တောသားလူနုံ
Vol. 2 Ch. 28
"ကျန်းရွှမ်ဆိုတာက...."
ဝူယွင်ကျိုးသည် အံ့အားသင့်သွားပြီးနောက် အလျင်အမြန် မေးမြန်းလိုက်၏။
"မိန်းကလေးယု...အဲ့ဒီကျန်းရွှမ်က ဘယ်သူလဲ...ငါ သူ့အကြောင်းကို အရင်က တစ်ခါမှမကြားဖူးဘူး"
"အဲ့ဒီကျန်းရွှမ်က ရွှယ်အာရဲ့မြင်းထိန်းတစ်ယောက်ပဲ...သူက ဒီနေ့ ငါတို့နဲ့အတူ ကျောင်းတော်ထဲကိုလိုက်လာခဲ့ပြီးတော့ စင်မြင့်အောက်မှာရှိနေခဲ့တယ်....သူ့ကိုကြည့်ရတာ အရမ်းသိုသိပ်သိပ်သိပ်နေပြီးတော့ ကြွားဝါတာမျိုးကို မနှစ်သက်ဘူး...လက်ထောက်ကျောင်းအုပ် နည်းနည်းလောက်စောပြီးရောက်ရင် သားရဲတွေကို ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ သူ ဘယ်လောက်ထိ အရည်အချင်းရှိတယ်ဆိုတာ သိရလိမ့်မယ်"
ယုရှောင်ယွီက ရှင်းပြသည်။
သူမသည် ထိုလူငယ်ကို ပထမဆုံးအကြိမ် ဆုံတွေ့စဉ်၌ အလွန်သာမန်ဆန်သည်။ထို့နောက် သူသည် အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေခြင်း ဖုန်ကျင်းနှင့်ရင်ဆိုင်ခြင်း သူ့၏အထောက်အထားကိုရရှိသွားခြင်း စသဖြင့် အရာအားလုံး အဆင်ပြေချောမွေ့စွာ ဖြစ်ပွားသွားခဲ့သည်။သူမသည် မိုယန်ရွှယ်လောက် ဥာဏ်ကောင်းခြင်းမရှိသည့်တိုင် ကျန်းရွှမ်သည် ရိုးရှင်းမှုမရှိသည်ကို သူမ မြင်တွေ့နိုင်ပေ၏။
ဤကဲ့သို့ အရည်အချင်းရှိသော လူတစ်ယောက်သည် အညတရမြင်းထိန်းတစ်ယောက်အဖြစ်နေနေခဲ့သည်မှာ အံ့အားသင့်ဖွယ်ကောင်းအောင်ပင် သိုသိပ်နိုင်ပေ၏။
"သားရဲတွေကို ယဥ်ပါးစေနိုင်တာလား"
ဝူယွင်ကျိုးက ယုရှောင်ယွီကိုကြည့်ပြီး ဇဝေဇဝါဖြင့် မေးမြန်းသည်။
အမှန်ပဲ ငါ့အဖေက အမဲလိုက်လင်းယုန်ကို အမြန်ဆုံး ယဥ်ပါးအောင်လုပ်နိုင်ခဲ့တာ သူ့ရဲ့အကူအညီကို ကျေးဇူးတင်ရမယ်"
ယုရှောင်ယွီက ခေါင်းညိတ်ပြပြီးနောက် အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ရှင်းပြလိုက်သည်။အမှန်အားဖြင့် သူမက ကျန်းရွှမ်သည် လင်းယုန်ကို ယဥ်ပါးအောင်လုပ်ရာ၌ ကူညီခဲ့သည်ဟုသာ ပြောဆိုပြီး သူ အသုံးပြုခဲ့သောနည်းလမ်းများ သို့မဟုတ် အဆင့်များနှင့်ပတ်သက်ပြီး အသေးကျကျ ပြောမပြချေ။
