မူလစွမ်းအားကို ထုဆစ်ခြင်း
Vol. 10 Ch. 129
အကြွင်းမဲ့သခင်မ၏ မျက်လုံးများထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်သွားသည်။
သူမသည် နတ်ဆိုးကြေးမုံထဲမှ မြင်ကွင်းများကို နားမလည်နိုင်ခဲ့ပါ။
ယခုအချိန်အထိ သွေးသခင်သည် နတ်ဆိုးတစ်သောင်းတံခါးထဲမှ မည်သို့ထွက်လာနိုင်ခဲ့သည်ကို အဖြေရှာမတွေ့ခဲ့ချေ။
သူမကိုယ်တိုင်ပင် ထိုတံခါးထဲသို့ ဝင်ခဲ့လျှင် မဟာနတ်ဆိုးတစ်ပါး ဖြစ်လာမည်မှာ သေချာလှသည်။
သွေးသခင်သည် မည်သည့်အခြေအနေများကြောင့် ထွက်လာနိုင်ခဲ့သနည်း။
ထိုအချိန်၌ နင်းထောင်သည် ရှင်းပြ၍မရသော နာကျင်မှုကို ရင်ထဲ၌ ခံစားလိုက်ရသည်။
ဝူကွေမြို့အပြင်ဘက်၌ သွေးနီရောင်ဝတ်ရုံနှင့်ပုံရိပ်ကို တွေ့မြင်ခဲ့ရသည့်နေ့ကို ရုတ်တရက် ပြန်လည်အမှတ်ရမိလေ၏။
သို့သော် ထိုပုံရိပ်၏ဝတ်စုံက တိုက်ဆိုင်မှုတစ်ခုများလားဟုလည်း တွေးမိသည်။
ကြေးမုံမြင်ကွင်းသည် တစ်ဖန်ပြောင်းသွားသည်။
အိုးကိုလုံးတောင်ပေါ်၌ စာဝါငှက်ငယ်လေးတစ်ကောင်သည် အတောင်ပံခတ်၍ သွေးတစ်စက်ဘေးသို့ ဆင်းသက်လာခဲ့သည်။
စာဝါငှက်လေး၏ မျက်လုံးများထဲ၌ သိချင်စိတ်များ ပြည့်နှက်နေ၏။
"ငါက ရွှေရောင်စာဝါငှက်လေးပဲ၊ လှတယ်မဟုတ်လား။ ငါက အိုးကိုးလုံးတောင်ရဲ့ နံပါတ်တစ် အလှမယ်ပဲ"
"နင်က ဝိုင်းစက်စက်လေးဆိုတော့ နင့်ကို သွေးစက်လေးလို့ ခေါ်လိုက်မယ်။"
"နင် စကားတစ်ခွန်းတောင်မပြောဘဲ ပျောက်ကွယ်သွားတယ်။ ငါ နင့်ကို လိုက်မရှာဘူး၊ ငါ နင့်ကို သတိရနေမှာမဟုတ်ဘူး"
"သွေးစက်လေး၊ မိုးရွာနေပြီ..."
ယခင်မြင်ကွင်းများသည် နှင်းကျနေသော ဆောင်းရာသီမှ ဝမ်းနည်းဖွယ်သီချင်းတစ်ပုဒ်နှင့်တူခဲ့ပါလျှင်၊ လက်ရှိမြင်ကွင်းသည် နွေးထွေးသော နွေဦးမိုးရေနှင့်တူ၍ လန်းဆန်းပြီး ဝမ်းနည်းမှုအရိပ်အယောင်လေးတစ်ချို့သာ ရှိနေခဲ့သည်။
"သွေးစက်လေး၊ နင်ပြန်ရောက်လာပြီ"
"သွေးပုလဲ၊ နင်ကအရမ်းတော်တာပဲ"
"ငါကျူးယန်က တောင်ဆယ့်ရှစ်ခုလုံးရဲ့ နံပါတ်တစ် အလှမယ်လို့ လူတိုင်းကို ပြောပြလိုက်"
"သူက မဟာနတ်ဆိုးမဟုတ်ဘူး"
"နင်တစ်ယောက်ကိုတော့ ကြိတ်မှိတ်ပြီးယုံပေးလိုက်ပါမယ်"
"နတ်ဆိုးတစ်သောင်းတံခါးထဲကို ဘယ်လိုဝင်ရမလဲ..."
ထိုမိန်းကလေးသည် နတ်ဆိုးတစ်သောင်းတံခါးမှ ထွက်ခွာလာခဲ့သောအခါ တစ်ချိန်ကမာနကြီးပြီး အမြဲတမ်းလှပနေတတ်သော သူမ၏မျက်နှာပေါ်၌ "စုန်းမ" ဟူသော အမှတ်အသားတစ်ခု ရှိနေခဲ့သည်။
"ငါလက်တွေက အေးစက်နေလိုက်တာ၊မိတ်ကပ်တောင် ကောင်းကောင်းမလိမ်းနိုင်ဘူး၊ ငါ အရမ်းရုပ်ဆိုးတာပဲ..."
"ငါ အရမ်းရုပ်ဆိုးနေလား။ ဘာလို့ ငါ့ကို လာမတွေ့ရတာလဲ။"
ထိုနေရာအရောက်တွင် မြင်ကွင်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
နင်းထောင်သည် သူမ၏ ဘယ်ဘက်ပါးကို လက်ဖြင့်ပြန်စမ်းမိပြီး ကြီးမားသော နာကျင်မှုကို ခံစားလိုက်ရသည်။
မှတ်ဉာဏ်များစွာသည် ရေလှိုင်းတစ်ခုလို သူမ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
နှစ်ပေါင်း ထောင်ချီ၊ သောင်းချီကြာခဲ့သောအဆုံးမဲ့သည့် မှတ်ဉာဏ်များဖြစ်သည်။
သူမ၏နားထဲ၌ သွေးပုလဲ၏ တီးတိုးပြောဆိုသံများ ရှိခဲ့သလို၊ သွေးနီရောင်ဝတ်ရုံ၏ အေးစက်ပြီး ရက်စက်သောဓားချက်များလည်း ရှိခဲ့သည်။
သူမ အရာအားလုံးကို အမှတ်ရသွားခဲ့လေပြီ။
သူမသည် အိုးကိုးလုံးတောင်၏ နံပါတ်တစ် အလှမယ် ရွှေရောင်စာဝါငှက်လေးကျူးယန် ဖြစ်သည်။
သွေးပုလဲက သူမ အလွန်လေးစားချစ်ခင်ရသော ငယ်သူငယ်ချင်း ဖြစ်၏။
ကြေးမုံမှပြသခဲ့သော ဘဝများမှာ သူမသည် နတ်ဆိုးတစ်သောင်းတံခါးထဲသို့ ဝင်ရောက်ခဲ့ပြီး၊ သွေးပုလဲသည် မဟာနတ်ဆိုးပုံရိပ်ယောင်ထဲသို့ နစ်မြုပ်သွားသည်ကို မြင်တွေ့ခဲ့ရကာ သူ့ကို နိုးထလာစေရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
"သွေးပုလဲ..."
