မိုယန်ရွှယ်၏သံသယများ
Vol. 2 Ch. 23
အမဲလိုက်လင်းယုန်သည် မယုံနိုင်ဖွယ်ကောင်းအောင် မာနကြီးပေ၏။လဝက်ကျော်ကြာအောင် ဤလင်းယုန်နှင့် အချိန်ကုန်ဆုံးခဲ့ပြီးနောက် သူတို့သည် ဤအကြောင်းကို ကောင်းစွာသိရှိထားသည်။
လင်းယုန်သည် အနည်းငယ်စိတ်မကျေမနပ်ဖြစ်သည်နှင့် အစာငတ်ခံဆန္ဒပြကာ သူ့အား ယဥ်ပါးစေရန် ကြိုးစားသည့်အရိပ်အယောင်ကို တွေ့ရှိသည်နှင့် သတ်သေရန်နည်းလမ်းတစ်ခုကို ရှာဖွေတော့သည်။ထို့ကြောင့် ဤကိစ္စကို ဘဝတသက်တာလုံးကြိုးစားလျှင်ပင် အောင်မြင်နိုင်မည်မဟုတ်ဟု အကြံပေးလျောင်နှင့်ယုလုံချင်းတို့က တွေးထင်ထားခဲ့သည်။သို့ရာတွင် ကျန်းရွှမ် ရိုက်နှက်ပြီးနောက် လင်းယုန်သည် ကြည်ကြည်ဖြုဖြူဖြင့် စိတ်ဝိညာဥ်ကို နှင်းအပ်နေခဲ့သလော....
သောက်ကျိုးနည်း....သားရဲတွေကို ယဥ်ပါးအောင်လုပ်တာက တကယ့်ကို ဒီလောက်ထိ ရိုးရှင်းတာလား....
ကျန်းရွှမ်ကို အရှက်ခွဲရန် ဟန်ပြင်နေသော အကြံပေးလျောင်၏စကားလုံးများ သူ၏လည်မြိုတွင် တစ်သွားကာ ရှက်ရွံမှုကြောင့် သူ၏မျက်နှာ နီမြန်းသွားသည်။
ယခင်က သူ စကားများများ ပြောဆိုခဲ့မိလေလေ ယခုချိန်၌ ရှက်ရွံမှုကို သူ ပို၍ခံစားရလေလေပင်။
မြို့အရှင်သဘောကျလာစေရန်အတွက် သူသည် နည်းလမ်းအမြောက်အများကို အသုံးပြုခဲ့ကာ လူရောလင်းယုန်ရော သေလုနီးပါးပင်။အဆုံးသတ်၌ ဤကြိုးစားခဲ့မှုများအားလုံး အချည်းနှီးဖြစ်သွားခဲ့သည်။ဆန့်ကျင်ဘက်အနေဖြင့် လင်းယုန်သည် တစ်ကြိမ်ရိုက်နှက်ခံရပြီးနောက် လက်ဖက်ရည်တစ်ခွက်ဖျော်စာ အချိန်မပြည့်သေးမီမှာပင် အရှုံးပေးအညံ့ခံလိုက်၏။
လူများအကြားတွင် ဤကဲ့သို့ ကြီးမားသောကွာဟချက်တစ်ခု အမှန်တကယ်ရှိနေသလော...
"အရမ်းကောင်းတယ်...မင်းက အညံ့ခံလိုက်ပြီပဲ..."
