မြို့အရှင်အိမ်တော်
Vol. 2 Ch. 19
"ရွှေရောင်အလင်းတန်းလား"
ဝူယွင်ကျိုးနှင့်တခြားလူများအားလုံး ဇဝေဇဝါဖြစ်သွားသည်။
သူတို့ ယခင်ကမြင်တွေ့ဖူးသည့် အရင့်ဆုံးအရောင်သည် လိမ္မော်နီရောင်သာ ဖြစ်ပေ၏။လောင်ကျွမ်းနေသော တိမ်တိုက်တစ်ခုကဲ့သို့ အနီတောက်တောက်အရောင်ကိုပင်လျှင် သူတို့သည် မြင်တွေ့ဖူးရန်နေနေသာသာ ကြားဖူးခြင်းပင်မရှိချေ။
"ရင်းမြစ်ရေအိုင်တောင်စမ်းသပ်မှုကနေ အနီရောင် အဝါရောင်နဲ့အစိမ်းရောင်တွေကို ပြသတာက ရင်းမြစ်ရေအိုင်ရဲ့တည်ငြိမ်မှုကို ကိုယ်စားပြုတယ်"
ကျောင်းအုပ်ကြီးလုမင်ရုန်က သူ၏စိတ်လှုပ်ရှားမှုများကို ချိုးနှိမ်ပြီး အလျင်အမြန်ရှင်းပြသည်။
"သာမာန်အရဆိုရင် ရင်းမြစ် ရေအိုင်ရဲ့ အဆင့်အမြင့်ဆုံးက အနီရင့်ရင့်အရောင်ကိုပဲ ပြသတယ်...အဲ့ဒီနယ်ပယ်ထက် ကျော်လွန်သွားမှသာ အရောင်သုံးရောင် ရောစပ်သွားပြီးတော့ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်လာတာပဲ ...ငါက ဒါကို ဒဏ္ဍာရီသက်သက်လို့ တွေးထင်ခဲ့ပေမယ့် အစစ်အမှန်ဖြစ်နေပြီးတော့ ငါတို့ရဲ့ရှေ့မှာ ဖြစ်သွားခဲ့တယ်"
"အဲဒီလိုဆိုမှတော့..."
ဝူယွင်ကျိုးသည် သူ၏တံတွေးကို ခက်ခက်ခဲခဲမြိုချကာ သူ၏အသံ တုန်ရီနေသည်။
"ဒါဆိုရင် ကံကြမ္မာချပ်ပြား ချို့ယွင်းနေတာမဟုတ်ဘဲနဲ့ ထိပ်သီးပါရမီရှင်က တကယ်ကြီးတည်ရှိနေတာလား"
"ဒါက အမှန်ပဲ...သူက ရှိနေရုံတင်မကဘူး...ရင်းမြစ်ရေအိုင်တောင်ကို ဖြတ်သန်းသွားခဲ့တယ်...လူတွေအားလုံး ထွက်သွားပြီးမှ ဒီအလင်းတန်း ထွက်ပေါ်လာတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့အဆင့်က အရမ်းမြင့်နေတာကြောင့် ရင်းမြစ်ရေအိုင်က အစပိုင်းမှာတိတိကျကျ မတိုင်းတာနိုင်တာကြောင့် ဖြစ်မယ်"
လုမင်ရုန်က ခါးသည်းသောအပြုံးဖြင့် ပြောဆိုသည်။
အရည်အချင်းစစ်ဆေးစမ်းသပ်မှုကို နှောင့်နှေးစေသဖြင့် ဤဟောင်းနွမ်းနေသော ရင်းမြစ်ရေအိုင်တောင်ကို အစားထိုးရမည့်ပုံပင်။
"ငါတို့ သေချာသိနေမှတော့ ငါတို့က သူ့ကို ရှာဖွေရမယ်...အဲ့ဒီပါရမီရှင်က ဘယ်လောက်ထိ သိုသိုသိပ်သိပ်နေပါစေ...ငါတို့က ပြင်းပြင်းထန်ထန် ကြိုးစားရမယ်ဆိုရင်တောင် သူ့ကို သေချာပေါက် ရှာတွေ့ရမယ်"
ဝူယွင်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
"အမှန်ပဲ....ငါတို့က ဒီလိုပါရမီရှင်တစ်ယောက်ကို ရှာမတွေ့ဘူးဆိုရင် ဒါက ငါတို့ကို ထာဝရခြောက်လှန့်သွားမယ့် ကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မယ်"
မဟာအကြီးအကဲယန်ချင်းရှုကလည်း ထောက်ခံလိုက်၏။
သူတော်စင်အဆင့်ပါရမီရှင်...
