ကောင်းကင်ကံကြမ္မာစွမ်းအင် မလုံလောက်ဘူး
Vol. 2 Ch. 30
"ဘာလို့ မရတာလဲ"
ယုရှောင်ယွီက မျက်မှောင်ကြုတ်ကာ သူမ၏နှုတ်ခမ်းကိုစူထားပြီး သူမသည် ငိုကြွေးတော့မည့်အလားပင်။
"အဖေက ကပ်စေးနည်းတာလား"
"တကယ်လို့ ငါ့ရဲ့သမီးလေးမှာ လိုချင်တာရှိရင် မိုးကောင်းကင်က ကြယ်တွေကိုတောင် ငါက မင်းအတွက် ခူးဆွတ်ပေးမှာပါ...ဒါပေမဲ့ အခုထိ မင်းရဲ့ရင်းမြစ်ရေအိုင် အကဲဖြတ်မှုက မပြီးသေးဘူး....ဒါကြောင့် လျှို့ဝှက်ခန်းထဲကို မဆင်မခြင်ဝင်သွားမယ်ဆိုရင် အထဲမှာရှိတဲ့ ကြမ်းတမ်းတဲ့ရင်းမြစ်စွမ်းအင်တွေကြောင့် မင်း ဒဏ်ရာရမှာကို ငါ စိုးရိမ်မိတယ်"
ယုလုံချင်းက ရှင်းပြသည်။
သူ၏လျှို့ဝှက်ခန်းကို ငွေကြေးအမြောက်အများအသုံးပြု၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ရင်းမြစ်စွမ်းအင်များကို စုဆောင်းနိုင်သော ဝင်္ကပါတစ်ခု ပါရှိသည်။သူ၏စွမ်းအားမျိုးရှိနေသော တစ်စုံတစ်ယောက်သည် ထိုအခန်းအတွင်း၌ ကျင့်ကြံပါက အမှန်တကယ်ကို ကြီးမားသောအကျိုးကျေးဇူးများ ရရှိနိုင်သည်။ သို့ရာတွင် ရင်းမြစ်ရေအိုင် အပြည့်အဝတည်ငြိမ်ခြင်းမရှိသေးသော သူ၏သမီးအတွက်ကမူ ထိုလျှို့ဝှက်ခန်းအတွင်းသို့ မဆင်မခြင်ဝင်ရောက်လျှင် ဒဏ်ရာအနည်းငယ် ရရှိသွားနိုင်သည်။ထိုသို့မဟုတ်ဘဲ ပို၍ဆိုးဝါးပါက သူမ၏နောင်အနာဂတ်ကျင့်ကြံခြင်းကို ထိခိုက်စေနိုင်သည့် သိသာထင်ရှားသောဒဏ်ရာများ ရရှိသွားပေမည်။
ယုလုံချင်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ယုရှောင်ယွီသည် စိတ်ပျက်သွားလေ၏။
"သမီးက အဲ့ဒီအခန်းကို အသုံးပြုလို့ရမယ်လို့ ထင်ထားခဲ့တာ ...သမီးက ခုညတစ်ညလုံး ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးတော့ မနက်ဖြန်အကဲဖြတ်စစ်ဆေးမှုမှာ အကောင်းဆုံးဖြစ်အောင် လုပ်ချင်ခဲ့တယ်"
သူ၏သမီးဖြစ်သူသည် မျက်ရည်ကျလုဆဲဆဲ ဖြစ်နေသည်ကိုကြည့်ပြီး ယုလုံချင်းသည် မျက်မှောက်ကြုတ်ကာ အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။
"တကယ်တော့ နည်းလမ်းတစ်ခု ရှိနေတယ်...ဒီစာကြည့်တိုက်ကို အဖြူရောင်ကျောက်တုံးမြို့ရဲ့ ဆယ့်ကိုးဆက်မြောက်မြို့အရှင်က တည်ဆောက်ထားခဲ့တာပဲ...ဒီနေရာက စာအုပ်တွေကို ရင်းမြစ်စွမ်းအင်တွေ တိုက်စားမှုကနေ ကာကွယ်ဖို့အတွက် အထူးသီးသန့်နည်းလမ်းတွေကို သုံးပြီးတော့ ကောင်းကင်ကံကြမ္မာ စွမ်းအင်ပမာဏအနည်းငယ်ကို ထုတ်လွှတ်ပေးနိုင်တဲ့ သန့်စင်ခြင်းဝင်္ကပါတစ်ခုကို ခင်းကျင်းထားတယ်...ဒါပေမဲ့ အဲ့ဒီဝင်္ကပါအသက်ဝင်လာဖို့အတွက် အဖိုးတန်ရှားပါးတဲ့ဆေးပင်တချို့ဒါမှမဟုတ် ရင်းမြစ်သားရဲသွေးတချို့ လိုအပ်တယ်....ပြဿနာမရှိဘူး...ငါ အခုချက်ချင်း ဒါတွေကို ပြင်ဆင်လိုက်မယ်....မင်းက စာကြည့်တိုက်ရဲ့အတွင်းဘက်အကျဆုံးနေရာကနေ စောင့်နေတော့...ငါက လျှို့ဝှက်ခန်းထဲက ရင်းမြစ်စွမ်းအင်တွေနဲ့ အဲ့ဒီနေရာကို ချိတ်ဆက်ပြီးတော့ မင်း ကျင့်ကြံနိုင်အောင် ကူညီပေးမယ်"
"အဖေကို ကျေးဇူးတင်ပါတယ်"
ယုရှောင်ယွီသည် ချက်ချင်းခုန်ပေါက်ပြီး သူမဖခင်၏ပါးကို နမ်းလိုက်၏။
"အဖေက သမီးကိုအချစ်ဆုံးပဲဆိုတာ သမီး သိတယ်"
"လူလည်မလေး...."
