← Chapters

ထိပ်တိုက်ဖြေရှင်းခြင်း

Vol. 2 Ch. 25

ထိပ်တိုက်ဖြေရှင်းခြင်း

Vol. 2 Ch. 25

"ဒါက တကယ့်ကို နင့်ရဲ့အပြစ်ကြောင့်ပါလား"

ယုရှောင်ယွီက အံ့အားတသင့် ရေရွတ်လိုက်သည်။

သူမသည် သူမ၏ရထားလုံးမောင်းသမားကို ယုံကြည်သဖြင့် သူ၏ဝန်ခံချက်ကြောင့် ဤကိစ္စသည် အမှန်ဖြစ်ပေမည်။

ဖုန်ကျင်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူ၏မျက်လုံးများတောက်ပသွားကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

"သခင်မလေး...ရထားလုံးမောင်းသမားက ဒီကိစ္စကို အတည်ပြုပြီးပြီ...ကျေးဇူးပြုပြီးတော့ ကျန်းရွှမ်ကို ချက်ချင်းအပြစ်ပေးဖို့ အမိန့်ပေးပေးပါ"

မိုယန်ရွှယ်က မျက်မှောင်ကြုတ်ပြီး ကျန်းရွှမ်ထံသို့ ကြည့်လိုက်သည်။

"နင့်မှာ ဘာပြောစရာရှိသေးလဲ"

"ငါ ညှင်းပန်းနှိပ်စက်လို့ သေသွားခဲ့တာလား"

ကျန်းရွှမ်က အံ့တင်းတင်းကြိတ်ပြီး သူ့ကိုကြည့်ရသည်မှာ အလွန်ကြေကွဲဝမ်းနည်းနေပုံရသည်။သူသည် ရုတ်တရက် ရထားလုံးမောင်းသမားထံသို့ ကြည့်လိုက်၏။

"ပထမအချက်အနေနဲ့ ငါတို့က ဒီနေ့မှ တွေ့ဖူးတာ ငါက မြင်းကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတာ မင်းက ဘယ်လိုသိတာလဲ...ဒုတိယအချက်ကတော့ ငါရဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဆုရှင်း သေသွားခဲ့တယ်လို့ မင်း ပြောချင်တာဆိုရင် မြင်းက ဘယ်လို သေသွားတာလဲဆိုတာ ငါ့ကို အတိအကျပြောစမ်း.. ပြီးတော့ ဘယ်အချိန်ကလဲ...."

"အမ်....."

ရထားလုံးမောင်းသမားသည် ဤမျှထိ အသေးစိတ်ကျကျ မေးမြန်းမည်ဟု မျှော်လင့်မထားမိချေ။သူသည် ကျန်းရွှမ်နှင့် အကြည့်ခြင်းမဆုံဝံ့ဘဲ နောက်သို့ပြန်ဆုတ်ကာ မဝံ့မရဲလေသံဖြင့် ပြောဆိုသည်။

"မင်းနဲ့မိန်းကလေးမို ထွက်သွားပြီးတဲ့နောက်မှာ မြင်းက ကြာကြာတောင့်မခံနိုင်တော့ဘဲနဲ့ သေသွားခဲ့တယ်"

"ဒါက အမှန်မဟုတ်ဘူး...."

ကျန်းရွှမ်က သူ၏စကားမဆုံးသေးမီမှာပင် ကြားဖြတ်ဟန့်တားလိုက်သည်။

"ခုဏက ငါတို့ထွက်သွားပြီးတော့ နှစ်နာရီကျော်ကြာပြီးတဲ့နောက်မှာ ဆုရှင်း သေသွားခဲ့တယ်လို့ အိမ်တော်ထိန်းဖုန်းက ပြောခဲ့တယ်...ငါတို့ထွက်သွားပြီး သိပ်မကြာသေးခင်မှာ မြင်းသေသွားတယ်လို့ မင်းက ဘာလို့ပြောတာလဲ"

