← Chapters

ရွှေရောင်အလင်းတန်း

Vol. 2 Ch. 18

ရွှေရောင်အလင်းတန်း

Vol. 2 Ch. 18

"ဒါက ဒီလိုပါ"

သခင်မလေး၏ဒေါသကိုကြည့်ပြီး ဖုန်ကျင်း၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။သူသည် အံ့တင်းတင်းကြိတ်ပြီး ဝမ်းနည်းပက်လက်ဖြင့် စတင်၍ပြောဆိုသည်။

"သခင်မလေး ထွက်သွားပြီးတဲ့နောက်မှာ ဝူရှန်းနဲ့ငါက ဆုရှင်းကို အနားယူဖို့အတွက် မြင်းဇောင်းကိုခေါ်သွားဖို့ ရည်ရွယ်ခဲ့တယ်...ဒါပေမယ့် ငါတို့ ခြေလှမ်းနည်းနည်းလောက် လျှောက်ပြီးရုံပဲရှိသေးတယ်...ဆုရှင်းက ရုတ်တရက် လဲကျသွားပြီးတော့ အကြောဆွဲပြီး သေသွားခဲ့တယ်"

"ငါတို့ စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာ ဆုရှင်းက ဒဏ်ရာအပြင်းအထန်ရထားတာကို ရှာတွေ့ခဲ့တယ်...မိုယွင်ကျောက်စိမ်းရဲ့သတ်ဖြတ်ခြင်းအရှိန်အဝါကို သူ တောင့်ခံနိုင်ခဲ့တဲ့ အကြောင်းအရင်းက သူ့ခန္ဓာကိုယ်ရဲ့နာကျင်မှုထက် သူ့ရဲ့စိတ်နှလုံးသားထဲမှာရှိတဲ့ ကြောက်ရွံ့မှုက ပိုပြီးကြီးမားနေလို့ပဲ...မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ အရွယ်မရောက်သေးတဲ့ မြင်းထီးတစ်ကောင်က စစ်မြင်းတကောင်ထက် ပိုပြီးစိတ်စွမ်းအားမြင့်နိုင်မှာလဲ"

"ဘာ...."

မိုယန်ရွှယ်သည် မျက်မှောင်ကြုတ်လိုက်ကာ သူမ၏မျက်လုံးအတွင်း၌ သံသယအရိပ်အယောင်များ ထင်ဟပ်လာသည်။

"သူ ဒဏ်ရာရထားတာလား..."

"ဟုတ်ပါတယ် သခင်မလေး...ကျေးဇူးပြုပြီးတော့ ဒီလမ်းအတိုင်း လိုက်လာခဲ့ပါ"

ဖုန်ကျင်းသည် ရှည်ရှည်ဝေးဝေး ရှင်းမပြတော့ဘဲ သူမအား ထောင့်တစ်နေရာသို့ ဦးတည်၍ခေါ်ဆောင်သွားလိုက်၏။ထို့နောက် အစောပိုင်းက တက်ကြွဖျတ်လတ်နေသော ဆုရှင်းသည် မြေပြင်ပေါ်၌ မလှုပ်မယှက်လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

မိုယန်ရွှယ်သည် ဆုရှင်းထံသို့ အလျင်အမြန်ပြေးသွားကာ သူမ၏စိတ်နှလုံးသား နာကျင်သွားသည်။အကြည့်တချက်ဖြင့်ပင် သူမသည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။

အုန်းခွံရောင်မြင်းသည် ယခုအချိန်၌ ပျဥ်ပြားတစ်ချပ်ကဲ့သို့ တောင့်တင်းနေပြီး နေ၏အပူရှိန်ကြောင့် အပုပ်နံ့များပင်လျှင် သူမ၏နှာခေါင်းကို လာရောက်ရိုက်ခတ်နေသည်။

သူမသည် ဆုရှင်းကို ကိုင်ကြည့်ရန် မလိုအပ်တော့ချေ။မြင်း သေဆုံးသွားသည်မှာ သိသာထင်ရှားနေပြီး အသက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးမရှိတော့ပေ။

