အပြည့်အဝ အညံ့ခံခြင်း
Vol. 2 Ch. 22
မြို့အရှင်အိမ်တော်၏ အရံခန်းမပြင်ပ၌....
မြို့အရှင်သည် ထိုလူငယ်လေးအား အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင် ပြုလုပ်ခွင့်အား အမှန်တကယ်ပေးအပ်ကာ သူတို့အား ပြင်ပသို့ခေါ်ထုတ်လာသည်ကိုကြည့်ပြီး အကြံပေးလျောင်သည် ထပ်မံ၍သည်းမခံနိုင်တော့ချေ။
"မြို့အရှင်....အဲ့ဒီမရင့်ကျက်သေးတဲ့ ကောင်လေးက အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင် လုပ်နိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား"
ယုလုံချင်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"သူက မြင်းထိန်းတစ်ယောက်ဖြစ်ပြီးတော့ သူ့မှာ ဘာကျင့်ကြံဆင့်စွမ်းအားမှ မရှိဘူး...သူက သားရဲယဥ်ပါးခြင်းနဲ့ပတ်သက်ပြီးတော့ သိထားတာလည်း အရမ်းနည်းတယ်...သူ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါးပဲ"
အကြံပေးလျောင်သည် ကြက်သေသေသွားလေ၏။
"ဒါဆိုရင် သူ့ကို အမဲလိုက်လင်းယုန်နဲ့အတူ ဘာလို့ ချန်ထားခဲ့တာလဲ"
ယုလုံချင်းက မျက်စောင်းထိုးလိုက်သည်။
"မင်းမှာ တခြားဖြေရှင်းနည်း ရှိသေးလို့လား"
"ငါ....ငါ့မှာ မရှိဘူး"
အကြံပေးလျောင်က စိတ်ပျက်လက်ပျက်မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"လဝက်ကျော်ကြာအောင် ကြိုးစားအားထုတ်ခဲ့ပေမယ့် အဲ့ဒီလင်းယုန်ရဲ့စိတ်ဆန္ဒက မယုံနိုင်ဖွယ်ကောင်းအောင် သန်မာအားကောင်းနေတယ်...ငါတောင်မှ အဲ့ဒီလင်းယုန်ကို ယဥ်ပါးအောင် မလုပ်နိုင်ခဲ့တာ...အဲ့ဒီကောင်လေးမှာ ဘာနည်းလမ်းမှ ရှိမှာမဟုတ်ဘူး....သူက နာမည်ကြီးချင်လို့ လေကျယ်နေတဲ့ကောင်ပဲ"
အကြံပေးလျောင်သည် ကျန်းရွှမ်ကို အဆက်မပြတ် နှိမ့်ချပြောဆိုနေသည်ကိုကြည့်ပြီး ယုရှောင်ယွီသည် ထပ်မံ၍သည်းမခံနိုင်တော့ချေ။
"အဲ့ဒီလို မဟုတ်ဘူး....ကျန်းရွှမ်က ဆုရှင်း ယဥ်ပါးလာအောင် တကယ်လုပ်နိုင်ခဲ့ပြီးတော့ မြင်းက အရမ်းနာခံရို့ကျိုးတယ်"
"သခင်မလေး....."
အကြံပေးလျောင်သည် မြင်းတစ်ကောင်နှင့်ရင်းမြစ်သားရဲတစ်ကောင်အကြား၌ ယဥ်ပါးအောင်ပြုလုပ်သည့်နေရာတွေ ကွာဟချက် ကြီးကြီးမားမားရှိနေကြောင်းဟရှင်းပြရန်ဟန်ပြင်လိုက်စဉ်မှာပင် သူတို့ထံ ဦးတည်၍ အစောင့်တစ်ယောက်ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
"သတင်းပို့ပါတယ်...မိုမိသားစုရဲ့မိုယန်ရွှယ်ကတွေ့ခွင့်တောင်းနေပါတယ်"
ယုလုံချင်းသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်၏။
"သူ့ကို အထဲဝင်ခွင့်ပြုလိုက်ပါ"
အစောင့် ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် မျက်နှာနီမြန်းပြီး အသက်ရှုမမှန်ဖြစ်နေသော မိုယန်ရွှယ်နှင့်အတူ ပြန်ရောက်လာသည်။သူမသည် ခပ်သုတ်သုတ်လျှောက်လှမ်းလာပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
"မြို့အရှင်ကို အရိုအသေပြုပါတယ်"
"ရွှယ်အာ...နင် ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
အမြဲတစေတည်ငြိမ်သော သူမ၏သူငယ်ချင်းသည် အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်တွေ့ချိန်၌ ယုရှောင်ယွီက ပျာပျာသလဲ မေးမြန်းလိုက်၏။
"ငါ....."
