← Chapters

မဟာနတ်ဆိုး၏ ဘဝသံသရာ၊ နတ်ဆိုးကြေးမုံအတွင်းမှ မြင်ကွင်း

Vol. 10 Ch. 128

မဟာနတ်ဆိုး၏ ဘဝသံသရာ၊ နတ်ဆိုးကြေးမုံအတွင်းမှ မြင်ကွင်း

Vol. 10 Ch. 128

သွေးနီရောင်ဝတ်ရုံဝတ်ထားသော ထိုသူသည် သွေးနီရောင်ဓားကိုကိုင်လျက် ကျယ်ပြောလှသော သဲကန္တာရကို ဦးတည်ရာမဲ့ ဖြတ်သန်းသွားလာနေပြန်သည်။

သူ၏သွေးနီရောင်ဝတ်ရုံမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး တစ်ကိုယ်တည်းသောပုံရိပ်သည် အဝေးမှကြည့်လျှင် နီရဲနေသော နေဝင်ချိန်နှင့်တူနေခဲ့သည်။

ဒဏ်ရာရနေသောမိန်းကလေးမှာ သွေးထွက်နေသော ဒဏ်ရာကိုဖိထားရင်း ထိုသွေးနီရောင် ပုံရိပ်နောက်သို့ ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ဆက်တိုက်လိုက်နေ၏။

ကြေးမုံပြင်အားကြည့်နေသူအားလုံး

စိတ်လှုပ်ရှားသွားကြသည်။

“ဒီလောက် ရက်ရက်စက်စက် အတိုက်ခိုက်ခံရတာကိုတောင် မိုင်ပေါင်းများစွာ လိုက်နေသေးတယ်၊ထျန်းရှင် နန်းတော်သခင်မ၊ နင်က တကယ်ကိုပဲ...အစွဲအလမ်းကြီးလွန်းတာပဲ”

ဟေးဝူက သက်ပြင်းချလိုက်သည်။

နင်းထောင်၏ မျက်နှာအမူအရာသည် မပြောင်းလဲဘဲ ကြေးမုံကို စိုက်ကြည့်ရင်းမှ မာထန်စွာတုန့်ပြန်လိုက်သည်။

“သူမက သူမ၊ ငါက ငါပဲ”

သူမသည် ကြေးမုံထဲမှ မိန်းကလေးသည် တကယ်တမ်း၌ သူမကိုယ်တိုင်ဖြစ်သည်ကို လက်ခံလိုခြင်း မရှိပေ။

သူတို့ကြည့်နေစဥ်မှာပင် မြင်ကွင်းသည် တစ်ဖန်ပြောင်းလဲသွားပြန်သည်။

နူးညံ့သောမိန်းခလေးသည် ဒဏ်ရာတစ်ဖက်နှင့် အားတင်းကာလျှောက်လှမ်းနေရင်းမှ သွေးနီရောင်ဝတ်ရုံဝတ်ထားသောအမျိုးသားကို တစ်ဖန်တွေ့ရှိလိုက်သည်။

သူမသည် သူ့ကိုစိုက်ကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။

“သွေးပုလဲ...”

သူမသည် တစ်စုံတစ်ခုကို ပြောချင်သလိုရှိသော်လည်း ပြင်းထန်သောဒဏ်ရာနှင့်ဆင်းရဲပင်ပန်းမှုများကြောင့် သူ၏နာမည်ကိုသာ တိုးတိုးလေး ခေါ်နိုင်ခဲ့ရှာသည်။

သွေးနီရောင်ဝတ်ရုံဝတ်ထားသူသည် အသံကြားသောအခါ ရပ်တန့်သွားပြီး ခေါင်းကိုမော့လိုက်သည်။

သူ၏အကြည့်သည် အေးစက်ကာ စိတ်ခံစားမှု ကင်းမဲ့နေ၏။

သူ၏မြင်ကွင်းထဲတွင် မိန်းကလေးဆိုသည်မှာ မရှိတော့ဘဲ လေဟာနယ်သာ ရှိသည်၊ မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသော၊ ပုံရိပ်ယောင်သာဖြစ်သော မျက်နှာတစ်ခုကိုသာ မြင်နေရသည်။

“အားလုံးက ပုံရိပ်ယောင်တွေပဲ၊ အားလုံးကို မေ့ပစ်ရမယ်”

သူသည် ဓားကို တစ်ဖန်လှုပ်ရှားလိုက်ရာသွေးနီးရောင်အလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။

ယခုတစ်ကြိမ်တွင် သူ၏ဓားသည် ပိုမိုအားပါပြီး မိန်းကလေးကို ခါးနေရာမှ နှစ်ပိုင်းခုတ်ပိုင်းပစ်ခြင်းဖြစ်သည်။

မိန်းကလေး၏ မျက်နှာတွင် မယုံကြည်နိုင်မှုများနှင့်အတူ မျက်ဝန်း၌မျက်ရည်များဖြင့်ပြည့်လာပြီး နား​ကျင်စွာ ညည်းညူလိုက်မှာ။

“သွေးပုလဲ...”

သူမသည် သဲပြင်ပေါ်တွင် လဲကျနေပြီး မျက်ရည်များစီးကျနေသောမျက်ဝန်းများက သွေးနီရောင်ဝတ်ရုံအား စိတ်မချသလိုငေးကြည့်ပြီး သူ့နာမည်ကိုသာ တိုးတိုးလေး အော်ခေါ်နေခဲ့သည်။

ကြည့်ရှုနေသူအားလုံးသည် စိတ်ခံစားမှုမျိုးစုံကို ခံစားလိုက်ရပြီး ထိုသွေးနီရောင်ဝတ်အမျိုးသားကို ဒေါသထွက်ကုန်တော့သည်။

“ဒီကောင်က အရမ်းကိုရက်စက်လွန်းတယ်”

“ရက်စက်ပြီး မေတ္တာတရားကင်းမဲ့နေတဲ့နတ်ဆိုးတစ်ကောင်ပဲ”

“ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ မသိဘူး၊ ဆက်ကြည့်ရအောင်”

အဖြူရောင်ဧကရာဇ်ကတော့ မည်သည့်စကားမှမဆိုဘဲ ကြေးမုံကိုသာ ဝမ်းနည်းသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ဒါက နတ်ဆိုးတစ်သောင်းတံခါးထဲမှာတွေ့ကြုံရသော ဆင်းရဲဒုက္ခဆိုသည့်အရာများလားဟု သူတွေးမိသည်။

သွေးနီရောင်ဝတ်အမျိုးသားသည် လောကတစ်ခွင်သို့ ရည်ရွယ်ချက်မရှိဘဲ ဦးတည်ရာလှည့်လည်သွားလာနေသည်။

နူ့ညံ့သော မိန်းကလေး၏ တားဆီးထိန်းချုပ်မှုမရှိတော့သဖြင့် သူသည်ပို၍အဆင်ခြင်မဲ့နေပြီး ပိုမိုရက်စက်စွာ သတ်ဖြတ်နေတော့သည်။