လူများအားလုံး၏အံ့အားသင့်နေမှုကို လျစ်လျှူရှုပြီး ကျန်းရွှမ်က ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
"မြို့အရှင်....ဒီနေရာကိုလာပြီးတော့ သွေးအနှစ်သာရကို လက်ခံလိုက်ပါ...ဒါဆိုရင် မင်းက ဒီလင်းယုန်ကို ထိန်းချုပ်လို့ရသွားပြီ"
သူ ယခင်က ခန့်မှန်းထားခဲ့သည့်အတိုင်း ဖြစ်လာခဲ့သည်။သူ ကမ္ဘာသစ်ကို လောင်ကျွမ်းလိုက်သည်နှင့် ရိုက်နှက်ယဥ်ပါးစေခြင်းနည်းလမ်းကို ဤရစ်မြစ်ကမ္ဘာအတွင်း၌ အသုံးပြုကာ ရင်းမြစ်သားရဲများ အညံ့ခံအောင် ပြုလုပ်နိုင်သည်။
ဤနည်းလမ်းဖြင့် စိတ်ဝိညာဥ်နိုးထခြင်းနည်းစနစ်ကို အသုံးပြုရန်အတွက် သားရဲများကိုသတ်ဖြတ်ရန် မလိုအပ်တော့သဖြင့် သူ့အတွက် ဒုက္ခမြောက်အများ သက်သာသွားလေပြီ။
သို့ရာတွင် ဤသားရဲကို ယဥ်ပါးစေရန်အတွက် သူသည် မိုင်ပေါင်းတစ်သိန်းရှည်လျားသောတောင်တန်းတစ်ခုကို အသုံးပြုခဲ့ရရုံသာမက လင်းယုန်၏အားနည်းချက်များကို မြင်တွေ့နိုင်ရန်အတွက် ကျောင်းတော်မှရရှိထားသောကောင်းကင်ကံကြမ္မာစွမ်းအင်များဖြင့် ပြည့်နက်နေသည့် စာအုပ်ခုနစ်ရာ ရှစ်ရာခန့်ကိုလည်း လောင်ကျွမ်းခဲ့ရသည့်။
ယခုအချိန်၌ ကောင်းကင်ဘုံစာကြည့်တိုက်သည် လည်ပတ်ရန်အတွက် ကောင်းကင်ကံကြမ္မာစွမ်းအင်ဟူသောလောင်စာ လိုအပ်သည့် စက်တစ်လုံးအလားပင်။
သူ ဤသားရဲ အညံ့ခံရန် စီစဉ်ခဲ့သည့် ဖြစ်စဥ်မှာ... အမဲလိုက်လင်းယုန်သည် လဝက်ကြာအောင် ငတ်မွတ်နေခဲ့သည့်အပြင် လင်းယုန်သည် တိုင်လုံးဖြင့် ဝင်ဆောင့်ခဲ့သဖြင့် သေလုမျောပါးဖြစ်နေခဲ့သည်။ထို့ကြောင့်သူ၏လောင်ကျွမ်းခြင်းစွမ်းအားကို အသုံးပြု၍ ဤကိစ္စကို လွယ်လင့်တကူ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သည်။
"ကောင်းပြီလေ...."
ကျမ်းရွှမ်၏စကားကိုကြားချိန်၌ ယုလုံချင်းက ဤသည်မှာ အံ့အားသင့်တုန်လှုပ်နေရမည့် အချိန်မဟုတ်ကြောင်း သိရှိသွားသည်။မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ သူသည် လင်းယုန်အနီးသို့ချဉ်းကပ်ပြီး သူ၏လက်ညှိုးကိုကိုက်လိုက်ကာ လေထုအတွင်းရှိ သွေးအနှစ်သာရထံသို့ လက်ညှိုးညွန်လိုက်သည်။
ထိုသွေးအနှစ်သာရနှင့်ထိတွေ့မိသည်နှင့် အမဲလိုက်လင်းယုန်၏စွမ်းအားသည် သူ့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာသူ၏အိမ်မွေးသားရဲအဖြစ် ထာဝရတည်ရှိသွားပေမည်။
ယုလုံချင်း၏လက်ချောင်းသည် အမဲလိုက်လင်းယုန်၏သွေးအနှစ်သာရနှင့် ထိတွေ့တော့မည့်အချိန်၌ လင်းယုန်သည် ခေါင်းမော့ကာ ထိုသွေးစက်ကို သူ၏ဗိုက်အတွင်းသို့ တဖန်ပြန်၍မျိုချလိုက်၏။ထို့နောက် လင်းယုန်သည် တောင်ပံနှစ်ဖက်ဖြင့် သံမဏိတိုင်လုံးကြီးကို ပွေ့ဖက်ကာ ခေါင်းနှင့်ဆောင့်နေတော့သည်။
ဒုန်း....ဒုန်း....ဒုန်း...
