← Chapters

ငါ ကျန်းရွှမ်က ဘယ်တုန်းကမှ ပြဿနာမရှာခဲ့ဖူးဘူး

Vol. 2 Ch. 17

ငါ ကျန်းရွှမ်က ဘယ်တုန်းကမှ ပြဿနာမရှာခဲ့ဖူးဘူး

Vol. 2 Ch. 17

ဤအချိန်အခိုက်အတန့်၌ စင်မြင့်ပေါ်မှနေ၍ ဆင်းလာသော ကျောင်းသားများကို ဆရာများက လမ်းညွှန်ပေးနေသည်။

ဤအရာကို တောင်တစ်လုံးဟု ခေါ်ဆိုသော်လည်း ရင်းမြစ်ရေအိုင်တောင်သည် အမှန်အားဖြင့် ကျောက်တုံးလေးတစ်တုံးပင်။

ကျောင်းသားတစ်ယောက်သည် ထိုအရာကိုဖြတ်သန်း၍ လျှောက်လှမ်းသွားသည်နှင့် ရံဖန်ရံခါ၌ အဝါရောင် သို့မဟုတ် အစိမ်းရောင်များ ထွက်ပေါ်လာပြီး အနီရောင်ထွက်ပေါ်သည်မှာအလွန်ရှားပါးသည်။

ကျောင်းသားအများစုသည် ပါရမီရှင်ဖြစ်ရန် မျှော်လင့်နေကြသော်လည်း ကျောင်းအုပ်ကြီးတို့လူစု စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကိုကြည့်ပြီး သူတို့မဖြစ်နိုင်သည်ကို နားလည်သဘောပေါက်သွားသည်။

"ရွှယ်အာ...ငါ့အထင်တော့ ကျောင်းအုပ်ကြီးရှာနေတဲ့ပါရမီရှင်က နင်များ ဖြစ်နေမလား..."

ယုရှောင်ယွီက ရုတ်တရက် မေးမြန်းသည်။

"မဖြစ်နိုင်ဘူး"

မိုယန်ရွှယ်က သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အကဲဖြတ်စစ်ဆေးမှုအတွင်းမှာ ငါက စွမ်းအင်တန်းတစ်တန်းကိုတောင် မသန့်စင်နိုင်ခဲ့ဘူး ...တကယ်လို့ ငါသာဖြစ်နေရင် ခုဏကတည်းက ကျောင်းအုပ်ကြီးက ထုတ်ပြောမှာပဲ"

"ဒါက အမှန်ပဲ"

ယုရှောင်ယွီသည် ခေါင်းညိတ်ပြပြီးနောက် သူမ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားသောအမူအယာတစ်ရပ် ရှိနေသည်။

"ငါတို့ထက်တောင် ပိုပြီးပါရမီအရည်အချင်းရှိတဲ့ လူတစ်ယောက်....အဲ့ဒါက ဘယ်သူလဲဆိုတာ ငါ တကယ်သိချင်မိတယ်...ငါ အဲ့ဒီလူနဲ့ တွေ့ချင်တယ်"

"အမှန်ပဲ"

မိုယန်ရွှယ်သည် ခေါင်းညိတ်ပြလိုက်၏။

"အဲ့ဒီလိုလူတစ်ယောက်နဲ့ သိကျွမ်းခွင့်ရတာက ဂုဏ်ယူစရာတစ်ခုပဲ"

သူမ၏စိတ်ခံစားချက်များကို ဖော်ပြပြီးနောက် သူမသည် မလှမ်းမကမ်းအကွာတွင်ရှိနေသော မြင်းထိန်းကို ကြည့်လိုက်သည်။ထို့နောက် သူမသည် ထပ်မံ၍ မျက်မှောက်ကြုတ်လိုက်၏။