သူသည် မြို့ငယ်လေးတစ်ခုကို ရောက်ရှိသွားရာ အကြောင်းရင်းမရှိဘဲ တစ်မြို့လုံးကို ခုတ်ထစ်သတ်ဖြတ်ခဲ့သည်။

ထို့နောက် မြို့တော်ကြီးတစ်ခုသို့ ရောက်ရှိလာပြန်ရာ တုန့်ဆိုင်းခြင်းမရှိဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြန်၏။

သူ၏မျက်လုံးရှေ့သို့ ရောက်လာသော သက်ရှိသတ္တဝါတိုင်းကို မည်းမည်းမြင်ရာသတ်ပစ်ခဲ့သည်။

ကြေးမုံပြင်အားကြည့်ရှုနေသော စုန်းများအားလုံး ထိတ်လန့်သွားကြသည်။

“ဒီကောင်က လူသတ်နတ်ဘုရားပဲ”

“သူက ရူးသွပ်ခြင်းထဲ ကျရောက်သွားပြီ”

“ထျန်းရှင်နန်းတော်သခင်မ၊ ဒီလို မဟာနတ်ဆိုးတစ်ပါးကို ဘယ်လိုများ ချစ်နိုင်ရတာလဲ”

နင်းထောင်၏ မျက်နှာအမူအရာသည် အေးစက်နေဆဲဖြစ်ပြီး နှုတ်ခမ်းကို ဖိကိုက်ထားကာ ဘာမှမပြောပေ။

ထိုသွေးနီရောင်ပုံရိပ်သည် လောကရှိ အစွမ်းအထက်ဆုံးနတ်ဆိုးကြီးကဲ့သို့ တားဆီးနိုင်သူမရှိဘဲ သူ၏မျက်စိရှေ့ရှိလူတိုင်းကို သတ်ဖြတ်နေခဲ့သည်။

ဆီးနှင်းမုန်တိုင်းတစ်ခုထဲတွင် သံချပ်ကာအပြည့်ဝတ်ထားသော ဗိုလ်ချုပ်တစ်ဦးသည် စစ်သည်တစ်သောင်းကို ဦးဆောင်ကာ မြို့ထဲမှ ထွက်လာပြီး ထိုသွေးနီရောင် ပုံရိပ်ကို ရင်ဆိုင်ခဲ့သည်။

စစ်သည်တစ်သောင်းတို့သည် ရဲရင့်စွာဖြင့်မြို့သူမြို့သာများကို ကာကွယ်ရန် အသက်စွန့်၍ချီတက်ခဲ့ကြပြီး ​သွေးနီရောင်ဝတ်အား တိုက်ခိုက်ခဲ့ရာ တိုက်ပွဲသည် ခုနစ်ရက်ခုနစ်ည ကြာမြင့်ခဲ့သည်။

ထို့နောက် တိုင်းပြည်တစ်ခုလုံး၏ စစ်တပ်များသည် ထိုနေရာသို့ စုဝေးရောက်ရှိလာခဲ့ကြသည်။

သွေးနီရောင်ဝတ်သည် သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ပင် အသက်များကို ဆက်လက်ရိတ်သိမ်းနေခဲ့သည်။

နောက်ဆုံးညတစ်ည၌ သွေးနီရောင်ဝတ်ရုံဝတ်ထားသူသည်လည်း သတ်ဖြတ်ရလွန်း၍ သိသိသာသာ ပင်ပန်းနွမ်းနယ်သွားခဲ့သည်။

သူသည် ဓားကျိုးကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး မျက်လုံးများတွင် ဝေခွဲမရသောအမူအယာများ ပြည့်နေ၏။

“ငါ... ဒီလောက် အားနည်းနေတာလား”

သွေးနီရောင်ဝတ်ရုံဝတ်ထားသူသည် သူ၏ခွန်အားနည်းပါးမှုကို အံ့သြနေပုံရသည်။

သူသည် အင်အားကြီးမားသောကျင့်ကြံသူသုံးထောင်ကို မျက်နှာတစ်ချက်မပျက်ဘဲ သတ်ပစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ထို့ကြောင့် ဤလူသားစစ်သည်တော်တစ်စုက အဘယ့်ကြောင့်သူ့အား ဖမ်းနိုင်ရသည်ကို သူနားမလည်နိုင်ဖြစ်နေ၏။

သွေးနီရောင်ပုံရိပ်သည် အဖမ်းခံရပြီးနောက် သံကြိုးကြီးများဖြင့် ချည်နှောင်ခံရသည်။

မလွတ်မြောက်နိုင်စေရန် သူ၏တစ်ကိုယ်လုံးကို သံကြိုးများ တစ်ထပ်ပြီးတစ်ထပ်ဖြင့် တုပ်နှောင်ထား၏။

မြို့တော်တစ်ခုလုံးမှပြည်သူများသည် ထိုသတင်းကြောင့် ဝမ်းသာသွားကြပြီး ပုန်းအောင်းနေရာမှ ထွက်လာကြသည်။သူတို့သည် အကျဥ်းထောင်သံတိုင်များထဲမှ လူသတ်နတ်ဆိုးကို လာရောက်ကြည့်ရှုပြီး ပျော်ရွှင်စွာကခုန်နေကြ၏။

အချို့ကတော့ သူ၏လက်ချက်ဖြင့်သေဆုံးသွားသော ဆွေမျိုးများအတွက် ကျိန်ဆဲကြသည်။ ပုတ်ခတ်စော်ကားကြ၏။

ဒေါသများပေါက်ကွဲလာကြပြီး ကြက်ဥပုပ်များ၊ ကျောက်တုံးများ၊ ပုပ်ပွနေသော ဂေါ်ဖီထုပ်များဖြင့် သွေးနီရောင်ဝတ်လူသတ်သမားဆီသို့ ပစ်ပေါက်ကြသည်။

တိုင်းပြည်မှ ကြေညာခဲ့၏။

သွေးရောင်ဝတ်နတ်ဆိုးကို ခုနစ်ရက်ကြာ လှည့်လည်ပြသပြီးနောက် နေ့လယ်တွင် မီးရှို့သတ်ဖြတ်မည်ဟု အမိန့်ချလိုက်သည်။

ခုနစ်ရက်တာပတ်လုံး မြို့တော်သည် စည်ကားနေခဲ့သည်။

အချုပ်ခန်းရထားဆိုက်ရောက်ရာနေရာတိုင်းတွင် ဒေါသကြီးမားနေသော လူအုပ်ကြီးများက သူတို့၏​မကျေနပ်ချက်များစွာအားလုံးကို ထိုသွေးနီရောင်ပုံရိပ်အပေါ်သို့ ပုံချခဲ့ကြသည်။