ဤသည်မှာ ကျန်းရွှမ်၏အတိတ်ဘဝမှ သာမန်စစ်ကြောရေးနည်းဗျူဟာပင်။

သူ ရထားလုံးကိုစီးနေစဉ်တွင် ရထားလုံးမောင်းသမားနှင့်အိမ်တော်ထိန်းဖုန်းတို့သည် ကြိုတင်စည်းဝါးကိုက်ထားပြီးဖြစ်ကြောင်း သူ သိရှိခဲ့သည်။သူတို့သည် ဆုရှင်း သေဆုံးသွားသောကိစ္စကို အသေးစိတ်ကျကျ ညှိနှိုင်းရခြင်းမရှိသေးကြောင်း သူ၏စူးစမ်းမှုအရ ထုတ်ဖော်နိုင်ခဲ့သည်။ဤသည်မှာ သူ အကျိုးရှိရှိအသုံးချနိုင်သော အခွင့်ကောင်းတခုပင်။

တိကျသေချာစွာပင်...

ဤစကားကိုကြားသည်နှင့် ရထားလုံးမောင်းသမားသည် ထိတ်လန့်သွားကာ ကိုးရိုးကားရားဖြင့် ပြောဆိုလိုက်၏။

"ငါ အမှတ်မှားတာပဲဖြစ်မယ်...မြင်းက မင်းတို့ သွားပြီးတဲ့နောက် နှစ်နာရီလောက် ကြာတဲ့အချိန်မှာ သေသွားခဲ့တာပဲ"

"သခင်မလေးမို မိန်းကလေးယုနဲ့ငါက ကျောင်းတော်ထဲမှာရှိနေခဲ့တာ အချိန်နှစ်နာရီမပြည့်ဘူး...မြင်းမသေခင် ငါတို့ ပြန်ရောက်လာတာလို့ မင်းက ပြောချင်တာလား"

ကျန်းရွှမ်က မေးခွန်းထုတ်လိုက်သည်။

"အမ်....ဒါတော့... မြင်းက မင်းတို့ ထွက်သွားပြီးတဲ့နောက်မှာ သေသွားခဲ့တာပဲ ငါ သိတယ်..."

ရထားလုံးမောင်းသမား ထိတ်လန့်ကြောက်ရွံနေ​သည်မှာ သိသာထင်ရှားသည်။

'ဒါက အဆုံးသတ်သွားပြီ....'

ဖုန်ကျင်း၏မျက်နှာ ဖြူရော်သွားကာ ကျန်းရွှမ်သည် ရထားလုံးမောင်းသမား၏ယုံကြည်ချက်ကင်းမဲ့မှုကို ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။

ရထားလုံးမောင်းသမား၏ကြောက်ရွံ့နေမှုကို ကြည့်ပြီး ကျန်းရွှမ်သည် ဖိအားပေးနေခြင်းကို ရပ်တန့်ကာ တစ်ဖက်သို့လှည့်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။

"မြို့အရှင် သခင်မလေးမိုနဲ့မိန်းကလေးယု...ဒီရထားလုံးမောင်းသမားရဲ့စကားတွေက ရှေ့နောက်မညီဘူး...သူ လိမ်ပြောနေတယ်ဆိုတာ သိသာတယ်...ငါ့ရဲ့နာမည်ကို ရှင်းလင်းပေးဖို့ ငါ မင်းတို့ကို တောင်းဆိုပါရစေ"

မိုးယန်ရွှယ်၏မျက်ခုံး မြင့်တက်သွားပြီး ယုရှောင်ယွီကို ကြည့်လိုက်သည်။ဤကဲ့သို့ အခြေအနေတွင် ရထားလုံးမောင်းသမား လိမ်ပြောနေသည်ကို မည်သူမဆို ပြောဆိုနိုင်ပေ၏။

သူမ သူငယ်ချင်း၏ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သဖြင့် ယုရှောင်ယွီက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ဘာတွေ ဖြစ်သွားတာလဲ...တကယ်လို့ နင် နောက်တစ်ကြိမ် ထပ်ပြီးလိမ်ရဲမယ်ဆိုရင် ငါက အခုချက်ချင်း နင့်ကို ရိုက်သတ်မယ်..."