ခေါင်းလောင်းသံအလား အသံတစ်သံ ပဲ့တင်ထပ်လာကာ မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် လင်းယုန်၏ခေါင်းမှ သွေးပြန်ထွက်လာသည်။လင်းယုန်ကို ကြည့်ရသည်မှာ အရှက်ကွဲမှုကို တဖန်ပြန်၍ခံစားရသဖြင့် သတ်သေရန်စိတ်အားထက်သန်နေပုံရသည်။
"...."
ယုလုံချင်း၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
'မင်း ဆိုလိုချင်တာက...ကျန်းရွှမ်ကပဲ မင်းရဲ့သွေးစက်ကို လက်ခံနိုင်ပြီးတော့ ငါက မရဘူးတဲ့လား.....'
'ငါက မြို့အရှင်တစ်ယောက်...ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူ...ဒါကို ငါက မင်းနဲ့ချည်နှောင်ဖို့လုပ်တဲ့ချိန်မှာ မင်းက ငါ့ကို ငြင်းဆန်ခဲ့တယ်...ဒါပေမဲ့ မင်းကို ရိုက်နှက်ခဲ့တဲ့ မြင်းထိန်းဆီမှာ အညံ့ခံဖို့ မင်းက ကြံရွယ်နေတာလား...မင်းက တော်တော်ရွံဖို့ကောင်းတဲ့ကောင်ပါလား....'
ယုလုံချင်းသည် အလွန်အမင်းဒေါသထွက်မှုကို ခံစားနေရစဥ်မှာပင် ကျန်းရွှမ်မှ တုံ့ပြန်မှုတစ်ခုလုပ်လိုက်သည်ကို မြင်တွေ့မိလေ၏။သူသည် မကျေမနပ်ဖြင့် လင်းယုန်၏မျက်နှာကို ပါးတစ်ချက်ဖြတ်ရိုက်လိုက်သည်။
'မင်း တော်တော်သေချင်နေတာလား"
ကျန်းရွှမ်က လင်းယုန်ကို လည်ပင်းမှဆုပ်ကိုင်ပြီး ခေါင်းကို လက်သီးဖြင့် တစ်ချက်ထိုးနှက်လိုက်သည်။
"မြို့အရှင်နဲ့ သခင်ကျေးကျွန်စာချုပ်ချုပ်ဖို့အတွက် သွေးအနှစ်သာရကို ပြန်အန်ထုတ်ပေးစမ်း...မဟုတ်ရင် ငါ မင်းကို အခုချက်ချင်း မှိုနဲ့ရောပြီး ချက်စားလိုက်မယ်..."
"ကျစ်..."
အမဲလိုက်လင်းယုန်ကို ကြည့်ရသည်မှာ အနိုင်ကျင့်ခံရသော ကလေးတစ်ယောက်အလား ကြေကွဲဝမ်းနည်းနေပြီး နှစ်ကြိမ်အော်မြည်လိုက်သည်။ထို့နောက် သူသည် မလိုလားစွာဖြင့် သူ၏သွေးအနှစ်သာရကို တဖန်ပြန်၍အန်ထုတ်ပြီး ယုလုံချင်း၏လက်ချောင်းထိပ်မှသွေးနှင့် ပေါင်းစည်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် မြို့အရှင်သည် ဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရကာ သူသည် ယခုချိန်၌ ဤသားရဲနှင့် ဆက်သွယ်နိုင်ကာ ချည်နှောင်ပြီးပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။
"ဒါ...ဒါက ယဥ်ပါးသွားပြီလား"
မြို့အရှင်ယုလုံချင်းသည် သူ၏မျက်လုံးကိုပင် သူ မယုံကြည်နိုင်တော့ဘဲ အံ့အားသင့်စွာဖြင့် သူ့ရှေ့ရှိလူငယ်ကို ကြည့်လိုက်သည်။
"ဘာလို့လဲ...ခုထိ မပြီးသေးဘူးလား"
ထိုမေးခွန်းကိုကြားချိန်၌ ကျန်းရွှမ်က လင်းယုန်သည် ပေကပ်ကပ်လုပ်နေသည်ဟု တွေးထင်လိုက်သည်။သူ၏မျက်နှာအမူအယာ သုန်မှုန်သွားပြီး လင်းယုန်ကို တဖန်ထပ်၍ ပါးဖြတ်ရိုက်လိုက်၏။
"ခုထိ ကလိမ်ကကျစ်လုပ်ချင်သေးတာလား..."