"အစေခံတယောက်က သားရဲတွေကို ယဥ်ပါးအောင် လုပ်နိုင်ပြီးတော့ သူ့ကို အကွက်ချကြံစည်တဲ့ကိစ္စကို ပြောင်းပြန်ဖြစ်စေပြီး မြန်မြန်ဆန်ဆန် လက်စားချေခဲ့တယ်...သူ့မှာ တကယ့်ကို အရည်အချင်းတချို့ရှိနေတယ်"
သူမ၏ရှင်းပြချက်ကိုကြားပြီးနောက် ဝူယွင်ကျိုးက ခေါင်းညိတ်ပြကာ သိချင်စိတ်ပြင်းပြစွာဖြင့် သူမကို ကြည့်လိုက်သည်။
"အဲ့ဒီကျန်းရွှမ်က စင်မြင့်ရဲ့အောက်မှာ မတ်တတ်ရပ်နေခဲ့တယ်လို့ ခုဏက မိန်းကလေးယု ပြောခဲ့တယ် မဟုတ်လား...နဂါးကိုးကောင်တိုင်လုံးရဲ့ဘယ်အခြမ်းမှာ သူ ရှိနေခဲ့လဲဆိုတာမင်း မှတ်မိလား"
အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ယုရှောင်ယွီက ပြောဆိုသည်။
"မြောက်ဘက်မှာပါ..."
"မြောက်ဘက်လား..."
ဝူယွင်ကျိုး၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။နဂါးကိုးကောင်တိုင်လုံးပေါ်တွင် 'မှတ်တမ်းမရှိ'ဟူသောစာလုံးများ ပထမဆုံးအကြိမ် ထွက်ပေါ်လာစဉ်၌ မြောက်ဘက်မှဖြစ်သည်။သူတို့ရှာဖွေနေသော ပါရမီရှင်သည် ဤနေရာ၌ ရှိနေသလော။
သူတို့ရှာဖွေနေသော ထိပ်သီးပါရမီရှင်သည် ကျောင်းသားတစ်ယောက် သို့မဟုတ် မိသားစုကြီးတစ်စုမှမိသားစုဝင်တစ်ယောက် မဟုတ်ဘဲ မြင်းထိန်းတစ်ယောက် ဖြစ်နေသလော။
အကယ်၍ ဤကဲ့သို့ ကိစ္စမျိုးရှိလာပါက သူတို့သည် မည်သည်ကြောင့် သူ့အား ရှာမတွေ့သည်ကို ရှင်းပြနိုင်လေပြီ။သူတို့သည် အကဲဖြတ်စစ်ဆေးမှု၌ ပါဝင်စစ်ဆေးခံခဲ့သော ကျောင်းသားများကိုသာ အာရုံစူးစိုက်နေပြီး အစေခံများကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိချေ။
"လက်ထောက်ကျောင်းအုပ်...ဘာပြဿနာ ရှိလို့လဲ"
သူ၏မူမမှန်သောမျက်နှာအမူအယာကိုကြည့်ပြီး မိုယန်ရွှယ်၏မျက်နှာပေါ်၌ သံသယအရိပ်အယောင်များ ထင်ဟပ်လာသည်။
ကျန်းရွှမ်ထံ၌ လိမ္မာပါးနပ်မှုနှင့်အရည်အချင်းတချို့ရှိသော်လည်း သူသည် ကျောင်းအုပ်ကြီးမှ တိုက်ရိုက်တပည့်တစ်ယောက်အဖြစ် ခေါ်ယူလိုကာ မြို့အရှင်အား မြို့တံခါးများကို ပိတ်စေသည်အထိ ရှာဖွေနေခဲ့သော လူတစ်ယောက်ဟု သူမ ယုံကြည်နိုင်ရန် အလွန်ခက်ခဲသည်။
"ဘာမှ မဟုတ်ပါဘူး.. အဲ့ဒီမြင်းထိန်းက အခု ဘယ်နေရာမှာရှိလဲဆိုတာ ငါ သိခွင့်ရမလား...သူ့ကိုတွေ့ဖို့အတွက် ငါ့ကို ခေါ်သွားပေးနိုင်မလား"