သူမ၏မျက်လုံးအတွင်းရှိ ကြေကွဲဝမ်းနည်းမှုနှင့် ဒေါသအရိပ်အယောင်များကို မြင်တွေ့ချိန်တွင် ဖုန်ကျင်းက အချိန်မှန်သို့ ကျရောက်ပြီဖြစ်ကြောင်း သိရှိသွားသည်။သူသည် ဆုရှင်း၏ဗိုက်ကို ညွှန်ပြပြီးပြောဆိုလိုက်၏။

"သခင်မလေး...အဲ့ဒီနေရာကို ကြည့်လိုက်အုံး....ဆုရှင်းရဲ့ဗိုက်မှာ ဓားဒဏ်ရာကြီးရှိနေတာ အချိန်အတော်ကြာနေပြီ....ဒါက မြင်းကို ကျန်းရွှမ်ထိန်းချုပ်နေတဲ့ နည်းလမ်းပဲဖြစ်မယ်...မဟုတ်ရင် သာမန်မြင်းထိန်းတစ်ယောက်က ဆုရှင်းကို အရမ်းနာခံရိုကျိုးလာတဲ့အထိ ယဥ်ပါးအောင် ဘယ်လိုလုပ်နိုင်မှာလဲ"

ဖုန်ကျင်း၏လက်ညှိုးညွှန်ရာအတိုင်း ကြည့်လိုက်ရာ မိုယန်ရွှယ်သည် ဆုရှင်း၏ဗိုက်၌ သွေးရောင်ဒဏ်ရာတစ်ခုရှိနေသည်ကို မြင်တွေ့မိသည်။ထိုဒဏ်ရာမှာသွေးများသည် ခန်းခြောက်သွားသည်မှာ အချိန်အတော်ကြာနေသဖြင့် အနာဖေးများပင်တက်နေလေပြီ။ထိုပြတ်ရှရာသည် ပေဝက်ခန့်သာရှိသော်လည်း ဤဒဏ်ရာရရှိချိန်တွင် မချိမဆန့်နာကျင်မှုကို ခံစားရပေမည်။ဤကိစ္စကို ပြုလုပ်သောလူသည် မယုံနိုင်ဖွယ်ကောင်းအောင် ရက်စက်လွန်းပေ၏။

မိုယန်ရွှယ်သည် သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူမ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီစပြုလာသည်။

ဤမြင်းသည် သူမ၏ဆယ့်ခြောက်နှစ်မြောက်မွေးနေ့အတွက် သူမ၏ဖခင်ထံမှ ရရှိထားသော အဖိုးတန်လက်ဆောင်ပင်။သူသည် ဆုရှင်းအား အဖြူရောင်ကျောက်တုံးမြင်းဇောင်းမှ စျေးကြီးပေး၍ ဝယ်ယူခဲ့ရသည်။သူမသည် ဤမြင်းကိုအစဥ်အမြဲ တန်ဖိုးထားခဲ့ပေ၏။မြင်းထိန်းတစ်ယောက်သည် မြင်း ယဥ်ပါးစေရန်အတွက် ဓားတစ်လက်ကို အသုံးပြုမည်ဟု သူမ မယုံကြည်နိုင်ချေ။ဤသည်မှာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး ခွင့်လွှတ်နိုင်ဖွယ်မရှိသောကိစ္စပင်။

ဖုန်ကျင်းနှင့်ဝမ်ရှန်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ တစ်ယောက်ကိုတစ်ယောက် သိနားလည်သွားသည်။ထို့နောက် သူတို့နှစ်ယောက်သား အလျင်အမြန် ဒူးထောက်လိုက်ကြ၏။

"သခင်မလေး...ဒါက ငါ့ရဲ့အပြစ်ပါ...တကယ်တော့ မနေ့က ဆုရှင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာကို ငါ သတိပြုမိတယ်...ပုံမှန်ဆိုရင် မြင်းက အားအင်အပြည့်နဲ့ ခြံဝန်းထဲမှာ လှည့်ပတ်ပြေးလွှားနေတယ်...ဒါပေမဲ့ မနေ့ညကတော့ မြင်းဇောင်းထဲမှာ မလှုပ်မယှက်လဲလျောင်းနေခဲ့တယ်....ငါ ဒီကိစ္စကို မင်းဆီ ချက်ချင်းသတင်းပို့ခဲ့သင့်တယ်...."

