← Chapters

လင်းယုန်ငှက်ကို ယဥ်ပါးစေခြင်း

Vol. 2 Ch. 20

လင်းယုန်ငှက်ကို ယဥ်ပါးစေခြင်း

Vol. 2 Ch. 20

"သခင်မလေး....မင်းက သူ့အကြောင်းကို ပြောနေတာ မဟုတ်လား"

အကြံပေးလျောင်၏မျက်လုံးအကြည့်သည် ကျန်းရွှမ်ထံသို့ ကျရောက်သွားပြီး သူ့ကိုကြည့်ရသည်မှာ မကျေမနပ်ဖြစ်နေပုံရသည်။

"မင်းရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး....ဒါပေမဲ့ မင်းက မြို့အရှင်အိမ်တော်မှာ ဘယ်လိုသတ္တိမျိုးနဲ့ လာပြီးလိမ်လည်လှည့်ဖြားဝံ့တာလဲ....သူ့ကို ဖမ်းခေါ်သွားကြစမ်း..."

"ခဏနေအုံး...."

ယုရှောင်ယွီက ချက်ချင်းဆိုသလိုပင် ရှေ့သို့ထွက်လာပြီး ပြောဆိုလိုက်သည်။

"အကြံပေးလျောင် နင် ဘာလုပ်တာလဲ....နင်က ငါ့ရဲ့မိတ်ဆွေကို တိုက်ခိုက်ချင်တာလား"

အကြံပေးလျောင်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ငါက ဘယ်တုန်းကမှ သားရဲတွေကို ယဥ်ပါးစေတဲ့ ပါရမီရှင်မျိုး ရှိနေတာကို မကြားခဲ့ဖူးဘူး...ဒါကြောင့် ငါ မစိုးရိမ်ပဲမနေနိုင်ဘူး....အပြင်လောကမှာ လူလိမ်တွေ အများကြီးရှိတယ်ဆိုတာ မင်း သိသင့်တယ်"

"ဒါက နင် မကြားဖူးရုံနဲ့ မရှိဘူးလို့ မပြောနိုင်ဘူးလေ....ကျန်းရွှမ်က လွန်ခဲ့တဲ့ရက်အနည်းငယ်အကြာတုန်းက ရွှယ်အာရဲ့မြင်း ဆုရှင်းကို ယဥ်ပါးအောင် လွယ်လွယ်ကူကူလုပ်နိုင်ခဲ့တယ်"

ယုရှောင်ယွီက ဒေါသတကြီး ပြောဆိုသည်။

အကြံပေးလျောင်သည် နောက်ဆုံး၌ နားလည်သဘောပေါက်သွားသဖြင့် သရော်တော်ပြောဆိုလိုက်၏။

"ဆုရှင်းလို မြင်းတစ်ကောင်က ဘယ်လိုလုပ်ပြီးတော့ အမဲလိုက်လင်းယုန်လို အစစ်အမှန်ရင်းမြစ်သားရဲတစ်ကောင်နဲ့ ယှဉ်ပြိုင်နိုင်မှာလဲ...ဆုရှင်းကို ရက်နည်းနည်းလောက်ကြာအောင် အစာကျွေးလိုက်တာနဲ့ ဘယ်သူမဆို သူကို ယဥ်ပါးအောင် လုပ်နိုင်လိမ့်မယ်"

မြင်းများသည် ယဥ်ပါးအောင်ပြုလုပ်ရာ၌ အလွယ်ကူဆုံး သတ္တဝါများပင်။ထိုသို့မဟုတ်ပါက သူတို့အား မည်သူကမျှ စီးနိုင်မည်မဟုတ်ချေ။သူတို့အား ရင်းမြစ်သားရဲစာရင်း၌ ထည့်သွင်းတွက်ချက်၍ပင် မရချေ။ဤကဲ့သို့မြင်းတစ်ကောင်ကို ယဥ်ပါးစေခြင်းဖြင့် သားရဲထိန်းကျောင်းသူအဖြစ် သူ့ကိုယ်သူ ပြောဆိုခြင်းသည် အလိမ်အညာတစ်ခုဖြစ်သည်မှာ သိသာထင်ရှားပေ၏။

"ဒါက တကယ်လား...ဒါပေမဲ့ ရွှယ်အာက ဆုရှင်းကို ယဥ်ပါးအောင်လုပ်ဖို့ အရမ်းခက်ခဲတယ်လို့ ပြောခဲ့တယ်....ကိုယ်တိုင်တောင်မှ မလုပ်နိုင်ခဲ့ဘူး"