ဤနေရာတွင် တစ်စုံတစ်ယောက်သည် ပါရမီအရည်အချင်း မြင့်မားသည်မှာ သိသာထင်ရှားသော်လည်း သူ့အား အသိအမှတ်ပြုမခံရအောင် နှိမ့်ချ၍ သိုသိုသိပ်သိပ်နေနေသည်။တခြားတစ်ယောက်သည် ကျင့်ကြံရန်အတွက် အခွင့်အရေးကိုပေးအပ်သည့်တိုင် ငြင်းဆန်ပြီး ရင်းမြစ်ဒင်္ဂါးတစ်ရာကိုသာပေးရန် တောင်းဆိုခဲ့သည်။ မည်သည်ကြောင့် လူအများကြားတွင် ဤမျှထိကြီးမားသော ကွာဟချက်မျိုး ရှိနေသနည်း။

"အခုက ငါတို့အလှည့်ပဲ"

မကြာမီမှာပင် သူမတို့၏အလှည့်သို့ ကျရောက်လာသည်။မိုယန်ရွှယ်သည် ရင်းမြစ်ရေအိုင်တောင်ထံသို့ လျှောက်လှမ်းသွားရာ ချက်ချင်းဆိုသလိုပင် ခပ်ဖျော့​ဖျော့ အနီရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။

ဤသည်မှာ အနီရင့်ရင့်မဟုတ်သော်လည်း သူမ၏ရင်းမြစ်ရေအိုင်သည် တခြားလူများထက် ပို၍ကျစ်လစ်သိပ်သည်းကာ သူမ၏ပါရမီ အရည်အချင်းမြင့်မားကြောင်း ညွှန်ပြနေသည်။

ထို့နောက်မှနေ၍ ယုရှောင်ယွီ လျှောက်လှမ်းသွားခဲ့ရာ သူမသည်လည်း ခပ်ဖျော့​ဖျော့အနီရောင်အလင်းတန်းကို ထွက်ပေါ်စေခဲ့သည်။

"ဒါက ဘယ်သူလဲ...သူ့ကိုကြည့်ရတာ အသက်ကြီးတဲ့ပုံပဲ"

သူမတို့၏နောက်တွင်ရှိနေသော ကျန်းရွှမ်သည် ရှေ့သို့ခြေလှမ်းလှမ်းရန် ဟန်ပြင်လိုက်ချိန်၌ ဆရာတစ်ယောက်၏ဆူပူကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။

အကဲဖြတ်စစ်ဆေးမှုကို ခံယူနေသော ကျောင်းသားများအားလုံးသည် အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် အရွယ်သာရှိသည်။သို့ရာတွင် ဤတစ်ယောက်သည် အသက်နှစ်ဆယ်ကျော်နေသဖြင့် စမ်းသပ်ခံရန် မသင့်တော်သည်မှာ သိသာထင်ရှားလှ၏။

"သူက ငါ့ရဲ့အစေခံပါ...လက်ထောက်ကျောင်းအုပ်ကြီးက ဘယ်သူမဆို စစ်ဆေးခံရမယ်လို့ ပြောထားတာကြောင့် ငါ သူ့ကို ခေါ်လာခဲ့တာပါ"

မိုယန်ရွှယ်က ရှင်းပြသည်။

"အစေခံတစ်ယောက်အတွက် အခွင့်အရေးကို မနှောင့်နှေးစေနဲ့"

စမ်းသပ်စစ်ဆေးရာ၌ ဦးဆောင်သောဆရာက အေးစက်စက်အော်ငေါက်လိုက်၏။

"ဘေးဖယ်စမ်း..."

"ဟုတ်ကဲ့"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

သူသည် ရင်းမြစ်ရေအိုင်ကို မဖွင့်ရသေးသဖြင့် ဤစမ်းသပ်မှုသည် သူနှင့် သက်ဆိုင်ခြင်းမရှိချေ။သူ နံဘေးသို့သွားရန် ခြေလှမ်းလှမ်းလိုက်စဉ်မှာပင် အသံတစ်သံထွက်ပေါ်လာသည်။

"သူ့ကို စမ်းသပ်ခွင့်ပြုလိုက်စမ်း"

ကျောင်းအုပ်ကြီးလုမင်ရုန်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဟုတ်ကဲ့"