မိုယန်ရွှယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူမ၏ဒေါသများကိုထိန်းသိမ်းကာ ဖုန်ကျင်းအား ကြည့်လိုက်သည်။

"ဘာတွေဆက်ဖြစ်သေးလဲ...."

"အဲ့ဒီနေရာမှာ ဖြစ်သွားတာတွေက...."

ဝူရှန်းသည် ယမန်နေ့နှင့်ယနေ့တွင် သူမြင်တွေ့ခဲ့သမျှ အရာရာတိုင်းကို အလျင်အမြန်ပြန်ပြောပြကာ လုပ်ဇာတ်တချို့ကိုလည်း အသေးစိတ်ကျကျ ဖြည့်စွက်ခဲ့သည်။

သူ၏ရှင်းပြချက်ကို ကြားပြီးနောက် မိုယန်ရွှယ်၏မျက်လုံး နီမြန်းသွားသည်။

"ဒါဆိုရင် ကျန်းရွှမ်က ဆုရှင်း ယဥ်ပါးလာအောင် ညှင်းပန်းနှိပ်စက်ခဲ့တာလို့ နင် ဆိုလိုချင်တာလား...ခုဏက ငါ ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှု သွားလုပ်နေတဲ့အချိန်မှာ ဆုရှင်းက စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ဖိအားနှစ်ခုလုံးကြောင့် လဲကျပြီး သေဆုံးသွားခဲ့တာလား...."

"အဲ့ဒီလို ဖြစ်သွားခဲ့တာပါ...မဟုတ်ရင် မာနကြီးတဲ့မြင်းတစ်ကောင်က အစေခံလေးတစ်ယောက်ရဲ့အမိန့်ကို ဘယ်လိုလုပ်ပြီး နာခံမှာလဲ"

ဖုန်ကျင်းက ခေါင်းညိတ်ပြလေ၏။

ဝူရှန်းက ဖြည့်စွက်ပြောဆိုသည်။

"အမှန်ပဲ...သူ သားရဲတွေကိုယဥ်ပါးအောင်လုပ်တယ်ဆိုတဲ့ အယူအဆက အဓိပ္ပါယ်မရှိဘူး...သားရဲတွေကို ယဥ်ပါးအောင် သဘာဝအတိုင်းလုပ်နိုင်တယ်ဆိုတဲ့ လူမျိုးအကြောင်းကို ငါ တစ်ခါမှမကြားဖူးဘူး"

"သားရဲတွေကို ယဥ်ပါးစေနိုင်တဲ့ စွမ်းရည်မျိုး သဘာဝအတိုင်းရှိနေတယ် ဆိုတာက...နားလည်ဖို့ တကယ်ခက်တယ်...."

မိုယန်ရွှယ်က ခေါင်းညိတ်ပြပြီးနောက် သူမ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက်ကြုံသွားကာ သူမ၏စကား တစ်ဝက်တစ်ပျက်အရောက်၌ ရပ်တန့်သွားသည်။

"အမ် မကောင်းတော့ဘူး...သူက အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင်လုပ်ဖို့အတွက် မြို့အရှင်ကို ကူညီပေးဖို့ သွားတယ်....."