"ကျစ်...ကျစ်...."
လင်းယုန်သည် သူ၏ထိတ်လန့်ကြောက်ရွံမှုကို ထုတ်ပြောလုနီးပါး အော်မြည်နေပြီး သူ့ကိုကြည့်ရသည်မှာ ကြေကွဲဝမ်းနည်းပုံပေါက်နေကာ မျက်ရည်များ ယိုစီးကျတော့လုမတက်ပင်။
"မဟုတ်ဘူး....သူက အညံ့ခံပြီးပြီ....."
ကျန်းရွှမ်၏လုပ်ရပ်ကြောင့် ကြက်သေသေနေသော ယုလုံချင်းက သူ၏လက်ကို အလျင်အမြန်ဝှေ့ယမ်းလိုက်သည်။
"ငါက မင်းရဲ့ယဥ်ပါးခြင်းနည်းစနစ်နဲ့ ပတ်သတ်ပြီး အရမ်းသိချင်မိတယ်"
"သူ အညံ့ခံပြီးသွားရင် ပြီးတာပါပဲ"
ကျန်းရွှမ်က နောက်ဆုံး၌ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ငါတို့က လဝက်ကြာအောင် အပြင်းအထန်ကြိုးစားခဲ့တာတောင် ဘာအောင်မြင်မှုကိုမှ မရခဲ့ဘူး...ဒါပေမဲ့ မင်းကတော့ ရိုက်နှက်လိုက်ရုံနဲ့ လင်းယုန်ကို ယဥ်ပါးအောင်လုပ်နိုင်ခဲ့တယ်....မင်း ဘယ်လိုလုပ်လိုက်တာလဲ..."
မြို့အရှင်ယုသည် နောက်ဆုံး၌ သူ၏သိချင်စိတ်များကို အောင့်အည်းမထားနိုင်တော့ချေ။
သူ သိချင်နေရုံသာမက အခန်းအတွင်းတွင်ရှိနေသော တခြားလူများအားလုံးသည်လည်း နားစွင့်ထားကာ သူတို့အားလုံး ဇဝေဇဝါဖြစ်နေကြသည်။အထူးသဖြင့် အကြံပေးလျောင်သည် ပြင်းပြင်းထန်ထန် အာရုံစူးစိုက်ထားကာ အချက်အလက်တစ်ခု လွတ်ကင်းသွားမည်ကို စိုးရိမ်ထိတ်လန့်နေသည်။
"တကယ်တော့ ငါ့မှာ ရင်းမြစ်သားရဲတွေကို ယဥ်ပါးစေနိုင်တဲ့ သဘာဝအရည်အချင်းရှိတယ်ဆိုတာ ငါ သခင်မလေးကိုလည်း ပြောပြပြီးပါပြီ...ဒါကို ပါရမီလို့ ယူဆနိုင်တယ်..."
ကျန်းရွှမ်သည် သူ ယခင်ကပေးခဲ့သော အကြောင်းပြချက်ကို တဖန်ပြန်၍ အသုံးပြုလိုက်သည်။
ယုလုံချင်းနှင့်အကြံပေးလျောင်တို့သည် အကြည့်ခြင်းဖလှယ်လိုက်ကြကာ သူတို့၏နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။
'သဘာဝစွမ်းရည်တဲ့လား....ငါတို့အားလုံး မင်း လင်းယုန်ကို ရိုက်နှက်နေတာပဲ မြင်တယ်....
