နာမည်ဆန်းဆန်းလေးတွေ မပါဘူးလား
Vol. 10 Ch. 132
ရှန်းဟွာအဖွဲ့၏ ဧကရာဇ်လေးပါးစကားပြောခန်းတွင်ဖြစ်သည်။
"အားလုံးအတွက် သတင်းကောင်းတစ်ခုရှိတယ်၊ငါ့ရဲ့ အလင်းနန်းတော်ကိုဖျက်ဆီးရေးရက်တစ်ရာစီမံကိန်းရဲ့တိုးတက်မှုက သတ်မှတ်အချိန်ထက်စောနေတယ်"
"ငါအခု စတုတ္ထအဆင့်ကိုဆောင်ရွက်နေပြီ၊အဲဒါက တော်တော်လေးကို စိန်ခေါ်မှုများတယ်"
ကျိယွမ်၏ စီမံကိန်းသည် အလွန်အသေးစိတ်ပြီး လေးဆင့်ခွဲခြားထားခဲ့သည်။ နောက်ဆုံးအဆင့်သည် အခက်ခဲဆုံးဖြစ်ပြီး ကြယ်လေးပွင့်အဆင့်ဟု သတ်မှတ်ထားသည်။
"စတုတ္ထအဆင့်ဆိုတော့...မူလနတ်ဘုရား၊မင်း အမြုတေ ဖွဲ့စည်းတော့မှာလား"
ထုံးစံအတိုင်း ဆိုးသွမ်းအင်မော်တယ်က ချက်ချင်းပြန်ဖြေခဲ့သည်။
"မင်း အခုထိရှိနေသေးတာလား၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရက်တစ်ရာကျင့်ကြံဖို့ လိုင်းမသုံးသေးဘူးလို့ ပြောခဲ့တယ်မှတ်လား"
ကျိယွမ်က မှတ်မှတ်ရရမေးလိုက်သည်။
"ပြောခဲ့တယ်၊ ဒါပေမဲ့ ငါ့ရဲ့ကျောက်စိမ်းလေး မီးလင်းလာလို့ မနေနိုင်ဘဲ ကြည့်လိုက်မိတာ "
ဆိုးသွမ်းနတ်ဘုရားက ဆိုရှယ်မီဒီယာများကိုစွဲလမ်းနေပုံရ၏။
"အင်း...မင်း စွဲနေပြီပဲ၊ လျှပ်စစ်ကုထုံး လိုအပ်နေပြီ"
ကျိယွမ်က ထိုမျှသာမှတ်ချက်ချပြီး စကားကို မူလလမ်းကြောင်းသို့ ပြန်ပို့လိုက်သည်။
"အခုလောလောဆယ်တော့ အခြေတည်အဆင့်နှောင်းပိုင်းကို ရောက်နေပြီ ကောင်းကင်ဘုံအဆင့်အမြုတေဖွဲ့စည်းဖို့က တစ်လှမ်းပဲလိုတော့တာ"
ကျိယွမ်က ယုံကြည်မှုအပြည့်ရှိသည်။
သူသည် လျူဖုန်းနယ်မြေ၏ ကောင်းကင်ဘုံတာအိုနှင့် ဆက်သွယ်မိပြီးဖြစ်သည်။
ကောင်းကင်ဘုံအဆင့် အမြုတေဖွဲ့စည်းခြင်းမှာ ပြဿနာမရှိနိုင်ဟု သူယုံသည်။
"ငါမှတ်မိတာသာ မှန်တယ်ဆိုရင်၊ မူလနတ်ဘုရား..မင်းက အခြေတည်အဆင့်ကိုတတ်ထားတာ သိပ်မကြာသေးဘူးမှတ်လား"
"အင်း..လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကထင်တယ်၊ဒါပေမဲ့အချိန်ဆိုတာက မြန်ဆန်ပြီး အရာရာကိုပုံသေခန့်မှန်းထားလို့မရဘူးလေ၊ ဘာပဲပြောပြော အမြုတေဖွဲ့ဖို့ ၂ လ ၃ ထိကြာနေတာကတော့ ရှက်ဖို့ကောင်းပါတယ်၊ဒါပေမဲ့ မတတ်နိုင်ဘူးလေ၊ ငါ့ ပါရမီကိုက လိုအပ်နေတာ"
ကျိယွမ်က ထိုသို့ပြောရင်း သက်ပြင်းချမိ၏။သူ၏ပါရမီကတော်တော်ဆိုးလှသည်ဟုလည်း ပြန်တွေးမိပြန်သည်။
"သြော်.."