ခုနစ်ရက်ကြာပြီးနောက်မှာ လှည့်လည်ခြင်းပြီးဆုံးသွားပြီး သွေးနီရောင်ဝတ်လူသတ်သမားအား သံတိုင်တစ်ခုတွင် အထပ်ထပ်ချည်နှောင်ထားလိုက်ကြသည်။

သူ၏အောက်တွင် ကြီးမားသော ထင်းပုံကြီး တစ်ခုကို လောင်စာများဖြင့်စုပုံထားသည်။

အမျိုးသမီးတစ်ဦးက သူ့ကို ကျိန်ဆဲနေသည်။

“နတ်ဆိုးကို မီးရှို့၊ မီးရှို့"

အခြားမြို့သားများကလည်း ဆူညံစွာအော်ဟစ်ကြသည်။

“ဒီလိုနတ်ဆိုးမျိုးကို လောကမှာမထားသင့်ဘူး"

ငရဲမှာ ထာဝရ မီးလောင်ကျွမ်းပါစေ၊ ဘယ်တော့မှ ပြန်မဝင်စားနိုင်ပါစေနဲ့”

ကျိန်ဆဲသံများကြားတွင် သွေးနီရောင်ဝတ်ထားသူ၏ မျက်လုံးများ၌ ဝေခွဲမရဟန်များ ပေါ်လာသည်။

“ငါက... နတ်ဆိုးလား”

"သူတို့က ငါ့ကိုနတ်ဆိုးလို့ခေါ်နေတယ်"

သူသည် တစ်စုံတစ်ခုကို မေ့နေသလို ခံစားရသည်။

ထိုအချိန်မှာပင် သူ၏အောက်ခြေမှ မီးတောက်များ တဟုန်းဟုန်းတောက်လောင်လာရာ မီးခိုးငွေ့များသည် သူ့မျက်လုံးများကို စူးရှသွားစေသည်။

ထိုအခိုက် ရင်းနှီးနေသော အသံတစ်ခုက လူအုပ်​နောက်မှ ပေါ်ထွက်လာ၏။

“သွေးပုလဲ...”

ကိုယ်လုံးသေးသေးတစ်ခုသည် လူအုပ်ကို ကျော်ဖြတ်ပျံသန်းလာပြီး သံကြိုးဖြင့် ချည်နှောင်ခံထားရသော ထိုသူကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

အားကောင်းစွာတောက်လောင်နေသော မီးတောက်များကြားတွင် သူမက သွေးနီရောင်ဝတ်လူအား တုပ်နှောင်ထားသောသံကြိုးများကို ဖျက်ဆီးရန်ကြိုးစားသည်။

မီးတောက်များက တလူလူတတ်လာပြီး သူတို့၏​အောက်ခြေမှစတင် လောင်ကျွမ်းလာခဲ့သည်။

သူမ၏လက်ချောင်းသွယ်သွယ်လေးများဖြင့် အစွမ်းကုန်ကြိုးစားသော်လည်း သံကြိုးများက ခိုင်ခံ့လွန်းနေ၏။

သူမက သွေးရူးသွေးတန်းဖြင့် အားကုန်ဆွဲဖြတ်နေရာ သူမ၏လက်ဖဝါးများသာ ပေါက်ပြဲကာသွေးထွက်လာပြီး သံကြိုးများမှ မလွတ်မြောက်နိုင်ခဲ့ပေ။

“သွေးပုလဲ...”

မီးများက ပြန့်နှံ့လာလေလေ မိန်းကလေး၏မျက်ရည်များက ပို၍ကျဆင်းလာလေပင်။

သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းကိုပါ မီးများစွဲလောင်လာကာ ပြင်းထန်သောအပူဒဏ်ကိုခံစားလိုက်ရသော်လည်း သူမကပြန်ဆုတ်မပြေးခဲ့ပါ။

သွေးရူးသွေးတန်းဖြင့် သွေးနီရောင်ဝတ်ရုံကိုအားကုန်ပွေ့ဖက်ကာ တွယ်ကပ်ထားပြီး သူ့ကို နိုးထလာစေရန် အစွမ်းကုန်ကြိုးစားနေ၏။

“နင်..”

သွေးနီရောင်ဝတ်ရုံအမျိုးသား၏ မျက်လုံးများ ခဏတာ ရှင်းလင်းသွားသည်။

“နင် ဘယ်သူလဲ”

သူသည် မျက်လုံးဖွင့်သော်လည်း ဘာမှ မမြင်ရပေ။

တစ်စုံတစ်ယောက်က သူ့ကို ပွေ့ဖက်ထားသလို ခံစားရသော်လည်း သူ မမြင်ရပေ။

“ကျွန်မ...”

မိန်းကလေးသည် တစ်စုံတစ်ခု ပြောချင်သော်လည်း မပြောနိုင်တော့ပေ။

ထိုအစား သူ၏နာမည်ကိုသာ ဆက်ခေါ်နေခဲ့သည်။

မီးတောက်များသည် သူတို့နှစ်ဦးအား ခြေဖျားမှခေါင်းတိုင်အောင် ပျံ့နှံ့သွားခဲ့ရာ ထောင်ပေါင်းများစွာသော ကြည့်ရှုသူများ၏မျက်နှာများ၌ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။

မိန်းကလေးသည် မီးတောက်များက သူမကို ပါ ပြင်းထန်စွာလောင်ကျွမ်းနေသည့်တိုင် သွေးနီရောင်ဝတ်လူကို မလွှတ်စတမ်း တွယ်ကပ်ပွေ့ဖက်ထားသည်။

"​သွေးပုလဲ.."

"သွေး..."

ပတ်ဝန်းကျင်တစ်ခုလုံး ဆီးနှင်းများက တဖွဲဖွဲကျနေသည်။ ထောင်ပေါင်းများစွာသော လူများ၏ ဒေါသတကြီးအော်ဟစ်သံများက မီးတောက်များထက်ပင် ပြင်းထန်သော အမုန်းတရားကို ပြသနေ၏။

တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များထဲမှာတော့ မိန်းကလေး၏နုနယ်သော ခန္ဓာကိုယ်လေးသည် လူသတ်နတ်ဆိုးနှင့်အတူ လောင်ကျွမ်းပြာကျသွားခဲ့လေသည်။

နင်းထောင်မှာ တိတ်ဆိတ်နေခဲ့သည်။

ဟေးဝူသည် ရင်မောစွာသက်ပြင်းချ၏။

“တော်တော်နက်ရှိုင်းတဲ့ သံယောဇဉ်ပါလား”

သူသည် ဝမ်းနည်းသောအမူအရာဖြင့် နင်းထောင်ကို တစ်ချက်ကြည့်လိုက်သည်။

“နတ်ဆိုးကောင်က သေသင့်တယ်၊ဒါပေမဲ့ သူ့နဲ့အတူ မီးထဲခုန်ဆင်းသွားတဲ့ မိန်းကလေးကတော့ နှမြောစရာပဲ”

“တကယ်ကို မိုက်မဲလိုက်တာ”