ဝူယွင်ကျိုးက မေးမြန်းသည်။ထိပ်သီးပါရမီရှင်သည် ဤတစ်ယောက် ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ သူ အနီးကပ်ကြည့်ရှုပြီး အတည်ပြုရပေမည်။
"သူက ကျင့်ကြံနည်းစနစ်ကိုရှာဖို့အတွက် စာကြည့်တိုက်ကို ခုဏကမှ ထွက်သွားခဲ့တာ...ခဏနေကျရင် သူ ပြန်လာလိမ့်မယ်...ဒီနေရာမှာ ခဏလောက် စောင့်ပါလား"
ယုလုံချင်းက အကြံပေးသည်။
အချိန်တခဏကြာခန့် ချီတုံချတုံဖြစ်နေပြီးနောက် ဝူယွင်ကျိုးက ပြောဆိုလိုက်၏။
"ခဏနေကျရင် ငါ့မှာ လုပ်စရာကိစ္စတစ်ခု ရှိနေတယ်...ငါတို့ အဲ့ဒီနေရာကို သွားလို့မရဘူးလား ....မြို့အရှင်ရဲ့စာကြည့်တိုက်ထဲမှာ ငါ ကြည့်လို့မရတဲ့ လျှို့ဝှက်ချက်တစ်ခုတော့ ရှိမနေဘူး မဟုတ်လား"
တစ်စုံတစ်ယောက်သည် မည်မျှထိ သိုသိုသိပ်သိပ်နေသည်ဖြစ်စေ လူအများနှင့် မျက်နှာချင်းဆိုင်ဆုံတွေ့ရချိန်၌ သူ၏ပင်ကိုယ်စရိုက်ကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။ထို့ကြောင့် သူသည် စောင့်ဆိုင်းနေမည့်အစား ထိုမြင်းထိန်းကိုသွားကြည့်ပြီး အတည်ပြုသည်က ပို၍လွယ်ကူပေမည်။
"အဲ့ဒီလို မရှိပါဘူး...ကျေးဇူးပြုပြီး ဒီလမ်းကနေ ကြွပါ"
ဝူယွင်ကျိုး၏ခေါင်းမာနေမှုကို မြင်တွေ့ချိန်၌ ယုလုံချင်းသည် ထပ်မံ၍စကားမဆိုတော့ဘဲ လမ်းပြခေါ်ဆောင်လိုက်သည်။ယုရှောင်ယွီနှင့်မိုယန်ရွှယ်တို့သည် အကြည့်ခြင်းဖလှယ်ကာ နောက်မှလိုက်ပါသွားလေ၏။
...
လက်ထောက်ကျောင်းအုပ်သည် မြို့အရှင်အိမ်တော်သို့ ရောက်လာသည်ကို မသိရှိသော ကျန်းရွှမ်ကမူ စိတ်လှုပ်ရှားစွာဖြင့် သူရှေ့ရှိ ပြွတ်သိပ်စွာနေရာချထားသော စာအုပ်စင်များကို ကြည့်နေသည်။ဤစာအုပ်စင်များပေါ်တွင် စာအုပ်များ ထောင်သောင်းချီ၍ရှိနေကာ ကျင့်ကြံခြင်း ဆေးပညာ မြေနေရာအနေအထား လူမှုဘာသာရပ်များစသဖြင့် အမျိုးအစားစုံလင်သည်။ အကယ်၍ သူသည် ဤအရာများအားလုံးကို သူ၏စာကြည့်တိုက်အတွင်းသို့ စုပ်ယူနိုင်ပါက ဤရင်းမြစ်ကမ္ဘာအပေါ် သူ၏နားလည်သဘောပေါက်မှု ပို၍နက်ရှိုင်းလာကာ ယခင်ကဲ့သို့ စမ်းတဝါးဝါးဖြစ်တော့မည် မဟုတ်ချေ။