နင်းထောင်သည် သူမ၏မျက်နှာမှစာလုံးကို ကိုင်ထားပြီး ရှင်းပြ၍မရသော တွေဝေမှုကို ခံစားနေရသည်။
ဝူကွေမြို့ အပြင်ဘက်၌တွေ့ခဲ့ရသော သွေးနီရောင်ပုံရိပ်၏ နူးညံ့သော မျက်လုံးများကို ပြန်လည်အမှတ်ရမိသည်။
"နင် ကျူးယန်လို့ခေါ်တဲ့စာဝါငှက်လေး ကို သိလား။ သူမက အရမ်းမာနကြီးပြီး အရမ်းလည်းအလှကြိုက်တဲ့ မိန်းကလေးတစ်ယောက်ပဲ၊ ငါ သူမကို ရှာနေတာ။"
ရှန်ရန်ရန်က နင်းထောင်ကို ကြည့်ကာမေးလိုက်သည်။
"စုန်းမလေး ၊နင်...နင့်ရဲ့မှတ်ဉာဏ်တွေကို ပြန်ရသွားပြီဆိုတော့ ၊အခု မဟာနတ်ဆိုးကို မုန်းတီးနေပြီပေါ့"
နင်းထောင်က ခေါင်းမော့ကာသူမအား အေးစက်စွာကြည့်လိုက်သည်။
"သူက မဟာနတ်ဆိုးမဟုတ်ဘူး"
သူမသည် သွေးပုလဲက မဟာနတ်ဆိုးမဟုတ်ဟု ပြောလိုက်လေသည်။
သူမသည် ပုံရိပ်ယောင်ထဲ၌ သူသည် ကောင်းကင်အောက်မှ သက်ရှိများအားလုံးကို သတ်ဖြတ်နေသည်ကို မြင်ခဲ့ရသည်။
သူမကိုယ်တိုင်ကိုပင် ထပ်ခါထပ်ခါ ဓားဖြင့် ထိုးနေသည်ကို မြင်ခဲ့သည်။
သို့သော် သူမယုံကြည်သည်။
သွေးပုလဲသည် မဟာနတ်ဆိုးမဟုတ်ကြောင်း သူမယုံကြည်၏။
လောကတစ်ခုလုံးကသူ့ကို မဟာနတ်ဆိုးဟုခေါ်ဆိုကောင်း ခေါ်ဆိုနိုင်မည်။
သို့သော် စာဝါငှက်လေးအတွက်တော့ သွေးစက်လေးသည် ငယ်သူငယ်ချင်းသာဖြစ်ပြီး အခြားမည်သူတစ်ဦးတစ်ယောက်မျှ မဟုတ်ပါ။
"ဟားဟား..ဟားဟား.. ကိုယ့်ကိုယ်ကို လှည့်စားနေတဲ့ နောက်တစ်ယောက်ပဲ။"
ရှန်ရန်ရန်သည် ရယ်မောလိုက်ပြီးနောက် ပိုင်ကျိကို ကြည့်ကာဆုံးဖြတ်ချက်ချလိုက်၏။
"ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတို့က လင်မယားတွေပါ၊ သူတို့ကလည်း ငါ့ရဲ့မောင်ငယ်ညီမငယ်တွေပဲ။ သူတို့ကို လွှတ်ပေးဖို့ ငါဆန္ဒရှိတယ်၊ ဒါပေမဲ့... ဒီမိစ္ဆာမကိုတော့ ငါ သတ်ရမယ် ဒါမှမဟုတ် ခေါ်သွားရမယ်။"
စကားသံနှင့်အတူ ရှန်ရန်ရန်၏ခန္ဓာကိုယ်သည် မဟာအဓိပတိတစ်ဦးကိုပင် တုန်လှုပ်စေလောက်သည့် ကြောက်မက်ဖွယ်အော်ရာ ထုတ်လွှတ်လိုက်သည်။
သူမ၏နောက်မှ ပုံမှန်မဟုတ်သော မဟာအဓိပတိခုနစ်ဦးကလည်း ရှေ့သို့တက်လာပြီး ပိုင်ကျိကို ဖိအားပေးလာကြသည်။
"ဒီတစ်ခါတော့... နင့်ကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး၊ စုန်းမလေး"
ရှန်န်ရန်၏ မျက်လုံးများက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
"မိစ္ဆာမနဲ့မဟာနတိဆိုးကို ဖယ်ရှားမှသာ ဒီကမ္ဘာကြီးဟာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်မယ်။ပိုင်ကျိ နင်တကယ်ပဲ ငါ့ကို တားဆီးမှာလား။"
"နင်ငါ့ကို တားဆီးနိုင်ပါ့မလား၊
ဒါမှမဟုတ် နင့်ရဲ့ကိုယ်ပိုင်ခံစားချက်လေးတစ်ခုအတွက်နဲ့ ကမ္ဘာပေါ်က သတ္တဝါတွေကို လျစ်လျူရှုမှာလား။"
ရှန်ရန်ရန်သည် ခိုင်မာစွာဆုံးဖြတ်ပြီးပြီဖြစ်၏။
သူမသည် မိစ္ဆာမကို ခေါ်ဆောင်သွားရမည် ဖြစ်သည်။
အတိတ်တုန်းက သွေးသခင် သေသွားပြီဟု ထင်ခဲ့သောကြောင့် မြောက်ပိုင်းစုန်းများ ကို စစ်တုရင်ရုပ်များအဖြစ်သာ သဘောထားခဲ့သည်။
သို့သော် မကြာသေးမီက သူမ၏ကိုယ်ပွားသည် ကမ္ဘာပေါ်၌ သွေးသခင် ၏ စွမ်းအင်အနည်းငယ်ကို တွေရှိခဲ့သည်။
ထို့ကြောင့် ကျူးယန်သည် သူမ၏ လက်ထဲ၌ ရှိနေရမည် ဖြစ်သည်။
ဤကမ္ဘာ၌ သူမ အလိုချင်ဆုံးသူမှာ ပိုင်ကျိ ဖြစ်သည်။ ယခု သူမသည် ထိုစာရင်းထဲသို့ သွေးသခင်ကိုပါ ထပ်ထည့်လိုက်သည်။
ပိုင်ကျိတုန့်ဆိုင်းနေသော်လည်း ဆုံးဖြတ်ချက်ချလိုက်လေ၏။
"သူက မိစ္ဆာမမဟုတ်ဘူး၊တကယ်လို့ မိစ္ဆာမဖြစ်ခဲ့တယ်ဆိုရင်တောင် သံသရာစက်ဝန်းနှစ်ခုကျော်က ဖြစ်ခဲ့တာပဲ၊လက်ရှိသူနဲ့ ဘာမှမဆိုင်တော့ဘူး"
"နင် သူ့ကိုခေါ်သွားချင်ရင် ငါ့ကိုအရင်ကျော်ဖြတ်မှရမယ်"
ရှန်ရန်ရန်၏မျက်လုံးများက ကြောက်မက်ဖွယ်အေးစက်သွား၏။
"ဒီနေ့ ငါ့ကို ဘယ်သူမှ တားဆီးလို့ မရဘူး"
"နင်ဆိုရင်တောင်မှပေါ့.."