မိုယန်ရွှယ်သည် တွေဝေတုံ့ဆိုင်းနေပြီးနောက် သတိကြီးစွာထား၍ မေးမြန်းလိုက်၏။
"ကျန်းရွှမ်က မြို့အရှင်ရဲ့သားရဲကို ယဥ်ပါးအောင် ကူညီပေးတာက စနေပြီလား...."
"သူ လုပ်ငန်းစနေပြီလေ...."
ယုရှောင်ယွီက ခေါင်းညိတ်လိုက်သည်။
"သူ စနေပြီလား..."
မိုယန်ရွှယ်၏အမြင်အာရုံ မည်းမှောင်သွားကာ သူမ၏ခန္ဓာကိုယ် အနည်းငယ်ယိမ်းယိုင်သွားသည်။
"ဘာမှားနေလို့လဲ...."
ယုရှောင်ယွီသည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"ဘာမှမစိုးရိမ်နဲ့....ကျန်းရွှမ်က အရမ်းအားကိုးရတယ်...သူက ငါတို့ကို အပြင်ထွက်ခိုင်းပြီးတော့ သူ လင်းယုန်နဲ့ ဆက်သွယ်တဲ့နေရာမှာ တိတ်ဆိတ်နေဖို့လိုတယ်လို့တောင် ပြောခဲ့တယ်...."
မိုယန်ရွှယ်သည် ပို၍ပင်စိတ်ပျက်သွားပေ၏။
"ယန်ရွှယ်....ဘာပြဿနာ ရှိလို့လဲ"
ယုလုံချင်းသည် သူမ၏စိတ်မအေးမှုကို သတိပြုမိသွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"မြို့အရှင်ကို သတင်းပို့ပါတယ်...ဘာပြဿနာမှ မရှိပါဘူး....ငါ့မြင်းထိန်းရဲ့ယဥ်ပါးခြင်းနည်းစနစ်တွေက မသင့်တော်တာကြောင့် မြို့အရှင်ကို အပြစ်ပြုမိသလိုဖြစ်သွားမှာကို ငါက စိုးရိမ်ရုံပါပဲ...."
မိုယန်ရွှယ်၏မျက်နှာ နီမြန်းနေကာ သူမက နှုတ်ခမ်းကိုက်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အမ်..."
အကြံပေးလျောင်သည် တစ်စုံတစ်ခုကို ရိပ်စားမိသွားသဖြင့် ရှေ့သို့တိုးကာ ပြောဆိုလိုက်သည်။
"ကြည့်ရတာတော့ မိန်းကလေးမိုက ကျန်းရွှမ်ရဲ့ယဥ်ပါးခြင်းနည်းစနစ်တွေနဲ့ ရင်းနှီးတဲ့ပုံပဲ...မင်း အသေးစိတ်ကျကျ ရှင်းပြပေးနိုင်မလား...."
"ဒါက....."
မိုယန်ရွှယ်သည် ဇဝေဇဝါ ဖြစ်သွားပေ၏။
"သူက အကြံပေးလျောင်ပါ... သူက လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ သူက အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင်လုပ်ဖို့အတွက် ငါ့ရဲ့အဖေကို ကူညီနေခဲ့တာ...."
