ငါက သူ့ကို ငါ့ရဲ့ကလေးတစ်ယောက်လို သဘောထားတယိ
Vol. 2 Ch. 24
မြင်းကောင်းတစ်ကောင်သည် မောက်မာဝံ့ကြွားသည်ဟု ဆိုသည့်တိုင် ပျံသန်းနိုင်သော အမဲလိုက်လင်းယုန်နှင့် နှိုင်းယှဉ်ပါက အလွန်နိမ့်ကျသည်။ထိုကြောင့် လင်းယုန်ကို လွယ်လင့်တကူ ယဥ်းပါးစေနိုင်လျှင် ဆုရှင်းသည် မည်သည်ကြောင့် ယဥ်ပါးအောင်ပြုလုပ်ခံရခြင်းကြောင့် သေဆုံးသွားခဲ့သနည်း။
မိုယန်ရွှယ်သည် ယခင်က ဖုန်ကျင်း၏စကားများကို ယုံကြည်ခဲ့သော်လည်း ယခုအချိန်၌ သံသယတချို့စဝင်နေလေပြီ။
"သခင်မလေး....ဒါက ဘာကိုဆိုလိုတာလဲ"
ကျန်းရွှမ်သည် မိုယန်ရွှယ်၏စကားများကို အနည်းငယ်မျှ နားမလည်သည့်အလား ကြက်သေသေသွားသည်။သူ၏နှုတ်ခမ်းများတုန်ရီနေကာ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နေပေ၏။
"မင်းပြောတာ...ဆုရှင်း...သူ...သူ သေသွားပြီလား"
ဤအချိန်အခိုက်အတန့်၌ ကျန်းရွှမ်၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှု စိတ်ရှုပ်ထွေးမှုဟမယုံကြည်နိုင်မှု ဝမ်းနည်းကြေကွဲမှုတို့ ရောယှက်ပြီး ထင်ဟပ်နေသည်။စိတ်ခံစားချက်အမျိုးမျိုး ရောယှက်နေသဖြင့် သူသည် ထိုသတင်းကို ယခုမှ ကြားသိရသည်မှာ သိသာထင်ရှားသည်။
"နင်က အံ့အားသင့်သွားတာလား"
မိုယန်ရွှယ်က မျက်မှောက်ကြုတ်လိုက်သည်။
"ဒီမနက်မှာ ဆုရှင်းရဲ့ကျန်းမာရေးက အရမ်းကောင်းတယ်...သူက ငါနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက်နေပြီးတော့ မင်းတို့ကို ကျောင်းတော်ထိတောင် လိုက်ပို့ခဲ့သေးတယ်...ဘယ်လိုလုပ်ပြီးတော့ သူက သေသွားတာလဲ"
ကျန်းရွှမ်က လက်သီးဆုပ်ပြီး အံ့တင်းတင်းကြိတ်လိုက်သည်။
"သခင်မလေး..ဘာတွေဖြစ်သွားတာလဲဆိုတာ အတိအကျပြောပြပါအုံး..."
အတုအယောင်ဟုတ်ပုံမရသော သူ၏ခံစားချက်များကို မြင်နေရသည့်အပြင် အစောပိုင်းက လင်းယုန်ကို သူ၏လွယ်လင့်တကူ ယဥ်ပါးစေခဲ့ခြင်းအား ပြန်စဉ်းစားမိချိန်တွင် မိုယန်ရွှယ်သည် အတပ်မပြောနိုင်တော့ချေ။သူမက ကျန်းရွှမ်ကို တစ်ချက်ပြန်ကြည့်ပြီး ပြောဆိုလိုက်သည်။
"မြို့အရှင်အိမ်တော်ကို နင် သွားနေတဲ့အချိန်မှာ ဖုန်ကျင်းက နင် ဆုရှင်းကို ယဥ်ပါးအောင်လုပ်တယ်ဆိုတာ ရိုက်နှက်ရုံတင်မကဘူး ထက်ရှတဲ့လက်နက်နဲ့ သူ့ရဲ့ဗိုက်ကို ထိုးခဲ့တယ်လို့ ငါ့ကို ပြောခဲ့တယ်...ဒါကြောင့် မြင်းက စိတ်နဲ့ကိုယ်နာကျင်မှုနှစ်ခုလုံးကို တောင်မခံနိုင်တော့ဘဲနဲ့ ငါတို့တွေ မရှိတော့တဲ့အချိန်မှာ သေသွားခဲ့တယ်"