ရှန်ရန်ရန်၏မျက်နှာကလည်း ကြောက်မက်ဖွယ်ခက်ထန်သွားသည်။
ပိုင်ကျိမှာ သူ့ကိုယ်သူစိတ်ပျက်ပြီး အားငယ်နေမိသည်။
ရှန်ရန်ရန် ပြောသည်မှာ အမှန်တရားပင်။
ကံကြမ္မာကျောက်တုံး၏အကူအညီရှိနေသော သူမကို သူမတားဆီးနိုင်ပါ။
ရှန်ရန်ရန်၏ကိုယ်ပွားသည်မဟာအဓိပတိသူခုနစ်ဦးနှင့်အတူ နင်းထောင်ကို အလွယ်တကူ ခေါ်ဆောင်သွားနိုင်၏။
ဆရာကိုယ်တိုင် လာခဲ့လျှင်ပင် လက်ရှိရှန်ရန်ရန်ကို တားဆီးနိုင်မည် မဟုတ်ချေ။
ငါဘာလုပ်ရမလဲ။
---------------------
ဝူကွေ့မြို့ပြင်မှ မြေအောက်နန်းတော်၌ ဖြစ်သည်။
ကျိယွမ်သည် မျက်လုံးများကို ညင်သာစွာမှိတ်ထားပြီး တင်ပလ္လင်ခွေထိုင်၍ သူ၏ မူလစွမ်းအားကို ဆင်ခြင်နေခဲ့သည်။
သူကြိုးစားနေခဲ့သည်မှာ ဆယ်နှစ်ပင်ကုန်လွန်ခဲ့ပြီ ဖြစ်သည်။
သူ၏နားလည်မှုသည် ပိုမိုနက်ရှိုင်းလာခဲ့သော်လည်း သူသည် ထိုစွမ်းအားကို ထုဆစ်နိုင်ခြင်း မရှိသေးပါ။
ထုဆစ်ရန်မဆိုထားနှင့် မဟာမေ့လျော့ခြင်းစွမ်းအား၏ အနုစိတ်အဆင့်သို့ပင် မရောက်ရှိသေးချေ။
"မေ့လျော့... ငါ ဘာကို မေ့လျော့နေတာလဲ။"
သူသည် ၁၀ နှစ်တို့ကာလပတ်လုံး ပြင်းပြင်းထန်ထန် စဉ်းစားခဲ့သော်လည်း အဖြေကို မတွေ့ခဲ့ရချေ။
ထိုအခိုက် ရုတ်တရက် အားပျော့သော၊ ပြတ်တောင်းပြတ်တောင်း အသံတစ်သံသည် သူ၏ နားများသို့ ရောက်ရှိလာခဲ့သည်။
"သွေးပုလဲ..."
"သွေးပုလဲ..."
ထိုအသံသည် ဝမ်းနည်းပူဆွေးနေပြီး အကူအညီမဲ့မှုအရိပ်အယောင်များ ပါရှိနေသည်။
ကျိယွမ်၏ ရင်ထဲ၌ တဒိတ်ဒိတ်ခုန်သွားပြီး မျက်ရည်များစိုစွတ်နေသော မျက်နှာနှင့် မျက်လုံးများနီရဲနေသည့် စာဝါငှက်လေးကျူးယန်ကိုမြင်သလိုရှိလိုက်သည်။သူမသည် မျက်ရည်အရွှဲသားဖြင့် သူ့ကို အကူအညီမဲ့စွာ ကြည့်နေသည်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
ဘာဖြစ်တာလဲ။
ထို့နောက် ရေလှိုင်းများကဲ့သို့ မြင်ကွင်းပေါင်းများစွာသည် သူ၏ စိတ်ထဲသို့ စီးဝင်လာ၏။
သူသည် သူ့ကိုယ်ကို မဟာနတ်ဆိုး၏ ဘဝသံသရာစက်ဝန်းထဲတွင် ပိတ်မိနေပြီး အဆုံးမရှိသော သတ်ဖြတ်ခြင်းလမ်းကို လိုက်နေသည်ကို မြင်ရသည်။
သူသည် သွေးနီရောင်ဝတ်ရုံကိုဝတ်ဆင်ကာ သဲကန္တာရထဲ၌ လျှောက်လှမ်းနေသည်ကို မြင်ခဲ့ရပြီး၊ မရေမရာ ပုံရိပ်တစ်ခုသည် သူ့နောက်မှ လိုက်လာနေသဖြင့် သူ၏ဓားဖြင့် ထိုးဖောက်သတ်ဖြတ်ခြင်းခံခဲ့ရသည်။
သူ့ကို ကျောက်တိုင်တစ်ခု၌ ချည်နှောင်ခံထားရပြီး မီးဖြင့် လောင်ကျွမ်းနေသည်ကို မြင်နေစဥ် ထိုပုံရိပ်သည် သူ့ဘက်သို့ ပြေးဝင်လာပြီး သူနှင့်အတူ နာကျင်မှုကို ခံယူခဲ့ပြန်သည်။
သူသည် ထိုပုံရိပ်က သူ့ကိုတင်းကျပ်စွာဖက်ထားပြီး အရည်ပျော်နေသော ချော်ရည်ပူများထဲသို့ အတူတူ ခုန်ဆင်းသွားသည်ကို လည်း တွေ့ရပြန်သည်။
သူသည် ထိုပုံရိပ်ကို ထပ်ခါထပ်ခါ ဓားဖြင့်ထိုးခဲ့သော်လည်း သူမသည် သူ့နောက်သို့ ဘဝများစွာအထိ လိုက်ခဲ့ပြီး လောကကြီး၏ ရန်သူများအဖြစ် ရင်ဆိုင်ခဲ့သည်။
ပုံရိပ်ယောင်သည် အမှန်တရားမဟုတ်သော်လည်း ထိုပုံရိပ်သည် အမှန်တကယ်ဖြစ်ပြီး မဟာနတ်ဆိုး၏ ဘဝသံသရာနှင့်တော့ မသက်ဆိုင်ခဲ့ချေ။
ကျိယွမ်သည် ထိုပုံရိပ်က စာဝါငှက်လေးကျူးယန်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
"ကျူးယန်..."