ထိုဆရာသည် ကျောင်းအုပ်ကြီး၏အမိန့်အပေါ် စောဒကမတက်ဝံ့သဖြင့် ကျန်းရွှမ်ကို အချက်ပြလိုက်သည်။

"ရှေ့ကို ဆက်သွားပါ"

ကျန်းရွှမ်သည် ရင်းမြစ်ရေအိုင်တောင်ပေါ်သို့ လျှောက်လှမ်းသွားလိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းသို့ နူးညံ့သောအားလှိုင်းတစ်ရပ် ဝင်ရောက်လာသည်ကို ခံစားမိသည်။ထိုအားလှိုင်းသည် သူ၏မရီဒါန်းများတလျှောက် တိုးဝင်လာကာ တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလားပင်။

သူသည် ခုခံခြင်းမရှိဘဲ ထိုအားလှိုင်းကို စီးဆင်းခွင့်ပြုလိုက်ကာ သူ့၏ခြေထောက်အောက်ရှိကျောက်တုံးကို ငုံကြည့်လိုက်၏။ဤကျောက်တုံးသည် မီးခိုးပြာရောင်ရှိကာ မည်သည့်အလင်းရောင်​မျှ ဖြာထွက်လာခြင်းမရှိချေ။

"ငါ မျှော်လင့်ထားတဲ့ အတိုင်းပဲ...ဘာအလင်းရောင်မှ ထွက်မလာဘူး"

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူ၏ခန့်မှန်းချက်များသည် တိကျမှန်ကန်ပေ၏။

လွန်ခဲ့သောအချိန်အခိုက်အတန့်က ကျောင်းအုပ်ကြီး ရှာဖွေနေသည်မှာ သူ ဖြစ်နေစေရန် စိတ်ကူးယဥ်တွေးတောခဲ့မိသည်။

ယခုအချိန်၌ သူ အတွေးလွန်သွားခဲ့ကြောင်း သိသာထင်ရှားသည်။ရင်းမြစ်ရေအိုင်မရှိသဖြင့် သူသည် ကျင့်ကြံ၍မရသော အသုံးမကျသည့်လူတယောက်ပင်။သူသည် စစ်ဆေးမှုကိုခံယူရန် အနည်းငယ်မျှမထိုက်တန်ချေ။

"အောက်ကိုဆင်းတော့"

ဆရာသည် အံ့အားသင့်သွားခြင်းမရှိဘဲ အထင်အမြင်သေးသောအကြည့်ဖြင့် ကျန်းရွှမ်ကို တစ်ချက်ကြည့်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ကျန်းရွှမ်သည် အောက်သို့ဆင်းသွားပြီးနောက် သူ့၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး လှည့်ပတ်နေသောအားလှိုင်းကို သတိမပြုမိတော့ပေ။ဤအရာကိုကြည့်ရသည်မှာ ပျောက်ကွယ်သွားပုံရသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ကျောင်းအုပ်ကြီးလုမင်ရုန်သည် စိတ်ပျက်မှုကို ခံစားမိပေ၏။

ကျောင်းသားများအားလုံးနီးပါးကို စမ်းသပ်ပြီးသည့်တိုင် ပါရမီရှင်ကို ရှာမတွေ့နိုင်ဖြစ်နေဆဲပင်။

တစ်ခါတစ်ရံ၌ အလွန်သိုသိုသိပ်သိပ်နေတတ်သော ကျောင်းသားများသည် အလွန်စိတ်ရှုပ်ဖွယ်ကောင်းသည်ဟု သူ ပထမဆုံးအကြိမ်ခံစားမိသည်။

"သွားကြစို့"