ယုလုံချင်းက သူ၏ခေါင်းကိုခါယမ်းပြီး စိတ်ကျေနပ်သောအပြုံးနှင့် ထွက်ခွာသွားတော့သည်။
သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကိုထုတ်လွှတ်ပေးရန်အတွက် အရင်းအမြစ်အမြောက်အများကို အသုံးပြုရမည်အား အသေးစိတ်ကျကျ ရှင်းပြခဲ့ခြင်းမပြုချေ။
မြို့အရှင်အိမ်တော်အတွက်ပင်လျှင် ဤအရင်းအမြစ်ပမာဏကို ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ချေ။သို့ရာတွင် သူ၏သမီးကို ကူညီပေးနိုင်သရွေ့ အရင်းအမြစ်များ ကုန်ဆုံးသွားမည်ဆိုလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။သူ ဤကိစ္စကို စွမ်းဆောင်နိုင်ပေ၏။
"ငါ့ရဲ့ 'စိတ်ဝိညာဉ်ရင်းမြစ်ဝါး'ကို လျှို့ဝှက်ခန်းစီယူလာပေးဖို့ အကြောင်းကြားလိုက်စမ်း"
ယုလုံချင်းက စာကြည့်တိုက်မှထွက်လာပြီးနောက် ညွှန်ကြားလိုက်သည်။
"စိတ်ဝိညာဉ်ရင်းမြစ်ဝါးလာ...မြို့အရှင် ဒါက မင်း ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ကို ချိုးဖျက်ဖို့အတွက် အထူးသီးသန့်ဝယ်ယူထားတဲ့ အဖိုးတန်ပစ္စည်းမဟုတ်လား...ဒါကို ခုလိုမျိုးအသုံးပြုလိုက်တာက အလဟဿ ဖြစ်မသွားဘူးလား"
အကြံပေးလျောင်သည် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် အလျင်အမြန်ပြောဆိုလိုက်သည်။
"ရှောင်ယွီက သူ့ရဲ့ခန္ဓာကိုယ်ကိုထိန်းညှိပြီးတော့ သူ့ရဲ့ရင်းမြစ်ရေအိုင်စွမ်းအားကို မြှင့်တင်ဖို့အတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူဖို့လိုအပ်ရုံလေးပဲ....သူက စွမ်းအင်အများကြီးကို စုပ်ယူနိုင်မှာမဟုတ်ဘူး...စိတ်ဝိညာဥ်ရင်းမြစ်ဝါးလို ရတနာတစ်ခုအတွက် ဒီကုန်ဆုံးမှုက ပြောပလောက်မှာ မဟုတ်ဘူး...မင်း ဘာမှမစိုးရိမ်နဲ့"
ယုလုံချင်းက အပြုံးနှင့်ပြောဆိုသည်။
အကယ်၍ စိတ်ဝိညာဥ်ရင်းမြစ်ဝါးကို ရွှေစေတီတစ်ဆူနှင့်နှိုင်းယှဉ်ပါက ထိုအရာအရည်ပျော်ကျသွားလျှင် စိတ်ပျက်ဖွယ်ကောင်းပေမည်။သို့ရာတွင် ရွှေစေတီမှ ရွှေအနည်းငယ်ကို ခြစ်ထုတ်လိုက်ရုံမျှဖြင့် များစွာထိခိုက်မှုရှိမည်မဟုတ်ချေ။မည်သည်ကြောင့် သူ၏သမီးပျော်ရွှင်အောင် လုပ်မပေးနိုင်ရမည်နည်း။
ထို့ပြင် ယခုလက်ရှိအခြေအနေအရ...