ယုလုံချင်းကလည်း သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

"ငါ့အိမ်တော်ရဲ့စည်းကမ်းတွေကို မင်း သိနေတာပဲ...ငါ ဘာမှထပ်မပြောချင်ဘူး...."

ဘုန်း...

မြို့အရှင်နှင့်သခင်မလေးတို့နှစ်ယောက်လုံး ဒေါသထွက်နေသည်ကို မြင်တွေ့ချိန်၌ ရထားလုံးမောင်းသမားသည် ထပ်မံ၍တောင့်မခံနိုင်တော့ဘဲ ဒူးထောက်လိုက်သည်။ထို့နောက် သူသည် တုန်တုန်ရီရီဖြင့် သူ၏အိတ်ကပ်အတွင်းမှ ရင်းမြစ်ဒင်္ဂါးများကို ထုတ်လိုက်၏။

"မြို့အရှင် သခင်မလေး...အိမ်တော်ထိန်းဖုန်းက ငါ့ကို ရင်းမြစ်ဒင်္ဂါးငါးဆယ်ပေးပြီး ဒီလို ပြောခိုင်းခဲ့တာပါ...ငါက ဘယ်သူ့ကိုမှ မှားယွင်းပြီးမစွပ်စွဲချင်ပါဘူး..."

"မင်း...မင်းက ငါ့ကို အကွက်ချကြံစည်ဖို့အတွက် လိမ်ပြောနေတာပဲ"

ဖုန်ကျင်း၏အမြင်အာရုံ မှောင်မည်းသွားကာ သူသည် ဖင်ထိုင်ရက်သား လဲကျသွားပြီး သူ၏လက်များကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလိုက်သည်။

"သခင်မလေး ငါ အဲ့ဒီလိုမလုပ်ပါဘူး...သူ လိမ်ပြောနေတာပါ...ဘာလို့ ငါက သူ့ကို ငွေတွေပေးမှာလဲ"

"ပါးစပ်ပိတ်ထားစမ်း...အခုက နင် ပြောဖို့ အလှည့်မကျသေးဘူး"

မိုယန်ရွှယ်က သူမ၏မိသားစုမှ အိမ်တော်ထိန်းသည် ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်ခဲ့သဖြင့်ထိတ်လန့်တုန်လှုပ်နေပြီး အလွန်အမင်းအရှက်ရနေသည်။သူမက ရထားလုံးမောင်းသမားဘက်သို့လှည့်ပြီး ပြောဆိုလိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အတိအကျပြောစမ်း...ဆုရှင်းက ဘယ်လို သေသွားတာလဲ"

"ဟုတ်ကဲ့ပါ မိန်းကလေးမို"

ရထားလုံးမောင်းသမားသည် အမှန်တရားကို ထပ်မံ၍ဖုံးကွယ်မရတော့သည်အား သိရှိသဖြင့် အချိန်မဖြုန်းတော့ဘဲ သူ မြင်တွေ့ခဲ့သမျှ အရာအားလုံးကို အသေးစိတ်ကျကျ အလျင်အမြန်ပြန်ပြောလိုက်သည်။

"မင်းတို့ ထွက်သွားပြီးတဲ့နောက်မှာ အိမ်တော်ထိန်းဖုန်းက ကျန်းရွှမ်တောင် ဆုရှင်းကို ယဥ်ပါးအောင်လုပ်နိုင်ရင် သူလည်း အဲ့ဒီလို လုပ်နိုင်မယ်လို့ တွေးထင်ခဲ့တယ်...ဒါကြောင့် သူက မြင်းကို မဖွယ်မရာလုပ်ခဲ့တယ်...ဆုရှင်းက အရှက်ရမှုကိုသည်းမခံနိုင်တာကြောင့် နံရံတခုနဲ့ ဝင်ဆောင့်ပြီးသတ်သေသွားခဲ့တယ်...အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာတော့ ဘာဆက်ဖြစ်လဲဆိုတာ ငါ မမြင်ခဲ့ရတဲ့အတွက် မသိတော့ဘူး"