ဤကိစ္စကို များစွာနားလည်သဘောပေါက်ခြင်းမရှိသော ယုရှောင်ယွီသည် အကြံပေးလျောင်၏စကားများ ကျိုးကြောင်းဆီလျော်နေပုံရသဖြင့် ဇဝေဇဝါဖြစ်မှုကို စတင်၍ခံစားမိသည်။

"အကြံပေးလျောင်ပြောတာ အမှန်ပဲ...မြင်းတွေက ယဥ်ပါးအောင်လုပ်ဖို့ အလွယ်ဆုံးပဲ"

အမဲလိုက်လင်းယုန်ကို စူးစိုက်၍ကြည့်နေသော မြို့အရှင်ယုလုံချင်းက ရုတ်တရက်ပြောဆိုသည်။

သူမ၏ဖခင် ဤသို့ပြောဆိုလာသဖြင့် ယုရှောင်ယွီကို ကြည့်ရသည်မှာ အနည်းငယ်ရှက်ရွံ့သွားပုံရသည်။

"ဒါဆိုရင် ဘယ်လိုလုပ်မလဲ....ငါက ဒီလင်းယုန်ကို ယဉ်ပါးအောင်လုပ်ဖို့အတွက် သူ့ကို အထူးသီးသန့်ဖိတ်ခေါ်လာခဲ့တာ..."

"ဟား ဟား ဟား....ငါ့ရဲ့သမီးလေးက အရွယ်ရောက်လာပြီးတော့ ငါ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ကူညီတတ်နေပြီ...ဒါပေမဲ့ ဘာမှမစိုးရိမ်နဲ့...ငါက အမဲလိုက်လင်းယုန်ကို မကြာခင်မှာ ယဥ်ပါးအောင် လုပ်နိုင်လိမ့်မယ်...နောက်ဆုံးအနေနဲ့ မနက်ဖန်ကျရင် ရလဒ်ကို သိရလိမ့်မယ်"

ယုချင်းလုံ၏နီမြန်းနေသော မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထင်ဟပ်နေပေ၏။

"မနက်ဖြန်လား...."

သူမဖခင်၏လျှို့ဝှက်ခန်းကိုငှားရန် တွေးတောနေသော ယုရှောင်ယွီ မျက်ခုံးလှုပ်သွားသည်။

"အဖေ....ကျွန်မအထင်တော့ မနက်ဖြန်က အရမ်းနောက်ကျနေပြီ...ကျန်းရွှမ်ကို ကြိုးစားခွင့်ပြုလိုက်ပါလား...သူ ဒီနေရာကို ရောက်နေမှတော့ တကယ်လို့ သူ အောင်မြင်သွားရင် ကောင်းတဲ့ကိစ္စပဲ မဟုတ်လား"

"သခင်မလေး...ဒါက ငါတို့တွေ မင်းကို မကြိုးစားစေချင်လို့ မဟုတ်ဘူး"

အကြံပေးလျောင်က ပြောဆိုသည်။

"သားရဲယဥ်ပါးစေခြင်းက ကစားပွဲတစ်ခု မဟုတ်ဘူး...မင်းက ဒါကိုစတင်လိုက်တာနဲ့ လမ်းတစ်ဝက်မှာ လက်ပြောင်းလက်လွှဲလုပ်လို့မရဘူး....ဒါကို ငါတို့က 'သားရဲကို ပင်ပန်းနွမ်းနယ်စေခြင်း'လို့ ခေါ်တယ်....သားရဲက ပင်ပန်းနွမ်းနယ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာပြိုလဲနေမှသာ အပြည့်အဝအညံ့ခံလာလိမ့်မယ်...မြို့အရှင်က လဝက်ကြာအောင် ကြိုးစားပြီးတဲ့နောက်မှာ အမဲလိုက်လင်းယုန်က အရှုံးပေးတော့မယ်....တကယ်လို့ အခုချိန်ကျမှ သားရဲထိန်းကျောင်းသူကို လဲလိုက်မယ်ဆိုရင် အရင်ကအင်အားစိုက်ထုတ်ခဲ့သမျှ အရာအားလုံး အ​ချည်းနှီးဖြစ်သွားလိမ့်မယ်"

"ငါ သိပြီ"