ဆိုးသွမ်းအင်မော်တယ်ဆီမှ မည်သည့်တုန့်ပြန်မှုမှ ထပ်မလာတော့ပါ။သူ့က ဘဝကြီးကို မေးခွန်းထုတ်နေပုံရသည်။
ထိုအချိန်၌ မဟာနေမင်းမီးလျှံဧကရာဇ် လည်း စကားပြောအဖွဲ့ထဲသို့ ဝင်လာသည်။
"ဝိုး၊ ငါ မျက်စိကျနေတဲ့ ပါရမီရှင်ဆိုတဲ့အတိုင်းပဲ၊ မူလနတ်ဘုရားက အံ့ဩစရာကောင်းတယ်ဟေ့"
"မူလနတ်ဘုရား အလင်းနန်းတော်ကို ဖျက်ဆီးမဲ့စီမံကိန်းက တိုးတက်မှု ရှိရဲ့လား"
ရေခဲတောင်သခင်မက စိတ်ပူနေပုံဖြင့် စာများစွာဆက်တိုက်ပို့လာ၏။
"ငါ့ရဲ့ညီအစ်မတွေက အလင်းနန်းတော်ကနေ အတိုးကြီးတဲ့ချေးငွေတွေ သန်းနဲ့ချီပြီးချေးထားကြတာ၊မူလနတ်ဘုရား..နင် ပိုပြီးကြိုးစားဖို့လိုအပ်တယ်နော်"
"စိုးရိမ်မပူပါနဲ့ ၊ခင်ဗျားတို့ကို စိတ်ပျက်အောင် မလုပ်ပါဘူး"
ကျိယွမ်က အရေးကြီးသောကိစ္စကို ဆက်
ပြောလိုက်သည်။
"အလင်းနန်းတော်ကိုဖျက်ဆီးဖို့ အထောက်အကူဖြစ်မဲ့ အကြံတစ်ချို့ထုတ်ထားသေးတယ်၊အဲ့ဒါ.. မင်းတို့ရဲ့ အကူအညီကို လိုအပ်နေတယ်"
"ငါ ဘာလုပ်ပေးရမလဲ"
"လူသတ်ရမလား၊အဲဒီကိစ္စကတော့ ငါအကျွမ်းဆုံးပဲ"
"ငါ... ဝိညာဉ်ကျောက်တုံးတစ်လုံးပဲ ပေးနိုင်မယ်"
"အဲဒါတွေ မလိုအပ်ပါဘူး၊ ငါအခု အကောင့်အသစ်တစ်ခုသုံးပြီး အလင်းနန်းတော်ကို မကောင်းသတင်းတွေတင်နေတာ၊အဲဒီသတင်းတွေကို ဖြန့်ဝေဖို့ မင်းတို့ရဲ့အကူအညီကို လိုနေတာ"
ကျိယွမ်သည် သူ၏စိတ်ကူးများကို သူတို့အား မျှဝေလိုက်သည်။
ကျိယွမ်၏စကားဆုံးသောအခါ ရေခဲတောင်သခင်မက အလွန်စိတ်လှုပ်ရှားသွားပြီး စာများစွာဆက်တိုက်ပို့လာ၏။
"တော်လိုက်တာ၊ မူလနတ်ဘုရား နင်ကစစ်မှန်တဲ့ပါရမီရှင်ပဲ၊ငါတို့ဒီလို သုံးလို့ရမှန်း မစဥ်းစားမိဘူး ကြည့်စမ်း "
"ဒီခေါင်းစဉ်က ရိုးရိုးရှင်းရှင်းနဲ့ ပြီးပြည့်စုံတယ်"
"ဂုဏ်သိက္ခာရှိတဲ့ ဓားနတ်ဘုရားတစ်ပါးရဲ့ သမီးကို ခွေးအိမ်ထဲမှာ နေခိုင်းတယ်၊ အလင်းနန်းတော်က အရမ်းလွန်သွားပြီ"
"စိတ်ချချနေ၊၊ ငါလည်း မင်းရဲ့ကြက်ကလေးတွေအကြောင်းသတင်းကို နေ့တိုင်းမြှင့်တင်ပေးမယ်"
"အားလုံးကို ကျေးဇူးတင်ပါတယ်"
ကျိယွမ်က ကျေးဇူးတင်စကားပြောလိုက်သည်။
ထို့နောက် သူကထိုအကောင့်မှ ထွက်ပြီး သူ၏အကောင့်တုများကို အသုံးပြု၍ ပို့စ်များ ဆက်တင်နေသည်။
................