မနက်ဖြန်၌ ကျင်းပမည့် အကဲဖြတ်စစ်ဆေးမှုကြောင့် ကောင်းကင်ကံကြမ္မာစွမ်းအင်များ ရှိနေသည်ဆိုလျှင်ပင် သူ၏သမီးဖြစ်သူသည် သူမ၏ရင်းမြစ်ရေအိုင်အတွင်းသို့ စုပ်ယူနိုင်မည်မဟုတ်ချေ။
ဤစွမ်းအင်များကို သူမ၏ခန္ဓာကိုယ်ထိန်းညှိရန်နှင့် မရီဒါန်းများအတွင်းတွင် လှည့်ပတ်ရန်အတွက်သာ အသုံးပြုနိုင်ပေမည်။
အများဆုံးအနေဖြင့် သူမသည် စွမ်းအင်တန်းသုံးတန်းမှငါးတန်းအထိသာ စုပ်ယူနိုင်မည်ဖြစ်ရာ စိတ်ဝိညာဉ်ရင်းမြစ်ဝါး၏သစ်ရွက်တစ်ရွက်သာ ကုန်ဆုံးသွားပေမည်။
စိတ်ဝိညာဥ်ရင်းမြစ်ဝါး၌ အရွက်သုံးရာကျော် ရှိနေပေ၏။
ထို့ကြောင့် ဤကုန်ဆုံးမှုသည် ပြောပလောက်ဖွယ် မရှိချေ။
"မြို့အရှင်ပြောတာ အမှန်ပါပဲ"
အကြံပေးလျောင်သည် အချိန်တစ်ခဏကြာခန့် ချီတုံချတုံဖြစ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။
ရင်းမြစ်ရေအိုင် အပြည့်အဝတည်ငြိမ်ခြင်းမရှိသေးသော ကျင့်ကြံသူတစ်ယောက်သည် စွမ်းအင်များစွာ စုပ်ယူနိုင်မည်မဟုတ်ချေ။ အကယ်၍ မြို့အရှင်သည် သူ့သမီး၏ဆန္ဒကိုလိုက်လျောလိုသည်ဆိုလျှင် ဤသည်မှာ ကိစ္စကြီးတစ်ရပ် မဟုတ်ပေ။
"ဒါပြင် မိုယန်ရွှယ်ကိုလည်း ငါ့သမီးနဲ့အတူ ကျင့်ကြံခွင့်ပြုလိုက်ပါ....သူက ရှောင်ယွီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးတော့ ကျောင်းတော်မှာလည်း စာရင်းသွင်းထားတယ်...တကယ်လို့ သူတို့နှစ်ယောက်လုံး ကောင်းကောင်းမွန်မွန်စွမ်းဆောင်နိုင်မယ်ဆိုရင် အဖြူရောင်ကျောက်တုံးမြို့အတွက် အကျိုးကျေးဇူးတွေ ရလာနိုင်တယ်"
ယုလုံချင်းက ဖြည့်စွက်၍ပြောဆိုသည်။
အကြံပေးလျောင်သည် ခေါင်းညိတ်ပြပြီးနောက် အမိန့်အတိုင်းပြုလုပ်ရန် ထွက်ခွာသွားတော့သည်။
ယုရှောင်ယွီနှင့်မိုယန်ရွှယ်တို့သည် စာကြည့်တိုက်၏ အတွင်းဘက်အကျဆုံးနေရာသို့သွားကာ ကောင်းကင်ကံကြမ္မာစွမ်းအင်များ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြသည်။တစ်ချိန်တည်းမှာပင် ကျန်းရွှမ်သည် ယုရှောင်ယွီ ပြောဆိုခဲ့သော စာအုပ်စင်၏ရှေ့သို့ ရောက်ရှိနေပေ၏။သူ၏မျက်လုံးအကြည့်သည် 'လားရာငါးသွယ် မူလနည်းစနစ်'ဟု ရေးသားထားသောစာအုပ်ပေါ်သို့ အခိုင်အမာကျရောက်သွားသည်။
သူသည် ထိုစာအုပ်ကို ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ မိတ္ထူကူးရန် သူ၏လက်ချောင်းများဖြင့် ထိတွေ့လိုက်သည်။ထို့နောက် ကောင်းကင်ကံကြမ္မာစာအုပ်ဆယ်အုပ်သည် တပြိုင်နက်တည်း တုန်ခါသွားကာ စာအုပ်တစ်အုပ်အဖြစ်သို့ ပေါင်းစည်းသွားပေ၏။
"ဒါကိုဖွဲ့စည်းဖို့အတွက် ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းဆယ်တန်း လိုတယ်...ဒီစာအုပ်က တကယ့်ကို ထူးခြားတယ်"