ကျောင်းအုပ်ကြီးရှာဖွေနေသည်မှာ သူမတို့မဟုတ်ကြောင်း သိရှိသွားပြီးနောက် မိုယန်ရွှယ်တို့လူစုသည် စိတ်ပျက်သွားကာ ကျောင်းတော်မှ ထွက်ခွာခဲ့တော့သည်။ယနေ့၏အကဲဖြတ်စစ်ဆေးမှု ပြီးဆုံးသွားခဲ့ခြင်း မရှိသော်လည်း သူမတို့အတွက် ကောင်းမွန်သောအတွေ့အကြုံများကို ရရှိခဲ့သည်။သူမတို့သည် မနက်ဖြန်၌ ကြိုးစားပြီး အကောင်းဆုံးပြုလုပ်နိုင်ရန် မျှော်လင့်ရပေမည်။

ယုဖုန်းသည် ကျောင်းတော်၏ကျောင်းသားတစ်ယောက်ဖြစ်သဖြင့် သူတို့နှင့်အတူ ထွက်ခွာလာ၍မရသောကြောင့် နှုတ်ဆက်စကားပြောကာ ခွဲခွာခဲ့ကြသည်။

ဤအချိန်အခိုက်အတန့်၌ ကျောင်းသားသစ်များအားလုံးနီးပါးသည် ကျောင်းအုပ်ကြီးမှ ပါရမီရှင်တစ်ယောက်ကို ရှာဖွေနေကြောင်း သိရှိထားပြီးလေပြီ။ကျောင်းသားသစ်များအနက်မှ မည်သည့်တစ်ယောက်မဆို ကောင်းမွန်စွာလုပ်ဆောင်ပြီး ကျောင်းအုပ်ကြီး၏မျက်နှာသာပေးမှုကို ရရှိလိုသည်။

"မနက်ဖြန်ကျရင် ငါက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို ကောင်းကောင်းသန့်စင်ပြီးတော့ ငါ့ရဲ့နာမည်ကို ကျော်ကြားလာအောင်လုပ်ရမယ်"

ယုရှောင်ယွီသည် သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ချမှတ်လိုက်သည်။ထို့နောက် သူမသည် တစ်စုံတစ်ခုကို ​တွေးတောမိလေ၏။

"တကယ်လို့ ငါက ငါ့အဖေရဲ့လေ့ကျင့်ရေးအခန်းကို တစ်ညလောက်ငှားပြီး အသုံးပြုနိုင်ရင်..မနက်ဖြန်မှာ ငါ သေချာပေါက် ထင်ပေါ်ကျော်ကြားနိုင်လိမ့်မယ်"

တခြားလူများ သိရှိမည်မဟုတ်သော်လည်း မြို့အရှင်၏သမီးဖြစ်သော သူမသည် ထိုကိစ္စကိုကောင်းစွာသိရှိထားသည်။မြို့အရှင်သည် သူကိုယ်တိုင် အသုံးပြုရန်အတွက် စာကြည့်တိုက်၏အထက်တွင် အထူးသီးသန့်လျှို့ဝှက်ခန်းတစ်ခန်းကို တည်ဆောက်ထားခဲ့သည်။ထိုနေရာတွင်ကျင့်ကြံပါက အာရုံစူးစိုက်ရာတွင် အကူအညီရနိုင်ရုံသာမက စွမ်းအားထိန်းချုပ်မှုကိုလည်း မြှင့်တင်ပေးနိုင်သည်။ အကယ်၍ သူမသည် ထိုနေရာ၌ တစ်ညတာခန့် သူမ၏စွမ်းအားများကို ထိန်းညှိခွင့်ရခဲ့ပါက မနက်ဖြန်တွင် ကောင်းကင်ကံကြမ္မာစွမ်းအားများကို စုပ်ယူရာ၌ ကောင်းမွန်စွာလုပ်ဆောင်နိုင်မည်မှာ သေချာပေါက်ပင်။

"ဒါပေမဲ့ အဖေက အဲ့ဒီအခန်းကို အရမ်းတန်ဖိုးထားတယ်...ငါက အဲ့ဒီနေရာမှာ လေ့ကျင့်ဖို့မပြောနဲ့ ကြည့်လို့တောင်မရဘူး...ဟူး..."