အလင်းနန်းတော်၏ နန်းတော်ခွဲတစ်ခုတွင် ဖြစ်သည်။
မုန်တိုင်းအရှင်က ဒေါသထွက်ကာပေါက်ကွဲနေ၏။
"သာ့ရှန်းဘက်က ဘာမှအကြောင်းမပြန်သေးဘူးလား"
သူ၏တပည့်ဝံပုလွေသည် တိုင်းပြည်တစ်ရာသို့ ထွက်သွားပြီး ပြန်မလာတော့ပေ။သေဆုံးသွားလေပြီ။
ထို့အတူ သာရှန်းသို့ထပ်မံစေလွှတ်သော သံတမန်ကလည်း အခုထိပြန်မလာသေးပေ။
"စိတ်ကိုထိန်းပါ မုန်တိုင်းအရှင်"
ရေလှိုင်းအရှင်ဆိုသူက သူ့ကို နှစ်သိမ့်ရန် ကြိုးစားသည်။
နှစ်ဦးစလုံးသည် စိတ်ဝိညာဥ်အဆင့်အထွတ်အထိပ်များဖြစ်ကြသော်လည်း ရေလှိုင်းအရှင်သည် မုန်တိုင်းအရှင်ထက် အဆင့်အတန်းအနည်းငယ်နိမ့်ကျ၏။
မုန်တိုင်းအရှင်၏ဖခင်မှာ ခရမ်းရောင်နန်းတော်အဆင့်ဖြစ်သောကြောင့် နန်းတော်အတွင်း အဆင့်အတန်းကြီးသူဖြစ်လေသည်။
"စိတ်အေးနိုင်မလားကွ ၊ ငါ့တပည့်က သာ့ရှန်းမှာ အကြောင်းရင်းမသိဘဲ သေဆုံးခဲ့ရတာ၊ ငါက ဖြေရှင်းချက်တောင် မရနိုင်ဘူးလား"
မုန်တိုင်းအရှင်၏လေသံက မာကျောသဖြင့် မနှစ်သက်သော်လည်း ရေလှိုင်းအရှင်က သည်းခံကာ ရှင်းပြလိုက်သည်။
"အခုတလော ကျွန်တော်တို့အလင်းနန်းတော်က နည်းနည်းမတည်မငြိမ်ဖြစ်နေပုံရတယ်၊နန်းတော်သခင်က ခဏလောက်သည်းခံနေကြဖို့ အမိန့်ပေးထားတယ်"
"ဘာဖြစ်နေတာလဲ"
မုန်တိုင်းအရှင်က ထိုကိစ္စကိုမသိသေးပေ။
"ခရမ်းရောင်နန်းတော်အဆင့် အင်အားကြီးသူတွေ အများကြီးလာပြီး အလင်းနန်းတော်ဆီမှာ ငွေလာချေးကြတယ်၊အခုဆို သူတို့ချေးထားတဲ့ ကျောက်တုံးက သန်းနဲ့ချီနေပြီတဲ့"
မုန်တိုင်းသခင် ငြိမ်သက်သွားသည်။
ခရမ်းရောင်နန်းတော်အဆင့်များက အုပ်စုလိုက်ရောက်လာပြီး ဝိညာဥ်ကျောက်တုံးများချေးယူခြင်းသည် ကိစ္စကောင်းမဟုတ်ပါ။ခရမ်းရောင်နန်းတော်အဆင့်များသည် အကြောင်းမရှိဘဲ အပိုလုပ်တတ်သူများ မဟုတ်ကြောင်း အားလုံးသိကြသည်။
"ကျွန်တော်တို့အလင်းနန်းတော်က တိုင်းပြည်တစ်ရာသွေးစစ်ပွဲကို စတင်ခဲ့လို့ အကြီးအကဲတချို့ကို မကျေမနပ် ဖြစ်စေခဲ့တာလား"
"ဒါပေမဲ့ သွေးစစ်ပွဲ အကြီးအကဲတွေက အတည်ပြုပေးခဲ့တာလေ"
တိုင်းပြည်တစ်ရာသွေးစစ်ပွဲသည် အဆုံးမဲ့ သတ်ဖြတ်ခြင်းများကြောင့် လူပေါင်း ဘီလီယံနှင့်ချီ၍ သေဆုံးခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။
ထိုမျှ ကြီးမားသည့်ကိစ္စအတွက် အလင်းနန်းတော်သည် အထက်မှ အတည်ပြုချက်မရှိဘဲ လုပ်ဆောင်နိုင်မည် မဟုတ်သည်မှာ သေချာသည်။
အတည်ပြုချက်ရရှိထားသောကြောင့် ပတ်ဝန်းကျင်တွင်ရှိသော အကြီးအကဲများကလည်း ဝင်ရောက်စွတ်ဖတ်မည်မဟုတ်ပေ။
"နန်းတော်က ဒီကိစ္စကို အလေးအနက် စုံစမ်းစစ်ဆေးနေတယ်၊လောလောဆယ် သတိထားတာ အကောင်းဆုံးပဲ။ ပြီးတော့ ဒီနေ့ ရှင်းဟွာအဖွဲ့ထဲက တစ်ယောက်ကလည်း နန်းတော်ကို စွပ်စွဲနေတယ်"
ရေလှိုင်းအရှင်က လက်ကိုဝှေ့ယမ်းကာ ပုံများစွာကို မုန်တိုင်းအရှင်အား ပြသသည်။
"ဓားနတ်ဘုရား"
"သူမရှိတုန်းမှာ ...သူ့သမီးကို ခွေးအိမ်ထဲမှာ နေခိုင်းတယ်"
မုန်တိုင်းအရှင်ပင် မျက်လုံးပြူးသွားလေ၏။
"ဘယ်သူက ဒီလိုလုပ်တာလဲ၊ ငါ့ထက်တောင် ပိုပြီး ရယ်စရာကောင်းနေပါလား"
လူသတ်ခြင်းသည် တစ်ဘာသာဖြစ်ပြီး အရှက်ခွဲခြင်းသည် အခြားတစ်ကဏ္ဍ ဖြစ်သည်။မကောင်းမှုခြင်းတူသော်လည်း အခြားနေရာများတွင် တော်တော်ကွဲပြား၏။
မုန်တိုင်းအရှင်သည် အများအားဖြင့် သတ်ရုံသာသတ်သည်၊ တဖက်သားအား အရှက်ရစေခဲသည်။
