← Chapters

အဲ့ဒီပါရမီရှင်က ကျန်းရွှမ်လား

Vol. 2 Ch. 27

အဲ့ဒီပါရမီရှင်က ကျန်းရွှမ်လား

Vol. 2 Ch. 27

"ကောင်းပြီလေ....ငါက နင့်ရဲ့တောင်းဆိုမှုကို သဘောတူတယ်"

မိုယန်ရွှယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမ၏အတွင်းစိတ်မှအတွေးများကို ဖုံးကွယ်လိုက်သည်။ထို့နောက် သူမသည် ယုလုံချင်းဘက်သို့လှည့်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

"မြို့အရှင်...ကျေးဇူးပြုပြီးတော့ ကျန်းရွှမ်ကို သူ့ရဲ့အထောက်အထားရအောင် ကူညီပေးပါလား"

"ဒါက ပြဿနာမရှိဘူး"

ယုလုံချင်းက ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုသည်။

နှစ်စဉ်နှစ်တိုင်း ခြေသလုံးအိမ်တိုင်အမြောက်အများသည် တရားဝင်အထောက်အထားရရန် ကြိုးပမ်းကြသဖြင့် မြို့အရှင်တစ်ယောက်အတွက် ဤသည်မှာ အသေးအမွှားကိစ္စပင်။

"မြို့အရှင်ကို ကျေးဇူးတင်ပါတယ်....သခင်မလေးကို ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်သည် တံဆိပ်ပြားကိုလက်ခံပြီးနောက် ထိုအရာအတွင်း၌ စွမ်းအင်များပါဝင်နေသည်အလား ခံစားမိသည်။ဤအချိန်ကျမှသာ သူသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်၏။

ဤတံဆိပ်ပြားနှင့်ဆိုပါက သူသည် ယခုအချိန်၌ လွတ်လပ်သူဖြစ်သွားကာ နောင်အနာဂတ်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား သံသယဝင်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းတို့ ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။

"ရင်းမြစ်သားရဲတွေကို ယဥ်ပါးအောင်လုပ်နိုင်တဲ့ အရည်အချင်းတစ်ခုတည်းနဲ့ မင်း ဘယ်နေရာကိုသွားသွား လေးစားခံရဖို့ ထိုက်တန်တယ်...မင်းက မြင်းထိန်းတစ်ယောက် ဒါမှမဟုတ် အစေခံတစ်ယောက်အနေနဲ့ ဆက်ပြီးရှိနေဖို့ တကယ့်ကိုမသင့်တော်ဘူး"

ယုလုံချင်းက ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုသည်။

"အကြံပေးလျောင်...ကျန်းရွှမ်ကို စာကြည့်တိုက်ဆီခေါ်သွားပြီးတော့ သင့်တော်တဲ့ ကျင့်ကြံနည်းစနစ်ကို ရွေးချယ်နိုင်အောင် သူ့ကို ကူညီပေးလိုက်ပါ...တကယ်လို့ ဒီကိစ္စကြောင့် သူက ရင်းမြစ်စစ်သည်တော်တစ်ယောက် ဖြစ်လာရင် ငါက ကုသိုလ်ကောင်းမှုတစ်ခုကို လုပ်လိုက်တယ်လို့ ယူဆနိုင်တယ်"

"ဟုတ်ကဲ့"

အကြံပေးလျောင်က ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ကျေးဇူးပြုပြီး ငါ့ရဲ့နောက်ကနေ လိုက်ခဲ့ပါ"

"မြို့အရှင်ကို ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်သည် အကြံပေးလျောင်၏နောက်သို့လိုက်ပြီး ထွက်ခွာခဲ့တော့သည်။

သူ အဝေးသို့ လျှောက်လှမ်းသွားသည်ကိုကြည့်ပြီး ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။

"အခွင့်မသာတဲ့အခြေအနေကို အချိန်တိုအတွင်းမှာ အခွင့်သာတဲ့အခြေအနေအဖြစ် ပြောင်းလဲနိုင်တယ်...ဒီအခွင့်အရေးကို အသုံးချပြီးတော့ သူက အစေခံဘဝကနေ လွတ်မြောက်အောင် ပြုလုပ်ခဲ့တယ်...သူက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်"

မိုယန်ရွှယ်ပင်လျှင် အခြေအနေကို မြင်တွေ့နိုင်ပေရာ မြို့အရှင်တစ်ယောက်ဖြစ်သော သူသည် မည်သည်ကြောင့် မသိရှိဘဲ နေမည်နည်း။

"မြို့အရှင်...."