ထိုအချိန်မှာပင် ယုရှောင်ယွီသည် အတွေးတစ်ခု ရရှိသွားပေ၏။

"တကယ်လို့ ငါက သူ့ရဲ့ အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင် လုပ်ပေးနိုင်ရင် သူ သဘောတူလောက်တယ်"

သူမ၏ဖခင်သည် ထိုလင်းယုန်ကို ဖမ်းဆီးနိုင်ရန် အချိန်အတော်ကြာယူခဲ့ရပြီး ယဥ်ပါးစေရန်အတွက် လဝက်ခန့်ကြာအောင် ကြိုးစားခဲ့သည့်တိုင် အောင်မြင်မှုမရသေးချေ။အကယ်၍ ထိုကိစ္စကို သူမ ကူညီပေးနိုင်ပါက သူမ၏ဖခင်သည် မည်သည့်ကိစ္စကိုမဆို သဘောတူမည်မှာ သေချာပေါက်ပင်။

"ဟဲ...ဟဲ..."

ယုရှောင်ယွီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထင်ဟပ်လာကာ သူမ၏ဝတ်စုံမှ ခေါင်းလောင်းသံများ မြည်ဟီးလာပြီး မိုယန်ရွှယ်၏အနီးသို့ ချဉ်းကပ်သွားလိုက်သည်။

"ရွှယ်အာ...နင့်ရဲ့မြင်းထိန်း ငါ့ကိုငှားပေးမယ်လို့ နင် ပြောထားတယ်လေ"

မိုယန်ရွှယ်က မျက်မှောက်ကြုတ်လိုက်သည်။

"ဘာလဲ....နင်က နင့်ရဲ့စကားကို ပြန်ရုတ်သိမ်းမလို့လား"

ယုရှောင်ယွီက ပြောဆိုသည်။

"တစ်ရက်ထဲပါ...ငါ မနက်ဖြန်ကျရင် သူ့ကို ပြန်ပို့မယ်...ကျေးဇူးပြုပြီးတော့...."

ယုရှောင်ယွီ၏ ချစ်စဖွယ်ကောင်းသောမျက်နှာနှင့် တောင်းပန်တိုးလျှိုးနေသောအသံကြောင့် မိုယန်ရွှယ်သည် အနည်းငယ်ခေါင်းကိုက်လာသကဲ့သို့ ခံစားမိလေ၏။

"ကောင်းပြီ...ကောင်းပြီလေ..."

သူမသည် ခေါင်းညိတ်ပြပြီးနောက် ကျန်းရွှမ်ထံသို့ လှည့်ကြည့်လိုက်သည်။

"ကျန်းရွှမ်...နင် မိန်းကလေးယုနဲ့အတူ လိုက်သွားပြီးတော့ သူ ပြောတဲ့အတိုင်းလုပ်ပေးလိုက်ပါ...ဘာပြဿနာမှ မဖြစ်စေနဲ့"

"ဟုတ်ကဲ့ပါ သခင်မလေး...ငါက ဘာပြဿနာမှမဖြစ်အောင် အမြဲတမ်းသတိထားနေပါ့မယ်"

ကျန်းရွှမ်သည် ခေါင်းညိတ်ပြလိုက်၏။

သူ့အား မိုမိသားစုထံသို့ ခေါ်ဆောင်လာခြင်းခံရသော်လည်း အစေခံစာချုပ်မရှိသဖြင့် သူ အလိုရှိသည့် မည်သည့်အချိန်တွင်မဆို ထွက်သွားနိုင်သည်။သို့ရာတွင် သူ့၏ဒဏ်ရာများ အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသည့်အပြင် သူ စတင်ကျင့်ကြံနိုင်ခြင်းလည်းမရှိသဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမဆို အပြစ်မပြုသည်က ပို၍ကောင်းမွန်ပေမည်။