အခြားအမျိုးသမီးတစ်ဦးကသက်ပြင်းချကာ ဝေဖန်လိုက်သည်။

“ငါတို့က ​စုန်းတွေဖြစ်နေပေမဲ့ မြင်မြင်သမျှသတ်ဖြတ်နေတဲ့နတ်ဆိုးတစ်ကောင်ကိုတော့ မစာနာသင့်ဘူး၊ချစ်ဖို့ဆိုရင် ပိုတောင်မဖြစ်သင့်ဘူး"

"ထျန်းရှင်နန်းတော်သခင်မလိုလူမျိုးမှာ ဒီလိုအတိတ်မျိုးရှိခဲ့မယ်လို့ မထင်ခဲ့မိဘူး"

ကြေးမုံထဲမှ မိန်းကလေးသည် သူတို့အားလုံးအမြင်၌ အလွန်မိုက်မဲနေသည် မဟုတ်ပါလား။

သူမလောက်မိုက်မဲသောသူမျိုး လောကတွင်ရှာ၍ပင် မတွေ့နိုင်ပါ။

ထိုအချိန်မှာပင် ကြေးမုံထဲမှ မြင်ကွင်းသည် တစ်ဖန် ပြောင်းလဲသွားပြန်သည်။

အားလုံး အံ့အားသင့်သွားကြသည်။

“သူတို့သေသွားပြီလေ ၊ မပြီးသေးဘူးလား”

အဖြူရောင်ဧကရာဇ်က ကြေးမုံအားကြည့်နေရင်းမှ တိုးတိုးပြောလိုက်သည်။

“လောကမှာ ပြန်လည်ဝင်စားခြင်းဘဝသံသရာဆိုတာ ရှိတယ်၊တစ်ချို့သူတွေက မရှောင်လွဲနိုင်ကြဘူး"

သူတို့အားလုံးထံမှ တုန့်ပြန်သံများ ထွက်မလာခဲ့ပါ။

အားလုံးက ကြေးမုံပြင်ကိုသာ စိုက်ကြည့်လိုနေကြသည်။

ယခုမြင်ကွင်းတွင်လည်း ဆီးနှင်းများက ထူထပ်စွာကျရောက်နေဆဲဖြစ်သည်။

မိန်းကလေးတစ်ယောက်သည် ကလေးငယ်လေးကို တင်းကျပ်စွာ ပွေ့ပိုက်ထားပြီး ဆီးနှင်းထဲတွင် ဖိနပ်မပါဘဲ လျှောက်လှမ်းနေ၏။

ကောင်းကင်သည် မှောင်မိုက်နေသော်လည်း ဆီးနှင်းများ၏ ဖြူဖွေးသောအရောင်များက ထင်ဟပ်နေဆဲရှိသည်။

ထိုအခိုက် မီးတိုင်များကိုင်ထားသောအရိပ်သဏ္ဍာန်များစွာ ပေါ်လာပြီး ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။

“နတ်ဆိုးပေါက်စလေးကို ချထားလိုက်စမ်း”

“ဒီကလေးက နိမိတ်မကောင်းဘူး၊ သတ်ပစ်ရမယ်”

"မလွတ်စေနဲ့"

မိန်းကလေးသည် ကလေးငယ်ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ရာနှင့်ချီသောလူများ၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်စေရန် အသက်လုကာ ရှောင်တိမ်းနေခဲ့သည်။

မိန်းကလေးသည် တောင်တန်းများထဲသို့ ထွက်ပြေးသွားပြီးနောက် ဂူတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူမက ရင်ခွင်ထဲမှ ကလေးငယ်ကို ကြင်နာသောမျက်လုံးများဖြင့် ငုံ့ကြည့်ပြီး နူးညံ့သောအပြုံးဖြင့် ခေါ်လိုက်၏။

“သွေးပုလဲ...”

သူမရင်ခွင်ထဲမှ ကလေးငယ်သည် ဆာလောင်နေပုံရလေသည်။ထို့ကြောင့် ကလေးသဘာဝအတိုင်း သူမ၏လက်ချောင်းလေးတစ်ခုကို သူ၏ပါးစပ်ဆီသို့ ဆွဲယူကာငုံလိုက်သည်။

မိန်းကလေး ကြင်နာသောမျက်ဝန်းများဖြင့် အလိုက်သင့်ထားပေးလိုက်သောအခါ ကလေးသည် သူ၏သေးငယ်သောသွားများဖြင့် နုညံ့သောလက်ချောင်းအား ရက်စက်ကိုက်လေသည်။

သူမ၏လက်ချောင်းမှာအလွန်နာကျင်သွားပြီး သွေးများစီးကျလာရာ ကလေး၏ပါးစပ်

ကိုပင် စွန်းထင်းသွား၏။

မိန်းကလေး၏ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်သွားသော်လည်း ကလေးငယ်ကို တင်းကျပ်စွာ ဆက်ပွေ့ထားခဲ့သည်။

ထိုအချင်းအရာကိုမြင်ရသောအခါ ဖမ်းဆီးရန်လိုက်လာသူများ၏မျက်နှာအမူအရာများ မည်းမှောင်သွားကြသည်။

“အားလုံးမြင်ကြလား..ဒါက တကယ်ကို နတ်ဆိုးတစ်ကောင်ပဲ"

"သေချာပေါက် သတ်ပစ်မှရမယ်”

ထိုအခိုက် မြင်ကွင်းသည် ပြောင်းလဲသွားပြန်ရာ ထိုနတ်ဆိုးကလေးသည် သွေးနီရောင်ဝတ်ရုံဝတ်ထားသောအမျိုးသားဖြစ်လာသည်။

သူသည် တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်ပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်း မရှိပေ။

သူသည် ချောင်းဘေးတွင် ထိုင်နေပြီး ရေပြင်ကို ငေးမောကြည့်နေသည်။

ကြည်လင်သောချောင်းရေထဲတွင် ငါးများ လှုပ်ရှားကူးခတ်နေကြ၏။

သူ​၏မျက်လုံးများတွင် အနီရောင်တစ်ခု အတောက်ပသွားပြီးနောက် ငါးများသည် ဓားချက်ဖြင့် သေဆုံးသွားကြ၏။

သူကသက်ရှိမှန်သမျှကို မြင်သည်နှင့် သတ်ဖြတ်သူပင်။

ထိုအချိန်တွင် သူ၏နောက်မှ နူးညံ့သော မိန်းကလေးပေါ်လာပြီး သူ့အမည်အား ခေါ်လေ၏။

သူမ၏ မျက်လုံးများတွင်တော့ ရင်နာခြင်းများနှင့် ယူကျုံးမရခြင်းများ ပြည့်နှက်နေခဲ့သည်။

သွေးနီရောင်ဝတ်ရုံဝတ်ထားသူသည် ရုတ်တရက် လှည့်လိုက်သည်။

"မခေါ်နဲ့ ..ငါ့ကိုအဲဒီလိုမခေါ်နဲ့"

“ငါက သွေးပုလဲ မဟုတ်ဘူး၊ ငါ... နတ်ဆိုးပဲ၊ ငါဟာ မဟာနတ်ဆိုးပဲ..”

အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ဝင်ရောက်ပြီးနောက် မဟာနတ်ဆိုး၏ ကျန်ရစ်သောစိတ်ဆန္ဒသည် သူ့ကိုစတင် ပေါင်းစပ်လွှမ်းမိုးလာခဲ့သည်။

မဟာနတ်ဆိုး တစ်ချိန်ကလျှောက်လှမ်းခဲ့သော လမ်းကို လိုက်လျှောက်မိနေခဲ့သည်။

ကျိယွမ်ဘဝဖြင့်သာဆိုလျှင် သာမှန် စစ်သည်တစ်စုသည် သူ့အားဖမ်းယူနိုင်စရာ အကြောင်းမရှိပေ။

သူသည် မဟာနတ်ဆိုး၏ ဘဝသံသရာကို ရိုးရှင်းစွာ တွေ့ကြုံခံစားနေခြင်းသာ ဖြစ်သည်။

သူသည် မိန်းကလေးရှိရာ နေရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချောင်းဘေးမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ကြေးမုံအားကြည့်နေသော စုန်းများထိတ်လန့်သွားကြသည်။

“သူက မဟာနတ်ဆိုး...”

“မဟာနတ်ဆိုးလား"

မြောက်ပိုင်းမှ အဓိပတိများအနေဖြင့် မဟာနတ်ဆိုးကို မသိသူမရှိပါ။

လောကရှိ နှလံးသားနတ်ဆိုးများအားလုံးသည် မဟာနတ်ဆိုးမှ ဖန်တီးထားခဲ့ခြင်းဖြစ်သည်ဟုပင် ဆိုကြသည်မဟုတ်ပါလား။

လျူဖုန်းနယ်မြေ၏ လက်ရှိဆင်းရဲဒုက္ခများနှင့် တောင်မြောက်ဆုံးဖြတ်ချက်တို့သည် မဟာနတ်ဆိုးကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။

သူတို့မြင်နေရသော ရက်စက်ပြီးသွေးဆာနေသောစိတ္တဇသမား သွေးနီရောင်ဝတ်ရုံဝတ်ထားသူသည် ဒဏ္ဍာရီလာ မဟာနတ်ဆိုးပင် ဖြစ်သည်။

ဒါဆို နင်းထောင်ကရော.....

မဟာနတ်ဆိုးနှင့်ဆက်သွယ်နေသော မိန်းကလေးဟူ၍ တစ်ဦးသာရှိသည်။

မိစ္ဆာမ...

လူတိုင်းသည် နင်းထောင်ကို နက်ရှိုင်းသော ကြောက်ရွံ့မှုဖြင့် ကြည့်လိုက်ကြပြီး သူမအနီးမှ အလိုအလျောက် ရှောင်ထွက်သွားကြသည်။

အဖြူရောင်ဧကရာဇ်၏မျက်လုံးများထဲ၌ပင် အံ့သြနေသောအရိပ်အယောင်များရှိနေ၏။

သိူ့သော် သူကလေးနက်စွာ ပြောလိုက်သည်။

“ဒါက ပုံရိပ်ယောင်သက်သက်ပဲ၊ အမှန်တရား မဟုတ်ဘူး။ ဒါက... မဟာနတ်ဆိုးရဲ့ ဘဝသံသရာတစ်ခုပဲ"

"ဒီဖြစ်ရပ်တွေက မဟာနတ်ဆိုးမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး သူမနဲ့မသက်ဆိုင်ပါဘူး"

"သွေးနီးရောင်ဝတ်သူက မဟာနတ်ဆိုးရဲ့ဘဝသံသရာကို ကြုံတွေ့နေချိန်မှာ ကျူးယန်က သူ့ကိုပြန်ပြီး နိုးထလာအောင်ကြိုးစားရင်းနဲ့ အရာအားလုံးကို အမှန်တရားအဖြစ် မြင်ခဲ့တာသာဖြစ်တယ်။"

မြင်ကွင်းတွင် အရွယ်ရောက်လာသောသွေးနီရောင်ဝတ်ရုံဝတ်ထားသူသည် တောင်တန်းများကိုစွန့်ခွာခဲ့ပြီး လူတိူ့၏နေရပ်များသို့ တဖန်ရောက်လာပြန်သည်။

သူသည် ဓားတစ်လက်ကိုကိုင်ဆောင်ပြီး မြင်မြင်သမျှကို အဆက်မပြတ် သတ်ဖြတ်နေခဲ့သည်။

မိုးသည်းထန်သောညတစ်ညတွင် သူသည် သနားစဖွယ်အပြစ်မဲ့ မိသားစုတစ်ခုကို တစ်ယောက်မကျန် သတ်ပစ်သည်။

နုညံ့သောမိန်းကလေးသည် သူနောက်သို့လိုက်လာပြီး စိုးရိမ်တကြီးဖြင့် ခေါ်လိုက်၏။

“သွေးပုလဲ...”

သွေးနီရောင်ဝတ်ရုံလူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်လာပြီး သူကလေဟာနယ်ထဲသို့ ​ အေးစက်စွာအော်ပြောလ်ုက်သည်။

“ငါ... သွေးပုလဲ မဟုတ်ဘူး၊ ငါဟာ မဟာနတ်ဆိုးပဲ "

"နတ်ဆိုး​တွေဆိုတာ သက်ရှိသတ္တဝါအကုန်လုံးကို သတ်ရမယ်။ နတ်ဆိုးတွေအကုန်လုံးကို ကောင်းကင်နှင့်မြေကြီးက ရွံမုန်းကြတယ်၊ငါတို့ကလည်း ပြန်ကြည့်နေစရာမလိုဘူး၊သူတို့မုန်းလေ ငါကသတ်လေပဲ”

"မဟုတ်ဘူး..သွေးပုလဲ"

မိန်းကလေးသည် ထိုသူကို ကြင်နာစွာဖက်တွယ်ထားပြီး လွှတ်ပေးလိုစိတ် မရှိပေ။

“သေစမ်း”

ညှာတာမှုကင်းမဲ့စွာဖြင့် သူ့အားဖတ်ထားသောမိန်းကလေးအား ဓားဖြင့်တဆုံးထိုးသွင်းပစ်လေသည်။

ကျောပြင်မှပေါက်ထွက်လာသော ဓားနှင့်အတူ နီရဲသောသွေးများက သူမ၏အဝတ် အဝတ်အစားများကို စွန်းထင်းသွားပြီး ပါးစပ်မှလည်းသွေးများစီးကျလာခဲ့သည်။