ယခုမှာတော့ နန်းတော်မှလုပ်ဖော်ကိုင်ဘက်တစ်ဦးက တစ်စုံတစ်ယောက်၏ သမီးကို ခွေးအိမ်ထဲတွင် နေခိုင်းရန် အတင်းအကျပ် ပြုလုပ်ခဲ့၏။
၎င်းသည် အနည်းငယ်... လွန်နေသည်။
"ဒီကိစ္စကိုလည်း အမှန်ဟုတ်မဟုတ်၊ ဒါမှမဟုတ် အသရေဖျက်မှုလားဆိုတာကို နန်းတော်က စုံစမ်းစစ်ဆေးနေပါတယ်"
ရေလှိုင်းအရှင်က သက်ပြင်းချလိုက်ပြီး ကောက်ချက်ချ၏။
"မုန်တိုင်းတစ်ခုလာနေပြီ"
လတ်တလောဖြစ်ရပ်များအရ မမြင်ရသော လက်တစ်ဖက်က အလင်းနန်းတော်ကို ပစ်မှတ်ထားနေသကဲ့သို့ သူတို့အား ခံစားရစေသည်။
သို့သော် မည်သည့်အင်အားကြီးပုဂ္ဂိုလ်ဖြစ်သည်ကိုတော့ သူတို့ရှာမတွေ့သေးပေ။
အင်အားကြီးသူဖြစ်လျှက် အဘယ့်ကြောင့် ယခုလိုနည်းလမ်းများကို သုံးနေရသနည်း။
တစ်ကိုယ်တော်သမားများလား။
မုန်တိုင်းအရှင်က မှတ်ချက်ချသည်။
"ဒီလိုဆိုမှတော့ နန်းတော်ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ထွက်လာသည်အထိ ရက်နည်းနည်းစောင့်ပြီးမှ ငါသာ့ရှန်းကို သွားမယ်"
ရေလှိုင်းအရှင်ကခေါင်းညိတ်ကာ ထောက်ခံလိုက်ပြီးမှ သိချင်စိတ်ထက်သန်လာပုံဖြင့် မေး၏။
"ဓားနတ်ဘုရားကို အရှက်ရအောင် သူ့သမီးကို ခွေးအိမ်ထဲမှာ နေခိုင်းခဲ့တဲ့အရှင်က ဘယ်သူဖြစ်နိုင်မယ်လို့ ထင်လဲ"
မုန်တိုင်းအရှင်သည် ခေတ္တမျှ စဉ်းစားနေသည်။
"မိုးခေါင်အရှင် ဒါမှမဟုတ် ဖန်ယွန်အရှင်ဖြစ်နိုင်တယ်။ သူတို့က နာမည်အထွက်ဆုံး ပဲ"
"ဟုတ်တယ်၊ သူတို့ကပဲ ဒီလိုမျိုးလုပ်နိုင်တာ"
"ဒီကောင်တွေ တော်တော်ဆိုးဆိုးပဲ"
ထို့နောက် ရေလှိုင်းအရှင်က နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
.......................
ကျိစယ်တောင်ထိပ်တွင်တော့ ကျိယွမ်သည် အသရေဖျက်ပိုစ့်များတင်ပြီးနောက် ကျောက်စိမ်းပြားထဲမှ ထွက်လိုက်သည်။
"နောက်ဆုံးတော့ ပို့စ်တင်လို့ ပြီးသွားပြီ"
သူ၏ပညာရှိလုပ်ရပ်များအကြောင်းကို ပြန်တွေးကာ ကျိယွမ်ပီတိဖြစ်နေခိုက် ကျန်းလင်းစု၏ခေါ်သံကြားရသည်။
"အစ်ကိုကြီး၊ရှင် ဂိမ်းဆော့နေတာလား"
ကျိယွမ် သစ်သားအိမ်မှ အလျင်အမြန်ထွက်လိုက်သည်။
"ညီမလေး၊ ဘာကိစ္စရှိလို့လဲ"
ကျိယွမ်သည် သူ၏ချမ်းသာသောညီမလေးကို အလွန်လေးစားသည်။
သူမ၌ ပိုက်ဆံရှိသမျှကာလပတ်လုံး သူမသည် သူ၏နှလုံးသားထဲက နတ်သမီးလေးဖြစ်သည်။
"နောက်ရက်နည်းနည်းကြာရင် ၊ ကျွန်မရဲ့... အစ်မက ကျွန်မကိုတွေ့ဖို့ ရှန်ကွမ်းဂိုဏ်းကို လာလိမ့်မယ်"
ကျန်းလင်းစုက တုံ့ဆိုင်းစွာ ပြောသည်။
"နင့်ရဲ့ မိသားစုဝင်လား"
ကျိယွမ်၏မျက်လုံးများ အရောင်တောက်သွားသည်။
ချမ်းသာသူ၏ အစ်မသည်လည်း ချမ်းသာရမည် မဟုတ်ပါလား။
"အဲ့လိုပါပဲ၊ ကျွန်မရဲ့အစ်မကို ကျိစယ်တောင်ထိပ်မှာ ခဏလောက်နေခိုင်းလို့ ရမလား"
ဆရာမရှိလျှင် ကျိစယ်တောင်၏ကိစ္စများသည် ကျိယွမ်အပေါ်တွင် မူတည်သည်။
"ရတာပေါ့၊ ဘာပြဿနာမှ မရှိဘူး"
ကျိယွမ်က လှိုက်လှိုက်လှဲလှဲ သဘောတူသည်။
သူမသည် ချမ်းသာသည့်အမျိုးသမီးဖြစ်သည်။
အနီးအနားတွင် ရှိနေခြင်းသည် သူမ၏ ကံကောင်းခြင်းအချို့ကိုပင် စုပ်ယူနိုင်၏။
ချမ်းသာသည့်အမျိုးသမီး နောက်တစ်ယောက်ရှိလျှင် ခွေးစိတ်ဝင်နေပုံရသော သူ၏ဓားအတွက် အမှိုက်ကောက်ရာ ရွေးချယ်စရာ ပိုများလာမည်လည်းဖြစ်သည်။
မည်သို့တွေးတွေး သူ့ဘက်ကဆုံးရှုံးစရာမရှိပါ။
"ဒါနဲ့၊ အစ်ကိုကြီး၊ ကျွန်မရဲ့အစ်မ ရောက်လာရင် ကျွန်မနဲ့ စကားများနိုင်တယ်..."
