ဒါက သူ မဟုတ်ဘူး
Vol. 2 Ch. 29
အချိန်အနည်းငယ်ခန့် စောင့်ကြည့်ပြီးနောက် ကျန်းရွှမ်သည် တွေဝေနေဆဲဖြစ်ကာ စာအုပ်တစ်အုပ်ကိုပင် ဖွင့်မကြည့်သည်ကို ကြည့်ပြီး အကြံပေးလျောင်သည် သူ့အားစောင့်ကြည့်ရန်အတွက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။
မြို့အရှင်၏ညွှန်ကြားချက်အရ သူသည် ကျန်းရွှမ်ကိုဤ နေရာသို့ ခေါ်လာပြီးလေပြီ။ကျန်းရွှမ်သည် တစ်စုံတစ်ခုကို သင်ယူနိုင်ခြင်းရှိမရှိမှာ သူအပေါ်တွင်သာ မူတည်သည်။အကယ်၍ သူ ကျရှုံးပါက သူ၏အပြစ်သာဖြစ်ပေ၏။
အကြံပေးလျောင်သည် စာကြည့်တိုက်အတွင်းမှ ထွက်ခွာသွားရန် ဟန်ပြင်နေစဉ်မှာပင် ခြေလှမ်းသံများ ချဉ်းကပ်လာသည်ကို သူ ကြားလိုက်ရသည်။ထို့နောက် သူသည် မြို့အရှင် ဝူယွင်ကျိုး မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ စာကြည့်တိုက်အတွင်းသို့ အတူတကွဝင်သည်ကို မြင်တွေ့မိသည်။
"မြို့အရှင်...."
အကြံပေးလျောင်သည် သူ၏လက်နှစ်ဖက်ကို အလျင်အမြန်ပူးဆုပ်ပြီး ဆီးကြိုနှုတ်ဆက်လိုက်၏။
"သူ စာအုပ်ရွေးချယ်နေတာ ဘယ်လို ဖြစ်သွားပြီလဲ...သူက ဘာနည်းစနစ်ကို ရွေးချယ်လိုက်တာလဲ"
ယုလုံချင်းသည် တိတ်တဆိတ်နေရန် အချက်ပြပြီးနောက် အပြုံးနှင့် သူ၏အသံကိုနှိမ့်ပြီး မေးမြန်းလိုက်သည်။
အနည်းငယ်ကိုးယိုးကားယားဆန်သကဲ့သို့ ခံစားမိသဖြင့် အကြံပေးလျောင်က သူ၏အမြင်ကိုမျှဝေသည်။
"မြို့အရှင်....ကျန်းရွှမ်ကိုကြည့်ရတာ စိတ်မြန်လက်မြန်ရှိပြီးတော့ ရည်မှန်းချက်ကြီးတဲ့ လူစားမျိုးပဲ...သူက ဒီနေရာကနေ ဘာတစ်ခုကိုမှ အလေးအနက်ထားပြီး မသင်ယူခဲ့ဘူး"
"အမ်...မင်း ဘာကိုဆိုလိုတာလဲ"
ယုလုံချင်းက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ဒါက...."
အကြံပေးလျောင်သည် ချီတုံချတုံဖြစ်နေပြီးနောက် ပြောဆိုလိုက်၏။
"သူက အခုထိ စာအုပ်တစ်အုပ်ကိုတောင် မရွေးရသေးဘူး"
ယုလုံချင်း အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
"သူ့ကို စာအုပ်တစ်အုပ်ရွေးတဲ့နေရာမှာ ကူညီပေးဖို့ ငါ မင်းကို ပြောလိုက်တယ်မဟုတ်လား....မင်းက ဘာလို့ သူ့ဟာသူ ရွေးခိုင်းလိုက်တာလဲ...သူက အရင်က မြင်းထိန်းတစ်ယောက်ဖြစ်ခဲ့ပြီးတော့ ကျင့်ကြံနည်းစနစ်စာအုပ်တွေကို တစ်ခါမှမမြင်ခဲ့ဖူးဘူး...ဘယ်လိုလုပ်ပြီးတော့ သူက ရွေးချယ်နိုင်မှာလဲ"
"အင်း..."