အဆုံးမဲ့သောပုံရိပ်ယောင်သည် ထိုမျှနှင့် မပြီးဆုံးသေးချေ။
သူက တံခါးထဲတွင် မဟာနတ်ဆိုး၏ဘဝစက်ဝန်းပုံရိပ်ယောင်ထဲတွင် ပိတ်မိနေပြီး ကျူးယန်က တံခါးထဲသို့ဝင်ရောက်လာကာ သူနိုးထလာစေရန် ကြိုးစားခဲ့ခြင်းပင်။
"ငါ အခု သတိရသွားပြီ။"
မြင်ကွင်းအားလုံးသည် အဆုံးမဲ့သော စိတ်ခံစားမှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျိယွမ်၏ မျက်လုံးများထဲ၌ သနားဂရုဏာ သက်သော အငွေ့အသက်များဖြစ်ပေါ်လာ၏။
ထို့အပြင် ဘာကိုမှန်းမသိ စိတ်တိုဒေါသထွက်နေပြန်သည်။
ကျူးယန်ကို တွေ့မြင်လိုသည့်ဆန္ဒက ပိုမိုပြင်းထန်လာခဲ့သည်။
"ငါနဲ့အတူ ပုံရိပ်ယောင်ထဲ နစ်မြုပ်သွားပြီးနောက်... သူကအခု ဘယ်မှာလဲ။"
ကျိယွမ်၏ ခန္ဓာကိုယ်ထဲ၌ စိတ်ခံစားမှုပေါင်းများစွာ ပေါက်ကွဲထွက်လာခဲ့သည်။
ရလဒ်အနေဖြင့် သူ၏မူလစွမ်းအားဖြစ်သော နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထမှုသည် မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲထွက်တော့မလို ဖြစ်လာ၏။
ထူးဆန်းစွာပင် အနန္တအသွင်ကူးပြောင်းတံခါး၌ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ပြန်လည်အမှတ်ရသောအခါ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကအနုစိတ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။
ယခုအချိန်၌ ချီယွမ်၏နှလုံးသားသည် စိတ်ခံစားမှုများ ရောထွေးနေပြီး မိမိကိုယ်ကို အပြစ်တင်မှုနှင့် ကျူးယန်အပေါ်သနားဂရုဏာများ ပြည့်နှက်နေလေသည်။
ကျိယွမ်က သူ့ကိုယ်သူအချိန်မီ ထိန်းချုပ်နိုင်လိုက်၏။
"နေပါဦး ..ဘာလို့ ငါက ကျူးယန်ရဲ့ အသံကို ကြားရတာလဲ..."
သူသည် ကျူးယန်၏ အသံကို ကြားခဲ့ရသဖြင့် မှတ်ဉာဏ်အားလုံးကို ပြန်လည်အမှတ်ရခဲ့ခြင်းပင်။
ငါဘာလို့ သူ့အသံကြားရတာလဲ။
ထိုအရာက အလွန်အရေးကြီးသည်။
အခြေတည်အဆင့်သို့ ဝင်ရောက်ပြီးကတည်းက ကျိယွမ်၏ နားများသည် ထူးခြားသောအသံများကို ကြားနိုင်ခဲ့သည်။
ဤဂိမ်းထဲသို့ မဝင်ရောက်မီက သူသည် နင်းထောင်း၏အသံကို ကြားခဲ့ရသည်။ဂိမ်းထဲတွင် ဇာတ်ကောင်များစွာရှိသော်လည်း သူကနင်းထောင်၏အသံကိုသာ ကြားခဲ့ခြင်းပင်။
ယခုကျူးယန်၏ အသံကိုကြားရပြန်၏။
ကျူးယန်ရဲ့အသံက ဘယ်ကလာသလဲ။
သူက ဘယ်နေရာမှာပါလိမ့်။
ရုတ်တရက် ငိုရှိုက်သံစွတ်နေသော၊ မကျေမနပ်ဖြစ်နေသည့် အသံတစ်သံသည် သူ၏ နားထဲ၌ ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။
"ငါ အရမ်းရုပ်ဆိုးနေလား။ ဘာလို့ ငါ့ကို လာမတွေ့တာလဲ။"
ကျူးယန်ရဲ့အသံ။
ထိုအသံသည် သူ့ကို မိုးကြိုးပစ်သလို ထိခတ်သွားခဲ့သည်။
ရုတ်တရက် ကျိယွမ် သတိပြန်ရသွားခဲ့သည်။
ကျိစယ်တောင်ထိပ်မှာကတည်းက နင်းထောင် အိပ်မက်ရင်းမှ ယောင်ပြောနေသည့်အသံကို သူကြားခဲ့ရသည် မဟုတ်ပါလား။
"ငါ အရမ်းရုပ်ဆိုးနေလား။ ဘာလို့ ငါ့ကို လာမတွေ့တာလဲ။"
ထိုသို့သော အိပ်မက်ရင်းယောင်နေသံကို သူ တစ်ကြိမ်မက ကြားခဲ့ရသည်။
ထိုအချိန်က သူသည် အမြဲတမ်း ရယ်မောပြီး နင်းထောင်ကို စနောက်ခဲ့သည်။
မဟာအဓိပတိတစ်ပါးက ဘယ်လိုလုပ် အိပ်မက်ရင်းယောင်နေရတာလဲဟု ပြောခဲ့သည်။
သူ၏အသားတုံးကြီးကို သယ်ကာထွက်ပြေးနေခဲ့စဥ်ကလည်း အိပ်နေရင်းမှမျက်ရည်များကျကာ ပြောခဲ့ဖူးပြန်သည်။
ငါနားလည်သွားပြီ။
ငါလုံးဝ နားလည်သွားပြီ။
နင်းထောင်သည် အခြားသူမဟုတ် စာဝါငှက်မလေး ကျူးယန်ဖြစ်သည်။