"မင်းက ဒီစာကြည့်တိုက်ရဲ့ပထမထပ်မှာရှိတဲ့ ဘယ်စာအုပ်ကိုမဆို ဖတ်လို့ရတယ်...ဒါပေမဲ့ မင်းက အပြင်ကိုယူသွားတာ ဒါမှမဟုတ် ကူးရေးသွားတာမျိုးကို လုပ်လို့မရဘူး...မင်းမှာ အချိန်တစ်နာရီပဲရမယ်....ဒါကြောင့် မြန်မြန်ရွေးချယ်ပြီးတော့ မင်း တတ်နိုင်သမျှ အများဆုံးမှတ်သားထားပါ"
သူ၏စိတ်အတွင်း၌ အနည်းငယ်ကျွဲမြီးတိုနေသည်။
'မင်းက ငါ့ကို အရှက်ရစေမှတော့...မင်း စာကြည့်တိုက်ထဲကို ဝင်နိုင်တာတောင် အချည်းနှီးပဲဖြစ်တယ်ဆိုတာ မင်း သိအောင် ငါလုပ်ပြမယ်'
အကြံပေးလျောင်သည် တွေးတောလိုက်၏။
'မင်းက ကျင့်ကြံနည်းစနစ်တွေရဲ့အရည်အသွေးကိုတောင်မသိတဲ့ မကျင့်ကြံဖူးတဲ့ တောသားလူနုံတစ်ယောက်ဖြစ်တာကို ထည့်မပြောရင်တောင်...တကယ်လို့ မင်းက စာအုပ်ကောင်းတစ်အုပ်ကို ရှာတွေ့ရင်တောင် တစ်နာရီအတွင်းမှာ မင်း ဘယ်လောက်ထိ မှတ်သားနိုင်မှာလဲ...ကျင့်ကြံနည်းစနစ်တွေက အပ်စိုက်မှတ်တွေ မရီဒါန်းတွေနဲ့ အထူးသီးသန့်အရာတွေ အများကြီးကို လေ့လာတာနေ ဆင့်ကဲဖန်တီးခဲ့တာ...ဒါတွေကို မှတ်သားဖို့ ခက်ခဲရုံတင်မကဘူး အမှားအယွင်းတစ်ခုခုရှိရင် ဒုက္ခရောက်သွားနိုင်တယ်...ဘယ်တုန်းကမှ မကျင့်ကြံခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလောက်အချိန်တိုအတွင်းမှာ ပြီးပြည့်စုံတဲ့နည်းစနစ်တစ်ခုကို မှတ်သားနိုင်မယ်လို့ ငါ မယုံဘူး....တကယ်လို့ မင်း ကျရှုံးသွားရင် မင်းမှာ အရည်အချင်းမပြည့်စုံဘူးဆိုတာ သက်သေပြပြီးသား ဖြစ်လိမ့်မယ်"
ဤသည်မှာ မြို့အရှင်သည် ကျန်းရွှမ်ကို စာအုပ်များ လွတ်လွတ်လပ်လပ်ရှာဖွေခွင့်ပေးသည့် အကြောင်းအရင်းလည်း ဖြစ်နိုင်သည်။
"ကောင်းပြီလေ"
အကြံပေးလျောင်၏အတွေးကို မသိရှိသော ကျန်းရွှမ်ကမူ သူ့ရှေ့တွင်ရှိနေသော စာအုပ်စင်များကို မော့ကြည့်လိုက်သည်။သူ၏အမြင်အာရုံကို ဖမ်းစားသွားနိုင်သော ပထမဆုံးစာအုပ်သည် ရင်းမြစ်ရေအိုင်ကို အာရုံခံနိုင်သည့် လမ်းညွှန်စာအုပ်ဖြစ်ကာ 'စေတီ ရင်းမြစ်ရေအိုင်ရှာဖွေခြင်းနည်းစနစ်'ဟု ခေါင်းစဉ်ရှိသည်။