ထိုအချိန်မှာပင် အစောပိုင်းက အစောင့်က ထပ်မံ၍ အလျင်စလိုပြေးဝင်လာသည်။

"မြို့အရှင် အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးက အရှင့်ကိုတွေ့ဖို့ ရောက်လာပါတယ်"

"သူ့ကို အထဲခေါ်လာခဲ့ပါ"

ယုလုံချင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုး၏ခွန်အားသည် သူ့လောက်မြင့်မားခြင်းမရှိသော်လည်း အဖြူရောင်ကျောက်တုံးမြို့၏ ထိပ်သီးကျင့်ကြံသူများအနက်မှ တစ်ယောက်ဖြစ်နေသဖြင့် ပေါ့ပေါ့တန်တန်ဆက်ဆံ၍မရချေ။

မကြာမီမှာပင် ဝူယွင်ကျိုးက ခပ်သွက်သွက်လျှောက်လှမ်းလာသည်။သူသည် မိုယန်ရွယ်နှင့် ယုရှောင်ယွီတို့ရှိနေသည်ကို မြင်တွေ့ချိန်၌ ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။

"လက်ထောက်ကျောင်းအုပ်ဝူ...ဘာကိစ္စရှိလို့ ဒီနေရာကို ရောက်လာတာလဲ"

ယုလုံချင်းက အော်ဟစ်ရယ်မောပြီး ပြောဆိုသည်။

"ဖြစ်နိုင်တာတော့ ငါက အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ အောင်မြင်သွားတာကို ကြားပြီးတော့ ဂုဏ်ပြုဖို့ ရောက်လာတာများလား"

"အမ်..."

ယုလုံချင်း၏ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုလိုက်မှုကြောင့် ဝူယွင်ကျိုးသည် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပြောဆိုလိုက်သည်။

"မင်းက အမဲလိုက်လင်းယုန်ကို တကယ်ကြီး ယဥ်ပါးအောင် လုပ်နိုင်ခဲ့တာလား"

ဤသားရဲကို မြို့အရှင်ဖမ်းဆီးခဲ့သော သတင်းသည် အဖြူရောင်ကျောက်တုံးမြို့အတွင်းရှိ ထိပ်သီးကျင့်ကြံသူများအကြား၌ ကျော်ကြားသော်လည်း သူသည် အမှန်တကယ် ယဥ်ပါးအောင်လုပ်နိုင်ခဲ့မည်ဟု မျှော်လင့်မထားကြချေ။

"သေချာတာပေါ့ ..လင်းယုန်လေး ဒီနေရာကို လာခဲ့စမ်း"

ယုလုံချင်းထံတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့်ပြည့်နှက်နေကာ သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။

လင်းယုန်သည် တွန့်ဆုတ်နေသည့်တိုင် မလိုက်နာဘဲ မနေဝံ့ချေ။သူ့၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေကာ တောင်ပံကိုသိမ်း၍ ဒေါသကြီးသော အရာရှိအိုကြီးတယောက်အလား ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာသည်။

"အရမ်းကောင်းတယ်...ဒါဆိုရင်လည်း ငါက မြို့အရှင်အတွက် ဂုဏ်ပြုပါတယ်"

ဝူယွင်ကျိုးက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ပြောဆိုက၏ သူ၏မျက်လုံးအတွင်း၌ မနားလိုအားကျမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

အမဲလိုက်လင်းယုန်သည် လဝက်ကြာအောင် ပင်ပန်းနွမ်းနယ်နေခဲ့သဖြင့် ယခုအချိန်၌ အစွမ်းထက်ခြင်းမရှိသေးချေ။သို့ရာတွင် လင်းယုန်သည် အပြည့်အဝပြန်လည်ကောင်းမွန်သွားသည်နှင့် ကျောက်စိမ်းအရိုးနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူများပင်လျှင် သူ့အားအနိုင်ယူရန် ရုန်းကန်ရပေမည်။ဤလင်းယုန်၏ကူညီထောက်ပံ့မှုဖြင့် မြို့အရှင်၏ခွန်အားမြင့်တက်သွားပြီး အဖြူရောင်ကျောက်တုံးမြို့အတွင်း၌ ပြိုင်ဘက်ကင်းဖြစ်သွားမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"အရမ်းကြီး ယဥ်ကျေးနေဖို့ မလိုပါဘူး...ဟား ဟား ဟား..."