ဤကဲ့သို့ပါရမီရှင်တစ်ယောက်သည် တိုင်းပြည်တစ်ပြည်လုံးအတွင်း၌ပင် ထွက်ပေါ်လာနိုင်ရန် မသေချာချေ။အကယ်၍ သူတို့၏ကျောင်းတော်အတွင်း၌ ဤကဲ့သို့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသော်လည်း အခွင့်အရေးကိုဖမ်းဆုပ်ရန် သူတို့ ရှုံးနိမ့်သွားပါက သူတို့၏ကြွင်းကျန်သောဘဝတလျှောက် နောင်တရနေပေမည်။
"ကျောင်းအုပ်ကြီး ရင်းမြစ်ရေအိုင်တောင်က အဲ့ဒီပါရမီရှင် ဘယ်သူလဲဆိုတာကို အတည်မပြုနိုင်ခဲ့ဘူး...ငါ စိုးရိမ်မိတာက တကယ်လို့ အဲ့ဒီပါရမီရှင်က မနက်ဖြန် ပြန်မလာဘူးဆိုရင် ငါတို့ သူ့ကို ဘယ်လိုရှာကြမလဲ"
ဒုတိယအကြီးအကဲဝူလျှူယွင်က သူ၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"ငါလည်း ဒီကိစ္စကို စိုးရိမ်နေတာပဲ"
အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် လုမင်ရုန်က ပြောဆိုသည်။
"လက်ထောက်ကျောင်းအုပ်ဝူ မြို့အရှင်အိမ်တော်ဆီ သွားပြီးတော့ မြို့တစ်မြို့လုံး ချိတ်ပိတ်ထားဖို့ မြို့အရှင်ကို ပြောလိုက်ပါ..ဒီနေ့ကျောင်းတော်ကိုလာတဲ့ ဘယ်သူ့ကိုမဆို အသက်အရွယ်မရွေး မြို့အတွင်းက ထွက်ခွင့်မပြုဘူး"
"ဟုတ်ကဲ့"
ဝူယွင်ကျိုးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ တုံ့ပြန်သည်။
ကျောင်းအုပ်ကြီး၏ ခရေစေ့တွင်းကျ တွေးတောနိုင်မှုသည် အထင်ကြီးဖွယ်ရာပင်။မြို့တံခါးများကို ချိတ်ပိတ်ထားသရွေ့ မည်သူမျှ ထွက်ခွာသွားနိုင်မည် မဟုတ်သဖြင့် သူတို့သည် ပါရမီရှင်အား ရှာဖွေနိုင်ပေမည်။
...
ရထားလုံးသည် အရှိန်ပြင်းပြင်းမောင်းနှင်လာပြီးနောက် အချိန်နာရီဝက်မပြည့်မီမှာပင် အဖြူရောင်ကျောက်တုံးကျောင်းတော်ထက် ပို၍ ကြီးကျယ်ခမ်းနားသော ခြံဝန်းတစ်ခုက သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်။သူတို့သည် ထိုခြံဝန်းထံသို့မရောက်မီ သံချပ်ကာဝတ်စစ်သားနှစ်ယောက်က ရှေ့သို့တိုးလာကာ သူတို့အား ဆီးကြိုသည်။
"သခင်မလေး...မင်းရဲ့အကဲဖြတ်စစ်ဆေးမှု ပြီးသွားပြီလား..."
