော့ဘူး
Vol. 2 Ch. 26
ကျန်းရွှမ်၏သုံးသပ်မှုကို နားထောင်ပြီးနောက် မိုယန်ရွှယ်သည် ယခင်က ဇဝေဇဝါဖြစ်နေခဲ့သောအရာရာတိုင်း ရုတ်တရက် ရှင်းလင်းသွားသည်။
ဂုဏ်အဆင့်အတန်းမြင့်မားသော အိမ်တော်ထိန်းတစ်ယောက်သည် ဤမျှအဆင့်ထိ မြင်းထိန်းတစ်ယောက်ကို အကွက်ဆင်သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။သူမသည် ဤကိစ္စကို ယခင်က နားမလည်သော်လည်း ယခုအချိန်၌ ငါးစာတစ်ခုနှင့်တူညီသော မိုးယွင်ကျောက်စိမ်းကဲ့သို့ အဖိုးတန်ရတနာကြောင့် လုံးလုံးလျားလျားအဓိပ္ပါယ်ရှိသွားလေပြီ။
သူမသည် ယုလုံချင်းဘက်သို့လှည့်ပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။
"မြို့အရှင် ဒီကိစ္စကိုစုံစမ်းစစ်ဆေးတဲ့နေရာမှာကူညီပေးဖို့အတွက် သေမှုသေခင်းအရာရှိတစ်ယောက်ကို လွှတ်ပေးဖို့ ငါ နင့်ကို ဒုက္ခပေးလို့ရမလား"
"ဒါက ပြဿနာမရှိဘူး"
ယုလုံချင်းက သဘောတူညီလိုက်ပြီးနောက် မကြာခင်မီမှာပင် သေမှုသေခင်းအရာရှိ ရောက်လာသည်။ညွှန်ကြားချက်များကိုရရှိပြီးနောက် သူသည် မြင်း၏ခန္ဓာကိုယ်ကို ဂရုတစိုက်စစ်ဆေးပြီး ဦးညွှတ်အရိုအသေပြုကာ သတင်းပို့သည်။
"မြို့အရှင်....မြင်းရဲ့ခန္ဓာကိုယ်ထဲမှာ မိုယွမ်ကျောက်စိမ်း မရှိတော့တဲ့အပြင် သူ့ရဲ့ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ပျောက်နေတယ်"
"ဒါက မင်းတို့တွေ မိုယွင်ကျောက်စိမ်းကို ရှာနေတဲ့ ဖြစ်စဉ်အတွင်းမှာ သူ့ရဲ့ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို ဖြတ်တောက်ခဲ့တယ်လို့ ဆိုလိုတယ်မဟုတ်လား...မြင်းကို သတ်ပစ်ရုံတင် မလုံလောက်သေးဘူး...မင်းတို့က သူ့ရဲ့အလောင်းကိုတောင် အကောင်းပကတိ မချန်ထားခဲ့ဘူး....မင်းတို့...မင်းတို့တွေ...."
ကျန်းရွှမ်၏အမြင်အာရုံသည် ဒေါသကြောင့် မှောင်မည်းကာ သူသည် အချိန်မရွေး မူးမေ့လဲကျသွားလုနီးပါး အသက်ပြင်းပြင်း ရှူရှိုက်နေပေ၏။
"အရမ်းကောင်းတယ်....မိုမိသားစုရဲ့အိမ်တော်ထိန်းတစ်ယောက် ဖြစ်ပြီးတော့ ဒါက ဘယ်လောက်တောင် အတင့်ရဲတဲ့လုပ်ရပ်မျိုးလဲ"
မိုယန်ရွှယ်သည်လည်း ဒေါသထွက်နေကာ သူမ၏မျက်နှာသည် အေးစက်တင်းမာနေပေ၏။
"ဖုန်ကျင်း.....နင့်မှာ ဘာပြောစရာ ကျန်သေးလဲ"
ဖုန်ကျင်းက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"သခင်မလေး...ငါ အဲ့ဒါကို မယူခဲ့ဘူးဆိုတာ ငါ ကျိန်ရဲတယ်....တကယ်လို့ ငါက လိုချင်တယ်ဆိုရင်တောင် မိုယွင်ကျောက်စိမ်းထဲမှာရှိတဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါတွေကို ငါ တောင့်ခံနိုင်မှာမဟုတ်ဘူး....အဲ့ဒီကျောက်စိမ်းက ဘယ်လိုဖြစ်ပြီး ပျောက်သွားတယ်ဆိုတာ ငါ တကယ်မသိဘူး"
"အဲ့ဒါက မင်း မဟုတ်ရင် တခြားဘယ်သူက ယူမှာလဲ...."