ဤသို့ဖြင့်အချိန်များ ထပ်မံကုန်လွန်ခဲ့သွားခဲ့ပြီး မိမိကိုယ်ကိုမဟာနတ်ဆိုးဟု ခေါ်သော သွေးနီရောင်ဝတ်ရုံလူသည် ဓားတစ်ချောင်းဖြင့် ကောင်းကောင်အောက်မှ သက်ရှိသတ္တဝါတိုင်းကို သတ်ဖြတ်နေသည်။

ထိုသို့သတ်ဖြတ်ဖို့အတွက် မွေးဖွားလာသူဟု သူ့ကိုယ်သူခံယူထားသည်အလားပင်။

ဆယ်နှစ်ကြာပြီးနောက် ဂိုဏ်းကြီးရှစ်ခုမှ ကျွမ်းကျင်သူများသည် မဟာနတ်ဆိုးကို နှိမ်နင်းရန် အင်အားစုခဲ့ကြသည်။

ကောင်းကင်အဆုံးရှိ ချောက်နက်ကြီးအနီး၌ ဖြစ်ပွားသော တိုက်ပွဲတွင် မဟာနတ်ဆိုးသည် သူ၏ရန်သူတစ်ဝက်ကို သတ်ပစ်ပြီးနောက် ပင်ပန်းနွမ်းနယ်သွားခဲ့သည်။

သွေးနီရောင်ဝတ်ရုံဝတ်ထားသူ၏ မျက်လုံးများတွင် အဆုံးမဲ့သွေးဆာမှုနှင့်အတူ တွေဝေသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။

ဒီအချိန်မှာပင် ရင်းနှီးသော မိန်းကလေးသည် တစ်ဖန် ပေါ်လာပြန်ခဲ့သည်။ သူမသည် ရန်သူများလက်ထဲသို့ အရောက်မခံဘဲ ပင်ပန်းနွမ်းနယ်နေသော ထိုသူကိုတင်းကျပ်စွာပွေ့ဖက်ပြီး အောက်ဘက်ရှိ အရည်ပျော်နေသော ချော်ရည်ချောက်နက်ကြီးထဲသို့ ခုန်ဆင်းသွားသည်။

ပထမဘဝ၌ သူသည် လူအများကို သတ်ဖြတ်ခဲ့ပြီး စစ်တပ်တစ်ခု၏ ဖမ်းဆီးခြင်းကို ခံရကာ မီးရှို့ခြင်းခံရစဉ် သူမသည် သူ့ကိုတွယ်ကပ်ထားပြီး မီးတောက်များကို အတူတကွ ခံစားခဲ့သည်။

ဒုတိယဘဝ၌လည်း သူသည် အဆက်မပြတ် သတ်ဖြတ်ခဲ့ပြီး ဂိုဏ်းကြီးရှစ်ခု၏ ဝိုင်းရံခြင်းကို ခံရကာ ပင်ပန်းနွမ်းနယ်ချိန်တွင် သူမသည် သူ့နှင့်အတူ အရည်ပျော်နေသော ချော်ရည်ထဲသို့ ခုန်ဆင်းခဲ့သည်။

တတိယဘဝ၌ သူမသည် သူ့အား ရှေးဟောင်းမျှော်စင်တစ်ခုတွင် အကျဉ်းချထားပြီး နေ့စဉ် သီလဆောက်တည်ကာ ဆုတောင်းပေးခဲ့သည်။

သို့သော် တစ်ခုသောညတစ်ညတွင် သူသည် သူ့ကိုယ်သူ မဟာနတ်ဆိုးဖြစ်ကြောင်း ပြန်လည်သတိရသွားပြီး လွတ်မြောက်ကာ အဆုံးမဲ့သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ဆုံးတွင် သူသည် ဗုဒ္ဓ ၃၀၀၀ ၏ စုပေါင်းနှိမ်နင်းခြင်းကို ခံရပြန်သည်။ထိုအခါတွင်လည်း သူမသည် သူ့နှင့်အတူ ငရဲချောက်နက်ကြီးထဲ၌ မီး​ဖြင့်ဖျက်ဆီးခြင်း၊ ဓားဖြင့်ဖျက်ဆီးခြင်း၊ အအေးဓာတ်ဖြင့်ဖျက်ဆီးခြင်းတို့ကို နှစ်ငါးဆယ်ကြာ အတူတကွ ခံစားခဲ့ရသည်။

စတုတ္ထဘဝ၌လည်း သူသည် ဖျက်ဆီးမှုများကို လုပ်ဆောင်ခဲ့ပြီး ပင်လယ်ထဲတွင် နှစ်မြုပ်ခံထားရပြန်သည်။သူမသည် သူ့ကို ရှာဖွေရန် ပင်လယ်ကြမ်းပြင်တစ်ခုလုံးကို အချိန်ကြာမြင့်စွာရှာဖွေခဲ့ပြီး သူ၏ ကံကြမ္မာကို မျှဝေခံစားခဲ့သည်။

ဘဝတစ်ခုစီတိုင်းတွင် သွေးနီရောင်ဝတ်ရုံဝတ်ထားသူသည် သတ်ဖြတ်ခြင်းများ၏ ပြယုတ်တစ်ခုအလား အဓိပ္ပာယ်ဖွင့်ဆိုခံရသည်။

သူ့ကိုယ်သူမေ့နေပြီး မဟာနတ်ဆိုးတစ်ပါးဟုသာ သိခဲ့၏။

သူမသည်လည်း သူ့ကို အမြဲတမ်း စောင့်ကြည့်ခဲ့သည်၊အဖော်ပြုခဲ့သည်၊ သူ့နှင့်အတူ ဘဝသံသရာထဲသို့ နစ်ဝင်ခဲ့သည်။

သူမသည် မဟာနတ်ဆိုးအတွက်သာမက သွေးပုလဲအတွက်ပါ ကမ္ဘာလောက၏ မထီမဲ့မြင်ပြုခြင်း၊ ရန်သူများအားလုံးနှင့် နတ်ဘုရားတို့၏ အပြစ်ဒဏ်ပေးခြင်းတို့ကို ရင်ဆိုင်ခဲ့သည်။

သို့သော် သူမသည်မည်သည့်အခါမှ ထွက်ခွာမသွားဘဲ သူ့ဘေးတွင် အမြဲတမ်း ရပ်တည်ခဲ့သည်။

ကြည့်ရှုနေသူအားလုံးမှာ လုံးဝစိတ်လှုပ်ရှားသွားကြသည်။

နင်းထောင်ပင်လျှင် အနည်းငယ် ထုံထိုင်းနေခဲ့သည်။

ထိုမိန်းကလေးသည် အကြိမ်မည်မျှ ဓားဖြင့် ထိုးခံခဲ့ရသည်ကို သူမ မသိပေ။

ထိုမိန်းကလေးသည် နာကျင်မှုများကို မည်မျှ ခံစားခဲ့ရသည်ကို သူမ မသိပေ။

ထိုမိန်းကလေးသည် စိတ်ရောကိုယ်ပါ အလွန်နာကျင်ခဲ့ရမည်ဟုသော အချက်ကိုသာ သူမသိလေသည်။

မည်သို့သောအခြေအနေမျိုးပင်ဖြစ်ပါစေ ထိုမိန်းကလေးသည် မိုက်မဲစွာဖြင့် သူ၏ဘေးတွင် ရှိနေခဲ့ပြီး သူမ၏ရပ်တည်မှုက ခိုင်မာနေခဲ့သည်။