ယုရှောင်ယွီသည် သူမ၏သူငယ်ချင်း မသိမည်ကို စိုးရိမ်သဖြင့် အလျှင်အမြန်ရှင်းပြလိုက်၏။
"အကြံပေးလျောင်ကို ဂါရဝပြုပါတယ်..."
မိုယန်ရွှယ်က ဦးညွှတ်အရိုအသေပြုလိုက်သည်။
"တကယ်တော့ ငါက ကျန်းရွှမ်ရဲ့ယဥ်ပါးခြင်းနည်းစနစ်တွေနဲ့ ပတ်သတ်ပြီး အများကြီးမသိဘူး...ကျောင်းတော်ကနေ ထွက်မလာခင်မှာ သူ ဆုရှင်းကို ဘယ်လိုယဥ်ပါးအောင်လုပ်တယ်ဆိုတာကို ငါ သိလိုက်ရတာကြောင့် တူညီတဲ့နည်းလမ်းကို သူ အသုံးပြုပြီးတော့ မြို့အရှင်ကို အပြစ်ပြုမိသလို ဖြစ်သွားမှာကို ငါ စိုးရိမ်မိလို့ပါ... "
"အော်...."
ယုလုံချင်းသည် စိတ်ဝင်စားသွားပေ၏။
"သူက ဆုရှင်းကို နေ့ဝက်တည်းနဲ့ ယဥ်ပါးအောင်လုပ်နိုင်ခဲ့တယ်လို့ ငါ ကြားထားတယ်....သူက ဘယ်လိုနည်းလမ်းကို အသုံးပြုခဲ့တာလဲ...မင်းက ငါတို့ဆီကိုလာပြီး အကြောင်းကြားမှတော့ ငါ သူ့ကို ဒီတိုင်းလွှတ်မထားနိုင်ဘူး"
"မြို့အရှင်ရဲ့သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်...."
မိုယန်ရွှယ်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏နှုတ်ခမ်းကို ကိုက်လိုက်၏။
"ကျန်းရွှမ်က ဆုရှင်းကို ရိုက်နှက်ခဲ့တဲ့အပြင် ဗိုက်ကို ဓားနဲ့ထိုးခဲ့တယ်..."
"ရိုက်နှက်တာလား..."
"ဓားနဲ့ထိုးတာလား..."
ယုလုံချင်းနှင့်အကြံပေးလျောင်တို့သည် အကြည့်ခြင်းဖလှယ်လိုက်ကြပြီး သူတို့နှစ်ယောက်သား အနည်းငယ်ဒယိမ်းဒယိုင်ဖြစ်သွားသည်။အထူးသဖြင့် ဤလင်းယုန်ကို ဖမ်းဆီးနိုင်ရန်အတွက် အရင်းအမြစ်နှင့်အင်အားစိုက်ထုတ်မှုအမြောက်အများကို အသုံးပြုခဲ့သော ယုလုံချင်းပင်။ကျန်းရွှမ်ထံတွင် သင့်တော်သောယဥ်ပါးခြင်းနည်းစနစ်တချို့ ရှိနေမည်ဟု သူ တွေးထင်ခဲ့သော်လည်း ယခုချိန်၌ မိုယန်ရွှယ်၏ပြောစကားအရ... ဓားဖြင့်ပင် ထိုးစိုက်ခဲ့သလော.....
ဤသည်မှာ ဟာသပြက်လုံးတစ်ခု မဟုတ်ချေ။
"သူ ယဥ်ပါးအောင်လုပ်ပြီးတဲ့နောက်မှာ ဆုရှင်းက အရမ်းနာခံရို့ကျိုးသွားတယ်လို့ ရှောင်ယွီက ပြောခဲ့တယ်...အခုက ဓားနဲ့ထိုးစိုက်တာတဲ့လား...ဒါက နှိပ်စက်ညှင်းပန်းတာမဟုတ်လား....."