သို့သော် သိုသိုသိပ်သိပ်နေရန်သည် သူ့အတွက် အစဉ်အမြဲ ထိပ်သီးဦးစားပေးကိစ္စပင်။

ထို့ပြင် မိန်းကလေးမိုသည် အေးစက်ပြီး စည်းကမ်းတင်းကြပ်ပုံရသော်လည်း အမှန်အားဖြင့် သူမ၏စိတ်နေစိတ်ထားသည် ဆိုးရွားခြင်းမရှိကြောင်း သူ သတိပြုမိသည်။မိုမိသားစု၌ သူ အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်အထိ ယာယီခိုနားနေခြင်းသည် သူ၏ဘေးကင်းလုံခြုံမှုကို အာမခံနိုင်သော အကောင်းဆုံးနည်းလမ်းပင်။ထို့ထက် ပို၍အရေးကြီးသည်မှာ သူသည် မိုမိသားစုမှ ထွက်ခွာသွားရန်အတွက် အထောက်အထားတစ်ခုရှိနေရန် လိုအပ်သည်။သူသည် အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်နေပါက တဖန်ပြန်၍ ဖမ်းဆီးခံရမည်မှာ အနှေးနှင့်အမြန်ပင်။

ကျန်းရွှမ်၏တုံ့ပြန်မှုကိုကြည့်ပြီး မိုယန်ရွှယ်သည် စိတ်ကျေနပ်သွားကာ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ...အခု နင် သွားလို့ရပြီ"

ယုရှောင်ယွီသည် သူမ၏သူငယ်ချင်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သောကြောင့် ကျန်းရွှမ်၏အင်္ကျီလက်ကိုဆွဲ၍ အလျှင်အမြန်ပြေးလိုက်သည်။ထို့နောက် သူမသည် ကျောင်းတော်၏ပြင်ပတွင် ရပ်ထားသော ရထားလုံးထံသို့ ဦးတည်၍သွားလိုက်၏။

ကျန်းရွှမ်သည် ကိုးယိုးကားယားဖြင့် မိုယန်ရွှယ်ကို ဦးညွှတ်အရိုအသေပြုပြီး နှုတ်ဆက်လိုက်သည်။

"ဒီကောင်မလေးကတော့ အမြဲတမ်းတက်ကြွနေတာပဲ...."

မိုယန်ရွှယ်သည် သူမ၏ခေါင်းကိုခါယမ်းပြီး ဆုရှင်းကို ထားခဲ့သောနေရာထံသို့ ကြည့်လိုက်သည်။

ဆုရှင်းသည် ယှဉ်ပြိုင်ပွဲ၌ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့သဖြင့် သူမ၏နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ခဲ့သည်။သူမ အိမ်တော်သို့ ပြန်ရောက်ပါက ဆုရှင်းကို ဆုချီးမြင့်ရပေမည်။

သူမ ထိုနေရာသို့ မရောက်မီမှာပင် ဖုန်ကျင်းသည် အလျင်စလိုပြေးလာကာ သူ၏ဝဖြိုးသောခန္ဓာကိုယ်မှအဆီများ တသိမ့်သိမ့်တုန်နေပေ၏။

"သခင်မလေး...အကဲဖြတ်စစ်ဆေးမှု ပြီးသွားပြီလား"

"အင်း..."

မိုယန်ရွှယ်က အမူအယာကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြသည်။

"ဆုရှင်းကို ခေါ်လာခဲ့တော့"

"ဒါက..."

အိမ်တော်ထိန်းဖုန်း၏မျက်ခွံများ တဆတ်ဆတ်တုန်နေကာ သူသည် ဘုန်းခနဲမြည်သံနှင့်အတူ ဒူးထောက်လိုက်၏။

"သခင်မလေး...ဆုရှင်း...သူ..."

"ဘာဖြစ်တာလဲ..."

မိုယန်ရွှယ်က မေးမြန်းသည်။

အိမ်တော်ထိန်းဖုန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"ဆုရှင်းက ကျန်းရွှမ်ကြောင့် သေသွားပြီ"

"ဘာဖြစ်တာလဲ...ငါ့ကို ရှင်းရှင်းလင်းလင်းပြောစမ်း"

မိုယန်ရွှယ်က ပျာပျာသလဲမေးမြန်းလိုက်၏။

All Chapters