အကယ်၍ သူတို့ ပြောဆိုသောစကားများသာ အမှန်ဖြစ်ပါက ကျန်းရွှမ်၏ယဥ်ပါးစေသောနည်းလမ်းဟု ခေါ်ဆိုသောအရာသည် အကြမ်းဖက်သော ရိုက်နှက်ခြင်းဖြစ်သဖြင့်...ဤသည်မှာ မြို့အရှင်ကို အပြစ်ပြုမိသကဲ့သို့ ဖြစ်သွားမည်မှာ သေချာပေါက်ပင်။

"ဆုရှင်းရဲ့အလောင်းကို ယူပြီးတော့ မြို့အရှင်အိမ်တော်ကို သွားမယ်...ငါက အခုချက်ချင်း ကျန်းရွှမ်ကို သွားရှာမယ်...သူက ဆုရှင်းကို တကယ်ကြီး ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် သေသွားခဲ့တာဆိုရင် ငါက မိသားစုစည်းမျဥ်းတွေအတိုင်း အပြစ်ပေးဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး"

မိုယန်ရွှယ်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် ခြေတစ်ချက်ဆောင့်နင်းကာ မြို့အရှင်အိမ်တော်ထံသို့ ဦးတည်၍ တဟုန်ထိုးထွက်ခွာခဲ့တော့သည်။

သူမသည် သူတို့၏ရထားလုံးကို လိုက်မီရန် မျှော်လင့်နေမိသည်။အကယ်၍ အမဲလိုက်လင်းယုန်ထံ၌ တစ်စုံတစ်ခုဖြစ်ပွားသွားပါက မိုမိသားစုသည် မြို့အရှင်၏ဒေါသနှင့် ရင်ဆိုင်ရပေမည်။

မိုယန်ရွှယ် ထွက်ခွာသွားသည်ကို ကြည့်ပြီး ဖုန်ကျင်းနှင့်ဝူရှန်းတို့သည် စိတ်သက်သာရာရသွားကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

"အဲ့ဒီကောင်က ငါ့ကို ဆန့်ကျင်ရဲတာလား...သူ ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ကြစို့"

ဖုန်ကျင်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏မျက်လုံးအတွင်း၌ အငြိုးထားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

...

ဤအချိန်အခိုက်အတန့်တွင် အိမ်တော်ထိန်းဖုန်း၏ အကွက်ချကြံစည်ခြင်းကို ခံနေရသော ကျန်းရွှမ်သည် ရထားလုံး၏ပြင်ပရှိ ရထားလုံးမောင်းသမား၏နံဘေး၌ ထိုင်နေသည်။

ယုရှောင်ယွီသည် သူ့အား အတွင်းသို့ဝင်ထိုင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ဤသည်မှာ မသင့်တော်ဟု တွေးတောမိသဖြင့် သူ ငြင်းဆန်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤမိန်းကလေးသည် မြို့အရှင်၏သမီးဖြစ်ပြီး အလွန်ချောမောလှပပေ၏။အကယ်၍ လူအများသည် သူမနှင့်သက်တူရွယ်တူဖြစ်သော လူငယ်တစ်ယောက်နှင့် ရထားလုံးအတူစီးနေသည်ကို မြင်တွေ့သွားပါက သူ့အတွက် မလိုလားအပ်သော ပြဿနာအမြောက်အများ ဖြစ်လာမည်မှာ သေချာပေါက်ပင်။

"အစ်ကိုကြီး...ခုဏက မင်းရဲ့ရထားလုံးကို ဆုရှင်းရဲ့ဘေးမှာ ရပ်ထားတာ မဟုတ်လား...အိမ်တော်ထိန်းဖုန်းက မြင်းကို ကောင်းကောင်းဂရုစိုက်တာ မင်း မြင်ခဲ့လား...ငါက မြင်းကို အချိန်အကြာကြီး စောင့်ရှောက်ခဲ့ပြီးတော့ သံယောဇဉ်တွယ်နေပြီ...သခင်မလေးမို စိတ်ပျက်သွားစေမယ့် တစ်ခုခုဖြစ်လာမှာကို ငါ မလိုလားဘူး"

ကျန်းရွှမ်က ရထားလုံးမောင်းသမားကိုကြည့်ပြီး ရိုးသားသောအမူအယာဖြင့် ပြောဆိုသည်။

"အမ်...."