ထိုစာအုပ်ကို သူ၏လက်ချောင်းများဖြင့် ထိတွေ့ပြီး 'အားနည်းချက်'ဟု သူ၏စိတ်အတွင်းမှ အော်ဟစ်လိုက်သည်။ကောင်းကင်ဘုံစာကြည့်တိုက် တုန်ခါသွားကာ ကောင်းကင်ဘုံ၏ကံကြမ္မာစွမ်းအင်များကို စုပ်ယူထားသည့် စာအုပ်တစ်အုပ်ထွက်ပေါ်လာပြီး မူလစာအုပ်နှင့် တစ်ထပ်တည်းကျပေ၏။
"ကြည့်ရတာတော့ စာအုပ်တွေ မိတ္တူကူးတဲ့နေရာမှာ ငါ စုပ်ယူထားတဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်ကိုပဲ အသုံးပြုနိုင်ပုံရတယ်"
ကျန်းရွှမ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။သူသည် ဟုန်ရှမ်းရင်းမြစ်ရေအိုင်ရှာဖွေခြင်းနည်းစနစ်ကို ရရှိစဥ်ကတည်းက သံသယဝင်နေခဲ့ပြီး ယခုအချိန်၌ အတည်ပြုနိုင်လေပြီ။
သူ၏စိတ်အတွင်းရှိ ကောင်းကင်ဘုံစာကြည့်တိုက် အသက်ဝင်လာခြင်းနှင့်အတူ စာအုပ်များကိုမှတ်သားကာ အားနည်းချက်များကို ထုတ်ဖော်နိုင်သည်။သို့ရာတွင် ဆရာသခင်ကုန်းမြေနှင့်မတူညီသည်မှာ ထိုအရာကို အကန့်အသတ်မရှိ အသုံးပြုနိုင်ခြင်းမရှိဘဲ ကန့်သတ်ချက်တစ်ခုအနေဖြင့် ကောင်းကင်ကံကြမ္မာစွမ်းအင်ရှိနေသည်။
သူသည် အဖြူရောင်ကျောက်တုံးကျောင်းတော်၌ ကောင်းကင်ကံကြမ္မာစွမ်းအင်အမျှင်တန်းတစ်သောင်းခန့်ကို စုပ်ယူခဲ့ကာ အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေရာ၌ စွမ်းအင်တန်းခုနစ်တန်းရှစ်တန်းကို အသုံးပြုခဲ့သည်။ယခုအချိန်၌ သူသည် စာအုပ်ကိုးထောင်ကျော်ခန့် ကူးယူနိုင်ပေမည်။
.ထို့ကြောင့် အရာအားလုံးကို ကူးယူ၍မရဘဲ သူ ရွေးချယ်ရန်လိုအပ်ကြောင်း နားလည်သဘောပေါက်သွားသည်။ထိုသို့မဟုတ်ဘဲ အကယ်၍ သူသည် အသုံးမဝင်သောစာအုပ်များကို မိတ္ထူကူးမိပါက သူ ထိထိရောက်ရောက်ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။
ကျန်းရွှမ်သည် စိတ်ပိုင်းဖြတ်ပြီးနောက် သူ၏လက်ချောင်းများကို ပြန်ရုတ်သိမ်းကာ တခြားစာအုပ်များကို ဆက်လက်၍ကြည့်လိုက်သည်။
'လီရှို့လင်းရဲ့သရုပ်သကန်ရင်းမြစ်ရေအိုင်ရှာဖွေခြင်းနည်းစနစ်' ' ရင်းမြစ်ရေအိုင် ကျင့်ကြံနည်းစနစ်ကိုရစေတဲ့ အသေးစိတ်ရှင်းပြချက်များ' 'ရင်းမြစ်ရေအိုင်ရှိနေနိုင်သော နေရာတစ်ရာ့ရှစ်နေရာကို ရှာဖွေခြင်း' 'ရင်းမြစ်ရေအိုင်ကို ရှာဖွေရာတွင် ကျင့်ကြံခြင်း၏အခန်းကဏ္ဍ' 'နှစ်ကိုယ်တူ ရင်းမြစ်ရေအိုင် ရှာဖွေခြင်းနည်းစနစ်'