ကျန်းရွှမ်၏အသံတွင် ကြေကွဲဝမ်းနည်းမှု ဒေါသထွက်မှုတို့ဖြင့် ပြည့်နှက်နေကာ သေမှုသေခင်းအရာရှိဘက်သို့ လှည့်ကြည့်လိုက်သည်။
"အရာရှိကြီး....မင်းရဲ့အတွေ့အကြုံအရဆိုရင် ဒီမြင်းကနေ ဖယ်ရှားခံလိုက်ရတဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေက သူ သေဆုံးသွားပြီးတဲ့နောက်မှလား ဒါမှမဟုတ် သူ အသက်ရှင်နေတုန်းမှာလား"
သေမှုသေခင်းအရာရှိက တုံ့ပြန်အဖြေပေးသည်။
"မြင်းရဲ့ခန္ဓာကိုယ်ထဲမှာ သွေးစိမ်းတွေရှိနေတဲ့လက္ခဏာမျိုး မတွေ့ရဘူး....ဒါက မြင်းသေသွားပြီးတဲ့နောက်မှ ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို ဖယ်ရှားလိုက်တာလို့ ညွှန်ပြနေတယ်...ဗိုက်မှာရှိတဲ့ခွဲစိတ်မှုကလည်း သွေးတွေခဲနေတာကိုကြည့်ရင် မြင်းသေသွားပြီးမှ လုပ်ထားတာကို ဖော်ပြနေတယ်"
"သခင်မလေးနဲ့ငါ ထွက်သွားတဲ့အချိန်မှာ မြင်းက အသက်ရှင်နေတုန်းပဲ...ဗိုက်ကိုခွဲပြီးတော့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ဖယ်ရှားခံရတဲ့ မြင်းတကောင်က တက်တက်ကြွကြွနဲ့ သခင်မလေးယုကို ကျောင်းတော်ဆီပို့ပေးနိုင်မှာလား ....ဒီဒဏ်ရာက မြင်းသေသွားပြီးတဲ့နောက်မှဖြစ်တာလို့ အတည်ပြုနိုင်တာကြောင့် လက်သည်တရားခံက ထင်ရှားနေပြီ"
ကျန်းရွှမ်က အော်ဟစ်ပြီးနောက် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ မိုယန်ရွှယ်ကို ဦးညွှတ်အရိုအသေပြုလိုက်၏။
"တကယ်လို့ ဒီနေ့ ငါက မြို့အရှင်အိမ်တော်ထဲမှာ ရှိနေတာကြောင့်သာမဟုတ်ရင်...အိမ်တော်ထိန်းဖုန်းနဲ့ဝူရှန်းတို့ ပူးပေါင်းပြီးတော့ ငါ့ကို လီဆယ်စွပ်စွဲကြလိမ့်မယ်...ဒါဆိုရင် ငါက မှားယွင်းစွပ်စွဲခံရပြီးတော့ မရေရာတဲ့ ကံကြမ္မာတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်...ဒီလိုမျိုး ကြီးမားတဲ့မတရားမှုတစ်ခု ထွက်ပေါ်လာတာကြောင့် သခင်မလေးက ငါ့အတွက် တရားမျှတမှုရှာပေးပါလို့ တောင်းဆိုပါ့ရစေ"
"စိတ်အေးအေးထားပါ...ငါက နင့်အတွက် တရားမျှတမှုကို သေချာပေါက်ယူပေးမယ်"
ထိုနောက် မိုယန်ရွှယ်က ဖုန်ကျင်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
"ဖုန်ကျင်း...မိုမိသားစုရဲ့အိမ်တော်ထိန်းတစ်ယောက်ဖြစ်တာတောင် နင်က အရှင်သခင်တွေရဲ့စိုးရိမ်ပူပန်မှုတွေကို ဖြေလျော့ပေးဖို့ ပျက်ကွက်ရုံတင်မကဘူး...တခြားလူတွေနဲ့ပူးပေါင်းပြီးတော့ အပြင်မဲ့တဲ့လူကို စွပ်စွဲခဲ့တယ် ....ဒါကြောင့် နင့်ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီးတော့ နင် ကြိမ်ဒဏ်အချက်တစ်ရာခံယူရမယ်...နင့်ရဲ့အိမ်တော်ထိန်းရာထူးကိုလည်း ပြန်ရုပ်သိမ်းပြီးတော့ နင့်ကို မိုမိသားစုကနေထုတ်ပယ်လိုက်ပြီ...နင်က ငါတို့မိုမိသားစုမှာ ထပ်ပြီးတော့ အလုပ်ပြန်လုပ်ခွင့် မရှိတော့ဘူး"
"သခင်မလေး ..ကျေးဇူးပြုပြီးတော့ မလုပ်နဲ့...မလုပ်ပါနဲ့...."