ယုလုံချင်းသည် ကြွားလုံးထုတ်ပြီးနောက် လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးက အပြုံးနှင့် မေးမြန်းလိုက်၏။

"ငါ့ကိုဂုဏ်ပြုတာအပြင် မင်း ဒီနေရာကိုလာတာ တခြားဘာကိစ္စ ရှိသေးလဲ"

ဝူယွင်ကျိုးက ပြောဆိုသည်။

"ငါ ဒီနေရာကိုလာတာ ကိစ္စတစ်ခုကြောင့်ပဲ...ဒီနေ့ ကျောင်းတော်မှာ ရင်းမြစ်ရေအိုင်အကဲဖြတ်မှု ကျင်းပနေတဲ့ အချိန်အတောအတွင်းမှာ တော်တော်လေးထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့တယ်...အဲ့ဒီပါရမီရှင်ကို ကျောင်းအုပ်ကြီးလုက သဘောကျနေပြီးတော့ သူ့ရဲ့တပည့်အဖြစ် ခေါ်ယူလိုခဲ့တယ်...ဒါပေမယ့် အဲ့ဒီပါရမီရှင်က သူရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားပြီးတော့ သိုသိုသိပ်သိပ်နေနေခဲ့တယ်...ဒါကြောင့် မြို့အရှင်က ကျောင်းတော်ကို ဒီနေ့ရောက်လာတဲ့ ကျောင်းသားတွေအားလုံး ထွက်မသွားအောင် မြို့တံခါးတွေကို ပိတ်ပေးထားနိုင်မယ်လို့ ငါတို့ မျှော်လင့်မိတယ်"

သူတော်စင်အဆင့် ရင်းမြစ်ရေအိုင်ပိုင်ရှင်၏ကိစ္စကို ထုတ်ဖော်ပြောဆို၍မရသောကြောင့် သူသည် ကျောင်းအုပ်ကြီးလုမှ တပည့်တစ်ယောက် လက်ခံလိုကြောင်း လှီးလွှဲ၍ ပြောဆိုလိုက်သည်။မည်သို့ပင်ဆိုစေကာမူ ထိုအချိန်တုန်းက ကျောင်းတော်၌ရှိနေသူများအားလုံး ထိုကိစ္စကို ကြားသိခဲ့ကြသဖြင့် ဤသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။

"ကျောင်းအုပ်ကြီးလုရဲ့အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့မှတော့ အဲ့ဒီလူရဲ့ပါရမီအရည်အချင်းက တကယ့်ကို သာမန်မဟုတ်နိုင်ဘူး"

ယုလုံချင်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဒါက အဖြူရောင်ကျောက်တုံးမြို့ရဲ့အကျိုးအတွက်ပဲလေ....ငါ သဘောတူတယ်"

သူသည် လုမင်ရုန်နှင့်အလွန်ရင်းနှီးကျွမ်းဝင်သဖြင့် တပည့်လက်မခံသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သူ သိရှိထားသည်။ယခုအချိန်၌ လုမင်ရုန်သည် ချွင်းချက်ထား၍ တပည့်လက်ခံလိုခြင်းမှတဆင့် ထူးခြားနေသည်မှာ သိသာထင်ရှားလှ၏။

"မြို့အရှင်ကို ကျေးဇူးတင်ပါတယ်"

ဝူယွင်ကျိုးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ကျေးဇူးတင်စကားပြောဆိုသည်။

"ပါရမီရှင်တစ်ယောက်ကို ရှာဖို့အတွက် မြို့တစ်မြို့လုံးကို ချိတ်ပိတ်ထားမှာလား"

မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည် အကြည့်ခြင်းဖလှယ်လိုက်ကြကာ သူတို့နှစ်ယောက်လုံး ထပ်တူထပ်မျှထိတ်လန့်တုန်လှုပ်နေသည်။

ယခင်က သူတို့သည် ဤပါရမီရှင်အကြောင်းကို ကြားဖူးသော်လည်း အခြေအနေ၏အတိမ်အနက်ကို မသိရှိချေ။ယခုအချိန်၌ ကျောင်းအုပ်ကြီးလုသည် ထိုပါရမီရှင်အပေါ် မည်မျှထိ မြင့်မြင့်မားမားမျှော်မှန်းထားသည်ကို သူမတို့ နားလည်သဘောပေါက်သွားလေပြီ။ဤပါရမီရှင်ထံတွင် အနိမ့်ဆုံးအနေဖြင့် စတုတ္ထအဆင့်ရင်းမြစ်ရေအိုင် ရှိနေရပေမည်။ဤကဲ့သို့ပါရမီရှင်သည် မြို့အရှင်ယုထက်ပင် ကျော်လွန်နေပေ၏။