စုန်းမဟူသော စာလုံးတစ်လုံးသည် နင်ထောင်း၏ မျက်နှာပေါ်၌ ထွင်းထုထားသည်။
စုန်းများကို ကောင်းကင်ဘုံကလည်း မုန်းတီးသည်။
လူသားများသာမက နတ်ဆိုးများကပါ မုန်းတီးသည်။
စပ်ဆုပ်စရာအဖြစ်မြင်ကြပြီး သတ်ဖြတ်ရန်ကြိုးစားကြ၏။
မာနကြီးပြီး အလှကြိုက်သော စာဝါငှက်လေးကျူးယန်သည် လူတိုင်း၏ မုန်းတီးခြင်းကိုခံနေရပြီး ရုပ်အဆိုးဆုံးသတ္တဝါအဖြစ် သတ်မှတ်ခံရသော စုန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူမသည် ထိုသို့သော နာကျင်မှုကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
ပုံရိပ်ယောင်ထဲ၌ ထပ်ခါတလဲလဲ ဓားဖြင့်ထိုးခြင်းကို သူမ မည်သို့ခံနိုင်ရည်ရှိမည်နည်း။
သူမသည် သူသတိပြန်ရလာမည့်အချိန်ကို ဒဏ်ရာများစွာထမ်းပိုးရင်းမှ ရင်နာစဖွယ်စောင့်ဆိုင်းနေခဲ့ရရှာသည်။
"ကျူးယန်.. နင်းထောင်..."
စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး ဝူကွေးမြို့၏ ကောင်းကင်ကို သွေးနီရောင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ကျိယွမ်သည် သူ၏ မူလစွမ်းအား နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထမှုကို ထုဆစ်ရန် လမ်းစဥ်ကို ရှာတွေ့သွားခဲ့လေပြီ။
-----------
ခံတပ်အတွင်း၌ အဖြူရောင်ဧကရာဇ်၏ကိုယ်ပွားသည် ရှန်ရန်ရန်၏ ထိန်းချုပ်ခြင်းကို ခံနေရသည်။
မဟာအဓိပတိ ခုနစ်ဦးကလည်း နင်းထောင်ဘက်သို့ တိုးဝင်လာကြသည်။
ရှန်ရန်ရန်က ပြုံးလိုက်သည်။
"အတိတ်တုန်းက သွေးသခင်က နင့်ကို ကာကွယ်ပေးခဲ့တယ်။ ဒီနေ့ နင့်ကို ဘယ်သူ ကာကွယ်ပေးမှာလဲ။"
နင်းထောင်သည် ရှန်ရန်ရန်ကို ပြင်းထန်ေသောသတ်ဖြတ်လိုစိတ်များဖြင့် ကြည့်နေသည်။
သူမက ဒေါသထွက်နေသော်လည်း ဘာမှမတတ်ခဲ့ပါ။
ရှန်ရန်ရန်က မဟာအဓိပတိများကို စတင်ရန်အချက်ပေးလိုက်၏ ။
ထိုအခိုက်မှာပင် နောင်တရနေဟန်ရှိသော
အသံသြသြတစ်သံ ထွက်ပေါ်လာသည်။
"ကျူးယန် ငါ နောက်ကျသွားတယ်။"
"တောင်းပန်ပါတယ်၊ ငါ နင့်ကို မမှတ်မိခဲ့ဘူး။"
နင်းထောင်၏လက်ထဲမှ သံကြိုးသည် တုန်ခါသွားသည်။
သွေးရောင်အသားလုံးမှ ကြောက်မက်ဖွယ် အရှိန်အဝါအမျိုးမျိုး ထွက်ပေါ်လာသည်။
ရှန်ရန်ရန်သည် သွေးရောင်အသားလုံးကို ကြည့်ပြီး သူမ၏မျက်လုံးများထဲ၌ အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာကာ ရေရွတ်၏။
"သွေးသခင်လား။ မဟုတ်ဘူး၊ နင်က သွေးသခင်ရဲ့ သွေးတစ်စက်ပဲ"
အတိတ်တုန်းက သွေးသခင်သည် နတ်ဆိုးတစ်သောင်းတံခါးထဲသို့ ဝင်ရောက်စဥ်က သူ၏လက်တစ်ဖက်ကို ဖြတ်တောက်ပြီး ကျူးယန်နှင့်အတူ ထားခဲ့သည်။
နောက်ပိုင်းတွင် သွေးသခင်သည် တံခါးထဲ၌ ပျက်စီးသွားခဲ့ပြီး သွေးတစ်စက်သာ ကျန်ရစ်ခဲ့လေ၏။
သူမရှေ့မှ သွေးရောင်အသားလုံးသည် ထိုသွေးတစ်စက်ပင်။
နင်းထောင်၏ နုနယ်သောခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သံကြိုးကို တင်းတင်းဆုပ်ကိုင်ထားကာ သွေးရောင်အသားလုံးကို နှစ်ပေါင်း ထောင်ချီကြာမြင့်စွာ စောင့်နေခဲ့ရသည့် အကြည့်မျိုးဖြင့် ကြည့်နေသည်။
သူမ နှစ်ပေါင်းများစွာ လိုချင်တောင့်တခဲ့သောသူကို နောက်ဆုံးတော့ တွေ့မြင်ခဲ့ရပြီး မဟုတ်ပါလား။
သွေးရောင်အသားလုံးသည် သွေးနီရောင်ဝတ်ရုံနှင့်ပုံရိပ်အဖြစ် ရုတ်တရက်စုစည်းသွားသည်။
"သွေးပုလဲ"