သက်လက်ပိုင်းအရွယ်ရှိသော သံချပ်ကာဝတ်စစ်သားတစ်ယောက်က ရှေ့သို့တိုးလာပြီး မေးမြန်းသည်။
ဝှစ်...
ယုရှောင်ယွီသည် ရထားလုံးပေါ်မှနေ၍ မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးခုန်ဆင်းလိုက်၏။
"ခေါင်းဆောင်ဟူ ငါ့ရဲ့အဖေ ဘယ်နေရာမှာလဲ"
ခေါင်းဆောင်ဟူက ပြုံးလိုက်သည်။
"သခင်မလေး....မြို့အရှင်က အကြံပေးလျောင်နဲ့အတူ အရံခန်းမထဲမှာ ရှိနေပြီးတော့ အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင်လုပ်ဖို့ ကြိုးစားနေတယ်"
"ဒါဆိုရင် ငါက အချိန်မှန်ရောက်လာခဲ့တာပဲ"
သူမ၏ဖခင်သည် ယခုချိန်ထိတိုင် အောင်မြင်မှုမရရှိသေးဟု ကြားချိန်၌ ယုရှောင်ယွီ၏မျက်လုံးများ တောက်ပသွားသည်။သူမသည် ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်ပြီး ပြောဆိုလိုက်၏။
"သွားကြစို့...."
ကျန်းရွှမ်က ခေါင်းညိတ်ပြီး ရထားလုံးပေါ်မှခုန်ဆင်းကာ ယုရှောင်ယွီ၏နောက်သို့လိုက်ရန် ဟန်ပြင်လိုက်သည်။သို့ရာတွင် စစ်သားနှစ်ယောက်သည် ရှေ့သို့တိုးလာကာ သူတို့၏အတွင်းမှ လှံရှည်များကို ကန့်လန့်ဖြတ်ပိတ်ပြီးသူ ၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလေသည်။
ယုရှောင်ယွီ၏မျက်နှာ သုန်မှုန်သွားသည်။
"နင်တို့ ဘာလုပ်တာလဲ..."
ခေါင်းဆောင်ဟူက ပြောဆိုသည်။
"သခင်မလေး ကျေးဇူးပြုပြီးတော့ ဒီလူကို သူရဲ့အထောက်အထား ထုတ်ပြခိုင်းပေးပါ...သူက အန္တရာယ်ပေးမယ့်လူ ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
"အထောက်အထားလား...သူက ရွှယ်အာရဲ့မြင်း...မိတ်ဆွေပဲ...ငါ့အဖေရဲ့အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ ကူညီဖို့အတွက် သူ့ကို ငါက အထူးဖိတ်ခေါ်လာခဲ့တာ...သူ့ကို လေးလေးစားစား ဆက်ဆံကြစမ်း"
ယုရှောင်ယွီက သူမ၏ခေါင်းကိုမော့ပြီး တင်းမာခက်ထန်စွာ အော်ငေါက်လိုက်၏။
"ဒါက..."
ခေါင်းဆောင်ဟူက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် သူမတို့အား ဖြတ်သန်းသွားခွင့်မပြုသေးသည်ကိုကြည့်ပြီး ယုရှောင်ယွီက ဆက်လက်၍ပြောဆိုသည်။
"ဘာလဲ....ငါ့ရဲ့စကားတွေက အရေးမပါဘူးလား"
ခေါင်းဆောင်ဟူက အလျင်အမြန်ဦးညွှတ်အရိုအသေပြုလိုက်သည်။
ငါမလုပ်ဝံ့ပါဘူး
ထို့နောက် သူသည် စစ်သားများအား သူတို့၏လှံများကို အောက်သို့နှိမ့်ထားရန် အချက်ပြလိုက်၏။
"ဟွန့် သွားကြစို့...."