အဖြူရောင်ကျောက်တုံးမြို့တော်၌ အမြင့်မားဆုံးပါရမီရှင်ဟု နှစ်ပေါင်းတစ်ရာအတွင်း၌ နာမည်ကျော်ကြားသော မြို့အရှင်တွင် ပဉ္စမအဆင့်ရင်းမြစ်ရေအိုင်သာရှိသည်။

"ဒါက ကိစ္စငယ်လေးတစ်ခုပါ....ဒါပေမဲ့ ငါသိချင်တာက အဲဒီ့ပါရမီရှင်နဲ့ပတ်သက်ပြီး ထူးခြားချက် ဘာရှိလဲ...ငါက သူ့ကို သေသေချာချာရှာဖွေဖို့အတွက် လူတွေစေလွှတ်ဖို့ လိုအပ်တယ်...မဟုတ်ရင် အဖြူရောင်ကျောက်တုံးမြို့က သေးငယ်တယ်ဆိုပေမယ့် အမြဲတမ်းနေထိုင်တဲ့လူဦးရေ ၁၀သန်းကျော်ပြီးတော့ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့လူတွေက ရာထောင်ချီပြီးရှိနေတယ်...တကယ်လို့ ငါတို့က လူတိုင်းကို မေးခွန်းထုတ်ပြီး မေးမြန်းစုံစမ်းမယ်ဆိုရင် ပြဿနာတချို့ ရှိလာနိုင်တယ်"

ယုရှောင်ယွီက ထပ်မံ၍ မေးမြန်းလိုက်သည်။

သိသာထင်ရှားသော ပုံပန်းသွင်ပြင်မရှိဘဲ ကျောင်းသားတစ်ယောက်ကို ရှာဖွေရမည်မှာ အလွန်ကြီးမားသောကိစ္စပင်။မြို့အရှင်တစ်ယောက်ပင်လျှင် ဤသည်မှာ ကောက်ရိုးပုံအတွင်း၌ အပ်ပျောက်ရှာနေသကဲ့သို့ ဖြစ်နေပေမည်။

"ထူးခြားချက်လား..."

ဝူယွင်ကျိုးသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

ဤပါရမီရှင်သည် ရင်းမြစ်စွမ်းအင်အမျှင်တန်း တစ်သောင်းကျော်ကို တစ်ချက်တည်းဖြင့် စုပ်ယူသွားခဲ့သည်ဟု သူ ပြောဆိုသင့်သလော...

သို့မဟုတ် ရင်းမြစ်ရေအိုင်တောင်၌ သူသည် ရွှေရောင်အလင်းတန်းကို ထွက်ပေါ်စေခဲ့သည်ဟု ပြောဆိုသင့်သလော....

ဤကဲ့သို့ ပြောဆို၍မဖြစ်ချေ။

မြို့အရှင်အား ဤထိပ်သီးပါရမီရှင်အကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းသည် ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။သို့ရာတွင် သူ့အား အရူးတစ်ယောက်ဟု ယူဆကာ နေရာမှာပင် ဖမ်းဆီးခံရမည်ကို သူ စိုးရိမ်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ကြုံတွေ့ရသောကိစ္စများသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသဖြင့် တခြားလူများကို ရှင်းပြရန် နေနေသာသာ နေရာ၌ မျက်မြင်ကြုံတွေ့ရသူများပင်လျှင် ယုံကြည်နိုင်ရန်ခက်ခဲနေသည်။

"ထူးခြားချက်ကတော့....ပထမအချက်အနေနဲ့ အဲ့ဒီလူက အရမ်းသိုသိုသိပ်သိပ်နေတတ်တယ် ...သူက ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်ဖြစ်ပေမယ့် အဖြူရောင်ကျောက်တုံးမြို့တော်မှာ ဘာထင်ရှားကျော်ကြားမှုမှ မရှိဘူး"

ဝူယွင်ကျိုးသည် အချိန်တစ်ခဏကြာခန့်စဉ်းစားတွေးတောပြီးနောက် သူ၏သုံးသပ်မှုများကို ရှင်းပြလိုက်၏။