အကြံပေးလျောင်က ရှေ့သို့လက်ညှိုးညွှန်ပြလေသည်။
"မြို့အရှင် မင်းကိုယ်တိုင်ပဲ ကြည့်လိုက်ပါ"
သံသယအပြည့်ဖြင့် ယုလုံချင်းသည် ရှေ့သို့ လျောက်လှမ်းသွားလိုက်ရာ ကျန်းရွှမ်သည် စာအုပ်စင်တစ်စင်၏ရှေ့တွင် ကျက်သရေရှိစွာ မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့မိသည်။ သူ၏ တည်ကြည်သန့်စင်သော ပုံပန်းသွင်ပြင်သည် သာလွန်ထူးကဲသော ကျက်သရေရှိမှုကိုပေးစွမ်းနိုင်ကာ အစေခံတယောက်နှင့်မတူညီဘဲ မြင့်မြတ်သော လူကြီးလူကောင်းတစ်ယောက်နှင့် ပို၍တူညီနေသည်။
ယုလုံချင်းသည် သဘောကျမှုကို ခံစားနေရစဉ်ပင် ကျန်းရွှမ်သည် စာအုပ်စင်တစ်စင်ကိုတစ်ချက်ကြည့်ကာ အလွန်လျင်မြန်သော ပြတ်တောင်းပြတ်တောက်လှုပ်ရှားမှုဖြင့် စာအုပ်များကို တို့ထိနေကြောင်း သူ မြင်တွေ့မိသည်။ သူ၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပေ၏။
ယုလုံချင်း ကြက်သေသေသွားသည်။
ဤသည်မှာ သန့်စင်မွန်မြတ်သော လူကြီးလူကောင်းတစ်ယောက်၏ အပြုအမူမျိုးမဟုတ်ဘဲ မည်းမည်းမြင်ရာ တိုက်ခိုက်နေသည်နှင့် ပို၍တူညီနေသည်။
ကျင့်ကြံနည်းစနစ်များကို ရွေးချယ်ရာ၌ သူသည် စာအုပ်များကိုဖွင့်ကာ ဖတ်ကြည့်သင့်သည်မဟုတ်လော...
ဤကဲ့သို့ တို့ထိနေသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သနည်း...
"အရင်ကလည်း သူ အဲ့ဒီလိုလုပ်နေတာပဲလား..."
အချိန်တခဏကြာခန့် စောင့်ကြည့်ပြီးနောက် ကျန်းရွှမ်သည် အလျင်အမြန်တို့ထိနေဆဲဖြစ်သည်ကိုကြည့်ပြီး ယုလုံချင်းသည် မအောင့်အည်းနိုင်တော့ဘဲ အကြံပေးလျောင်ကို မေးမြန်းလိုက်၏။
"အရင်က သူ တို့ထိတဲ့အရှိန်နှုန်း နည်းနည်းနှေးတယ်"
အကြံပေးလျောင် ခေါင်းညိတ်ပြလေသည်။
"သူက ခုထိစာအုပ်တစ်အုပ်ကိုတောင် ဖွင့်မကြည့်သေးဘူး...သူက စာအုပ်တစ်အုပ်ကိုတောင် မဖတ်ရသေးတာလား"
မြို့အရှင်၏မျက်ခွံများ တုန်ရီသွားသည်။သူ့ထံတွင် ဤကဲ့သို့အမူအယာမျိုး ရှိနေရုံသာမက မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့သည်လည်း ထပ်တူထပ်မျှ ကြက်သေသေနေသည်။
သူသည် ဤနေရာ၌ စိတ်အားထက်သန်စွာသင်ယူနေမည်ဟု သူတို့တွေးထင်ခဲ့ကြသော်လည်း ယခုကြည့်ကြည့်တော့မှ သူသည် စာအုပ်များ၏ရှေ့တွင် မတ်တပ်ရပ်ကာ တို့ထိနေခြင်းပင်။
သူသည် စာအုပ်များကို လှန်လှောဖတ်ရှုခြင်းမပြုဘဲ တို့ထိရုံသက်သက်ပြုလုပ်နေပေရာ သူ မည်သည့်အရာအား တွေးတောနေသနည်း....
"အမှန်ပဲ....သူက ခုထိ စာအုပ်တစ်အုပ်ကိုတောင် ဖွင့်မကြည့်သေးဘူး...ဒါကြောင့် ငါက သူ ရွေးချယ်တဲ့နေရာမှာ မကူညီချင်ခဲ့တာပဲ...သူ ဘာကိုရှာနေလဲဆိုတာ ငါ မသိဘူး"
အကြံပေးလျောင်က ရှင်းပြသည်။
"ထားလိုက်တော့...သူက ငါ့ကိုကူညီပြီးတော့ လင်းယုန်ကို ယဥ်ပါးစေခဲ့တယ်...ငါတို့က သူ့ကို အနည်းအကျဥ်းတော့ ကူညီပေးရမယ်"
အချိန်တစ်ခဏကြာခန့် စောင့်ကြည့်ပြီးနောက် နာရီဝက်ကြာမြင့်သည့်တိုင် ကျန်းရွှမ်သည် စာအုပ်တစ်အုပ်ကိုမျှ မဖတ်ရသေးသည်ကိုကြည့်ပြီး ယုလုံချင်းသည် ထပ်မံ၍တောင့်မခံနိုင်တော့ချေ။သူသည် ရှေ့သို့လျှောက်လှမ်းသွားပြီး အော်ခေါ်လိုက်၏။
"ကျန်းရွှမ်..."