ကျန်းရွှမ်သည် အနည်းငယ်အံ့အားသင့်သွားပေ၏။
ယခင်က သူ မိတ္တူကူးခဲ့သော စာအုပ်များအတွက် အောင်မြင်မှုရရန် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်တန်းသာ လိုအပ်သည်။သို့ရာတွင် ဤတအုပ်သည် စွမ်းအင်တန်းဆယ်တန်းလိုအပ်လေရာ မြင့်မားသောအဆင့်၌ရှိကြောင်း ညွှန်ပြနေပေ၏။
ဤသည်မှာ ကောင်းမွန်သောကိစ္စပင်။နောင်အနာဂတ်တွင် သူသည် ကျင့်ကြံနည်းစနစ်တစ်ခု၏တန်ဖိုးကို တိုင်းတာရန်အတွက် အကြောင်းအရာတိုင်းကိုဖတ်ရန် မလိုအပ်တော့ချေ။ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း ကုန်ဆုံးမှုပမာဏမှတဆင့် ထိုစာအုပ်၏အဆင့်ကို ဖော်ပြနိုင်ပေမည်။
အမှန်အားဖြင့် ကောင်းကင်ဘုံစာကြည့်တိုက်၏စွမ်းရည်သည် ကျင့်ကြံနည်းစနစ်များ၏အားနည်းချက်များကို ဖော်ပြပြီး ထိုအရာများ၏အဆင့်ကို အကြည့်တစ်ချက်ဖြင့် ရှင်းလင်းစေနိုင်သည်။
"ငါက စာအုပ်ခြောက်ထောင်ကျော် စုဆောင်းပြီးပြီ....ဒါက ကောင်းကင်လမ်းကြောင်းနည်းစနစ်တစ်ခုအဖြစ် ပေါင်းစည်းဖို့အတွက် လုံလောက်သင့်တယ်"
'လားရာငါးသွယ် မူလနည်းစနစ်'၏နံဘေးတွင်ရှိသော နည်းစနစ်များအားလုံးကို စုဆောင်းပြီးနောက် ကျန်းရွှမ်သည် ရပ်တန့်လိုက်၏။သူသည် အဖြူရောင်ကျောက်တုံးကျောင်းတော်၌ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်သောင်းခန့်ကို စုပ်ယူခဲ့ကာ ယခုအချိန်၌ အများစုကိုအသုံးပြုပြီးလေပြီ။ထို့ကြောင့် ဤစာအုပ်များအားလုံးကို ပေါင်းစည်းရန်အတွက် အချိန်ကျလာလေပြီ။
အတွေးတချက်ဖြင့် ကျင့်ကြံနည်းစနစ်များ၏အားနည်းချက်များ သူ့ရှေ့တွင် ထွက်ပေါ်လာကာ စာကြည့်တိုက်၏အလယ်တွင် စာအုပ်အသစ်တစ်အုပ်အဖြစ် ဖြည်းညှင်းစွာဖွဲ့စည်းသွားသည်။ထိုစာအုပ်၏မျက်နှာဖုံးပေါ်ရှိ စာလုံးများ ဝေဝါးနေသော်လည်း ထိုအရာများသည် မကြာမီ ပီပြင်ထင်ရှားလာမည်ဟု ညွှန်ပြနေပေ၏။
တစ်ချိန်တည်းမှာပင် ကြွင်းကျန်သည့် ကောင်းကင်ကံကြမ္မစွမ်းအင်စာအုပ်နှစ်ထောင်ကျော်သည် လျှင်မြန်စွာလောင်ကျွမ်းသွားသည်။ထိုစာအုပ်များမှ ထွက်လာသည့် သန့်စင်သောစွမ်းအားလှိုင်းများမှနေ၍ နူးညံသောအလင်းတန်းများအဖြစ် ဖွဲ့စည်းသွားကာ အသစ်ထွက်ပေါ်လာသော စာအုပ်အတွင်းသို့ အဆက်မပြတ်စီးဝင်နေသည်။
"ဒီကိစ္စကို ဆရာသခင်ကုန်းမြေမှာရှိနေတုန်းကငါ မသိခဲ့ဘူး....ဒီနေရာမှာ ကောင်းကင်လမ်းကြောင်းနည်းစနစ်တစ်ခုကို ဖန်တီးဖို့အတွက် စွမ်းအင်တွေအများကြီး လိုအပ်တာပါလား"
ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်ထောင်ကျော်သည် အသက်တရှိုက်စာအချိန်အတွင်းအတွင်း၌ လောင်ကျွမ်းသွားကာ ကောင်းကင်လမ်းကြောင်းနည်းစနစ်သည် အပြည့်အဝဖွဲ့စည်းခြင်း မရှိသေးသည်ကိုကြည့်ပြီး ကျန်းရွှမ်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
အတိတ်တွင် ဆရာသခင်ကုန်းမြေ၌ လုံလောက်သောစာအုပ်များကို စုစည်းနိုင်သရွေ့ သူသည် ကောင်းကင်လမ်းကြောင်းစနစ်ကို လွယ်လင့်တကူဖန်တီးနိုင်သည်။
သို့ရာတွင် ဤနေရာ၌ စွမ်းအင်ကုန်ဆုံးမှုသည် အလွန်ကြီးမားပေ၏။ကြည့်ရသည်မှာ ကောင်းကင်ဘုံစာကြည့်တိုက်ကို ရင်းမြစ်ကမ္ဘာ၏ကောင်းကင်ဥပဒေသများနှင့် ပေါင်းစည်းရန်အတွက် ရှည်လျားသောစိန်ခေါ်မှုဖြစ်စဉ်ကို ရင်ဆိုင်ရမည့်ပုံပင်။
သူ အလျင်လို၍မရချေ။သူ ဤနေရာ၌ နေထိုင်နိုင်သရွေ့ ရင်းမြစ်ကမ္ဘာ၏အစိတ်အပိုင်းများကို ကောင်းကင်ဘုံလမ်းကြောင်းဖြင့် အစားထိုးခြင်းဖြင့် တဖြည်းဖြည်း အောင်မြင်မှုကိုရရှိနိုင်ပေမည်။
ရောင်ပြန်ဟပ်လာသကဲ့သို့ ခံစားမိသဖြင့် ကျန်းရွှမ်က သူ့ရှေ့ရှိစာအုပ်ကို ထပ်မံ၍တချက်ကြည့်လိုက်သည်။ဤအချိန်အခိုက်အတန့်တွင် စာကြည့်တိုက်မှ တုန်ခါသံတစ်သံထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိအလင်းရောင် ရုတ်တရက် မှေးမှိန်သွားပေ၏။
"ဒါက...."
ကျန်းရွှမ်သည် ထိတ်လန့်သွားပေ၏။
ကြွင်းကျန်သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းနှစ်ထောင်ကျော် အပြည့်အဝကုန်ဆုံးသွားသည့်တိုင် ကောင်းကင်လမ်းကြောင်းနည်းစနစ်ကို အပြည့်အဝဖန်တီးနိုင်ခြင်းမရှိကြောင်း သူ မြင်တွေ့လိုက်ရသည်။
တခြားစကားပြောင်းဆိုရလျှင် အစောပိုင်းက သူ စုပ်ယူခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် လုံလောက်ခြင်းမရှိချေ။
ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်သောင်းခန့်ကို နေ့ဝက်အချိန်အတွင်းတွင် အသုံးပြုခဲ့ခြင်း....သူသည် အမှန်တကယ်ကို အသုံးအဖြုန်းကြီးသူတစ်ယောက်ပင်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ကောင်းကင်လမ်းကြောင်းနည်းစနစ်ကို အပြည့်အဝဖွဲ့စည်းနိုင်ခြင်း မရှိသေးချေ။ထိုသို့ဆိုပါက သူသည် မနက်ဖြန်ကျင်းပမည့် ရင်းမြစ်ရေအိုင်အကဲဖြတ်မှု အတောအတွင်းတွင် ကျင့်ကြံနိုင်တော့မည်မဟုတ်ပေ။
အကယ်၍ သူသည် ဤအခွင့်အရေးကို လက်လွှတ်ရပါက တခြားနည်းလမ်းတစ်ခုကို ရှာဖွေရန် ခက်ခဲပေမည်။သို့ရာတွင် ကောင်းကင်ကံကြမ္မစွမ်းအင်တန်းများအားလုံး ကုန်ဆုံးသွားလေရာ သူသည် မည်သည့်နေရာမှနေ၍ နောက်ထပ်စွမ်းအင်တန်း ထောင်ဂဏန်းအနည်းငယ်ကို ရှာဖွေရမည်နည်း။
ဤအချိန်အခိုက်အတန့်၌ ကျန်းရွှမ်သည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
Thank For Reading.