အေးစက်စက်နှာမှုတ်သံတစ်သံနှင့်အတူ ယုရှောင်ယွီသည် ခြံဝန်းတံခါးထံသို့ဦးတည်၍ လျှောက်လှမ်းသွားကာ ကျန်းရွှမ်က နောက်မှထပ်ချပ်မကွာလိုက်သွားသည်။ခပ်လှမ်းလှမ်းအကွာအဝေးထိ လျှောက်လှမ်းလာပြီးနောက် ခေါင်းဆောင်ဟူနှင့် ဝေးကွာသောနေရာသို့ အရောက်တွင် ယုရှောင်ယွီက သူမ၏လျှာကိုထုတ်ပြီး သူမ၏လက်ဖြင့် သူမ၏မျက်နှာကို ယပ်ခတ်လိုက်သည်။
"ဒါက မိသွားဖို့ သီသီလေးပဲလိုတော့တယ်...အဲ့ဒီခေါင်းဆောင်ဟူက အရမ်းစည်းကမ်းတင်းကြပ်တယ်....တကယ်လို့ နင်က ဘာအထောက်အထားမှမရှိတဲ့ အစေခံတစ်ယောက်ဆိုတာ သူ သိသွားရင် သူက နင့်ကို ဝင်ခွင့်မပြုမှာသေချာတယ်"
"မိန်းကလေးယုကို ကျေးဇူးတင်ပါတယ်"
ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
ယုရှောင်ယွီက သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
"နင်က ငါ့ကို ဘာလို့ကျေးဇူးတင်ရမှာလဲ...ငါက နင့်ဆီက အကူအညီတောင်းထားတာလေ...ဘာမှ မစိုးရိမ်နဲ့....ငါက နင်တို့မိသားစုရဲ့သခင်မလေးထက် ပိုပြီးရက်ရောတယ်....တကယ်လို့ နင်က အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင် ကူညီပေးနိုင်မယ်ဆိုရင် ငါ နင့်ကို ရင်းမြစ်ဒင်္ဂါးနှစ်ရာ....အမ် မဟုတ်သေးဘူး...တစ်ရာကိုးဆယ့်ခြောက်ပြားပေးမယ်"
"ရင်းမြစ်ဒင်္ဂါး တစ်ရာကိုးဆယ့်ခြောက်ပြားလား"
ကျန်းရွှမ်သည် ဇဝေဇဝါဖြစ်သွားလေ၏။
ဤသည်မှာ မည်သည်ကြောင့် ထူးဆန်းသောကိန်းဂဏန်း ဖြစ်နေသနည်း...
ယုရှောင်ယွီက ရှက်ရွံ့နေသောမျက်နှာဖြင့် ပြောဆိုသည်။
"ဒါက ဒီနေ့အတွက် ငါ့မှာရှိတဲ့ငွေ အကုန်ပဲ...ဒါပေမဲ့ ဘာမှမစိုးရိမ်နဲ့...ငါကမနက်ဖြန်ကျရင် ငါ့အဖေဆီကနေ ပိုတောင်းလိုက်မယ်"
ကျန်းရွှမ်သည် မြို့အရှင်၏သမီးဖြစ်သော်လည်း မုန့်ဖိုးအကန့်အသတ်ဖြင့် သုံးနေသော ယုရှောင်ယွီကိုကြည့်ပြီး စာနာသနားမှုကို ခံစားမိသည် သူသည်လည်း အလွန်ဆင်းရဲကြောင်း တွေးတောမိချိန်၌ အထီးကျန်ဆန်မှုကို ပို၍ခံစားမိလေ၏။
မြို့အရှင်အိမ်တော်သည် ကျယ်ပြန့်ပြီး ခန်းမဆောင်များနှင့်မျှော်စင်များက နေရာအနှံ့အပြား၌ ရှိနေသည်။အကယ်၍ သူတစ်ယောက်တည်း လမ်းလျှောက်သွားပါက လွယ်လင့်တကူ လမ်းပျောက်သွားနိုင်သည်။သူသည် ယုရှောင်ယွီ၏နောက်မှ ထပ်ချက်မကွာလိုက်သွားပြီးနောက် မကြာမီမှာပင် ကျယ်ပြန့်သောအရံခန်းမထံသို့ ရောက်ရှိလာခဲ့သည်။
"အဖေ...."