နင်းထောင်သည် မျက်ရည်များနှင့်အတူ သွေးနီရောင်ဝတ်ရုံနှင့်ပုံရိပ်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
မီးရှို့ခံခဲ့ရသည့်အချိန်တုန်းက ဖတ်ထားသလို မလွတ်တမ်းတင်းကျပ်စွာဖတ်ထားလေသည်။
ရှန်ရန်ရန်၏ ပိုမိုတောက်ပစွာ ပြုံးပြီး နှုတ်ဆက်၏။
"ဘယ်လောက် စိတ်ထိခိုက်စရာ ဇာတ်လမ်းလဲ။ မဟာနတ်ဆိုး နောက်ဆုံးတော့ နင် ပေါ်လာခဲ့ပြီပေါ့"
သွေးနီရောင်ဝတ်ရုံနှင့်ကျိယွမ်သည် ရှန်ရန်ရန်ကို အေးစက်သော အမူအရာဖြင့် ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။
"ဒီနေ့ နင်သေရမယ်"
ရှန်ရန်ရန်က လှောင်ပြုံးနှင့်အတူ ကြောက်လန့်ဟန် မရှိခဲ့ပါ။
"ဒါက နင်ရဲ့ သွေးတစ်စက်ပဲရှိတယ်၊ အခုချိန် နင်ကိုယ်တိုင် ကိုယ်ထင်ပြခဲ့ရင်တောင် ငါ့ရဲ့ကိုယ်ပွားကို ယှဉ်နိုင်မှာ မဟုတ်ဘူး။
ပြီးတော့ နင့်ရဲ့ခန္ဓာကိုယ်အစစ်ကလည်း ဒီထဲကို ရောက်လာနိုင်ပါ့မလား။"
နင်းထောင်သည် စိုးရိမ်စွာဖြင့် ကျိယွမ်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသည်။
အဖြူရောင်ဧကရာဇ်သည် ကျိယွမ်ကို စိတ်လှုပ်ရှားမှုများစွာဖြင့် ကြည့်ကာ သတိပေးရန် မေ့နေပုံရ၏။
"ဆရာသခင်၊ ဆဌမအဆင့် မရောက်ခင် ဒီကို မလာပါနဲ့၊ရှန်းရန်ရန်မှာ ကံကြမ္မာကျောက်တုံးရှိတယ် ၊ သူဟာ အရင်က ရှန်းရန်ရန် မဟုတ်တော့ဘူး"
ရှန်ရန်ရန်က ထိုစကားကို ထောက်ခံသလို ကျိယွမ်အား အထက်စီးမှ ပြုံးပြလိုက်သည်။
သွေးတစ်စက်သည် အဓိပတိတစ်ပါးကိုပင် မထိခိုက်နိုင်ချေ။
သူမထံမှ နင်းထောင်ကို မည်သို့ ခေါ်ဆောင်သွားနိုင်မည်နည်း။
"မဟာနတ်ဆိုး၊ ဒီနေ့ ငါကျူးယန်ကို ခေါ်သွားမယ်။ သူ့ကိုတွေ့ချင်ရင် နတ်ဆိုးနန်းတော်ကို လာခဲ့"
ကျိယွမ်၏ သူ့ကိုယ်သူအပြစ်ရှိသည်ဟုခံစားရခြင်းနှင့်နောင်တရမှုများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
"သွေးတစ်စက်က နင်ကို သတ်ဖို့ လုံလောက်တယ်"
ကျိယွမ်၏ စကားဆုံးသည်နှင့် သူ၏ သွေးစက်မှဖြစ်လာသောပုံရိပ်သည် ကြောက်မက်ဖွယ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။
ဟင်းလင်းပြင်ဝိညာဥ်သွေး။
ဟင်းလင်းပြင်မှနတ်ဘုရားဝိဉာဉ်သွေးကို အသားတုံးကြီးအပေါ်၌ ကျိယွမ်အသုံးပြုလိုက်သည်။ယခင်က ထိုသို့လုပ်ရန်ကြံစည်ဖူးသော်လည်း မလုပ်ဖြစ်ခဲ့။ယခုတော့ ရွေးချယ်စရာမရှိတော့ပါ။
မဟူရာကြက်မိစ္ဆာအိုကြီးထံမှ ရရှိသော ဟင်းလင်းပြင်ဝိညာဥ်သွေးသည် ရတနာများ၌ ကပ်ပါးဝင်ရောက်နိုင်ပြီး ၎င်းတို့ကို နတ်ဘုရား ဝိဉာဉ်လက်နက်များအဖြစ် ပြောင်းလဲနိုင်သည်။
သူ၏သွေးတစ်စက်ထက် ပို၍အဖိုးတန်သော ရတနာ ဘယ်မှာရှိပါမည်နည်း။
ထိုသွေးစက်သည် ကောင်းကင်ဘုံတာအိုအုတ်မြစ်မှ သွေးတစ်စက်ဖြစ်သည်။
ကျိယွမ်သည် မိမိကိုယ်ကိုမိမိ နတ်ဘုရားဝိဉာဉ်လက်နက်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဟင်းလင်းပြင်ဝိဉာဉ်သွေး ကျဆင်းလာသည်နှင့်အမျှ သူ၏ သွေးစက်သည် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
သူသည် နင်းထောင်ကို ကြည့်ကာ မှာကြားသည်။
"ငါ့ကို စောင့်နေပါ"
နတ်ဘုရားဝိဉာဉ်လက်နက် ဖြစ်လာပြီးနောက် သွေးလုံးလည်းရှိတော့မည်မဟုတ်သဖြင့် နင်းထောင်နှင့်သူ့ကြားမှ ဆက်သွယ်မှုက ပျက်တောက်သွားပေလိမ့်မည်။
သွေးနီရောင်ပုံရိပ်သည် လျှင်မြန်စွာ ဆက်တိုက် ပြောင်းလဲနေခဲ့သည်။
"မူလစွမ်းအား ထုဆစ်ခြင်း.."