ရထားလုံးမောင်းသမား၏မျက်ခွံများ တုန်ရီသွားသည်။

"အင်း...သူတို့က မြင်းကို ကောင်းကောင်းဂရုစိုက်ပါတယ်...ဘာ ဘာမှမစိုးရိမ်ပါနဲ့"

"ဒါက အရမ်းကောင်းတယ်"

ရထားလုံးမောင်းသမား၏စိတ်လှုပ်ရှားမှုသည် သိသာထင်ရှားနေသော်လည်း ကျန်းရွှမ်သည် စိတ်သက်သာရာရသွားပုံ ဟန်ဆောင်ကာ သက်ပြင်းရှိုက်လိုက်သည်။

အိမ်တော်ထိန်းဖုန်း၏ထိတွေ့မှုကြောင့် ဆုရှင်းသည် နံရံဖြင့်ဝင်ဆောင့်ကာ သတ်သေသွားခဲ့သည့် အကြောင်းအရင်းမှာ ကျန်းရွှမ်မှ ထိုသို့ပြုလုပ်ရန် ညွှန်ကြားထားသောကြောင့်ပင်။

သူသည် မိုယန်ရွှယ်နှင့်အတူ ကျောင်းတော်အတွင်းသို့မဝင်မီ မြင်း၏အနီးသို့ တမင်သက်သက်ချဥ်းကပ်ကာ အသေးစိတ်ညွှန်ကြားချက်များကို ပေးခဲ့သည်။

သူ့ထံ၌ ရွေးချယ်စရာ မရှိတော့ချေ။မြင်းသည် သေဆုံးသွားပြီးဖြစ်သည်။ဤအပူရှိန်ဖြင့် အပုပ်နံ့သည် မကြာမီမှာပင် အလွန်သိသာလာပေမည်။နောက်ထပ်နေ့ဝက်ခန့်အချိန်အတွင်း၌ ဤကိစ္စအား ရှာဖွေဖော်ထုတ်ခံရမည်မှာ သေချာပေါက်ပင်။နောက်ပိုင်း၌ ပြဿနာကိုရှာတွေ့ခြင်းခံရသည်ထက် ယခုအချိန်တွင် မြင်းကို 'စတေး'ခိုင်းလိုက်သည်က ပို၍ကောင်းမွန်ပေမည်။

ဤနည်းလမ်းဖြင့် သူသည် မည်သည့်သံသယဝင်ခြင်းမှမဆို သူ့ကိုယ်သူ ပိုင်းခြားထားနိုင်ပေမည်။

သူသည် ဆုရှင်းအား ရထားလုံးမောင်းသမား၏ရှေ့၌ သတ်သေရန် ညွှန်ကြားထားခဲ့သည်။မြို့အရှင်အိမ်တော်၏အ​စေခံတစ်ယောက်ဖြစ်သော ရထားလုံးမောင်းသမား၏သက်သေခံချက်သည် ပို၍အရေးပါမှုကို ယူဆောင်လာနိုင်ပေမည်။

ယခုအချိန်၌ ကြည့်ရသလောက် မြင်းသည် ကောင်းမွန်စွာလုပ်ဆောင်ခဲ့ပုံပင်။ရထာလုံးမောင်းသမားသည် ဤအချိန်၌ ဝန်ခံခြင်းမရှိသော်လည်း အကယ်၍ သခင်မလေးမိုဖြစ်စေ ယုရှောင်ယွီဖြစ်စေ သူ့အား မေးခွန်းထုတ်ပါက ကြာရှည်တောင့်ခံနိုင်မည် မဟုတ်ချေ။

သူ၏အစီအစဉ်အတိုင်း ဆက်သွားနေသည်ကို သိရှိသွားသဖြင့် ကျန်းရွှမ်သည် စိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်ကာ သူ၏အတွေးများကို စာကြည့်တိုက်အတွင်း၌ မှတ်တမ်းတင်ထားသော စာအုပ်များထံသို့ ပို့ဆောင်လိုက်သည်။

သူ၏လက်ချောင်း​များကို လှုပ်ခတ်လိုက်ချိန်၌ သူ၏လက်အတွင်းတွင် စာအုပ်တစ်အုပ် ထွက်ပေါ်လာပြီး သူ ဖွင့်ကြည့်လိုက်သည်။

'ဟုန်ရှမ်း ရင်းမြစ်ရေအိုင်နည်းစနစ်...လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာငါးဆယ့်ခုနစ်နှစ်အကြာမှာ မိုမိသားစုရဲ့ဘိုးဘေး မိုချင်လျှူက ဖန်တီးခဲ့တယ် ...ဒီစာအုပ်မှာ ရင်းမြစ်ရေအိုင်ကို ရှာဖွေဖော်ထုတ်ဖို့နဲ့ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် နည်းစနစ်တွေ အများကြီးပါဝင်တယ်...'