ထိုခေါ်သံကိုကြားချိန်တွင် ကျန်းရွှမ်သည် နောက်ဆုံး၌ ထိုလူတစ်စုကို သတိပြုမိသွားပြီး နောက်သို့ အလျင်အမြန် ပြန်လှည့်ကြည့်လိုက်သည်။
"မြို့အရှင်..."
ကျင့်ကြံဆင့်အခြေခံမရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရရှိထားဆဲ ဖြစ်သဖြင့် သူ၏အကြားအာရုံလည်း ချို့ယွင်းသွားခဲ့သည်။ထိုသို့မဟုတ်ပါက သူသည် ဤမျှထိလူအမြောက်အများ ချဉ်းကပ်လာသည်ကို သတိမပြုမိဘဲ နေမည်မဟုတ်ချေ။
"အင်း..."
ယုလုံချင်းက ဝူယွင်ကျိုးကို လက်ညှိုးညွှန်ပြပြီး မိတ်ဆက်ပေးလေသည်။
"ဒါက အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်ဝူ...သူ ဒီနေရာကိုရောက်လာတာ မင်းကို မေးခွန်းနည်းနည်းမေးချင်လို့ပဲ"
ကျောင်းတော်မှလက်ထောက်ကျောက်အုပ်ဟု သိရှိသွားသဖြင့် ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကို အလျင်အမြန်ပူးဆုပ်လိုက်သည်။
"လက်ထောက်ကျောင်းအုပ်ကို နှုတ်ဆက်ပါတယ်"
"ထုံးတမ်းစဉ်လာတွေ လုပ်နေဖို့ မလိုဘူး...ငါ ဒီနေရာကိုလာတာ မင်းကို တစ်ချက်ကြည့်ရုံပဲ"
ဝူယွင်ကျိုးသည် စကားပြောဆိုပြီးနောက် သူ၏လက်ကို ကျန်းရွှမ်၏ပခုံးပေါ်သို့ ညင်သာစွာတင်လိုက်သည်။နောက်ထပ်အချိန်အခိုက်အတန့်၌ စွမ်းအင်တန်းတစ်တန်းသည် ကျန်းရွှမ်၏ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားကာ သူ၏ပခုံးအပ်စိုက်မှတ်ကို ဖြတ်သန်းသွားသည်။
ကျန်းရွှမ်သည် အနည်းငယ်ထိတ်လန့်သွားပေ၏။
"လက်ထောက်ကျောင်းအုပ်...မင်း ဘာလုပ်တာလဲ"
ဝူယွင်ကျိုးသည် သူ၏စွမ်းအားကို ပြန်ရုတ်သိမ်းပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
"မင်းက ခုထိ မင်းရဲ့ရင်းမြစ်ရေအိုင်ကိုတောင် မဖွင့်ရသေးဘူးလား"
သူ့ရှေ့ရှိ လူငယ်လေး၏ခန္ဓာကိုယ်အတွင်း၌ ရင်းမြစ်စွမ်းအင်များ တစိုးတစိမျှရှိမနေရုံသာမက ရင်းမြစ်ရေအိုင်ကိုပင် မဖွင့်ရသေးချေ။
"ငါက အခုထိ စပြီးမကျင့်ကြံရသေးဘူး...ငါ ဒီနေရာကိုလာတာက ကျင့်ကြံနည်းစနစ်စာအုပ်တစ်အုပ်ကို ရှာဖို့အတွက်ပဲ"
လက်ထောက်ကျောင်းအုပ်သည် သူ၏ကျင့်ကြံဆင့်ကို စမ်းသပ်မည်ဟု မျှော်လင့်မထားမိသဖြင့် ကျန်းရွှမ်က ခေါင်းကုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။