ဝူကွေမြို့တွင်ရှိနေသော ကျိယွမ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူသည် သူ၏ မူလစွမ်းအားကို အဘယ်ကြောင့် မထုဆစ်နိုင်ခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။
ပုံရိပ်ယောင်ထဲ၌ သူသည်လက်တစ်ဖက်ကို ဖြတ်တောက်ခဲ့သောအခါတွင် အနန္တအသွင်ကူးပြောင်းတံခါးမှ ပေးအပ်ထားသော အသိစိတ်( သူသည် မဟူနတ်ဆိုးဖြစ်သည် ဟူသောအသိစိတ်) ကို မေ့လျော့ပစ်နိုင်ခဲ့သည်။
ထိုလက်မောင်းထဲတွင် မဟာနတ်ဆိုးဟူသော အသိစိတ်များပါဝင်သွားခဲ့ပြီး နောက်ဆုံးတွင် သွေးတစ်စက်အဖြစ် ပြောင်းလဲသွားခဲ့လေ၏။
ထိုကြောင့် သွေးစက်သည် မဟာနတ်ဆိုး၏ မူလရင်းမြစ်ဖြစ်ပြီး နတ်ဆိုးအနှစ်သာရအားလုံး၏ မူလအစလည်း ဖြစ်သည်။
ထိုသွေးစက်သည် နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းစွမ်းအားနှင့် လုံးဝကိုက်ညီနေ၏။
သူသည်ထိုစွမ်းအားမျိုးကို နတ်ဘုရားဝိဉာဉ်လက်နက်ထဲသို့ ထုဆစ်ရန် လိုအပ်သည်။
ခံတပ်အတွင်း၌ သွေးနီရောင်ဝတ်ရုံပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
နင်းထောင်၏မျက်လုံးများထဲ၌ မချင့်မရဲ ဖြစ်နေမှုများ ပြည့်နှက်နေခဲ့သည်။
သွေးနီရောင်ပုံရိပ်သည် လင်းလက်တောက်ပသော သွေးနီရောင် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
ရှန်ရန်ရန်၏ မျက်လုံးများတွင် လောဘစိတ်များပေါ်လာသည်။
"ကိုယ့်ကိုယ်ကို နတ်ဘုရား ဝိဉာဉ်လက်နက်အဖြစ် ပြောင်းလဲလိုက်တာ၊ ဘယ်လောက်တောင် ရဲရင့်တဲ့လုပ်ဆောင်ချက်လဲ။ဒီဓားနဲ့ဆိုရင် သာမန် အဓိပတိတစ်ပါးကတောင် မဟာအဓိပတိတစ်ပါးကို ထိခိုက်စေနိုင်တယ်"
"ဒါပေမဲ့ ဒီလို ဓားမျိုးက ဘယ်လောက်ပဲ ထက်မြက်နေပါစေ၊ ငါ့ကို မသတ်နိုင်ဘူး၊ ဒဏ်ရာတောင် မရနိုင်ဘူး"
ရှန်ရန်ရန်၏ စကားအဆုံးတွင် သွေးနီရောင်ဓားသည် နောက်ထပ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။
လောဘ၊ ကာမဂုဏ်၊ မာန...
မကောင်းသောစိတ်ဆန္ဒအမျိုးမျိုးတို့က ဓားမှ ပြင်းထန်စွာထွက်ပေါ်လာ၏။
ထိုစိတ်ဆန္ဒများကြောင့် အဖြူရောင်ဧကရာဇ်အပါအဝင် အတားအဆီးအတွင်းရှိ လူတိုင်းသည် စိတ်မသက်မသာစွာ ခံစားခဲ့ရသည်။
"မူလစွမ်းအားလား"
ရှန်ရန်ရန်၏ မျက်လုံးများပင် ပြူးကျယ်သွားသည်။
"နင်..နင့်ရဲ့ မူလစွမ်းအားကို ဓားထဲ ထုဆစ်လိုက်တာပေါ့၊ နင်က တော်တော်ပြင်းထန်... တာပဲ"
မူလစွမ်းအားကို နတ်ဘုရားဝိဉာဉ်လက်နက်ထဲသို့ ထုဆစ်ခြင်းမျိုးကို မည်သူမှ မကြားဖူးခဲ့ပါ။
သို့သော် ရှန်ရန်ရန်က ထိုအရာမျိုးဖြစ်နိုင်သည်ကို တီးခေါက်မိသည်။
"သွေးသခင်၊ ဟား ဟား... ဒီလုပ်ဆောင်ချက်က ငါ့ကို အံ့အားသင့်စေခဲ့တယ်။
ဒါပေမဲ့ နင့်ရဲ့ မူလစွမ်းအား မရှိတော့ရင် နင့်ရဲ့ခန္ဓာကိုယ်က မသန်မစွမ်း ဖြစ်နေပြီပေါ့၊
သာမန်အဓိပတိတစ်ပါးတောင် နင့်ကို သတ်နိုင်တယ်"
ရှန်ရန်ရန်က လှောင်ပြောင်ရယ်မောလိုက်သည်။
သွေးသခင်အပေါ် သူမ၏ အကဲဖြတ်မှုသည်အဆင့်ကျသွားခဲ့သည်။
စိတ်မထိန်းနိုင်သူများသည် ကြီးကျယ်သော အောင်မြင်မှုများ မရှိနိုင်ချေ။သွေးသခင်က ကမူးရှုးထိုးနိုင်သူဖြစ်ပြီး အမှားကြီးကို ကျူးလွန်လိုက်လေပြီ။
"နင့်ရဲ့ မူလစွမ်းအားက ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ ကြည့်လိုက်မယ်"
သွေးသခင်၏ မူလနတ်စွမ်းအားကို သူမအျနဖြင့်ကြောက်စရာမလိုပါ။
သူမ၏ အဆင့်သည် ဤကမ္ဘာ၏ ထိပ်ဆုံး၌ ရှိနေခဲ့သည်။
ပိုမိုတိုးတက်အောင် ချိုးဖျက်ပါက မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဖြစ်ပြီး သူမ၏အစီအစဉ်အားလုံးသည် အချည်းနှီးဖြစ်သွားမည်စိုးသောကြောင့်သာ ရပ်တန့်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်၌ သွေးနီရောင်ဓားကို တင်းကျပ်စွာကိုင်ထားသော နင်းထောင်၏ပုံရိပ်သည် တဖြည်းဖြည်း ပိုမိုမြင့်မားလာခဲ့သည်။
ဓားကို ကိုင်ထားစဉ် သူမသည် သွေးနှောင်ကြိုးကို ခံစားမိ၏။
"ဒီဓားကို နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထမှုခေါ်တယ်"
နင်းထောင်သည် ဓားသမားတစ်ဦးလို ထက်ရှသည့်ဟန်ဖြင့် အလွန်တည်ငြိမ်ကာ ထက်မြနေသည်။