'အားနည်းချက်များ...ပထမအချက် ဒီရင်းမြစ်ရေအိုင်ရှာဖွေခြင်းနည်းလမ်းမှာ ရင်းမြစ်စွမ်းအင်နဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်တို့ရဲ့ အကူအညီမရှိရင် အရမ်းနှေးကွေးပြီးတော့ ရလဒ်အနေနဲ့ အလဟဿအင်အားစိုက်ထုတ်မှုတွေကို မကြာခဏဖြစ်စေနိုင်တယ်...ဒုတိယအချက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ပစ္စည်းတွေက အရမ်းရှားပါးပြီး ရှာဖွေရခက်တယ်...'

'တတိယအချက်....'

အားနည်းချက်တစ်ရာသုံးခုမြောက်တွင် ဤနည်းစနစ်သည် ရင်းမြစ်ရေအိုင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တောင်တစ်လုံး၏စွမ်းအားကို အသုံးပြုရမည်ဟု အကြံပြုထားသော်လည်း ထိုတောင်၏အလေးချိန် မည်မျှဖြစ်သည်ဟု မပါဝင်​ချေ။

'အားနည်းချက်တွေ အရမ်းများတာပါလား'

တစ်ချက်ကြည့်မိရုံဖြင့် ကျန်းရွှမ်၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။

သူသည် ဤကဲ့သို့အားနည်းချက်များ အလွန်များပြားသည့် နည်းစနစ်တစ်ခုကို နောက်ဆုံးအကြိမ် ကျင့်ကြံခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အကယ်၍ သူ ဤအတိုင်းလေ့ကျင့်ပါက အောင်မြင်မှုရရန်အတွက် အချိန်ထာဝရယူရပေလိမ့်မည်။

"ထားလိုက်တော့...အရင်ကအတိုင်း ပိုများတဲ့လျှို့ဝှက်နည်းစနစ်တွေကို စုဆောင်းပြီးတော့ ကောင်းကင်ဘုံစာကြည့်တိုက်ရဲ့နည်းစနစ်နဲ့ ပေါင်းစည်းလိုက်တာ ပိုကောင်းလိမ့်မယ်"

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူသည် မြို့အရှင်အိမ်တော်သို့ သွားနေခဲ့သည်။သူသည် ဤကိစ္စကို ဖြစ်မြောက်အောင် လုပ်ဆောင်ရန်အတွက် ဤအခွင့်အရေးကို အသုံးချနိုင်ပေမည်။

သူသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းမှ သူ၏စိတ်ကို ပြန်ရုတ်သိမ်းလိုက်ရာ သူ၏မရီဒါန်းများတလျှောက် လှည့်ပတ်စီးဆင်းနေသော စွမ်းအင်စီးကြောင်းတစ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤသည်မှာ ဦးတည်ချက်မဲ့နေသော ငါးတစ်ကောင်ကဲ့သို့ ရည်ရွယ်ချက်မရှိဘဲ ရင်းမြစ်ရေအိုင်တောင်မှနေ၍ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့် စွမ်းအင်ပင်။ထိုစွမ်းအင်သည် ရင်းမြစ်ရေအိုင်ကို ရှာမတွေ့သော်လည်း ထွက်သွားရန် ဆန္ဒရှိပုံမရချေ။

"ထားလိုက်တော့....ငါက ဒီစွမ်းအင်ကို အရင်ဆုံး ကမ္ဘာသစ်စီ ပို့လိုက်မယ်"