"မင်းကသာ မဖွယ်မရာလုပ်တဲ့လူ...မင်းရဲ့တစ်မိသားစုလုံးကသာ မဖွယ်မရာလုပ်နေတာ...ပေါက်ကရစကားတွေ ပြောနေတာကို ရပ်လိုက်စမ်း..."

ဖုန်ကျင်း၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလုမတတ်ပင်။

သူသည် မြင်းကို ယဥ်ပါးအောင်ကြိုးစားခဲ့သော်လည်း မဖွယ်မရာပြုလုပ်သည်ဟု စွပ်စွဲခဲ့ရသည်မှာ အလွန်ရှက်ရွံဖွယ်ကောင်းသည်။မြင်းတစ်ကောင်ကို မဖွယ်မရာ ပြုလုပ်ခြင်း...ထို့ပြင် မြင်းသည် အထီးဖြစ်နေသည် မဟုတ်လော။သူ ရူးသွပ်သွားမှသာ ထိုသို့ ပြုလုပ်ပေမည်။

"ဒါက အမှန်ပါပဲ"

ရထားလုံးမောင်းသမားက ထပ်မံ၍ပြောဆိုသည်။

"ဒီကိစ္စကို ငါတင် မကဘူး...အနည်းဆုံး လူတစ်ရာကျော်လောက်က ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရတယ်...မြို့အရှင်နဲ့သခင်မလေး တကယ်လို့ ငါ့ကို မယုံကြည်ဘူးဆိုရင် တခြားတစ်ယောက်ကို မေးလို့ရပါတယ်...ဆုရှင်းက နံရံနဲ့ဝင်တိုက်ပြီး သတ်သေခဲ့တာကြောင့် လည်ပင်းကျိုးပြီး သေသွားခဲ့တာပါ"

ထိုဖြေရှင်းချက်ကိုကြားပြီးနောက် အကြံပေးလျောင်သည် ဆုရှင်း၏အနီးသို့ ချဉ်းကပ်သွားပြီး သူ၏လည်ပင်းကို ကိုင်ကြည့်လိုက်၏။တိကျသေချာစွာပင် မြင်ူ၏လည်ပင်းရိုး ကျိုးနေသည်။ထို့နောက် သူသည် မြို့အရှင်ဘက်သို့လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"မြင်းက နံရံနဲ့ဝင်တိုက်ခဲ့တာကြောင့် လည်ပင်းရိုးကျိုးပြီး သေသွားခဲ့တာပါ"

"ဖုန်ကျင်း.. နင့်မှာ ဘာပြောစရာရှိသေးလဲ..."

မိုယန်ရွှယ်၏အသံသည် ဆောင်းရာသီအတွင်းရှိ နှင်းများအလား အေးစက်တင်းမာနေကာ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။

ယခုအချိန်၌ သူမ အမှန်တကယ်ကို ဒေါသထွက်နေသည်။

သူမ၏အဆိုးရွားဆုံးအိပ်မက်များအတွင်း၌ပင် သူမ အစဥ်အမြဲယုံကြည်ခဲ့သော အိမ်တော်ထိန်းသည် ဤကဲ့သို့ကိစ္စတစ်ခုကို ပြုလုပ်မည်ဟု တွေးထင်မထားမိချေ။

"သခင်မလေး...ငါ...."