"ငါက ဆုရှင်းကို သတ်လိုက်တယ်လို့ မင်းတို့က စွပ်စွဲနေတာလား"
ကျန်းရွှမ်၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
"ဆုရှင်းက ငါ့ဆီမှာ အညံ့ခံထားပြီးတော့ ငါ့ရဲ့အချစ်ဆုံးသားရဲ ဖြစ်တာကို ထည့်မပြောရင်တောင် ငါက သူ့ကို အချိန်အကြာကြီး ဂရုစိုက်ခဲ့တာကြောင့် သံယောဇဉ်တွယ်နေပြီ....ဘယ်လိုလုပ်ပြီးတော့ ငါက လူမဆန်တဲ့ကိစ္စတစ်ခုကို လုပ်မှာလဲ...ဒါ့ပြင် ဆုရှင်းရဲ့ဗိုက်ကို တကယ်ကြီး ထိုးခွဲခံထားရတယ်ဆိုရင် မိန်းကလေးယု စီးနေတဲ့အချိန်မှာ ဘယ်လိုလုပ်ပြီးတော့ သတိမထားမိဘဲနေမှာလဲ"
"အမှန်ပဲ....ငါ ဆုရှင်းကို စီးနေတဲ့အချိန်တုန်းက သူက အားအင်အပြည့်နဲ့ လေတိုက်ခတ်သလိုမျိုး ပြေးလွှားနေတယ်"
ယုရှောင်ယွီက ခေါင်းညိတ်လိုက်သည်။
မြင်းကိုစီးခဲ့သော လူတစ်ယောက်ဖြစ်သဖြင့် သူမ၏စကားသည် ဤကိစ္စအတွက် အလွန်အရေးပါသည်။
ယနေ့မနက်ခင်းတွင် ဆုရှင်သည် သန်မာအားကောင်းပြီး ဖျတ်လတ်တက်ကြွစွာဖြင့် ပြေးလွှားနေခဲ့သည်။အကယ်၍ မြင်းသည် ဒဏ်ရာရရှိပါက ထိုသို့ပြုလုပ်နေရန် မဖြစ်နိုင်ချေ။
မိုယန်ရွှယ်သည် တိတ်ဆိတ်ငြိမ်သက်နေပေ၏။
အမှန်အားဖြင့် ဆုရှင်း၏ဒဏ်ရာသည် ယခင်ကတည်းက ရရှိထားခြင်းဖြစ်ပါက....အထူးသဖြင့် ဤကဲ့သို့ ကြီးမားသောဒဏ်ရာတစ်ခု ရှိနေလျှင် မြင်းသည် ကျန်းရွှမ်မှ ရိုက်နှက်ထားခြင်းကြောင့် မည်မျှထိ ထိတ်လန့်ကြောက်ရွံ့နေသည်ဖြစ်စေ နာကြင်မှုကို ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ချေ။
"ဆုရှင်းကို ယဥ်ပါးအောင် ငါ လုပ်ခဲ့တယ်...ဒါ့ပြင်အိမ်တော်ထိန်းဖုန်းကို မင်းရဲ့ခြေနင်းကျောက်တုံးအဖြစ် ငါ လုပ်စေခဲ့တာက သူ့ရဲ့မာန်မာနကို ထိခိုက်စေတယ်ဆိုတာ ငါ သိတယ်...ဒါပေမဲ့ သူက ဆုရှင်းကို ရည်ရွယ်ချက်ရှိရှိသတ်ပြီးတော့ ငါ့ကိုစွပ်စွဲတာကတော့ အရမ်းလွန်သွားပြီ"
ကျန်းရွှမ်က အံ့တင်းတင်းကြိတ်ပြီး သူ၏မျက်နှာပေါ်တွင် မခံမရပ်နိုင်မှုနှင့်ဒေါသတို့ ရောယှက်နေသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"ငါက သူနဲ့ ထိပ်တိုက်ဖြေရှင်းမယ်...တကယ်လို့ သူ လိမ်နေတယ်ဆိုရင် သခင်မလေးက ငါ့ရဲ့နာမည်ကို ရှင်းလင်းပေးဖို့ ငါ မျှော်လင့်တယ်...ဒါပေမယ့် တကယ်လို့ မြင်းက ငါ့ကြောင့် သေသွားခဲ့တာဆိုရင် ငါ့ရဲ့ဘဝတလျှောက်လုံး ဘာညည်းညူမှုမျိုးမှမရှိဘဲနဲ့ မင်းအတွက် တာဝန်ထမ်းဆောင်ပေးမယ်"
"ကောင်းပြီလေ..."