ယုရှောင်ယွီက သားရဲများကို ယဥ်ပါးစေခြင်းသည် အလွန်ရှုပ်ထွေးသည်ကို နားလည်သဘောပေါက်သွားပေ၏။ထို့နောက် သူမသည် မလှမ်းမကမ်းအကွာ၌ မတ်တတ်ရပ်နေသော ကျန်းရွှမ်ကို ကြည့်လိုက်သည်။

"နင်က ဆုရှင်း ယဥ်ပါးအောင် ဘယ်လိုလုပ်ခဲ့တာလဲ...နင်လည်း သူ ပင်ပန်းနွမ်းနယ်သွားအောင် လုပ်ခဲ့တာလား"

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အဲ့ဒီလို မဟုတ်ဘူး...ငါက ကံကောင်းပြီးတော့ ဆုရှင်းရဲ့အသိအမှတ်ပြုမှုကို မတော်တဆရသွားခဲ့တယ်"

မိုယန်ရွှယ်နှင့်တခြားလူများ၏ ပြောစကားများအရ ရင်းမြစ်ကမ္ဘာမှလူများသည် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားရှိကာ မည်သည့်ကြုံရာလူတစ်ယောက်မဆို ကောင်းကင်ဘုံကိုဖျက်ဆီးနိုင်စွမ်းရှိသော်လည်း သားရဲထိန်းကျောင်းခြင်းနည်းစနစ်များတွင်မူ အလွန်နိမ့်ကျကြောင်း ကျန်းရွှမ်က သိရှိခဲ့ရသည်။သူသည် ယခုအချိန်၌ သိုသိုသိပ်သိပ်နေထိုင်ရန်လိုအပ်ကြောင်း သူ ကောင်းစွာသိရှိပေ၏။

ထိုအချိန်မှာပင် အကြံပေးလျောင်က ကျန်းရွှမ်ကိုကြည့်ပြီး မေးမြန်းသည်။

"အသိအမှတ်ပြုတာလား....ဒါက အချိန်ဘယ်လောက်ကြာခဲ့လဲ"

ကျန်းရွှင်က သူ၏စိတ်အတွင်းမှနေ၍ တွက်ချက်လိုက်သည်။

"နေ့ဝက်လောက်တော့ ကြာသွားတယ်"

သူ၏လက်သီးတချက်ဖြင့် မြင်းသေဆုံးသွားကာ နောက်ထပ်အချိန်တခဏအကြာတွင် သူသည် 'စိတ်ဝိညာဥ်နိုးထခြင်းနည်းစနစ်'ကို အသုံးပြုသဖြင့် နေ့ဝက်ကြာမြင့်သည်ဟူသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။

"နေ့ဝက်လား...ဟား ဟား ဟား...ဒါက ကြွားလုံးထုတ်နေတာပဲ...သခင်မလေးက မင်းရဲ့လှည့်စားတာကို ခံရတာ အံ့အားသင့်စရာ မရှိတော့ဘူး"

အကြံပေးလျောင်က ​လှောင်ပြောင်သရော်လိုက်သည်။

ယုရှောင်ယွီကိုကြည့်ရသည်မှာ ဇဝေဇဝါဖြစ်နေပုံပင်။

"ကြွားဝါတာလား...အကြံပေးလျောင်က မြင်းတွေကို ယဥ်ပါးအောင်လုပ်ရတာ လွယ်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"

အကြံပေးလျောင်က ပြောဆိုသည်။

"မြင်းတွေကို ယဥ်ပါးအောင်လုပ်ရတာ လွယ်တယ်....ဒါပေမဲ့ ဆုရှင်းက တစ်ရက်ကို မိုင်တစ်ထောင် သွားလာနိုင်တဲ့ မြင်းတကောင်ဖြစ်ပြီးတော့ တောရိုင်းသဘာဝတွေရှိနေတယ်...အဲ့ဒီမြင်းကို လုံးလုံးလျားလျား နာခံရိုကျိုးလာအောင် လုပ်ဖို့ဆိုရင် မင်းက နည်းလမ်းနှစ်ခုထဲကတစ်ခုကို အသုံးပြုဖို့လိုအပ်တယ်...ပထမနည်းလမ်းကတော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားတဲ့အထိ ပင်ပန်းနွမ်းနယ်စေပြီးတော့ သူ့ရဲ့အားအနည်းဆုံးအခြေအနေကို အခွင့်ကောင်းယူပြီး အသိအမှတ်ပြုမှုကို ရအောင်လုပ်ရမယ်... ဒါက အခု မြို့အရှင် အသုံးပြုနေတဲ့ နည်းလမ်းဖြစ်ပြီးတော့ 'ဖိအားပေးပြီး သားရဲကိုယဥ်ပါးစေတဲ့နည်းလမ်း'လို့ လူသိများကျော်ကြားတယ်"