စာအုပ်စင်ပေါ်တွင် အမျိုးမျိုးသောစာအုပ်များဖြင့် ပြည့်နှက်နေသည်။မည်သည့်အကြံပြုချက်မျှ မရှိသဖြင့် ထိုစာအုပ်များသည် အလွန်စိတ်ရှုပ်ထွေးဖွယ် ကောင်းပေ၏။သို့ရာတွင် ကျန်းရွှမ်အတွက် ဤသည်မှာ ပြဿနာမရှိချေ။ ခေါင်းစဉ်၌ 'ရင်းမြစ်ရေအိုင်'ဟု ပါဝင်သည်နှင့် သူ ထိုစာအုပ်ကို ထိတွေ့လိုက်သည်။နောက်ထပ်အချိန်အခိုက်အတန့်၌ သက်ဆိုင်ရာစာအုပ်ကို သူ၏ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ ကူးယူပြီးဖြစ်ပေ၏။
အသက်တစ်ရှိုက်စာအတွင်းမှာပင် ရာနှင့်ချီသောစာအုပ်များ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ မျောလွင့်နေကာ စာအုပ်တစ်အုပ်စီထံမှ နူးညံညင်သာသောအလင်းရောင်နှင့် တည်ငြိမ်သောအရှိန်အဝါကို ထုတ်လွှတ်ထားသည်။
"သူက တကယ့်ကို စိတ်မြန်လက်မြန်ရှိတဲ့ တောသားလူနုံတစ်ယောက်ပဲ"
အကြံပေးလျောင်က လူငယ်သည် စာအုပ်စင်များကို ကြည့်ရှုနေပြီး စာအုပ်တစ်အုပ်စီကို ထိတွေ့သော်လည်း ဖွင့်ကြည့်ခြင်းမရှိသည်ကို မြင်ပြီး လှောင်ပြောင်သရော်လိုက်သည်။ သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပေ၏။
သူ သံသယဝင်နေသည့်အတိုင်း ဖြစ်လာလေပြီ။ကျန်းရွှမ်၏အသိပညာသည် အကန့်အသတ်ရှိလေရာ စာကြည့်တိုက်အတွင်း၌ ကျင့်ကြံနည်းစနစ်စာအုပ်များရှာနိုင်သော အခွင့်အရေးကို ရရှိသည့်တိုင် သူ့အတွက် အသုံးမဝင်ချေ။
အစစ်အမှန်ကျင့်ကြံသူတစ်ယောက်သည် စာအုပ်တစ်အုပ်ကိုရွေးချယ်ပြီး ဂရုတစိုက်လေ့လာမှတ်သားရကာ သူ့ကဲ့သို့ မဟုတ်ချေ။သူသည် စာအုပ်တိုင်းကို ဖွင့်ကြည့်လိုသော်လည်း မည်သည့်အရာကိုမျှ အတည်တကျယူဆောင်ခြင်းမရှိချေ။
သူသည် မည်သည့်စာအုပ်ကိုမျှ ဖွင့်မကြည့်ရသေးသော်လည်း အချိန်ဆယ့်ငါးမိနစ်ခန့် ကုန်ဆုံးသွားလေပြီ။
တိကျသောရည်မှန်းချက်ပန်းတိုင်မရှိပါက သူသည် မည်သည့်နည်းဖြင့် ထိထိရောက်ရောက် ကျင့်ကြံနိုင်မည်နည်း။
အကြံပေးလျောင်သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။ကျန်းရွှမ်သည် ရည်မှန်းချက်ကြီးမားကာ ပေါ့တန်တန်နိုင်ပီး စိတ်မြန်လက်မြန်ရှိသူဟု သူ သတ်မှတ်လိုက်သည်။