အချိန်တခဏကြာခန့် စဉ်းစားခြင်းချင့်ချိန်ပြီးနောက် မိုယန်ရွှယ်က သဘောတူညီကာ ယုလုံချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"မြို့အရှင်...ငါ့ရဲ့လူတွေက ဆုရှင်းရဲ့အလောင်းကိုသယ်ပြီးတော့ ဒီနေရာကို ရောက်နေကြတယ်...အမှန်တရားကို စစ်ဆေးဖို့အတွက် သူတို့ကို အိမ်တော်ထဲ ဝင်ခွင့်ပြုနိုင်မလား"
"ရတာပေါ့...မိန်းကလေးမိုရဲ့လူတွေကို အထဲခေါ်ခဲ့ပါ"
ယုလုံချင်းက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
ဤလူငယ်သည် သားရဲများကို ယဥ်ပါးစေရာ၌ အလွန်မြင့်မားသော ပါရမီအရည်အချင်းရှိသည်။မြို့အရှင်တစ်ယောက်အနေဖြင့် သူသည် ကျန်းရွှမ်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်လိုသည့်အပြင် ထိုလူငယ်၏နာမည်ကို ကူညီ၍ရှင်းလင်းပေးရန် သူ လိုလားသည်။
အစောင့်များထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ဖုန်ကျင်းနှင့်ဝူရှန်းတို့သည် ဆုရှင်း၏အလောင်းကို သယ်ဆောင်၍ ခန်းမအတွင်းသို့ ရောက်ရှိလာသည်။
မြင်းသည် တွန်းလည်းပေါ်၌ မလှုပ်မယှက်ရှိနေသည်ကို မြင်တွေ့ချိန်တွင် ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ် အဆက်မပြတ်တုန်ရီနေပြီး သူ၏မျက်လုံးများ နီမြန်းသွားပေ၏။
"ဆုရှင်း..."
မြင်း၏အနီးသို့ လျှောက်လှမ်းသွားရင်း ကျန်းရွှမ်သည် နောက်ဆုံး၌ မြင်း၏ဗိုက်အနီးသို့ အရောက်တွင် ရပ်တန့်သွားသည်။သူသည် တုန်ရီနေသော လက်ချောင်းများဖြင့် ထိုအနားကို ညင်သာစွာပွတ်သပ်ကာ တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလားပင်။သို့ရာတွင် သူသည် အသက်တစ်ရှိုက်စာ အချိန်မပြည့်မီမှာပင် ရပ်တန့်လိုက်၏။ထို့နောက် သူသည် မြင်း၏ခေါင်းကိုကိုင်ပြီး သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။
"ဆုရှင်း...ဆုရှင်း မင်း ဘယ်လိုဖြစ်သွားတာလဲ ...မင်း မသေရဘူး...ငါတို့က အချိန်အကြာကြီး အတူရှိနေခဲ့ပြီးတော့ ငါက မင်းကို ငါ့ရဲ့ကလေးတယောက်လို အမြဲတမ်းသဘောထားခဲ့တယ် ...ဒီနေ့ မင်း သေသွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါက မင်းကို အမြဲတမ်း ငါ့ရဲ့ကလေးတစ်ယောက်လို တန်ဖိုးထားခဲ့တာလေ"
ဥဩငှက်တစ်ကောင်၏အော်မြည်သံအလား ကြေကွဲဝမ်းနည်းသော ငိုသံတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ ကျန်းရွှမ်၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။
"..."
ဖုန်ကျင်းနှင့်ဝူရှန်းတို့သည် ကြက်သေသေသွားလေ၏။
သူတို့သည် အမှန်တကယ်ကို ဤမျှထိ အလွန်နီးစပ်သွားခဲ့သလော။သူတို့သည် ယခင်က ဤကိစ္စကို သတိမပြုမိခဲ့ခြင်း ဖြစ်သလော။
ဤကဲ့သို့ ဆက်ဖြစ်နေ၍မရချေ။အကယ်၍ သူတို့သည် ကျန်းရွှမ်ကို လွှတ်ထားပေးလိုက်ပါက သူတို့ကိုယ်တိုင်အတွက် ရှင်းပြရန် အလွန်ခက်ခဲသွားပေမည်။
ဖုန်ကျင်းသည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် အလျှင်အမြန်ပြောဆိုလိုက်၏။
"ဟန်ဆောင်နေတာကို ရပ်လိုက်တော့.. ဆုရှင်းကို သတ်လိုက်တဲ့လူက မင်းပဲ"
"ဟန်ဆောင်နေတာလား..."