ထိုခံစားချက်မှာ နားမလည်နိုင်စရာဖြစ်နေပြီး နားလည်ရန်အမှန်တကယ်ခက်ခဲလှ၏။

အဖြူရောင်ဧကရာဇ် ထပ်မံသတိပေးလိုက်သည်။

“ကြေးမုံထဲက မြင်ကွင်းတွေက ပုံရိပ်ယောင်တွေ ဖြစ်နိုင်တယ်။ အရင်တုန်းက ဆရာဟာ လောကကို ကယ်တင်ဖို့ နတ်ဆိုးတစ်သောင်းတံခါးထဲကို တစ်ယောက်တည်း ဝင်ပြီး မူလနှလုံးသားနတ်ဆိုးကို နှိမ်နင်းခဲ့တာ... နင်ကတော့ ဆရာ့ကို နိုးထစေဖို့အတွက် တံခါးထဲကိုနောက်ကလိုက်ဝင်ခဲ့တာ...”

အားလုံး၏ မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။

ထိုအရာက ပုံရိပ်ယောင်ဆိုသည်ကို လက်ခံရန်က လွယ်ကူပါသည်။

သို့သော်လည်း ပုံရိပ်ယောင် ဖြစ်နေသည်ဆိုလျှင်ပင် ဘဝများစွာတိုင်အောင် အဆုံးမရှိသော သတ်ဖြတ်မှုသည် လက်ခံရန် ခက်ခဲနေဆဲဖြစ်သည်။

သာမန်ထိုင်ကြည်နေသူပင် ထိုမိန်းကလေး၏ နာကျင်မှုကို ခံစားနိုင်သည်။

ချစ်ရသူတစ်ဦးဆီမှ ထပ်ခါတလဲလဲသော ရက်စက်ခြင်းများကို ခံစားနေရခြင်းသည် မည်မျှအသည်းနာဖွယ်ကောင်းလှသနည်း။

“ပုံရိပ်ယောင်တွေတဲ့လား”

ထိုအချိန်တွင် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။

“ဒါတွေက တကယ်ပဲ ပုံရိပ်ယောင်တွေလား။ ဒါက မဟာနတ်ဆိုးရဲ့ ဘဝပဲ၊ ပုံရိပ်ယောင်တွေထဲမှာ ပြန်ပြနေရုံသက်သက်ပဲ။ သွေးပုလဲက တကယ့် မဟာနတ်ဆိုးဆိုတာ ထင်ရှားနေတာပဲလေ"

အသံနှင့်အတူ အဖြူရောင်ဝတ်ရုံဝတ်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။ သူမ၏ မျက်နှာက ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းသော အပြုံးတစ်ခုလည်းရှိနေသည်။

ရောက်လာသူကို မြင်သောအခါ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

“အကြွင်းမဲ့သခင်မ”

အဖြူရောင်ဧကရာဇ်၏ မျက်နှာအမူအရာတွင်လည်း တွေဝေသော အရိပ်အယောင်တစ်ခု ပေါ်လာပြီးနောက် မည်းမှောင်သွားသည်။

“အကြွင်းမဲ့သခင်မ၊ အဖြစ်မှန်ကို မလှည့်စားပါနဲ့”

ရောက်လာသူသည် အခြားသူမဟုတ်ပါ ရှန်ရန်ရန်၏ ကိုယ်ပွားတစ်ခုဖြစ်သည်။

“ပိုင်ကျိ၊ ဘာလို့ ကိုယ့်ကိုယ်ကို လှည့်စားနေရတာလဲ”

ရှန်ရန်ရန်သည် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်၏။

“သူလို ဆရာတစ်ယောက်အတွက်နဲ့ ရှင့်ရဲ့ ဇနီးကိုတောင် မယုံဘူး။ရှင်က ကျွန်မနာမည်ကိုတောင် မခေါ်ချင်တော့ဘူးလား”

ရှန်ရန်ရန်၏ မျက်လုံးများတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာသည်။

“နင် ငါ့ကို ဘယ်တော့မှ မယုံကြည်ခဲ့ပါဘူး။

ဒီစုန်းမကို ကြည့်ပါဦး။ ပုံရိပ်ယောင်ထဲမှာတောင် မဟာနတ်ဆိုးက သက်ရှိသတ္တဝါတွေကို သတ်ဖြတ်ပြီး သူ့ကို ထပ်ခါတလဲလဲ နာကျင်အောင် လုပ်ခဲ့ပေမဲ့ သူက သူ့ကို ဘယ်တော့မှ မထားခဲ့ဘဲ သူ့ကို နိုးထလာအောင် ကြိုးစားခဲ့တယ်"

"တစ်ခုတည်းသော နှမြောစရာကတော့ စုန်းမလေးက စိတ်ရင်းမှန်ခဲ့ပေမဲ့ မဟာနတ်ဆိုးကတော့ ရက်ရက်စက်စက်ဥပေက္ခာပြုထားခဲ့တာပဲ"

"ပိုင်ကျိ၊ စုန်းမလေးက မဟာနတ်ဆိုးကို ယုံကြည်သလို ရှင် ကျွန်မကို ယုံကြည်နိုင်ပါ့မလား”

ရှန်ရန်ရန် စကားပြောနေစဉ် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ခုနစ်ခု ပေါ်လာသည်။

ထိုခုနစ်ဦးစလုံးသည် သာမန်မဟုတ်သော မဟာအဓိပတိများ ဖြစ်ကြ၏။

ပုံရိပ်ခုနစ်ခုသည် ပိုင်ကျိနှင့် မြောက်ပိုင်းစုန်း ၁၃ ယောက်ကို ဝိုင်းရံလိုက်သည်။

ပိုင်ကျိ၏ မျက်နှာတွင် စိတ်မကောင်းခြင်းများစွာ ထင်ဟပ်သွားသည်။

“ရန်ရန်၊ ဘာလို့ အကြောင်းမဲ့ လျောက်ထင်မြင်နေရတာလဲ "

"ကံကြမ္မာကျောက်တုံးက နင့်ကို အများကြီးလွှမ်းမိုးထားပြီပဲ"

ရှန်ရန်ရန်သည် ရှေ့သို့တစ်လှမ်းတိုးလာရာ သူမ၏အစွမ်းထက်သော အော်ရာကပျံ့နှံ့သွားသည်။

မြောက်ပိုင်းစုန်းများသည် ကြီးမားသော ဖိအားကို ခံစားလိုက်ကြရ၏။

နင်းထောင်၏ မျက်လုံးများတွင် နက်ရှိုင်းသော စိုးရိမ်ထိတ်လန့်မှုအရိပ်ယောင် ဖြတ်​ပြေးသွားသည်။