"ဘာ"
ကျိယွမ် မျက်လုံးပြူးသွားသည်။
ဒီလောက်အဝေးကြီးက တကူးတကလိုက်လာတာ ရန်ဖြစ်ဖို့တဲ့လား။ဘယ်လို ညီအစ်မတွေလဲ။
"မစိုးရိမ်ပါနဲ့၊ ဒီအစ်ကိုကြီးက နင့်ဘက်က ရပ်တည်ပေးမယ်။"
"သူက ချမ်းသာနေရင်တောင် နင့်ကိုရန်ရှာမယ်ဆိုရင် ငါ ဓားနဲ့ နင့်ကို သေချာပေါက်စောင့်ရှောက်ပေးမယ်"
ကျန်းလင်းစု၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားရသည်၊ သူမ၏ အစ်ကိုကြီးသည် ထူးဆန်းသော်လည်း ကြင်နာတတ်သည်။
"ဒါနဲ့၊ သူက ဘယ်လောက်ချမ်းသာလဲ၊ ဘီလျံနာ လား"
ကျိယွမ်က မေးလိုက်သည်။
သူမကသာ ဘီလျံနာဖြစ်နေပါက သူ၏စိတ်ကပြောင်းသွားတော့မည့်အလား ရှိနေသည်။
ကျန်းလင်းစု၏ ရင်ထဲမှနွေးထွေးမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ယုံမိတဲ့ ငါကိုက အမှတ်မရှိတာ။
သူမကဒေါသတကြီးပြောလိုက်သည်။
"သူက ကျွန်မလောက် မချမ်းသာပါဘူး"
ကျိယွမ်၏မျက်နှာက ချက်ချင်းပြောင်းသွားသည်။
"ဘာမှစိတ်မပူနဲ့ ၊ ဒီနေ့ကစပြီး ငါကနင့်ရဲ့ အုပ်ထိန်းသူပဲ"
ကျိယွမ်သည် သူ၏ရင်ဘတ်ကိုပင် ပုတ်ပြလိုက်သည်။
"သူက သာမန်လူ မဟုတ်ဘူး၊ အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်စာရင်းမှာ နံပါတ်ဆယ့်ငါးရှိတယ်"
ကျန်းလင်းစုက ထိုအရာကိုတော့ ဂုဏ်ယူနေပုံရလေ၏။
သူမအစ်ကိုကြီး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ကောင်းသည်။သတ်မှတ်ချက်မရှိသော်လည်း သူသည် ပါရမီရှင်စာရင်းကြီး၏ အဆင့် ၅၀၀ သို့မဟုတ် ၁၀၀ အတွင်းလောက်ထိဝင်နိုင်သည်။
သို့သော် သူမ၏ အစ်မသည် စာရင်းတွင် နံပါတ်ဆယ့်ငါး ဖြစ်သည်။
ကြီးမားသည့် မတော်တဆမှုများသာမဖြစ်ပါက သူမသည် ခရမ်းရောင်နန်းတော်အဆင့်ဖြစ်လာရန် သေချာပေါက်ပင်။
"သူက ကောင်းကင်ဘုံတာအိုအုတ်မြစ်ရှိလား"
ကျိယွမ်က ထိုအရာကို အမှန်တကယ်ကြောက်ရွံ့ပုံရသည်။
"မရှိပါဘူး"
"ဒါဆို ငါမကြောက်ဘူး၊ ငါ့ရဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ခြင်းက သူ့ကို ချေမှုန်းနိုင်တယ်"
ကျိယွမ်က ယုံကြည်မှု အပြည့်ရှိသည်။သူ၏အုတ်မြစ်က နှစ်ဆင့်ပင်ကျော်ကာသတ်ဖြတ်နိုင်သည် ။အခြေတည်အဆင့်များဆိုလျှင် နဖူးတောက်သလောက်ပင်မခက်ချေ။
ကျန်းလင်းစုနှင့်ခဏတာ စကားပြောပြီးနောက် သူသည် သူ၏ သစ်သားအိမ်သို့ ပြန်လာခဲ့သည်။
"အကုန်လုံးအဆင်ပြေတယ်၊ ဂိမ်းထဲကိုပြန်ပြီး ဘော့စ်တွေကိုတိုက်ခိုက်ချိန်ရောက်ပြီ။
သူကကျောက်ပြားကိုထုတ်ယူလိုက်ပြီး ဂိမ်းထဲသို့ဝင်ရောက်လိုက်၏။
ဝူကွေမြို့တစ်နေရာတွင် မြေကြီးများကွဲအက်သွားပြီး သွေးနီရောင်ဝတ်ရုံဝတ်ဆင်ထားသော ကျိယွမ်သည် သတို့သမီးလေးကိုပွေ့လျှက် ပေါ်ထွက်လာသည်။