ဖုန်ကျင်း၏မျက်နှာ ဖြူရောသွားကာ သူသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားသည်။

ဤကဲ့သို့ အသေးစိတ်ကျသော စွပ်စွဲချက်များကြောင့် ယခုအချိန်၌ သူ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ လွတ်မြောက်အောင်ရှင်းပြနိုင်ရန် ခက်ခဲကြောင်း သူ နားလည်သဘောပေါက်သည်။

"အိမ်တော်ထိန်းတစ်ယောက်ဖြစ်တဲ့ နင်က မိုမိသားစုမှာ အကျိုးကျေးဇူးတွေ အများကြီးရခဲ့တယ်...နင်က ငါတို့ကို ကျေးဇူးကန်းရုံတင်မကဘူး ဆုရှင်းကိုသတ်ပြီးတော့ တခြားတယောက်ကို အကွက်ဆင်ခဲ့တယ်....ဒါက ကြီးလေးတဲ့အပြစ်ပဲ"

မိုယန်ရွှယ်၏အသံတွင် ဒေါသများဖြင့်ပြည့်နှက်နေကာ သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"သခင်မလေး...ငါ မှားသွားပါတယ်..."

ဖုန်ကျင်းက အော်ဟစ်ငိုယိုလိုက်သည်။

"ဆုရှင်း နံရံနဲ့ဝင်တိုက်ခဲ့တာက ငါရဲ့အပြစ်လို့ ငါ ဝန်ခံပါတယ်...ဒါပေမဲ့ မြင်းက အစကတည်းက ဒဏ်ရာရထားတာ...အထူးသဖြင့် သူ့ရဲ့ဗိုက်က ဒဏ်ရာပဲ...အဲ့ဒီဒဏ်ရာက ငါ့ကြောင့်ဖြစ်တာမဟုတ်ဘူးဆိုတာ ငါ ကျိန်ဆိုရဲတယ်"

မိုယန်ရွှယ်က ပြောဆိုသည်။

"တကယ်လို့ နင် မဟုတ်ရင် တခြားဘယ်သူရှိသေးလို့လဲ"

ဖုန်ကျင်းက တုံ့ပြန်လိုက်၏။

"ဆုရှင်းက နံရံနဲ့ဝင်တိုက်ပြီးတော့ သေသွားတဲ့နောက်မှာ ဝူရှန်းနဲ့ငါက သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးခဲ့တယ်....သူ အစကတည်းက ဒဏ်ရာအပြင်းအထန်ရထားတာကို ငါတို့ ရှာတွေ့ခဲ့တယ်...သူ့ရဲ့ဗိုက်က ဓားဒဏ်ရာကို ချုပ်ထားခဲ့တာကြောင့် အရင်က ငါတို့သတိမပြုမိတာပဲ.. ဒီဒဏ်ရာက မြင်းကို ယဥ်ပါးအောင် ထိန်းကျောင်းတဲ့ချိန်မှာ ကျန်းရွှမ် လုပ်ခဲ့တာလို့ ငါ ယုံကြည်တယ်...ဆုရှင်းက စိတ်နဲ့ကိုယ်နှစ်မျိုးလုံး နာကျင်တာကို တောင့်မခံနိုင်တော့တာကြောင့် ငါက သူ့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေတဲ့အချိန်မှာ သူက နံရံနဲ့ဝင်ဆောင့်ပြီး သတ်သေသွားခဲ့တာပါ"

"အခုအချိန်ထိတောင် မင်းက ငါ့အပေါ်ကို အပြစ်တွေ ပုံချချင်တုန်းပဲလား"

ကျန်းရွှမ်က ပြောဆိုသည်။

"ဒီဒဏ်ရာက မင်းကြောင့်ဖြစ်တာ မဟုတ်ဘူးဆိုရင် မင်း သက်သေပြနိုင်လား...ဒါမှမဟုတ် ငါ လုပ်တယ်လို့ မင်းက ပြောချင်တာဆိုရင် မင်းမှာ ဘာသက်သေပြစရာရှိလဲ"

"ငါ..."