ကျန်းရွှမ်က အံ့တင်းတင်းကြိတ်ပြီး ဖုန်ကျင်းကို စူးစိုက်၍ကြည့်လိုက်သည်။
"မြင်း အရမ်းပူနေလို့ စိုးရိမ်ပူပန်ပြီးတော့ ရေချိုးဖို့ ရေခပ်လာတာဘယ်သူလဲ...သူ သက်သောင့်သက်သာရှိအောင် အမြဲတမ်းထိန်းကျောင်းနေတာ ဘယ်သူလဲ...သူ ဆာလောင်နေမှာကိုစိုးရိမ်လို့ ညလယ်ခေါင်မှာ မြက်ခြောက်တွေကျွေးခဲ့တာ ဘယ်သူလဲ...ဒါက ငါ ပါ... အိမ်တော်ထိန်းဖုန်း တကယ်လို့ ငါက မင်းကို ရန်စခဲ့မိတယ်ဆိုရင်တောင် ငါ့ကို အကွက်ဆင်ဖို့အတွက် မင်း ဆုရှင်းကို သတ်ဖို့မလိုပါဘူး...မင်း ဒီလိုမလုပ်သင့်ဘူး...."
"မင်းကို အကွက်ဆင်တာလား...ကျန်းရွှမ် ကိစ္စတွေ လှည့်ပတ်ပြောနေတာကို ရပ်လိုက်တော့....ဆုရှင်းကို မင်း သတ်လိုက်တယ်ဆိုတာ အသိသာကြီးပဲ"
ဖုန်ကျင်းသည် အချိနိတခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တကြားအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါ သက်သေခံနိုင်တယ်...ကျန်းရွှမ်က ဆုရှင်းကို ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခဲ့တာကြောင့် မြင်းက ဒဏ်ရာရပြီး သေသွားခဲ့တာပဲ"
ဝူရှန်းက သံယောင်လိုက်သည်။
"ညှဉ်းပန်းနှိပ်စက်ခဲ့တာလား...မင်းက လိမ်နေတာပဲ"
ကျန်းရွှမ်က ခေါင်းမော့ပြီးပြောဆိုသည်။
"တကယ်လို့ မင်း ညှဉ်းပန်းနှိပ်စက်ခဲ့တာမဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ဆုရှင်ရဲ့ဗိုက်မှာ ဒဏ်ရာရနေမှာလဲ...ဘယ်လိုလုပ်ပြီးတော့ ဆုရှင်းက သေသွားမှာလဲ"
ဖုန်ကျင်းက သရော်တော်တော်ပြောဆိုလိုက်၏။
"ကျန်းရွှမ်....မင်း အမှန်အတိုင်းပြောဖို့ ငါ မင်းကို အကြံပေးချင်တယ်...ဒါဆိုရင် သခင်မလေးက မင်းရဲ့အသက်ကို ချမ်းသာပေးလိမ့်မယ်...မဟုတ်လို့ကတော့ ဒီနေ့ မင်းသေရလိမ့်မယ်"
ငြင်းခုံ၍မရတော့ပုံပေါ်သဖြင့် ကျန်းရွှမ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မိုယန်ရွှယ်ကို လှည့်ကြည့်လိုက်သည်။
"သခင်မလေး သူ့ဘက်ကပြောတဲ့ တစ်ဖက်သတ် ယုံတမ်းစကားတွေကိုပဲ နားမထောင်ပါနဲ့ ...ဆုရှင်းက ငါတို့ထွက်သွားပြီးတဲ့နောက်မှာ သေသွားတာ...ငါ့ကြောင့်သေသွားတာပဲဖြစ်ဖြစ် အိမ်တော်ထိန်းဖုန်းက ငါ့ကို ထောင်ချောက်ဆင်တာပဲဖြစ်ဖြစ် တကယ်လို့ သက်သေတစ်ယောက်ရှိနေရင် အရာအားလုံးရှင်းလင်းသွားလိမ့်မယ်"
"ဒါက အမှန်ပဲ"
မိုယန်ရွှယ်က ခေါင်းညိတ်လိုက်သည်။
သူမသည် ထိုကိစ္စကိုမမြင်တွေ့ရသော်လည်း သူမတို့ထွက်ခွာခဲ့ပြီးနောက် ကျောင်းတော်တံခါးဝ၌ ကျောင်းသားများကိုလိုက်ပို့သော ထောင်နှင့်ချီသည့် လူများရှိနေသည်။မည်သည့်ကိစ္စများ ဖြစ်ပျက်သွားမည်ကို တစ်စုံတစ်ယောက်မှ မြင်တွေ့နိုင်ပေမည်။
ကျန်းရွှမ်သည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"အဲ့ဒီနေရာမှာ မိန်းကလေးယုရဲ့ရထားလုံးမောင်းသမား ရှိနေတာကို ငါ မှတ်မိတယ်...ငါတို့ ထွက်သွားပြီးတဲ့နောက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူ သိနေနိုင်တယ်"
"ဒါက..."