ယုလုံချင်းသည် ထပ်မံ၍ သည်းမခံနိုင်တော့ချေ။
မိုယန်ရွှယ်ကလည်း ဒေါသတကြီး ပြောဆိုသည်။
"ဆုရှင်းက တကယ့်ကို နာခံရို့ကျိုးသွားခဲ့တယ်...အရမ်းနာခံရို့ကျိုးလွန်းလို့ သူ သေသွားခဲ့ပြီ...သူ့ရဲ့အလောင်းက အပြင်မှာရှိနေတယ်...."
"..."
ယုလုံချင်း၏ခန္ဓာကိုယ် တုန်ရီသွားကာ သူ၏အသိစိတ် လွတ်ကင်းသွားသည်။
"မြန်မြန် သွားကြည့်ကြစို့...."
အကြံပေးလျောင်၏ယဥ်ပါးခြင်းနည်းစနစ် ကျရှုံးသွားခဲ့ကာ အကယ်၍ ကျန်းရွှမ်သည် အောင်မြင်ခြင်းမရှိလျှင်ပင် ရလဒ်သည် မဆိုးရွားရန်ကို ယုလုံချင်းက မျှော်လင့်ထားခဲ့သည်။သို့ရာတွင် ဤကောင်စုတ်သည် အသက်ရှင်သန်နေသောမြင်းတစ်ကောင်ကို သေအောင်သတ်လိုက်မည်ဟု သူ မျှော်လင့်မထားမိချေ။
အကယ်၍ ကျန်းရွှမ်သည် အမဲလိုက်လင်းယုန်ကို အမှန်တကယ်ရိုက်နှက်ကာ ဓားဖြင့်ထိုးစိုက်ခဲ့ပါက လင်းယုန်၏မာနကြီးသောစရိုက်ဖြင့် အဆိပ်တိုက်သည်ထက် ပို၍ဆိုးသွားနိုင်သည်။ထို့ပြင် လင်းယုန်သည် ယဥ်ပါးလာမည်မဟုတ်ဘဲ သေကြောင်းကြံစည်ခြင်းကို ထပ်မံ၍ပြုလုပ်ပေမည်။
"ငါ မင်းတို့ကို ပြောခဲ့သာပဲ...အဲ့ဒီလို အားကိုးလို့မရတဲ့ လူတစ်ယောက်ကို မယုံကြည်သင့်ဘူးဆိုတာ...."
အကြံပေးလျောင်သည် အေးစက်စက်အော်ငေါက်ကာ အရံခန်းမတံခါးထံသို့ အပြေးသွားပြီး တွန်းဖွင့်လိုက်၏။ယုလုံချင်း ယုရှောင်ယွီနှင့် မိုယန်ရွှယ်တို့ကလည်း နောက်မှထပ်ချပ်မကွာ လိုက်သွားကြသည်။
သူတို့သည် တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် အတွင်းရှိမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။လင်းယုန်ကို ယဥ်ပါးအောင်လုပ်မည်ဟု အခိုင်အမာပြောဆိုခဲ့သော ကျန်းရွှမ်သည် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်နေကာ သူ့၏လက်ယာဘက်ဒူးဖြင့် အမဲလိုက်လင်းယုန်၏ခန္ဓာကိုယ်ပေါ်သို့ ဖိထားသည်။ထို့နောက် သူ၏လက်ဝဲဘက်လက်ဖြင့် လင်းယုန်၏လည်ပင်းကို ညှစ်ထားကာ တခြားလက်တစ်ဖက်ဖြင့် လင်းယုန်၏မျက်နှာကို အဆက်မပြတ်ပါးဖြတ်ရိုက်နေပေ၏။
ကြည့်ရသည်မှာ သူသည် ခေါင်းအုံးတစ်လုံးကို ရိုက်နှက်နေသည့်အလားပင်။
"...."
ယုလုံချင်း...
"..."
အကြံပေးလျောင်...