ဖုန်ကျင်းသည် ကြက်သေသေသွားပြီးနောက် နံဘေးသို့လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။

"ဝူရှန်းက သက်သေလုပ်ပေးနိုင်တယ်"

"အမှန်ပဲ...ငါ သက်သေခံနိုင်တယ်...အိမ်တော်ထိန်းဖုန်း ပြောသမျှ အရာရာတိုင်းက အမှန်ပဲ"

ဝူရှန်းက အလျင်အမြန် ထောက်ခံလိုက်သည်။

"မင်း သက်သေခံနိုင်မယ်လို့ ထင်နေတာလား...ငါက ဆုရှင်းကို သတ်ခဲ့တယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား"

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မင်းတို့နှစ်ယောက်က အတူပူးပေါင်းထားတာ...မင်းရဲ့စကားတွေကို သက်သေခံချက်လို့ ထပ်ပြီးယူဆလို့ မရတော့ဘူး"

"သခင်မလေး...."

ဝူရှန်းသည် အလျင်အမြန်မော့ကြည့်လိုက်၏။

မိုယန်ရွှယ်က ပြောဆိုသည်။

"ကျန်းရွှမ်ပြောတာ အမှန်ပဲ....နင့်ရဲ့စကားတွေက သက်သေအနေနဲ့ ထပ်ပြီးသုံးလို့မရတော့ဘူး....ဖုန်ကျင်း တကယ်လို့ နင့်မှာ တခြားသက်သေပြစရာမရှိဘူး ဆိုရင်တော့ ဒီဒဏ်ရာက နင့်ကြောင့်ဖြစ်တာပဲ"

ဖုန်ကျင်းသည် ရှင်းပြလိုသော်လည်း သူ မည်သည့်အရာကိုမျှ မတတ်နိုင်သည်ကို သိရှိသွားသည်။သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပေ၏။ရုတ်ချည်းဆိုသလိုပင် သူသည် တစ်စုံတစ်ခုကို တွေးတောမိသွားကာ အလျင်အမြန်ပြောဆိုလိုက်သည်။

"သခင်မလေး ဒီကိစ္စကို စဉ်းစားကြည့်ပါအုံး...တကယ်လို့ ဆုရှင်းက နံရံနဲ့ဝင်တိုက်ပြီး သေသွားတယ်ဆိုရင် ငါက ဘာလို့ သူ့ရဲ့ဗိုက်ကို ဓားနဲ့လှီးဖြတ်မှာလဲ...ဒါက ငါ့အတွက် ပြဿနာဖြစ်စေနိုင်တယ် မဟုတ်လား...ဒါကြောင့် ဒီဒဏ်ရာက အရင်ကတည်းက ရှိနေခဲ့တာပဲ"

"အဓိပ္ပါယ်မဲ့လိုက်တာ..."

မိုယန်ရွှယ် စကားမပြောဆိုသေးမီမှာပင် ကျန်းရွှမ်က ဖုန်ကျင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"တကယ်လို့ ငါမှတ်မိတာမှန်တယ်ဆိုရင် ဆုရှင်းက မိုယွင်ကျောက်စိမ်းကို စားခဲ့တယ် မဟုတ်လား...အဲ့ဒီပစ္စည်းက အကြောင်းပြချက်တစ်ခု ဒါမှမဟုတ် အဓိကအချက် ဖြစ်နေမလား..."

"အမှန်ပဲ...မိုယွင်ကျောက်စိမ်းက အရမ်းတန်ဖိုးကြီးတယ်...ဒါကို ပျောက်သွားတဲ့အချိန်မှာ လျှူမင်ယွဲ့တောင် စိတ်ပျက်လက်ပျက်နဲ့ အော်ငိုနေခဲ့တယ်...ဒီပစ္စည်းကို အပြင်မှာသွားရောင်းရင် ငွေတွေအများကြီး ရနိုင်တယ်"

ယုရှောင်ယွီက ထောက်ခံပြောဆိုသည်။

All Chapters