အကယ်၍ သူသည် သူ၏ရင်းမြစ်ရေအိုင်ကိုရှာဖွေတွေ့ရှိထားပါက ရင်းမြစ်စွမ်းအင်များကို စုပ်ယူနိုင်ပြီဖြစ်ရာ ဤကဲ့သို့ သိုသိုသိပ်သိပ်နေပြီး ကူကယ်ရာမဲ့ဖြစ်နေရန် မလိုအပ်ချေ။
"အဓိပ္ပာယ်မရှိလိုက်တာ....သူက ခုထိ သူရဲ့ရင်းမြစ်ရေအိုင် မဖွင့်ရသေးတာကို မင်း ဘာလို့ စောစောက မပြောခဲ့တာလဲ"
ဝူယွင်ကျိုးသည် ယုရှောင်ယွီကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး ဒေါသတကြီးဖြင့် သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်သည်။
ယုရှောင်ယွီ၏ ယုံကြည်ချက်အပြည့်ဖြင့်ပြောဆိုမှုကြောင့် သူ ရှာဖွေနေခဲ့သောပါရမီရှင်ကိုရှာတွေ့ပြီဟု ယုံကြည်ခဲ့သည်။သို့ရာတွင် ယခုကြည့်ကြည့်တော့မှ ရင်းမြစ်ရေအိုင်ကိုပင်မဖွင့်ရသေးသော လူတစ်ယောက် ဖြစ်နေသည်။ ရင်းမြစ်ရေအိုင်မရှိပါက သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းကို စုပ်ယူနိုင်မည်မဟုတ်သဖြင့် သူတို့ရှာဖွေနေသော ပါရမီရှင်မဟုတ်သည်မှာ သိသာထင်ရှားသည်။
"နင်က ပါရမီရှင်လို့ပဲ ပြောခဲ့တာလေ...ထူးခြားချက်တွေကို ငါ မသိဘူး...ဒါကြောင့် ကျန်းရွှမ်က ဖြစ်နိုင်ချေရှိတယ်လို့ ငါ ထင်မိတာပါ"
ယုရှောင်ယွီက စောဒကတက်လိုက်သည်။
"ကျောင်းအုပ်ကြီးကိုယ်တိုင် တပည့်တစ်ယောက်အဖြစ်ခေါ်ယူလိုတာက စိတ်မြန်လက်မြန်ရှိပြီးတော့ ရည်မှန်းချက်အရမ်းကြီးတဲ့ လူစားမျိုး မဟုတ်ဘူး"
ဝူယွင်ကျိုးက အေးစက်စက်ပြောဆိုပြီး သူ စိတ်မကြည်မသာဖြစ်သွားသည်မှာ သိသာထင်ရှားသည်။
ကျင့်ကြံခြင်းပါရမီသည် အရေးပါသော်လည်း ဇွဲလုံလနှင့်အင်အားစိုက်ထုတ်မှုတို့သည်လည်း ထပ်တူထပ်မျှအရေးပါပေ၏။
ကျန်းရွှမ်သည် အချိန်နာရီဝက်ကျော် ကြာမြင့်သွားသည့်တိုင် မည်သည့်စာအုပ်တစ်အုပ်ကိုမျှ ရွေးချယ်ခြင်းမရှိဘဲ စာအုပ်စင်များ၏ရှေ့၌ လှည့်ပတ်ပြေးလွှားနေသည်။ဤကဲ့သို့လူတစ်ယောက်အား ကျောင်းတော်သို့ဝင်ခွင့်ပေးလျှင်ပင် တပည့်ကောင်းတစ်ယောက် ဖြစ်လာမည်မဟုတ်ချေ။
"မြို့အရှင်....ဒါက သူ မဟုတ်မှတော့ ငါ ပြန်တော့မယ်"
ကျန်းရွှမ်သည် သူ ရှာဖွေနေသော လူမဟုတ်သည်ကို အတည်ပြုပြီးနောက် ဝူယွင်ကျိုးသည် အပိုစကားများမပြောတော့ဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားတော့သည်။
"ငါ မင်းကို အပြင်ထိလိုက်ပို့မယ်..."