"တခြားနည်းလမ်းတစ်ခုကတော့ သားရဲကို စားကောင်းသောက်ဖွယ်တွေ ကျွေးမွေးပြီးတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်...သူ့ရဲ့တောရိုင်းသဘာဝတွေ ပျောက်သွားတဲ့အချိန်အထိ သူ့ရဲ့အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးရတယ်...ဒီညင်သာတဲ့ချဥ်းကပ်ပုံကို 'ညင်သာသော သားရဲယဥ်ပါးစေခြင်းနည်းလမ်း'လို့ ခေါ်တယ်...နည်းလမ်းနှစ်ခုလုံးက အောင်မြင်ဖို့အတွက် အချိန်ယူရပြီးတော့ ခြောက်လကနေတစ်နှစ်အထိ ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုပြီးကြာတတ်တယ်... မြင်းတကောင်ကို ယဥ်ပါးအောင် နေ့ဝက်အတွင်းမှာ လုပ်နိုင်ခဲ့တယ်ဆိုတာက....တကယ်လို့ ဒါက သာမာန်မြင်းတကောင်ဆိုရင်တောင် မဖြစ်နိုင်ဘူး...ဒါက ကြွားဝါနေတာမဟုတ်ရင် တခြားဘာရှိသေးလို့လဲ"

"အော်...ငါ သိပြီ"

ကျန်းရွှမ်က ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

ယခုကြည့်ကြည့်တော့မှ ရင်းမြစ်ကမ္ဘာအတွင်းရှိ သားရဲယဥ်ပါးစေခြင်းနည်းစနစ်များသည် ဆရာသခင်ကုန်းမြေ၏သားရဲထိန်းကျောင်းသူများအတွက် အခြေခံအကျဆုံးနည်းစနစ်များပင်။

ပင်ပန်းနွမ်းနယ်စေခြင်းဖြစ်စေ ပြုစုပျိုးထောင်ခြင်းဖြစ်စေ နှစ်ခုလုံးသည် အချိန်နှင့်အင်အားစိုက်ထုတ်မှု အမြောက်အများလိုအပ်ကာ ရလဒ်သည် အလွန်ကောင်းမွန်ခြင်းမရှိချေ။မိုယန်ရွှယ်သည် ဆုရှင်းအား သူ ယဥ်ပါးအောင်လုပ်နိုင်ခဲ့သည်ဟု ကြားသောအချိန်၌ အလွန်အံ့အားသင့်နေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

"ဘာလဲ...ငါက မင်းကို ထုတ်ဖော်လိုက်တာကြောင့် အခု မင်းကိုယ်မင်း လူလိမ်တစ်ယောက်လို့ ဝန်ခံလိုက်တာလား"

ကျန်းရွှမ်၏မျက်နှာအမူအယာကိုကြည့်ပြီး အကြံပေးလျောင်က ​လှောင်ပြောင်သရော်လိုက်သည်။

"အဲ့ဒီလို မဟုတ်ဘူး...ငါက ကံကောင်းပြီးတော့ဆုရှင်းရဲ့အသိအမှတ်ပြုမှုကို ရခဲ့တာလို့ ပြောခဲ့တယ်လေ...မြို့အရှင်နဲ့အကြံပေးလျောင်တို့က ငါ့ရဲ့အကူအညီကို မလိုမှတော့...မိန်းကလေးယု အခု ငါ ထွက်သွားပါတော့မယ်"

ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

ဤကဲ့သို့ ရန်လိုနေမှုများကိုကြည့်ပြီး သူသည် မည်သည့်ပြဿနာကိုမျှ ရှာလိုခြင်းမရှိချေ။

"အင်း ကောင်းပြီလေ..."