အကယ်၍ ထိုလူသည် နာမည်ကျော်ကြားပါက အကဲဖြတ်မှုအတွင်းရှိ ပထမဆုံးကျောင်းသားသုံးထောင်စာရင်းတွင် ရွေးချယ်ခံရပြီးဖြစ်ပေမည်။ထို့ကြောင့် ဤလူသည် အလွန်သိုသိုသိပ်သိပ်ပိတ်နေတတ်သည်ဟု ကောက်ချက်ချနိုင်သည်။

"ဒုတိယအချက်အနေနဲ့ သူက ငယ်ရွယ်ပြီးတော့ ဒီနေ့မှ အဖြူရောင်ကျောက်တုံးကျောင်းတော်ကို ပထမဆုံးအကြိမ် ရောက်လာတာပဲ"

အကယ်၍ တခြားကျောင်းသားဟောင်းတစ်ယောက် သို့မဟုတ် ယခင်က ရင်းမြစ်ရေအိုင်ကိုဖွင့်ထားသူတစ်ယောက် ဖြစ်နေပါက ဤကဲ့သို့အကျိုးသက်ရောက်မှုနှင့်ရုံးရင်းဆန်ခတ်မှုမျိုးကို ဖြစ်ပွားစေမည်မဟုတ်ချေ။

"သိုသိုသိပ်သိပ်နေတာလား...ကျောင်းတော်ထဲကို ပထမဆုံးအကြိမ် ဝင်တာလား...."

မိုယန်ရွှယ်က မျက်မှောက်ကြုတ်လိုက်သည်။

"ဒီနေ့ အကဲဖြတ်စစ်ဆေးမှုမှာ ကျောင်းတော်ထဲကိုဝင်လာတာ ကျောင်းသားတွေတင်မကဘူး အစေခံတွေလည်း အများကြီးပါတယ်...ဖြစ်နိုင်တာတော့ အစေခံတွေလည်း စစ်ဆေးခံခဲ့ကြတယ်မဟုတ်လား"

မည်သို့ပင်ဆိုစေကာမူ ယနေ့တွင် ကျန်းရွှမ်သည်လည်း ကျောင်းတော်သို့သွားကာ နဂါးကိုးကောင်တိုင်လုံးများ၏အနီးသို့ပင် ချဉ်းကပ်ခဲ့သည်။

"အမှန်ပဲ....အဲ့ဒီနေရာမှာ အစေခံတွေလည်း ရှိနေတယ်...ဒါကြောင့် သူတို့ကိုလည်း စစ်ဆေးပေးဖို့ မြို့အရှင်ကို ဒုက္ခပေးရတော့မယ်...အရင်က မကျင့်ကြံဘူးတဲ့ လူငယ်တစ်ယောက်ကို အာရုံစိုက်ပေးပါ...ငါက နာမည်စာရင်းအပြည့်အစုံကို နောက်ကျရင် ပို့ပေးလိုက်မယ်"

ဝူယွင်ကျိုးက အလျင်စလိုခေါင်းညိတ်လိုက်ပြီး သူသည် ကျောင်းသားများကိုသာ အာရုံစူးစိုက်မိပြီး အ​စေခံများကို ထည့်သွင်းမစဉ်းစားမိကြောင်း နားလည်သဘောပေါက်သွားသည်။ ဖြစ်နိုင်သည်မှာ ဤသိုသိုသိပ်သိပ်နေသော ထိပ်သီးပါရမီရှင်သည် အ​စေခံများအကြားမှ ဖြစ်နေသလော။

အကဲဖြတ်စစ်ဆေးခံရန် ရောက်ရှိလာသောကျောင်းသားများအကြားတွင် မည်သည့်မှတ်တမ်းမျှမရှိသော ထိပ်သီးပါရမီရှင်တစ်ယောက် ရှိနေခြင်းသည် အမှန်တကယ်ကို ဝေခွဲရခက်ပေ၏။

"အစေခံလား...သိုသိုသိပ်သိပ်နေတတ်တာလား....လက်ထောက်ကျောင်းအုပ်ဝူပြောတာက ကျန်းရွှမ်နဲ့တူနေတယ်လို့ ငါ ဘာလို့ခံစားမိပါလိမ့်"

ရုတ်တရက် ယုရှောင်ယွီ၏ကြားဖြတ်ပြောဆိုလိုက်သော ကြည်လင်သည့်အသံက ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည်။

All Chapters