ခန်းမအတွင်းသို့ သူတို့ မဝင်မီ ယုရှောင်ယွီက အော်ခေါ်လိုက်သည်။သူမ၏အသံ ထွက်ပေါ်လာသည်နှင့် စိတ်လှုပ်ရှားနေသော တုံ့ပြန်သံတစ်သံ ထွက်ပေါ်လာပေ၏။
"ရှူး...."
ကျန်းရွှမ်က ထိုနေရာသို့ကြည့်လိုက်ရာ အခန်း၏အလယ်ရှိ စန္ဒကူးထိုင်ခုံပေါ်၌ လေးထောင့်ကျကျမျက်နှာဖြင့် လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေသည်ကို မြင်တွေ့မိသည်။ သူမ အလျင်စလိုပြေးဝင်လာသည်ကို မြင်တွေ့ချိန်၌ သူသည် စိုးရိမ်ပူပန်စွာဖြင့် သူ၏နှုတ်ခမ်းရှေ့သို့ သူ၏လက်ညှိုးကိုတင်ကာ နှုတ်ဆိတ်နေရန် အချက်ပြလိုက်၏။
သူ၏နံဘေးတွင် အကြံပေးဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက် မတ်တတ်ရပ်နေသည်။ထိုလူထံတွင် အစိမ်းရောင်မုတ်ဆိတ်များရှိကာ ခေါင်းဆောင်ဟူ ပြောသော အကြံပေးလျောင် ဖြစ်ပုံရသည်။
သူတို့၏ရှေ့တွင် နွားရိုင်းတကောင်စာအရွယ်အစားရှိသော လင်းယုန်တကောင်သည် အိပ်တန်းပေါ်၌ ရပ်နေပေ၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အစိမ်းရင့်ရောင်ရှိကာ ကျောရိုးတလျှောက်၌ သံချေးရောင်ရှိခြင်းကြောင့် ကြည့်ရသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် သံမဏိကြိုးတစ်ကြိုးရစ်ပတ်ထားသည်နှင့် တူညီနေသည်။
ဤသည်မှာ စိတ်ဝိညာဉ်သားရဲတကောင်ဖြစ်သော အမဲလိုက်လင်းယုန်ပင်။
ဤအချိန်အခိုက်အတန့်တွင် အမဲလိုက်လင်းယုန်ထံတွင် စိတ်ဝိညာဥ်သားရဲတစ်ကောင်၏ ကြီးကျယ်ခမ်းနားသော အသွင်အပြင်မျိုး မရှိတော့ချေ။သူ၏မျက်လုံးများ သွေးနီရောင်သန်းနေက အိပ်တန်းပေါ်ရှိ သူ၏ခန္ဓာကိုယ်တုန်ရီနေပြီး အချိန်မရွေး လဲကျသွားတော့မည့်အလားပင်။
အမှန်အားဖြင့် မြို့အရှင်ယု၏အခြေအနေသည်လည်း ကောင်းပုံမရချေ။သူ၏မျက်လုံးများသွေးနီရောင်သန်းနေကာ သူ၏မျက်နှာပြာနှမ်းနေပြီး ကြည့်ရသည်မှာ သူသည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်နေလေပြီ။
"သခင်မလေး....မင်း ပြန်လာပြီလာ...မင်းရဲ့ ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုက ဘယ်လိုအခြေအနေရှိလဲ...မင်း ဘယ်အဆင့်ရခဲ့လဲ..မင်းရဲ့ဆရာက ဘယ်သူဖြစ်သွားလဲ"
အကြံပေးလျောင်က သူ၏လေသံကိုနှိမ့်ကာ ယုရှောင်ယွီအား သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"ကျောင်းတော်ရဲ့ကံကြမ္မာချပ်ပြားက ကျိုးပဲ့သွားတယ်....ဒါကြောင့် ငါတို့တွေ မနက်ဖြန်ကျမှ ထပ်ပြီးစစ်ဆေးခံရမယ်...."