"နောက်ဆုံးတော့ အဆုံးသတ်တော့မှာပါလား"
ကျိယွမ်သည် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သလိုခံစားရသည်။
ကြယ်နှင့်လမရှိသည့် မှောင်မိုက်သော ကောင်းကင်ကို မော့ကြည့်မိသည်။
"ဒီကမ္ဘာက တကယ်ပဲ အထီးကျန်လွန်းတယ်"
သွေးရောင်အရှိန်အဝါတစ်ခုကိုထုတ်လွှင့်ပြီး ကျိယွမ်ကထိုနေရာမှ ပျံသန်းသွားသည်။
"အစ်ကိုကြီး၊ ပြန်ရောက်လာပြီ"
"သွေးသခင်ကို ဂါရဝပြုပါတယ်"
ကျိယွမ်သည် သူ၏ရှေ့မှ အဓိပတိများကိုကြည့်ရင်း သူ၏ဝတ်ရုံကို ဖုန်ခါလိုက်သည်။
"ဘယ်လိုလဲ"
သူသည် စုခိုင်းထားသောမြေကမ္ဘာဒဏ္ဍရီအဆင့်အရေအတွက်ကို မေးနေခြင်းဖြစ်သည်။
"အစ်ကိုကြီး၊ ဝူကွေမြို့မှာ ဒဏ္ဍာရီအဆင့် ခုနှစ်သောင်းကျော်စုစည်းထားပါပြီ"
ချန်းဟွမ်က ဂုဏ်ယူစွာပြောသည်။
"ဟေ"
"အစ်ကိုကြီးရဲ့တရားပွဲကို နားထောင်ဖို့အတွက် အလယ်အလတ်အဆင့်မြေကမ္ဘာဒဏ္ဍာရီတွေကလည်း သူတို့သက်တမ်းအချို့ကိုစတေးပြီး အထွတ်အထိပ်အဆင့်ကို တက်ရောက်ခဲ့ကြပါတယ်၊ဒါကြောင့် အခုလောက်ထိ များသွားတာပါ။"
အဓိပတိတစ်ပါးဖြစ်လာရန်ဆိုသော ဆွဲဆောင်မှုသည် လူတိုင်းအတွက် မခုခံနိုင်လုနီးပါးပင်။
အဓိပတိများ၏အောက်တွင် ကျန်သူများသည် ပုရွက်ဆိတ် များဖြစ်သည်၊ ၎င်းသည် အပြောသပ်သပ်မဟုတ်ပေ။
မူလစွမ်းအားရှိနေသရွေ့ အဓိပတိတစ်ဦးသည် မြေကမ္ဘာဒဏ္ဍာရီအဆင့်များကို ခွေးသတ်သလိုသတ်နိုင်၏။
"ဒါဆို ဆယ်ရက်အတွင်း ငါ တရားဟောမယ်"
ကျိယွမ်ကိုယ်တိုင်ပင် စိတ်လှုပ်ရှားနေမိသည်။
ယခင် ၃ သောင်းနှင့်ပေါင်းလျှင် အဓိပတိ တစ်သိန်းဖြစ်သည်။
ဒါတွေကိုသာ အတွေ့အကြုံရမှတ်အဖြစ်ပြောင်းလိုက်ရလို့ကတော့ကွာ။
သိူ့သော် သူခေါင်းယမ်းလိုက်မိ၏။
ဒီကောင်တွေက ပုန်ကန်ရဲတော့မှာ မဟုတ်တာနစ်နာတာပဲ၊မဟုတ်သေးဘူး အခုအဖွဲ့ထဲမှာ မိုလီတို့ ၊တိုနီတို့လိုနာမည်နဲ့ ရာထူးကြီးကြီးတွေ မပါတော့ဘူးလား။
ဤသို့ဖြင့် ဆယ်ရက်ကြာပြီးနောက် ကျိယွမ်သည် မြို့ရိုးပေါ်တွင် မတ်တပ်ရပ်နေပြီး သူ၏ သွေးနီရောင်ဝတ်ရုံသည် ထူးခြားစွာ လင်းလက်နေသည်။
ဝူကွေမြို့အပြင်ဘက်တွင် မြေကမ္ဘာဒဏ္ဍာရီ အဆင့် ခုနစ်သောင်းသည် စစ်သည်များကဲ့သို့ မတ်မတ်ရပ်နေကြသည်။
"ဒီနေ့၊ မြေကမ္ဘာဒဏ္ဍာရီအဆင့် ခုနစ်သောင်းက အဓိပတိတွေဖြစ်လာတော့မယ်၊ဒါက ကောင်းတာလား ဆိုးတာလား ငါမသိဘူး"
ကျိယွမ် သက်ပြင်းချမိသည်။
ဂိမ်းပြီးဆုံးသောအခါ သူက ထွက်ခွာသွားမည် ဖြစ်သည်။
လျူဖုန်းနယ်မြေတွင် အဓိပတိတစ်သိန်းခန့်က အထိမ်းအကွပ်မဲ့ကျန်နေခဲ့မည်ဖြစ်လေသည်။
လျူဖုန်းနယ်မြေ၏ ဖွဲ့စည်းပုံမှာ သေချာပေါက် ကမောက်ကမများဖြစ်လာနိုင်မည် မဟုတ်ပါလား။
ပို၍ဆိုးသည်မှာ ထိုအဓိပတိများသေဆုံးပြီးချိန်ဖြစ်သည်။