သို့ရာတွင် ဤဖြေရှင်းချက်ကြောင့်သာ မဟုတ်ပါက မာနကြီးသောလင်းယုန်သည် ရိုက်နှက်ကာ အရှက်ခွဲခံရသော်လည်း နာခံရို့ကျိုးစွာဖြင့် အညံ့ခံခဲ့ကာ သူ၏အညံ့ခံမှုအပေါ်တွင်လည်း ဂုဏ်ယူနေသည်ကို နားလည်သဘောပေါက်နိုင်ရန် အလွန်ခက်ခဲသည်။
"အကြံပေးလျောင်...မင်းရဲ့ကတိကို ဖြည့်ဆည်းပေးဖို့ အချိန်ကျပြီမဟုတ်လား...."
ကျန်းရွှမ်သည် သူ့အား မေးခွန်းများ ထပ်မံ၍မေးမည်ကို စိုးရိမ်သဖြင့် အကြံပေးလျောင်ကို အလျှင်အမြန်ကြည့်လိုက်၏။
"အမ်...."
အကြံပေးလျောင်သည် ရှက်ရွံမှုကြောင့် သူ၏မျက်နှာ ပူနွေးလာသကဲ့သို့ ခံစားရကာ ရှက်ကိုးရှက်ကန်းဖြင့် ယုလုံချင်းထံသို့ ကြည့်လိုက်သည်။
ကျန်းရွှမ်သည် မောက်မာပြီး မလေးမစားလုပ်တတ်သူဟု သူ တွေးထင်ခဲ့သော်လည်း သူကိုယ်တိုင်သည်သာ အရူးဖြစ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
"မင်းက ရင်းမြစ်ရေအိုင်ကို ဖွင့်ဖို့အတွက်နည်းစနစ်တစ်ခုကို ရှာနေတာ မဟုတ်လား...ဒါက အရမ်းရိုးရှင်းပါတယ်.....ငါက မင်းကို အဲ့ဒီနေရာဆီခေါ်သွားဖို့ တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်မယ်"
ယုလုံချင်းက အပြုံးနှင့်ပြောဆိုကာ ကိုးယိုးကားယားနိုင်သော အခြေအနေကို ဖြိုခွဲလိုက်သည်။
ယခင်က ကျန်းရွှမ်သည် မြို့အရှင်၏လျှို့ဝှက်စာကြည့်တိုက်မှ အချက်အလက်များကို ခိုးယူရန်လာသော သူလျှိုတစ်ယောက်ဖြစ်နေမည်ကို သူ စိုးရိမ်ပူပန်ခဲ့သည်။သို့ရာတွင် ယခုအချိန်၌ သူ၏စိုးရိမ်ပူပန်မှု့များအားလုံး ပျောက်ကွယ်သွားလေပြီ။သားရဲယဥ်ပါးစေခြင်းပညာရပ်၌ ကျန်းရွှမ် ပြသခဲ့သော ပါရမီအရည်အချင်းသက်သက်ဖြင့် သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူ့အားတန်ဖိုးထားကာ အကြီးအကဲတစ်ယောက်အဖြစ် ဆက်ဆံကြပေမည်။ထိုကြောင့် ကျန်းရွှမ်ကဲ့သို့ လူတစ်ယောက်သည် ရင်းမြစ်ရေအိုင်ဖွင့်ရန် အခြေခံနည်းစနစ်များကို ခိုးယူမည့်လူစားမျိုး မဟုတ်ချေ။
"မြို့အရှင်ကို ကျေးဇူးတင်ပါတယ်"
ထိုသဘောတူညီချက်ကိုရချိန်၌ ကျန်းရွှမ်သည် စိတ်သက်သာရာရသွားလေ၏။
သူသည် ထိုနည်းစနစ်များကို ရရှိနိုင်ရန်အတွက်ကမ္ဘာသစ်ကို လောင်ကျွမ်းခဲ့ရသည်။ယခုအချိန်၌ သူ၏ဆုလာဘ်များကို ရိတ်သိမ်းရန် အချိန်ကျလာလေပြီ။
"ကျန်းရွှမ်....ဒါက ငါ နင့်ကို ကတိပေးထားတဲ့ ရင်းမြစ်ဒင်္ဂါးတစ်ရာကိုးဆယ့်ခြောက်ပြားပါ..."