ကျန်းရွှမ်သည် ရုန်းထွက်နိုင်မည့် နည်းလမ်းတစ်ခုကို အလျှင်အမြန်ရှာတွေ့သွားမည်ဟု ဖုန်ကျင်းက မျှော်လင့်မထားမိချေ။သူ၏နှုတ်ခမ်းမဲ့ရွဲ့သွားကာ သူသည် မကောင်းသောနိမိတ်တစ်ခုကို ရရှိလာပေ၏။
"ဒါက အမှန်ပဲ...သူ အဲ့ဒီနေရာမှာ ရှိနေတယ်...သူ့ကို အခုချက်ချင်း ခေါ်လာခဲ့စမ်း...."
ယုရှောင်ယွီက ခေါင်းညိတ်လိုက်သည်။
"မိန်းကလေးယု အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး...ဆုရှင်း သေသွားတဲ့အချိန်တုန်းက သူ အဲ့ဒီနေရာမှာ ရှိမနေဘူး....."
ဖုန်ကျင်းက သူမအားဟန့်တားရန် အလျှင်အမြန် ကြိုးစားလိုက်သည်။
"မင်း အပြစ်ရှိသလို ခံစားနေရလို့လား...."
ကျန်းရွှမ်က သရော်တော်တော်ပြောဆိုသည်။
"ငါ့က ဘာလို့ အပြစ်ရှိသလို ခံစားရမှာလဲ"
ဖုန်ကျင်းက သူ၏အင်္ကျီလက်ကို တစ်ချက်ခါယမ်းပြီး တုံ့ပြန်လိုက်၏။
"ဒါဆိုရင်လည်း ကောင်းပြီလေ..."
ကျန်းရွှမ်က ယုရှောင်ယွီကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
"မိန်းကလေးယု ကျေးဇူးပြုပြီးတော့...."
"ပြဿနာမရှိဘူး..."
ယုရှောင်ယွီက ခေါင်းညိတ်ပြပြီး အမိန့်ပေးလိုက်သည်။မကြာမီမှာပင် သူမ၏ရထားလုံးကို မောင်းခဲ့သော ရထားလုံးမောင်းသမား ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။အစပထမတွင် သူကိုကြည့်ရသည်မှာ တည်ငြိမ်ပုံရသော်လည်း တွန်းလှည်းပေါ်ရှိဆုရှင်းနှင့် ဖုန်ကျင်းကိုမြင်ချိန်၌ သူ စိတ်လှုပ်ရှားစွာပြုလာသည်။
ကျန်းရွှမ်က ပြောဆိုသည်။
"မိတ်ဆွေ...ဒီနေ့မနက်မှာ မင်းက ဆုရှင်း ကျန်းမာရေးကောင်းတာကို မြင်ခဲ့တယ်မဟုတ်လား...အခု မြင်းသေသွားပြီးတော့ အိမ်တော်ထိန်းဖုန်းက ဒါက ငါ့ရဲ့အပြစ်လို့ ပြောနေတယ် ...မင်းက ကျောင်းတော်ရဲ့အပြင်မှာ သူတို့နဲ့အတူ ရှိခဲ့တယ်...ဘာတွေဖြစ်သွားခဲ့တာလဲဆိုတာ မင်း သိလား"
"အင်း..."
ရထားလုံးမောင်းသမားသည် ဖုန်ကျင်းကို စောင်းငဲ့ကြည့်ကာ အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်နေပြီးနောက် အံ့တင်းတင်းကြိတ်လိုက်သည်။
"ဒါက မင်းရဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဆုရှင်းက တောင့်မခံနိုင်တော့ဘဲနဲ့ သေသွားခဲ့တာပဲ...ငါ ဒါကို ရှင်းရှင်းလင်းလင်းမြင်ခဲ့တယ်...ဘာအမှားမှ မရှိဘူး..."
"ကိစ္စက အဲ့ဒီလို ဖြစ်သွားတာလား...."
လူများအားလုံး၏မျက်လုံးအကြည့်များ ကျန်းရွှမ်ထံသို့ ကျရောက်လာသည်။