ဖုန်ကျင်း၏ခန္ဓာကိုယ် တုန်ရီသွားကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး စိတ်ပျက်လက်ပျက်အော်ငိုလိုက်၏။
ကြိမ်ဒဏ်ပေးခြင်းသည် မိသားစုကြီးများမှနေ၍ သူတို့၏အစေခံများကို အပြစ်ဒဏ်ပေးရာ၌ အသုံးပြုသောနည်းလမ်းဖြစ်ပြီး ရိုက်ချက်တစ်ချက်စီတိုင်း အလွန်ပြင်းထန်သည်။ကြိမ်ဒဏ်အချက်တစ်ရာဆိုပါက ကျင့်ကြံဆင့်အခြေခံမရှိသောလူသည် ပွဲချင်းပြီးသေဆုံးသွားပေမည်။ထို့ပြင် သူ၏ပိုင်ဆိုင်မှုများအားလုံးကို သိမ်းယူပြီး သူ့အား မိုမိသားစုမှထုတ်ပယ်လိုက်ခြင်းသည် သေဒဏ်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။
ဤကိစ္စများအားလုံးသည် မြင်းထိန်းတစ်ယောက်ကို အကွက်ဆင်ခဲ့ခြင်းကြောင့် ဖြစ်လာခဲ့သလော။သူ မည်သို့မျှ မယုံကြည်နိုင်ချေ။
"ဝူရှန်း...အစေခံတစ်ယောက်ဖြစ်တဲ့ နင်က တရားမျှတမှုကို လက်ကိုင်ထားရမယ့်အစား....ကျန်းရွှမ်ကို အကွက်ဆင်တဲ့နေရာမှာ ဖုန်းကျင်းကို ထောက်ပံ့ကူညီပေးခဲ့တယ်...နင်က ကြိမ်ဒဏ်အချက်ငါးဆယ် ခံယူရမယ့်အပြင် နင့်ကို မိုမိသားစုကနေ ထုတ်ပယ်လိုက်ပြီ...ဘယ်တော့မှ မိုမိသားစုထဲမှာ ပြန်ပြီးအလုပ်လုပ်ခွင့် မရှိတော့ဘူး"
မိုယန်ရွှယ်က ဆက်လက်၍ပြောဆိုသည်။
"သခင်မလေး..."
ဝူရှန်း၏ခန္ဓာကိုယ် တုန်ရီသွားသည်။
မူလက သူသည် အိမ်တော်ထိန်း၏မျက်နှာသာပေးခြင်းကြောင့် သူ၏ရာထူးမြင့်တက်လာကာ သူ၏ဘဝနေထိုင်မှု ပို၍လွယ်ကူသွားမည်ဟု တွေးထင်ခဲ့သည်။သူသည် အစေခံအဖြစ်မှပင် ထုတ်ပယ်ခြင်းခံရသော နေ့တစ်နေ့သို့ ရောက်လာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ အိပ်မက်ပင် မမက်ခဲ့ဘူးချေ။
ဤကိစ္စများအားလုံးမှာ သူတို့သည် မြင်းထိန်းကျန်းရွှမ်ကို အပြစ်ပြုခဲ့မိသောကြောင့်ပင်။
မကြာမီမှာပင် စူးရှကျယ်လောင်စွာအော်ငိုနေသော သူတို့နှစ်ယောက်အား အစောင့်များမှ ဆွဲထုတ်သွားလေ၏။သူတို့သည် ဤနေရာမှ ထွက်ခွာသွားပြီးနောက် သူတို့နှင့် ထပ်မံ၍ ပြန်မဆုံနိုင်တော့မည်မှာ သိသာထင်ရှားသည်။
"ကျန်းရွှမ်...."