သူတို့ အသက်အရွယ်ကြီးလာပြီးသေဆုံးချိန်တွင် အဓိပတိအဆင့် နတ်ဆိုးမျိုးစေ့ ၁ သိန်းအဖြစ်ပြောင်းလဲသွားကြလိမ့်မည်။
တွေးကြည့်ရုံနှင့်ပင် ထိတ်လန့်စရာဖြစ်၏။
သူက အဓိပတိတစ်သိန်းကိုဖန်တီးနေခြင်းမဟုတ်ဘဲ နတိဆိုးမျိုးစေ့တစ်သိန်းကို ဖန်တီးပေးခဲ့သလိုဖြစ်နေနိုင်သည်။
ထားတော့ ရွေးချယ်စရာမှမရှိတာ။
ကျိယွမ်သည် စဉ်းစားခြင်းကို ရပ်လိုက်သည်။
သူသည် မြို့ရိုးအောက်မှ လူခုနှစ်သောင်းခန့်ကိုကြည့်ပြီး သူ၏မျက်နှာထားသည် ကောင်းကင်မှ နတ်ဘုရားကဲ့သို့ လူ့ဘောင်လောကီနှင့်မဆိုင်သည့် ပုံစံရှိသည်။
"တရားပွဲ.. စပြီ..."
ယခုအကြိမ်တရားပွဲသည် ယခင်အကြိမ်များထက် ပိုမိုခမ်းနားပြီး အရွယ်အစားလည်း ပိုကြီးသည်။
ဝူကွေမြို့ရိုးပေါ်မှ မတ်တပ်ရပ်နေသည့်ကျိယွမ်၏အသံသည် ကောင်းကင်မှနတ်သီချင်းသံအလား ပဲ့တင်ထပ်ကာ သူတို့၏ ဝိညာဉ်ထံ ရောက်ရှိလာသည်။
ထူးခြားစွာပင် သွေးမိုးများသည် ကောင်းကင်မှ ရုတ်တရက် စတင်ကျဆင်းလာ၏။
နီရဲနေသော သွေးစက်များသည် ကောင်းကင်၏မျက်ရည်များအလား၊ ကောင်းကင်၏သွေးများအလား ထင်ရသည်။
မြေကမ္ဘာဒဏ္ဍာရီအဆင့် ခုနှစ်သောင်းသည် သွေးမိုးများစိုရွှဲကာ ရဲရဲနီနေသော်လည်း ထိုအရာကို သတိမထားမိဘဲ လူသားနတ်ဆိုးလမ်းစဥ်အပေါ်၌သာ အပြည့်အဝနစ်မြုပ်နေကြသည်။
အခြားသောအဓိပတိများကတော့ ထိုမြင်ကွင်းအားကြည့်ကာ စိတ်လှုပ်ရှားနေသည်။
မြို့ရိုးပေါ်မှ ကျိယွမ်၏အသံသည် ဆက်လက်ထွက်ပေါ်နေခဲ့သည်။
.........
ထိုအချိန်တွင် နတ်ဆိုးတစ်သောင်းတံခါးထဲတွင်ဖြစ်သည်။
ဟေးဝူ၏မျက်နှာသည် မသာမယာရှိနေပြီးသူ၏မျက်လုံးများတွင်လည်း စိုးရိမ်ပူပန်မှု များပြည့်နေသည်။
"ရက်အနည်းငယ်အတွင်း နတ်ဆိုးတစ်သောင်းတံခါးက ပွင့်တော့မယ်၊ငါတို့ ဆရာသခင်ကို ဆက်စောင့်နေဖို့က မလွယ်တော့ဘူး"
လင်းရီသည် ရှေ့မှခံတပ်ကို ကြည့်ပြီး သာမန်ထက်ပြင်းထန်သော အော်ရာများကို ခံစားမိကာ ကြောက်ရွံ့နေမိသည်။
"မဟာအဓိပတိနှစ်ဆယ်ကျော်နဲ့ အဓိပတိတစ်ရာကျော်၊ အကြွင်းမဲ့သခင်မက တကယ်ကို အစွမ်းကုန် လုပ်ဆောင်ခဲ့တာပဲ"
သခင်မ၏ ပင်မစစ်သည်တော်များသည် အဖြူရောင်ဧကရာဇ်ကို ဝိုင်းရံထားသည်။
နတ်ဆိုးတစ်သောင်းတံခါးဂိတ်အဝင်ဝတွင်လည်း အဓိပတိများစွာကို စေလွှတ်ထားခဲ့သည်။
ထို့အပြင် သွေးသခင်ကို ရင်ဆိုင်ရန်အတွက် မဟာအဓိပတိနှစ်ဆယ်ကိုစေလွှတ်ခဲ့ပြီး၊ ထိုအထဲမှ ဆယ်ဦးသည် နတ်ဆိုးတစ်သောင်းနယ်မြေမှဖြစ်ပြီး သာမန်အဓိပတိတစ်ရာကျော်သည်လည်း နတ်ဆိုးတစ်သောင်းနယ်မြေမှ သာရဲနတ်ဆိုးများ ဖြစ်သည်။
သွေးသခင်၏ မူလစွမ်းအားဖြင့် ထိန်းချုပ်၍မရနိုင်သူများကို တမင်ရွေးချယ်ထားမှန်း သိသာ၏။