ယုလုံချင်းကလည်း သူ၏ခေါင်းကို ခါယမ်းလိုက်သည်။အစေခံတယောက်မှ အမြင့်သို့တက်လှမ်းရန် ကြိုးစားနေခြင်းသည် အမှန်တကယ်ကို စိန်ခေါ်မှုတစ်ရပ်ပင်။
ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက် ယုလုံချင်းက သူ၏သမီးကို ပြန်လှည့်ကြည့်လိုက်၏။
"ယွီအာ....ကျန်းရွှမ်ကိုကူညီပြီးတော့ စာအုပ်တစ်အုပ် ရွေးပေးလိုက်ပါ...ဒါ့ပြင် သူ အဲ့ဒီကျင့်ကြံနည်းစနစ်ကို အမြန်ဆုံးမှတ်သားနိုင်အောင် ကူညီပေးလိုက်ပါ...ဒါက အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေတဲ့အတွက် သူ့ကို ပြန်ပေးဆပ်တဲ့ နည်းလမ်းပဲ"
"အဖေ...သမီး မှတ်ထားလိုက်ပြီ"
ယုရှောင်ယွီသည် ခေါင်းညိတ်ပြပြီးနောက် ကျန်းရွှမ်၏အနီးသို့ ချဉ်းကပ်သွားကာ သူမ၏အသံကိုနှိမ့်ပြီး လက်ညှိုးညွှန်ပြလိုက်သည်။
"အတွင်းဘက်အကျဆုံး စာအုပ်စင်ပေါ်မှာ 'လားရာငါးသွယ် မူလနည်းစနစ်'လို့ခေါ်တဲ့ စာအုပ်တစ်အုပ်ရှိတယ် ..ဒါက ရင်းမြစ်ရေအိုင်ကိုရှာဖွေဖို့အတွက် အကောင်းဆုံးနည်းစနစ်ပဲ...နင် အဲ့ဒါကို သင်ယူသင့်တယ်"
"မိန်းကလေးယုကို ကျေးဇူးတင်ပါတယ်"
ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ကျေးဇူးတင်စကားပြောဆိုသည်။ဤနည်းစနစ်၏စွမ်းအားသည် သူ့အတွက် အရေးပါမည် မဟုတ်ချေ။သို့ရာတွင် သူသည် အားနည်းချက်များကို ထုတ်ဖော်ရန်နှင့် အချက်အလက်များစုစည်းရန်အတွက် တစ်စုံတစ်ယောက်မှ သူ့အား ဤကဲ့သို့အကြံပေးခြင်းသည် များစွာအကျိုးရှိပေ၏။
"အဖေ...သမီးကို စောင့်ပါအုံး"
မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ ယုရှောင်ယွီသည် နောက်သို့ပြန်လှည့်ကာ သူမ၏ဖခင်နောက်သို့ လိုက်သွားလေသည်။စာကြည့်တာ၏တံခါးဝ၌ သူမသည် မြို့အရှင်တစ်ယောက်တည်း မတ်တတ်ရပ်နေသည်ကို မြင်တွေ့မိသည်။လက်ထောက်ကျောင်းအုပ်ဝူကမူ ထွက်ခွာသွားလေပြီ။
ယုရှောင်ယွီသည် အပြုံးနှင့် သူမဖခင်၏လက်မောင်းကို ပွေ့ဖက်လိုက်သည်။
"အဖေ...အဖေက ကျန်းရွှမ်ကို ဆုချီးမြှင့်ပြီးတော့ သမီးကိုကျ မပေးဘူးလား....တကယ်လို့ သမီးကသာ သူ့ကို ဒီနေရာဆီ ခေါ်မလာရင် အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင် အဖေ ဘယ်လိုလုပ်နိုင်မှာလဲ"
"အမှန်ပဲ.....ငါ့သမီးလေးက အတော်ဆုံးပဲ"
ယုလုံချင်းက ချစ်မြတ်နိုးသောအကြည့်ဖြင့် သူမကို ကြည့်လေသည်။
"အဖေကို ပြောစမ်း...မင်း ဘာလိုချင်တာလဲ...ငါ မင်းကို ပေးနိုင်တဲ့အရာ ဖြစ်သရွေ့ ရစေရမယ်"
"အဖေက သမီးကို အချစ်ဆုံးပဲဆိုတာ သမီး သိတယ်"
ယုရှောင်ယွီက ရယ်ပြုံးကာ သူမ၏တောက်ပသောမျက်လုံးတစ်စုံသည် ယုလုံချင်းပေါ်သို့ ကျရောက်သွားပေ၏။
"မနက်ဖြန်အကဲဖြတ်စမ်းသပ်မှုမှာ ပိုကောင်းတဲ့ရလဒ်တွေ ရဖို့အတွက် သမီးက အဖေရဲ့ သီးသန့်လျှို့ဝှက်ခန်းထဲမှာ ကျင့်ကြံချင်တယ်"
"ငါ့ရဲ့သီးသန့်လျှို့ဝှက်ခန်းထဲမှာ ကျင့်ကြံချင်တာလား"
ယုလုံချင်းသည် အံ့အားသင့်သွားပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မရဘူး....ငါ ဒီကိစ္စကို သဘောမတူနိုင်ဘူး"