ထိုလူနှစ်ယောက်ကို ဖြေရှင်းပြီးနောက် မိုယန်ရွှယ်က သူမရှေ့ရှိလူငယ်ကို ကြည့်လိုက်သည်။
"နင်က သားရဲတွေကို ယဥ်ပါးစေရုံတင်မကဘူး အရေးကြီးတဲ့ အချိန်အခိုက်အတန့်မှာ တည်ငြိမ်မှုကို ထိန်းသိမ်းပြီးတော့ ကိစ္စတွေကို ယုတ္တိရှိရှိကိုင်တွယ်ဖြေရှင်းနိုင်တယ်...ဒါတွေအားလုံးကနေတဆင့် နင်က ဉာဏ်ကောင်းပြီးတော့ အရည်အချင်းရှိတဲ့လူတစ်ယောက်ဆိုတာ ညွှန်ပြနေတယ်.... ဖုန်ကျင်းကို အိမ်တော်ထိန်းရာထူးကနေ ထုတ်ပယ်လိုက်တာကြောင့် အခုချိန်ကနေစပြီးတော့ နင်က သူ့ရဲ့တာဝန်ကို ယာယီလွှဲပြောင်းယူပြီးတော့ မိုမိသားစုကို စီမံခန့်ခွဲရမယ်..."
သူမသည် သူ့အား အိမ်တော်ထိန်းအဖြစ်ခန့်အပ်ရန် ရည်ရွယ်ထားခြင်းကြောင့် ကျန်းရွှမ်က ရှေ့သို့ အလျင်အမြတ်တိုးပြီး ပြောဆိုလိုက်သည်။
"ငါ့ရဲ့အသက်က ငယ်သေးတယ်...တကယ်လို့ ငါက အိမ်တော်ထိန်းတစ်ယောက်ဖြစ်လာရင် အမိန့်ပေးတဲ့နေရာမှာ တခြားသူတွေရဲ့ရိုသေလေးစားတာကို ခံရဖို့ ခက်ခဲလိမ့်မယ်...ငါက မင်းရဲ့ကြင်နာမှုကို စိတ်ပျက်စေမိမှာ ငါ စိုးရိမ်မိတယ်"
"နင်က ငြင်းလိုက်တာလား...."
မိုယန်ရွှယ်သည် ဆွံ့အသွားပေ၏။
မိုမိသားစုသည် အဖြူရောင်ကျောက်တုံးမြို့တော်၏ မိသားစုကြီးသုံးစုအနက်မှတစ်စုပင်။ဤသည်မှာ လူအများအတွက် အဆင့်အတန်းအရဖြစ်စေ အခွင့်အာဏာအရဖြစ်စေ ထည့်သွင်းတွက်ချက်ရန် တွန်းအားတစ်ခုဖြစ်သည်။မိုမိသားစု၏အိမ်တော်ထိန်းတစ်ယောက်အနေဖြင့် ကျင့်ကြံဆင့်စွမ်းအားမရှိလျှင်ပင် ကြီးမားသောအခွင့်အာဏာကို ပိုင်ဆိုင်နိုင်သည်။
ဤရာထူးအဆင့်အတန်းဖြင့်ဆိုပါက တစ်စုံတစ်ယောက်သည် အဖြူရောင်ကျောက်တုံးမြို့တော်အတွင်း၌ ထင်ရာစိုင်းနိုင်ပေ၏။
မြင်းထိန်းတစ်ယောက်ဘဝမှ ဤအဆင့်သို့ မြင့်တက်သွားခြင်းသည် အလွန်ကြီးမားပြီး တစ်ချက်ခုန်လိုက်ရုံဖြင့် မိုးကောင်းကင်ကို ရောက်ရှိသွားသည်နှင့်တူညီသည့်တိုင် သူ ငြင်းဆန်လိုက်သလော။
"အမှန်ပဲ....."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ငါ အရင်က ပြောထားခဲ့သလိုပဲ...မြင်းက တကယ့်ကို ငါ့ကြောင့် သေသွားခဲ့တာဆိုရင် ငါက မင်းဆီမှာ ငါ့ရဲ့ဘဝတလျှောက်လုံး သစ္စာရှိရှိနဲ့တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိတယ်...အခုအချိန်မှာ ငါ့ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြပြီးပြီဆိုတော့ ငါ့မှာ မတူညီတဲ့ တောင်းဆိုမှုတစ်ခုရှိတယ်...ငါက မြို့နေထိုင်ခွင့်အထောက်အထားကို လိုချင်ပြီးတော့ မိုမိသားစုကနေ ထွက်သွားချင်တယ်...ငါက အစေခံတယောက် မဟုတ်တော့ဘူး"