ထိုစွမ်းအင်တန်းသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ရှိနေပါက ပြဿနာတစ်ခုခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူ၏စိတ်ကို အာရုံစူးစိုက်ကာ ထိုအရာကို ကမ္ဘာသစ်ထံသို့ ပို့လိုက်၏။

ဤသည်မှာ ကောင်းကင်ကံကြမ္မာစွမ်းအင် မဟုတ်ချေ။အကယ်၍ သူသည် ဤအရာကို စာကြည့်တိုက်အတွင်းသို့ ပို့လိုက်ပါက စာအုပ်များ ပျက်စီးသွားနိုင်သည် မဟုတ်လော။

တချိန်တည်းမှာပင် ရင်းမြစ်ရေအိုင်တောင်၏နံဘေး၌ ကျောင်းအုပ်ကြီးလုမင်ရုန်သည် နောက်ဆုံးကျောင်းသား အဝေးသို့လျှောက်လှမ်းသွားသည်ကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ စိတ်ပျက်လက်ပျက်အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ငါတို့က လူတိုင်းကို စစ်ဆေးခဲ့ပေမယ့် ဘာကိုမှရှာမတွေ့ခဲ့ဘူး...ကျောင်းအုပ်ကြီး နဂါးကိုးကောင်ကောင်းကင်ကံကြမ္မာဆွဲငင်ခြင်းဖြစ်စဉ် ထွက်ပေါ်လာတာက ထိပ်သီးပါရမီရှင်တစ်ယောက်ကြောင့်လို့ မင်း တကယ်ကြီးထင်နေတာလား...ဒါက ကံကြမ္မာချပ်ပြား ချို့ယွင်းသွားတာကြောင့်များလား"

ဝူယွင်ကျိုးသည် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် ရုတ်တရက် ပြောဆိုလိုက်၏။

"ဒါက..."

လုမင်ရုန် ဆွံ့အသွားသည်။

ရိုးရိုးသားသားပြောဆိုရလျှင် ကံကြမ္မာချပ်ပြားနှင့်နဂါးကိုးကောင်တိုင်လုံးတို့ ချို့ယွင်းသွားပါက ဤကဲ့သို့ရလဒ်တစ်ခု ထွက်ပေါ်လာသည်မှာ ဖြစ်နိုင်ချေရှိပေ၏။အကယ်၍ ဤကဲ့သို့ကိစ္စမျိုး ရှိနေပါက အလွန်အမင်း ရှက်ရွံဖွယ်ကောင်းပေမည်။

"ငါ သွားပြီး စစ်ဆေးကြည့်မယ်"

ထိုကိစ္စကို နားလည်သွားသဖြင့် လုမင်ရုန်သည် ကျိုးပဲ့သွားသော ကံကြမ္မာချပ်ပြားကို သွားရောက်စစ်ဆေးရန် ဟန်ပြင်လိုက်သည်။သို့ရာတွင် ထိုအချိန်မှာပင် ရင်းမြစ်ရေအိုင်တောင် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။နောက်ထပ်အချိန်အခိုက်အတန့်တွေ အနီရောင် အဝါရောင်နှင့် အစိမ်းရောင်အလင်းတန်းများ မိုးကောင်းကင်ယံအတွင်း၌ လင်းထိန်သွားကာ သူ၏မျက်လုံးရှေ့၌ အတောက်ပဆုံးနေဝင်ချိန်မြင်ကွင်း ထွက်ပေါ်လာသည့်အလားပင်။

လုမင်ရုန်သည် နေရာမှာပင် ကြက်သေသေနေကာ သူ၏လည်ချောင်း ခြောက်ကပ်သွားသည်။သူသည် အသက်ပြင်းပြင်းတချက်ရှိုက်ပြီး တုန်ရီနေသောအသံဖြင့် တီးတိုးရေရွတ်လိုက်၏။

"ဒါက ရင်းမြစ်ရေအိုင်တောင် စစ်ဆေးစမ်းသပ်မှုရဲ့အဆင့်မြင့်ဆုံးအဆင့်ဖြစ်တဲ့ 'ရွှေရောင်အလင်းတန်း'လား...."

All Chapters