နှစ်ပေါင်းများစွာစောင့်ခဲ့ရပြီး နောက်ဆုံးတွင် သူမသည် သွေးပုလဲနှင့်အတူ တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
"သေ"
သူမက ဓားကိုတစ်ချက်လွှဲလိုက်သောအခါ အဆုံးမဲ့သော သွေးစွမ်းအင်သည် ခံတပ်တစ်ခုလုံးကိုပင် ပြည့်နှက်သွားခဲ့သည်။
လောဘ၊ မာန၊ အစားကြီးမှု... အစရှိသော မကောင်းမှုစိတ်ဆန္ဒအမျိုးမျိုးသည် ရေလှိုင်းများကဲ့သို့ ထိုးတက်လာ၏။
အဓိပတိခုနစ်ဦးလုံး ထိတ်လန့်သွားသလို
ရှန်ရန်ရန်၏ မျက်လုံးများကလည်း မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားသည်။
"နှလုံးသားနတ်ဆိုး၊ မဟာနတ်ဆိုးလား၊
ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
သူက ဘယ်လိုလုပ်ပြီး မဟာနတ်ဆိုးအစစ်ဖြစ်နိုင်မှာလဲ။
တစ်ချိန်က ဗုဒ္ဓဖြစ်ခဲ့သော မဟာနတ်ဆိုးသာလျှင် ၎င်းကိုသန့်စင်နိုင်မည် ဖြစ်သည်။
ကမ္ဘာပေါ်တွင်ရှိသော နတ်ဆိုးအားလုံးသည် မဟာနတ်ဆိုး၏နတ်ဆိုးအနှစ်သာရမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် မဟာနတ်ဆိုးကသာ ထိုအရာများကို သန့်စင်နိုင်မည်ဖြစ်သည်။
အခုတော့ ဘာတွေဖြစ်နေတာလဲ။
ရှန်ရန်ရန်၏ မျက်လုံးများက နားမလည်မှုဖြင့် ရှုပ်ထွေးနေပြီးနောက်မှာတော့ သူမက ထိုအရာကိုပင် ပို၍ သဘောကျသလို ရယ်မောသည်။
မဟာနတ်ဆိုးအစစ်ရဲ့မူလစွမ်းအား..။
မဟာနတ်ဆိုးပေါ့။
ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ။
နင်းထောင်၏ ဓားချက်ကလည်း အဓိပတိခုနှစ်ဦးပေါ်သို့ အညှာအတာမရှိကျရောက်သွားခဲ့သည်။
ဓားချက်၏ လွှမ်းမိုးခြင်းခံလိုက်ရသည်နှင့်
အဓိပတိများသည် အဆုံးမဲ့သော နတ်ဆိုးဘုံထဲသို့ ကျရောက်သွားသကဲ့သို့ အော်ဟစ်ငိုယိုပြီးနောက် ကျောပြင်ကွဲအက်ကာ နှလုံးသားနတ်ဆိုးများထွက်ပေါ်လာသည်။
အဓိပတိခုနစ်ဦးသည် ဓားချက်တစ်ချက်ကိုပင် မခံနိုင်ခဲ့ချေ။
ရှန်ရန်ရန်၏ကျောပေါ်၌ပင် နှင်းကဲ့သို့ ဖြူဖွေးသော နတ်ဆိုးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။
အခြားသူများနှင့်မတူသည်က ၎င်းသည် ကြောက်ရွံ့မှုမရှိဘဲ ပြုံးရယ်နေပြီး စကားဆို၏။
"သွေးသခင်၊ ဒီတစ်ခါတော့ နင် နိုင်တယ်။ ဒီ ကိုယ်ပွားက နင့်အတွက်ပဲ။
ဒါပေမဲ့ နင့်ရဲ့ မူလစွမ်းအား မရှိတော့မှတော့ ဘာကို ကြောက်နေစရာ ရှိမှာလဲ၊
ငါ နင့်ကို နတ်ဆိုးနန်းတော် မှာ စောင့်နေမယ်!
နင် နောက်ကျသွားရင်တော့ စာဝါငှက်က ငါ့အပိုင် ဖြစ်လာပြီပဲ"
ထိုသို့ ပြောပြီးနောက် ရှန်ရန်ရန်သည် သူမ၏ ကိုယ်ပွားကို လက်ဝါးဖြင့် ရိုက်ချိုးပစ်လိုက်သည်။
ဆက်လက်တိုက်ခိုက်ခံရပါက ဓားသည် ကိုယ်ပွားမှတစ်ဆင့် သူမ၏မူလခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
ရှန်ရန်ရန်၏ကိုယ်ပွားသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
နှလုံးသားနတ်ဆိုးများ ပေါက်ကွဲထွက်လာသော အဓိပတိခုနစ်ဦးမှာလည်း လဲကျဆုံးသွားကြလေ၏။
ရိုးရှင်းသော ဓားတစ်ချက်တည်းဖြင့် အဓိပတိရှစ်ဦးကို သတ်ဖြတ်လိုက်ခြင်းပင်။
မြောက်ပိုင်းစုန်းများသည် ထိတ်လန့်စွာဖြင့်
တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
သူတို့မြင်ခဲ့ရသည်များကိုပင် မယုံနိုင်ကြပါ။
အဖြူရောင်ဧကရာဇ်သည် သွေးနီရောင်ဓားကို ထိတ်လန့်မှုနှင့်ဝမ်းနည်းမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ထိုဓားသည် အဆုံးမဲ့သော နှလုံးသားနတ်ဆိုး များကို နှိုးဆွပေးသည်။
ဒါဆိုရင် ဆရာသခင်က တကယ်ပဲ မဟာနတ်ဆိုး လား။
ဒါဆိုရင် ငါဘယ်လိုရင်ဆိုင်ရမှာလဲ။
ဆရာသခင်အဖြစ်ဆက်ပြီး လေးစားယုံကြည်ရမှာလား။
လောကကြီးအတွက် ချေမှုန်းဖျက်ဆီးပစ်ရမှာလား။
နင်းထောင်ကတော့ သူမလက်ထဲမှ သွေးနီရောင်ဓားကို မြတ်နိုးစွာကြည့်ပြီး ပြုံးနေ၏။
"သွေးပုလဲ... ပုံရိပ်ယောင်တွေက တကယ်မဟုတ်ဘူး။"
သူမခံစားခဲ့ရသော နာကျင်မှုအားလုံးသည်နတ်ဆိုးတစ်သောင်းတံခါးထဲသို့ ဝင်ရောက်ပြီးနောက် ခံစားခဲ့ရသော ကျိန်စာများကြောင့် ဖြစ်သည်။
သွေးပုလဲ၏ ဓားချက်များက ထင်ယောင်ထင်မှားဖြစ်စေရန်ဖန်တီးထားသောပုံရိပ်ယောင်များသာဖြစ်သည်။
---------------------