သူတို့သည် ဤသားရဲကို အကောင်းဆုံးအစားအစာများ ကျွေးမွေးခဲ့ကာ နားဝင်ချိုသည့်စကားအမြောက်အများကို ပြောဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။သူတို့သည် လင်းယုန် ယဥ်ပါးလာစေရန်အတွက် အဆုံးစွန်ဆုံးအထိ ရိုသေလေးစားမှုကို ပြသခဲ့ပေ၏။ယခုအချိန်၌ ကျန်းရွှမ်ကမူ လင်းယုန်၏ခေါင်းကိုဖိထားပြီး ရိုက်နှက်နေသည်။
ဤသည်ကို ယဥ်ပါးခြင်းနည်းစနစ်ဟု ခေါ်သလော....
ဤသည်မှာ လုံးလုံးလျားလျား ရန်စစော်ကားခြင်းဖြစ်ပြီး လင်းယုန် ယဥ်ပါးလာစေရန် မည်သည့်အခွင့်အရေးမျှ မရှိတော့ချေ။
ယုလုံချင်းနှင့်အကြံပေးလျောင်တို့ ကြက်သေသေနေသည်သာမက မိုယန်ရွှေ၏ခန္ဓာကိုယ်သည် တုန်ရီနေကာဟသူမ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတတ်ပင်။သူမသည် ကျန်းရွှမ်၏နည်းလမ်းများ မသင့်တော်မည်ကို စိုးရိမ်ပူပန်သဖြင့် ဤနေရာသို့ ပြေးလာခဲ့သော်လည်း ဤမျှလောက်ထိ အဓိပ္ပါယ်မဲ့မည်ဟု သူမ မျှော်လင့်မထားမိချေ။
အစဉ်အမြဲ တုံ့ပြန်မှုနှေးကွေးသော ယုရှောင်ယွီပင်လျှင် ထိတ်လန့်တုန်လှုပ်နေကာ သူမကို ရိုက်နှက်နေသည့်အလား ခံစားနေရသည်။
"လင်းယုန်ကို လွှတ်လိုက်စမ်း"
အကြံပေးလျောင်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် အော်ဟစ်လိုက်၏။
"မင်းတို့အားလုံး...ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
ကျန်းရွှမ်သည် အမဲလိုက်လင်းယုန်ကို ပါးဖြတ်ရိုက်နေစဥ်တွင် ဤလူတစ်စု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။သူသည် မတ်တတ်ထရပ်ပြီး လင်းယုန်၏ရင်ဘတ်ကို ကန်လိုက်၏။
"ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်...မင်း အညံ့ခံမှာလား မခံဘူးလား"
"မင်း မင်း... ဒါက အရမ်းရိုင်းတာပဲ...သားရဲတစ်ကောင်ကို ရိုက်နှက်တာနဲ့ ယဥ်ပါးအောင် လုပ်နိုင်မယ်ဆိုရင် အိမ်မွေးသားရဲတွေ ဘာလို့ရှားပါးနေမှာလဲ...ဒါက လုံးဝအဓိပ္ပါယ်မရှိဘူး..."
အကြံပေးလျောင်သည် ဒေါသများပေါက်ကွဲလုမတတ် ဖြစ်နေလေသည်။သူသည် ရှေ့သို့တိုးသွားကာ ကျန်းရွှမ်၏အဓိပ္ပာယ်မဲ့သောအပြုအမူအတွက် သင်ခန်းစာပေးလိုခဲ့သည်။ထိုအချိန်မှာပင် ကျန်းရွှမ်၏ခြေထောက်အောက်ရှိ အမဲလိုက်လင်းယုန်၏နဖူးမှ ပန်းရောင်အလင်းတန်းတစ်တန်းဖြာထွက်လာကာ သွေးတစ်စက်သည် လေထုအတွင်းသို့ မျောလွင့်လာပြီး တောက်ပနေသည်ကို သူတို့ မြင်တွေ့မိလေ၏။
"ဒါက စိတ်ဝိညာဥ်စတေးခြင်း...အပြည့်အဝအညံ့ခံခြင်းမဟုတ်လား...."
အကြံပေးလျောင်နှင့်ယုလုံချင်းတို့နှစ်ယောက်လုံး ကြက်သေသေသွားကာ လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။