တရားဝင်အထောက်အထားတစ်ခုမရှိပါက သူသည် ခြေသလုံးအိမ်တိုင်တစ်ယောက်အဖြစ်သာ ဆက်ရှိနေပေမည်။အိမ်တော်ထိန်းရာထူးဖြစ်စေ တခြားရာထူးတစ်နေရာဖြစ်စေ သူ့အတွက် အဓိပ္ပါယ်မရှိချေ။
သူသည် မြင်းကို မတော်တဆသတ်ခဲ့မိသည့် အချိန်မှစတင်၍ သူ၏စိတ်အတွင်း၌ ရည်မှန်းချက်ပန်းတိုင်တစ်ခုထားကာ ကိစ္စများကို တစ်ဆင့်ပြီးတစ်ဆင့်လှုပ်ရှားနေခဲ့သည်။ဤသည်မှာ ရင်းမြစ်ကမ္ဘာအတွင်း၌ နေထိုင်ခွင့်အထောက်အထားရရှိရန်နှင့် ဤနေရာနှင့် အပြည့်အဝ ပေါင်းစည်းနိုင်ရန်ပင်။ထိုသို့မဟုတ်ပါက သူ၏အထောက်အထားသည် စစ်ဆေးမှုကို ခံယူနိုင်မည် မဟုတ်ချေ။
တက်လှမ်းလာသူများအပေါ် ရင်းမြစ်ကမ္ဘာ၏သဘောထားကို သူ မသိရှိသော်လည်း ခြေသလုံးအိမ်တိုင်များအပေါ် ထိန်းချုပ်မှုမှတဆင့် သူတို့၏သဘောထားသည် ရင်းနှီးဖော်ရွေခြင်းမရှိဟု သူ ခန့်မှန်းမိသည်။
ကမ္ဘာလောကတစ်ခု၏ အုပ်ချုပ်သူအရှင်ဖြစ်သော သူ၏ဒဏ်ရာများ အပြည့်အဝပြန်လည်ကောင်းမွန်သွားသည်နှင့် အဖြူရောင်ကျောက်တုံးမြို့ကို လွှမ်းမိုးချုပ်ကိုင်ခြင်းသည် ပြဿနာတစ်ရပ် မဖြစ်နိုင်တော့ချေ။သို့ရာတွင် သူသည် ခြေသလုံးအိမ်တိုင်တစ်ယောက်ဘဝဖြင့် လေလွင့်နေ၍မရချေ။
"မိုမိသားစုကနေ ထွက်သွားမှာလား..."
ဤတစ်ကြိမ်တွင် မိုယန်ရွှယ်သည် ကြက်သေသေသွားရုံသာမက ယုရှောင်ယွီ၏မျက်လုံးများလည်း ပြူးကျယ်သွားသည်။
"မိသားစုကြီးတွေမှာ စည်းကမ်းတွေ များတယ်ဆိုပေမယ့် အလျင်အမြန် တိုးတက်လာအောင် ထောက်ပံ့ပေးနိုင်တယ်...တခြားကိစ္စတွေကို ထည့်မပြောရင်တောင် ကျင့်ကြံခြင်းအတွက် နင် လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့နည်းစနစ်တွေကို ဒီလိုမိသားစုကြီးတွေကပဲ ထောက်ပံ့ပေးနိုင်လိမ့်မယ်"
သစ်ပင်ကြီးတစ်ပင်အောက်၌ အရိပ်ခိုရခြင်းသည် အလွန်အကျိုးကျေးဇူးရှိပေ၏။အစေခံဟူသောအသံကို ကြားရသည်မှာ ဂုဏ်သိက္ခာမြင့်မားခြင်းမရှိသော်လည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
ဤသည်ကြောင့် လူအများစုသည် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများကို ရှာဖွေရာ၌ ကျေးလက်ဒေသများတွင် အရှင်သခင်ဖြစ်ခြင်းထက် မြို့ကြီးများတွင် လက်အောက်ငယ်သားများအဖြစ်ကို ရွေးချယ်ကြခြင်းဖြစ်သည်။
"မိန်းကလေးယုရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ ငါက စိတ်ပိုင်းဖြတ်ပြီးပြီ"
ကျန်းရွှမ်သည် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး မိုယန်ရွှယ်ကို ကြည့်လိုက်၏။