ယုရှောင်ယွီက ရှင်းပြသည်။
"ကံကြမ္မာချပ်ပြားကို ကံကြမ္မာခန်းမရဲ့ထိပ်သီးပညာရှင်တွေက ဖန်တီးထားတာပဲ....ဒါက အစွမ်းထက်တဲ့ ရင်းမြစ်လက်နက်တွေလောက် ခိုင်မာတောင့်တင်းမှု မရှိဘူးဆိုပေမယ့် အတော်လေး ခိုင်မာတောင့်တင်းနေတုန်းပဲ...ဘယ်လိုလုပ်ပြီးတော့ အဲ့ဒါက ကျိုးပဲ့သွားတာလဲ"
အကြံပေးလျောင်သည် ကြက်သေသေသွားလေ၏။
"ငါလည်း မသိဘူး...."
ယုရှောင်ယွီက သူမ၏ခေါင်းကို ခါယမ်းပြပြီးနောက် သူမ၏လာရင်းရည်ရွယ်ချက်ကို ပြောဆိုသည်။
"ငါ ဒီနေရာကိုလာတာက အဲ့ဒီအကြောင်းကို ပြောဖို့မဟုတ်ဘူး....အဖေ ခုထိ အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင်မလုပ်နိုင်သေးဘူး မဟုတ်လား...ငါက သားရဲတွေကို ယဥ်ပါးအောင် လုပ်တဲ့နေရာမှာ ထူးချွန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရှာတွေ့တာကြောင့် အကူအညီတောင်းပြီး ခေါ်လာခဲ့တယ်"
"သားရဲတွေကို ယဥ်ပါးအောင်လုပ်တဲ့နေရာမှာ ထူးချွန်တာလား"
အကြံပေးလျောင်က ဇဝေဇဝါဖြစ်သွားသည်။
"အမှန်ပဲ..."
ယုရှောင်ယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျန်းရွှမ်ထံသို့ လက်ညှိုးညွှန်ပြလိုက်သည်။
"ဒါက ကျန်းရွှမ်....သူ့မှာ ရင်းမြစ်သားရဲတွေကို အလွယ်တကူ ယဥ်ပါးအောင်လုပ်နိုင်တဲ့ သဘာဝစွမ်းရည်မျိုး ရှိနေတယ်"
ရင်းမြစ်သားရဲဟူသော စကားကိုကြားချိန်တွင် အလွန်အမင်းမာနကြီးပြီး ရမ်းကားသောသတ္တဝါများဖြစ်ကြောင်း မည်သူမဆို သိရှိပေမည်။အကယ်၍ သူတို့အား လွယ်လင့်တကူယဥ်ပါးအောင် ပြုလုပ်နိုင်ပါက မြို့အရှင်သည် မည်သည်ကြောင့် ဤတစ်ကောင်ကို ယဥ်ပါးအောင်ပြုလုပ်ရန် လဝက်ကြာမြင့်သည်အထိ မအိပ်မနေကြိုးစားနေမည်နည်း။
ယုရှောင်ယွီ၏မိတ်ဆက်ပေးမှုကို ကြားချိန်၌ အကြံပေးလျောင်က မျက်မှောက်ကြုတ်လိုက်ကာ သူ၏မျက်နှာ သုန်မှုန်သွားသည်။
"သခင်မလေး မင်းတော့ တတ်ယောင်ကားတစ်ယောက်ရဲ့လှည့်စားတာကို ခံရပြီလို့ ငါ ထင်တယ်"