ယုရှောင်ယွီက ရှေ့သို့တိုးလာကာ အချိန်တခဏကြာခန့် တွန့်ဆုတ်နေပြီးနောက် ဒင်္ဂါးပြားများကို ထုတ်ပေးလေ၏။
"ကျေးဇူးတင်ပါတယ်...."
ကျန်းရွှမ်က ရယ်ပြုံးကာ စိတ်ကျေနပ်သောမျက်နှာအမူအယာဖြင့် ထိုအရာကို လက်ခံလိုက်၏။
"ရှောင်ယွီ...ဒါက ဘာလဲ..."
မြို့အရှင်ယုက ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ဒါက အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင်ကူညီပေးနိုင်ရင် ငါ သူ့ကိုပေးမယ်လို့ ကတိပေးထားတဲ့ ရင်းမြစ်ဒင်္ဂါးတွေပါ..."
ယုရှောင်ယွီက ပြောဆိုသည်။
'ရင်းမြစ်သားရဲတစ်ကောင်ကို ယဥ်ပါးအောင်ကူညီပေးခဲ့အတွက် ရင်းမြစ်ဒင်္ဂါးတစ်ရာကိုးဆယ့်ခြောက်ပြားတဲ့လား...ဘယ်လောက်တောင်နည်းပါးတဲ့ အခကြေးငွေလဲ'
အကြံပေးလျောင်၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ သူသည် ပို၍အရှက်ရသွားလေ၏။
သူတို့သည် လင်းယုန်ယဥ်ပါးစေရန်အတွက် ရင်းမြစ်ဒင်္ဂါးတစ်သောင်းကျော် အသုံးပြုခဲ့ကာ လဝက်ကျော်ကြာမြင့်လာခဲ့သည့်တိုင် မည်သည့်အရာကိုမျှ အောင်မြင်မှုမရရှိဘဲ လင်းယုန်သည် သတ်သေလုနီးပါးပင်။ယခုအချိန်၌ ကျန်းရွှမ်သည် အချိန်တိုအတွင်း၌ အောင်မြင်ခဲ့ကာ အခကြေးငွေအဖြစ် ရင်းမြစ်ဒင်္ဂါးတစ်ရာကိုးဆယ့်ခြောက်ပြားသာ ကျသင့်ခဲ့သည်။ဤဆန့်ကျင်ဘက်နိုင်မှုသည် အကြံပေးလျောင်အား အလွန်အမင်းအရှက်ရမှုကို ခံစားရစေကာ သူသည် နေရာမှ ပျောက်ကွယ်သွားချင်စိတ် ပေါက်နေသည်။
'ဒီလိုအစွမ်းထက်တဲ့ လူတစ်ယောက်ကို ငါက သံသယဝင်ခဲ့မိတယ်...ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ'
"ခဏနေပါအုံး...တကယ်လို့ ရင်းမြစ်သားရဲတစ်ကောင်ကို ယဥ်ပါးအောင်လုပ်တာက ရိုက်နှက်တာလောက် လွယ်နေတယ်ဆိုရင်...ဘာလို့ ဆုရှင်းရဲ့ဗိုက်ကို ဓားနဲ့ထိုးခံရပြီးတော့ သေသွားရတာလဲ"
ထိုအချိန်မှာပင် မိုယန်ရွှယ်သည် သူမ၏သံသယများကို ထပ်မံ၍ ထိန်းချုပ်မထားနိုင်တော့သဖြင့် ဖွင့်ဟမေးမြန်းလိုက်သည်။