ထိုခွန်အားသည် သူမ ခံနိုင်ရည်ရှိသော အစွမ်းထက် များစွာကျော်လွန်နေသည်။

“ကံကြမ္မာကျောက်တုံးက ရတနာတစ်ခုသပ်သပ်ပဲ ၊ ဘယ်လိုလုပ်ပြီး ငါ့ကို လွှမ်းမိုးနိုင်မှာလဲ”

ရှန်ရန်ရန်၏ မျက်လုံးများတွင် မာနတရားဖြင့် လင်းလက်လာခဲ့သည်။

“တကယ်တော့ ဆရာက မဟာနတ်ဆိုးပဲ၊ဒီစုန်းမကလည်း မိစ္ဆာမ တကယ်ဟုတ်မဟုတ်ကို ပြီးအောင်ကြည့်လိုက်ရင် အဖြေပေါ်သွားမယ် မဟုတ်လား"

“ပိုင်ကျိ ၊ ဆရာက မဟာနတ်ဆိုးဖြစ်ပြီး ဒီစုန်းမက မိစ္ဆာဖြစ်နေရင် လောကကြီးငြိမ်းချမ်းဖို့အတွက် သူတို့ကို နှိမ်နင်းပြီး သတ်ပစ်မှာလား”

"မဟာနတ်ဆိုးနဲ့မိစ္ဆာမသေဆုံးမှသာ လျူဖုန်းနယ်မြေက အရင်ကလို ပြန်ပြီးငြိမ်းချမ်းသွားလိမ့်မယ်ဆိုတာ နင်လည်းသိမှာပါ"

ပိုင်ကျိသည် ထိုစကားကို ကြားသောအခါ တွန့်ဆုတ်သွားခဲ့သည်။

ရှန်ရန်ရန်သည် ပိုင်ကျိ၏တွေဝေမှုကိုမြင်သောအခါ သူမသည် ပိုင်ကျိအား ယခုအချိန်တွင် ဆွဲဆောင်နိုင်မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

သူမက သွေးသခင်သည် အနန္တအသွင်းကူးပြောင်းတံခါးထဲမှ မည်သို့ ထွက်လာခဲ့သည်ကိုလည်း သိချင်စိတ် ပြင်းပြနေခဲ့သည်။

နတ်ဆိုးတစ်သောင်းတံခါးသည် လွယ်လွယ်ကူကူ နိုးထနိုင်သည့် နေရာမျိုး မဟုတ်ပါ။

ဝင်ရောက်လိုက်သည်နှင့် မဟာနတ်ဆိုး ဖြစ်လာမည်ဟု သတ်မှတ်ပြီးသားပင်။ထိုတံခါးက သွေးသခင်အား ချိတ်ပိတ်ပြီးသားပင်။

သို့သော် သွေးသခင်သည် အဘယ့်ကြောင့်လွတ်မြောက်နိုင်ခဲ့လေသနည်း။

သူမ လုံးဝ နားမလည်နိုင်ခဲ့ပေ။

အမှန်တရားမှာ တံခါးအတွင်း၌ ကျိယွမ်ကိုနိုးထလာစေသော စွမ်းအားမှာ မေ့လျော့ခြင်း ဖြစ်သည်ကိုတော့ သူမမသိနိုင်ခဲ့ပေ။

သူသည် သူကမဟာနတ်ဆိုးဖြစ်သည်ကို မေ့သွားခဲ့သည်။

ထို့ကြောင့် သူသည် တံခါး၏ချုပ်နှောင်မှုမှ လွတ်မြောက်ခဲ့သည်။

ထို့အတူ သူသည်လွတ်မြော​က်ရုံသာမက မဟာနတ်ဆိုးလည်း မဟုတ်တော့ပေ။

ထိုအချိန်မှာပင် နင်းထောင်လက်ထဲမှကြေးမုံ၏ မြင်ကွင်းက ဝေဝါးသွားခဲ့သည်။

သွေးနီရောင်ဝတ်ရုံဝတ်ထားသူသည် သတ်ဖြတ်ခြင်းများကို ရပ်တန့်ပြီး လောကထဲမှ ပျောက်ကွယ်သွားခဲ့သည်။

တစ်ခါတစ်ရံတွင် သူသည် ချောင်းတစ်ခုဘေးတွင် ထိုင်ပြီး ဝေဝါးနေလျက် “ငါ ဘယ်သူလဲ” ဟု ရေရွတ်သည်။

တစ်ခါတစ်ရံတွင် သူသည် မိုးရေကျသည်ကို ကြည့်ရင်း “ငါ ဘာတွေ မေ့ခဲ့တာလဲ” ဟုတွေးကာ မိုးရေထဲတွင် အရုပ်တစ်ခုလိုထိုင်နေခဲ့သည်။

တစ်ခါတစ်ရံမှာတော့ သူသည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များကို ကြည့်ရင်း “ငါ အရာအားလုံးကို မေ့သွားခဲ့ပြီနဲ့ တူတယ်” ဟုညည်းညူနေပြန်၏။

သူသည် ထိုနေရာတွင် ကျောက်တုံးတစ်တုံးအလား ငြိမ်သက်စွာထိုင်နေခဲ့သည်။

နွေရာသီ၏ ဖုန်မှုန့်များသည် သူ့အပေါ်သို့ ကျရောက်သည်။

ဆောင်းဦးမှသစ်ရွက်များသည်လည်း သူ့ပခုံးပေါ်သို့ ကြွေကျသည်။

နက်ရှိုင်းသော တောင်များထဲတွင် သူသည် ကျောက်တုံးတစ်တုံး ဖြစ်လာခဲ့သည်။

နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီး အဆုံးမဲ့သော အချိန်ကာလအထိ သူသည်ကျောက်တုံးအဖြစ် တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

တစ်ရက်​တွင်တော့ အသံတစ်ခုသည် သူ၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

“သဲကန္တာရထဲမှာ မြို့တစ်မြို့ ပေါ်လာပြီ၊ မိန်းကလေးတစ်ယောက်က တစ်စုံတစ်ယောက်ကို စောင့်နေတယ်"

"မြို့တစ်မြို့လား"

ကျောက်တုံးသည်ရုတ်တရက် ကွဲအက်သွားပြီး သွေးနီရောင်ပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်။

သူ၏ မျက်လုံးများသည် ယခင်ကလို ဝေဝါးမနေတော့ဘဲ၊အဆုံးမဲ့သော အတွေးများဖြင့် တောက်ပနေသည်။

သူက အဝေးသို့မျှော်ကာ ရေရွတ်လိုက်သည်။

“တစ်ယောက်ယောက်က ငါ့ကို စောင့်နေဆဲပဲ”

-------------------------

All Chapters