"ငါတို့က ငါးယောက်ပဲ ရှိတယ်၊ ဘယ်လိုမှ မယှဥ်နိုင်ဘူး"
ရန်သူနှင့် သူတို့ကြားက ကွာဟချက်သည် အလွန်ကြီးမားသည်။
သူတို့က ငါးယောက်တည်းသာရှိနေချိန်တွင် တံခါးဝတွင် အကြွင်းမဲ့သခင်မ၏ လူများက ပြည့်နှက်နေသည်။
"ဆရာက ဒီလူတွေကို အနိုင်ယူနိုင်မယ်လို့ သမင်းထင်လား"
လင်းရီက သူ၏အမြင်ကိုမေးသည်။
သူတို့ငါးယောက်သည် သွေးသခင်ကို ကြိုဆိုရန်အတွင် ဤနေရာသို့ တမင်ရောက်လာကြခြင်း ဖြစ်သည်။
"ဖြစ်နိုင်ချေ မရှိဘူး"
ဟေးဝူက လေးနက်စွာတွေးပြီး ခေါင်းရမ်းပြသည်။
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ခန့်က သွေးသခင်၏ဝိညာဥ်ဓားသည် မူလစွမ်းအားကို ထုဆစ်ထားသည်။
ထိုအချက်အရ ဆရာဖြစ်သူသည် မဟာအဓိပတိဖြစ်နေသည်ကိုတော့ ခန့်မှန်းနိုင်၏။
သို့သော်လည်း သူ၏မူလစွမ်းအားက လျူဖုန်းနယ်မြေသားများအပေါ်တွင်သာ အလုပ်ဖြစ်ခြင်းက စိုးရိမ်ဖွယ်ဖြစ်သည်။
ယခုရန်သူများက သဘာဝအားဖြင့်နတ်ဆိုးအဖြစ်မွေးဖွားလာပြီးသားမို့ သူ၏စွမ်းရည်က အကျိုးမသက်ရောက်နိုင်တော့ပေ။
လင်းရီက မျက်မှောင်ကြုတ်ပြီး ရုတ်တရက် ထပြောသည်။
"နတ်ဆိုးတစ်သောင်းတံခါးပွင့်တဲ့အချိန်ရောက်ရင် အဲဒီ မဟာအဓိပတိတွေဆီကို ငါပျံသွားမယ်၊ ပြီးရင် ငါ့ကိုယ့်ငါဖောက်ခွဲပစ်ပြီး ငါ့နာမည်က လင်းရီကွ လို့အော်လိုက်ရင်ရော ဘယ်လိုလဲ"
"ဆရာက နန်းကုန်းသာ့ကွေကိုမမှတ်မိပေမဲ့ လင်းရီဆိုတာကိုတော့ မှတ်မိနေမယ် ထင်တယ်"
"အဓိပ္ပါယ်မရှိတာ မပြောပါနဲ့၊ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှတော့ သေပြီပေါ့၊ဆရာရောက်လာရင် သူ့ကိုကူညီတိုက်ခိုက်ပေးဖို့ လူအင်အားလိုတယ်"
လင်းရီသည် သူ၏နာမည်အတွက်ဟုပြောသော်လည်း ဆရာအား တံခါးထဲသို့အလွယ်တကူဝင်ရောက်နိုင်ရန် သူကိုယ့်ကိုယ် စွန့်လွှတ်ချင်ကြောင်း ဟေးဝူ သိသည်။
" ငါက လမ်းစလေးရှာပေးချင်တာပါ"
လင်းရီက ပခုံးတွန့်သည်။
"မင်းကိုယ့်ကိုယ်ကို ဖျက်ဆီးတာက မဟာအဓိပတိတွေရဲ့ အာရုံကို ခဏလောက်ဖမ်းစားမယ်ဆိုတာကို ယုံကြည်မယ့်အစား၊ ဆရာက သူ့ဘာသာ တိုက်ခိုက်ပြီး ထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတာကို ငါ ပိုယုံကြည်တယ်"
အလယ်အလတ်အဆင့်အဓိပတိကလည်း မနေနိုင်တော့ဘဲ ဝင်ပြောသည်။
သူသည်လည်း မြောက်ပိုင်း စုန်း ဆယ့်သုံးယောက်ထဲမှ တစ်ဦးဖြစ်သည်။
ဟေးဝူက သဘောတူညီကြောင်း ခေါင်းညိတ်သည်။
"ဟုတ်တယ် မင်းအပိုတွေ လုပ်မနေနဲ့"
လင်းရီသည် ထိုနှစ်ဦးကို ကြည့်ပြီး မကျေမနပ် ဖြစ်သွားသည်။
"မင်းတို့နှစ်ယောက်လုံးရဲ့ မျက်နှာမှာ စုန်းလို့ ရေးထားတာမြင်ရတာ ငါတော်တော် အမြင်ကပ်တယ်"
-----------------------