သူမ၏ဖခင် အောင်မြင်မှုရရှိတော့မည်ကိုကြည့်ပြီး ယုရှောင်ယွီက ခေါင်းညိတ်ပြလိုက်သည်။သူမသည် ဤကိစ္စကို ဆင်ခြေအဖြစ် အသုံးပြုပြီး သူမဖခင်၏လျှို့ဝှက်ခန်းကို ငှား၍မရတော့သဖြင့် သူမ အနည်းငယ်စိတ်မ​ပျော်မရွှင်ဖြစ်နေသည်။

"ခဏနေအုံး...မြို့အရှင်အိမ်တော်က အဖြူရောင်ကျောက်တုံးမြို့တော်ရဲ့အခရာကျတဲ့နေရာ ဖြစ်ပြီးတော့ သခင်မလေးမှာ မြင့်မြတ်တဲ့အဆင့်အတန်းရှိတယ်...ဒီနေရာကို မင်းက ဆန္ဒရှိသလို ဝင်ထွက်သွားလာနိုင်တယ်လို့ ထင်နေတာလား"

အကြံပေးလျောင်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ ထွက်ခွာသွားရန်ဟန်ပြင်နေသော ကျန်းရွှမ်ကိုကြည့်ပြီး အေးစက်တင်းမာစွာ အော်ငေါက်လိုက်၏။

"အကြံပေးလျောင်...မင်းက ဘာကိုဆိုလိုတာလဲ"

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် အစပထမတွင် ဤနေရာသို့ မလာချင်သော်လည်း ယုရှောင်ယွီက​ အတင်းအကြပ်ပြောဆိုကာ ငွေကြေးဖြင့်ပင် ကမ်းလှမ်းလာသောကြောင့် သူ ဝန်လေးစွာဖြင့် သဘောတူညီခဲ့ရသည်။ယခုအချိန်၌ သူ ဤနေရာသို့ ရောက်ရှိလာပြီးနောက် သူ့အား စစ်ဆေးမေးမြန်းခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ ခံနေရသဖြင့် သူ အလွန်စိတ်အနှောင့်အယှက်ဖြစ်နေပေ၏။

"ဒါက ဘာမှမဟုတ်ပါဘူး....သားရဲတွေကို ယဥ်ပါးစေတဲ့ စစ်မှန်တဲ့နည်းစနစ်ကို ငါ မင်းကို သိစေချင်တယ်...အဲ့ဒီလိုမှသာ မင်းက တခြားလူတွေကို ဆက်ပြီးကြွားဝါလှည့်စားနိုင်တော့မှာမဟုတ်လို့ပဲ"

အကြံပေးလျောင်က သူ့၏လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။

"အော်....."

ကျန်းရွှမ်၏မျက်ခွံများ တုန်ရီသွားသည်။

ဆရာသခင်ကုန်းမြေအတွင်း၌ ခွေးများကို ယဥ်ပါးအောင်ပြုလုပ်ရန်ပင် မထိုက်တန်သော သူတို့၏တတ်ယောင်ကားနည်းစနစ်များကို အကောင်းဆုံးသားရဲထိန်းကျောင်းနည်းစနစ်ဟု ပြောဆိုဝံ့သလော ....

ကျန်းရွှမ်သည် ယခုအချိန်၌ လုံးလုံးလျားလျားတုန်လှုပ်နေပြီဟု တွေးထင်ကာ အကြံပေးလျောင်က သရော်တော်တော်ပြုံးလိုက်သည်။ ထို့နောက် သူသည် ယုလုံချင်းဘက်သို့လှည့်၍ ဦးညွှတ်အရိုအသေပြုလိုက်၏။

"မြို့အရှင်....အမဲလိုက်လင်းယုန်က အကန့်အသတ်ကို ရောက်တော့မယ်....အခု ငါတို့ရဲ့နည်းစနစ်ကို အသုံးပြုလို့ရပြီ"

"အော် အချိန်ကျပြီလား"

ယုလုံချင်း၏မျက်နှာသည် ဝမ်းသာပျော်ရွှင်မှုကြောင့် တောက်ပသွားပေ၏။သူသည် ရှေ့တွင်ရှိနေသော အမဲလိုက်လင်းယုန်ကို စူးစိုက်ကြည့်ကာ သူ၏မျက်လုံးများ ပြူးကျယ်နေသည်။သူသည် သူ၏ဝမ်းဗိုက်အတွင်းသို့ ရင်းမြစ်စွမ်းအင်များကို တစ်ချက်ရှိုက်သွင်းပြီးနောက် ရုတ်တရက်အော်ဟစ်လိုက်သည်။