"သခင်မလေးက ငါရဲ့တောင်းဆိုမှုကို သဘောတူပေးမယ်လို့ ငါ မျှော်လင့်မိတယ်"
မိုယန်ရွှယ်သည် အချိန်တခဏကြာခန့်စဉ်းစားတွေးတောပြီးနောက် ကျန်းရွှမ်ကို စူးစိုက်၍ကြည့်လိုက်သည်။
"ရှောင်ယွီပြောတာ အမှန်ပဲ...မိုမိသားစုကနေထွက်သွားရင် နင်က အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ရလိမ့်မယ်....နင် ထွက်သွားချင်တာ သေချာလား"
ကျန်းရွှမ်က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။
သူ၏စိတ်ပိုင်းဖြတ်ထားမှုကိုကြည့်ပြီး မိုယန်ရျမယ်က သူမရှေ့ရှိလူငယ်ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးပြီးနောက် သူမ၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။
သူမသည် သားရဲယဥ်ပါးစေခြင်းကိစ္စ ပြီးဆုံးသွားချိန်တွင် သူ့အပေါ်၌ အမြင်သစ်တစ်ခုရှိပြီးဖြစ်သည်။သို့ရာတွင် ယခုကြည့်ရသလောက် သူမသည် သူအား လျော့တွက်ခဲ့မိပုံပင်။
အစေခံတစ်ယောက်၏အဆင့်အတန်းကို ရုတ်သိမ်းခြင်းသည် များစွာခက်ခဲခြင်းမရှိသော်လည်း မိသားစုတစ်စုအတွက် နောက်အနာဂတ်စီမံခန့်ခွဲမှုတွင် ရှုပ်ထွေးမှုဖြစ်မလာစေအောင် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည်။
ဤသည်မှာ ရာဇဝတ်မှုရေးရာအဖွဲ့အစည်းတစ်ခုမှ ထွက်ခွာသွားရန် ကြိုးစားခြင်းနှင့်တူညီသည်။အကယ်၍ တစ်စုံတစ်ယောက်ထွက်သွားပါက တခြားသူများသည်လည်း ထွက်ခွာသွားလိုမည်ဖြစ်ရာ အမိန့်အာဏာကို ထိန်းသိမ်းထားနိုင်ရန် အလွန်ခက်ခဲပေမည်။
ပွင့်ပွင့်လင်းလင်းပြောဆိုရလျှင် အကယ်၍ ယနေ့တွင် ကျန်းရွှမ်သည် မြို့အရှင်အိမ်တော်၌ရှိနေပြီး သားရဲကိုယဥ်ပါးစေရာ၌ အောင်မြင်ခဲ့သော အချက်ကြောင့်သာမဟုတ်ပါက ဖုန်ကျင်း၏အကွက်ချကြံစည်မှုခံရခြင်းမှ သူ့အတွက် တရားမျှတမှုကို ပြန်ယူပေးမည်ဟု ဆိုသည့်တိုင် သူ၏တောင်းဆိုမှုကို သဘောတူရန် သူမအတွက် အလွန်ခက်ခဲသည်။
ဤကဲ့သို့ အခြေအနေများ အတူတကွစုပြုံလာခြင်းအပြင် ယုရှောင်ယွီနှင့်မြို့အရှင်တို့မှ စောင့်ကြည့်နေခြင်းကြောင့် သူမထံ၌ ရွေးချယ်စရာမရှိဘဲ သဘောတူညီရတော့ပေမည်။
ဖြစ်နိုင်သည်မှာ ဤတိုက်ဆိုင်မှုဟုခေါ်သော အရာများအားလုံးကို ဤမြင်းထိန်းမှ ကြိုးကိုင်ထားခြင်း ဖြစ်နေသလော....
ထိုသို့မဟုတ်ပါက အရာအားလုံး ပြီးပြည့်စုံအောင် မည်သို့ ပြုလုပ်နိုင်မည်နည်း...
အကယ်၍ ထိုသို့ဖြစ်လာပါက ကျန်းရွှမ်သည် သူမ မြင်ရသလောက် ရိုးရှင်းမှုရှိမည်မဟုတ်ချေ။