"အခုချက်ချင်း အ​ညံ့ခံစမ်း"

မြို့အရှင်၏ခွန်အားသည် နက်နဲသိမ်မွေ့ကာ ကျောင်းအုပ်ကြီးလုမင်ရုန်ထက် အားနည်းခြင်းမရှိချေ။သူ အော်ဟစ်ကြိုးဝါးလိုက်သည်နှင့် အခန်းအတွင်း၌ စွမ်းအင်လှိုင်းများ တလိမ့်လိမ့်ထလာကာ လျှပ်စီးမိုးကြိုးများအလားပင်။

ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

သူတို့သည် ရင်းမြစ်ကမ္ဘာမှကျင့်ကြံသူများဖြစ်သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။အော်ငေါက်သံတစ်သံမျှဖြင့် သူ၏ကမ္ဘာသစ်တစ်ခုလုံးကို ပြိုလဲလုနီးပါးဖြစ်သွားစေကာ အထက်ကိုးကောင်းကင်ဘုံနှင့်ငရဲကြီးဆယ်ထပ်တို့ကို အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားစေနိုင်သည်။

ကျစ်...

အသံလှိုင်းများ၏ရိုက်ခတ်မှုအောက်တွင် တုန်ရီနေသောလင်းယုန်သည် တဖန်ထပ်၍ယိမ်းယိုင်သွားသည်။ထို့နောက် လင်းယုန်ထံမှနေ၍ ဒေါသတကြီးအော်မြည်သံတစ်သံ ထွက်ပေါ်လာကာ မြို့အရှင်ကို စူးစိုက်၍ကြည့်နေလေ၏။

"ဒါက အညံ့ခံတော့မယ်...."

လင်းယုန်၏မျက်နှာပေါ်မှ အမူအယာကိုကြည့်ပြီး အကြံပေးလျောင်သည် စိတ်လှုပ်ရှားသွားကာ လက်သီးဆုပ်လိုက်သည်။

ယုလုံချင်း၏မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွားပေ၏။သူသည် ဤအချိန်အခိုက်အတန့်အတွက် လဝက်ခန့်ကြာအောင် ဇွဲဖြင့်တောင့်ခံခဲ့ရသည်။

ကျစ်..

သူတို့နှစ်ယောက်လုံးထံ၌ မျှော်လင့်တောင့်တခြင်းများဖြင့် ပြည့်နှက်နေစဉ်တွင် ဒေါသထွက်နေသော အမဲလိုက်လင်းယုန်ထံမှ နောက်ထပ်အော်မြည်သံတစ်သံ ထွက်ပေါ်လာပြီး ရုတ်တရက် နောက်သို့ချာခနဲလှည့်ကာ မလှမ်းမကမ်းအကွာတွင် ရှိနေသော သံမဏိတိုင်လုံးကြီးထံသို့ တိုးဝင်သွားသည်။

ဘန်း....

လင်းယုန်၏ခေါင်းသည် တိုင်နှင့်ရိုက်ခတ်မိသဖြင့် သွေးများဖြာကျသွားသည်။ထို့နောက် လင်းယုန်၏ခန္ဓာကိုယ်သည် ဘုန်းခနဲမြည်သံနှင့်အတူ လဲကျသွားပြီး သူ၏ခြေထောက်​များ အထိန်းအကွပ်မဲ့စွာဖြင့် တဆတ်ဆတ်တုန်နေသည်။

"..."

ယုလုံချင်း၏အမြင်အာရုံ မှောင်မည်းသွားသည်။

အကြံပေးလျောင်သည် အောင်ပွဲခံရန်ဟန်ပြင်ထားခဲ့သော သူ၏လက်သီးကို တဖြည်းဖြည်းဖြေလျော့ပြီး သူ၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းသွားပေ၏။

သူတို့သည် အလွန်အမင်းအရှက်ရမှုကို ခံစားနေရကာ မည်ကဲ့သို့ ပြုလုပ်ရမည်မှန်း မသိတော့သောအချိန်မှာပင် ကျန်းရွှမ်၏ဇဝေဇဝါဖြစ်နေသောအသံ ထွက်ပေါ်လာသည်။

"ဒါက မင်းတို့ပြောနေတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီးနက်နဲသိမ်မွေ့တဲ့ သားရဲယဥ်ပါးစေခြင်းနည်းစနစ်လား....."

All Chapters