အရင်တုန်းက ဆက်ဆံရေး
Vol. 208 Ch. 3107
လုံလီနှင့် အင်မော်တယ်ဘုရင်မ ဦးချိုမဲ့က လုံရန်နှင့်အတူ အတူတကွ လျှောက်လှမ်းထွက်လာကြ၏။
အဲ့ဒီမှာ နဂါးလောကအရှင်အသစ် နဂါးဧကရီဆီးနှင်းလည်း ပါလာ၏။
နောက်ထပ် ဧကရာဇ်ပညာရှင်တစ်ဦးက ရောက်ရှိလာပြီး ထိုသူက နဂါးလောကအရှင် ဖြစ်နေ၏။
နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲအပြီး နဂါးကမ္ဘာ၏ အခြေခံအုတ်မြစ်က ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး ကျဆင်းသွားသော်လည်း နဂါးမျိုးနွယ်၏ တိုက်ခိုက်ရည်ခွန်အားကို မည်သူကမှ လျှော့မတွက်ရဲပေ။
ယခုအချိန်မှာပင် အင်မော်တယ်ဘုရင် ရှစ်ချွယ်က တွေးဝေရှုပ်ထွေးနေဆဲဖြစ်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ပကတိစိတ်ဝိညာဉ်နှစ်ဦးအတွက် ကမ္ဘာအမျိုးမျိုးမှ ဤမျှများပြားသော ပညာရှင်များ ပေါ်ထွက်လာသည်မှာ တကယ့်ကို ယုတ္တိမတန်ပေ။
ဧကရာဇ်များနှင့် လောကအရှင်များ၏ အမူအရာများအရ သူတို့သည် ဆူရှောင်းနင်နှင့် ညဝိညာဉ်ကို သိရှိထားသည့်ပုံမပေါ်ပေ။
ဤထိပ်တန်းကမ္ဘာကြီးများမှ ပညာရှင်များကို ခေါ်ယူစုဝေးနိုင်ရန် ဤကဲ့သို့သောစွမ်းအား ဘယ်သူ့မှာ ရှိနေတာလဲ။
အင်မော်တယ်ဘုရင် ရှစ်ချွယ်က တွေဝေရှုပ်ထွေးနေစဉ် လုံရန်နှင့် အခြားသူများ၏ နောက်ဘက်ကနေ နောက်ထပ်လူနှစ်ယောက်က လျှောက်လှမ်းထွက်လာ၏။
သူတို့ထဲက တစ်ယောက်မှာ အနက်ရောင်ဆံပင်ရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့မှာ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များရှိပြီး စာပေသမားတစ်ယောက်နှင့်တူနေ၏။
အခြားတစ်ယောက်က မီးခိုးရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာက မည်သည့်အမွေးအမှင်မှမရှိဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူက လက်ထဲမှာ ခေါက်ယပ်တောင်တစ်လက်ကို ကိုင်ထားပြီး သက်ဝင်လှုပ်ရှားသော အကြည့်နှင့် လှည့်ပတ်ကြည့်ရှုနေ၏။
ဆူရှောင်းနင်က အစိမ်းရောင်ဝတ်ရုံအမျိုးသားကို တွေ့မြင်သောအခါ သူမ၏ မျက်လုံးများက ချက်ချင်းပင် နီရဲလာပြီး သူမ၏ မျက်နှာပေါ်သို့ မျက်ရည်များက စီးကျလာ၏။ သူမ၏ အနီရောင်နှုတ်ခမ်းက အနည်းငယ်ပွင့်ဟသွားပြီး သူမက ညင်သာစွာ ခေါ်လိုက်၏။
“အစ်ကို…”
ဤနှစ်များမှာ သူမ တွေ့ကြုံခံစားခဲ့ရသည့် မျှော်လင့်တောင့်တမှုများ၊ ဆင်းရဲဒုက္ခများ၊ ပူဆွေးဝမ်းနည်းမှု၊ စိတ်ထိခိုက်ခံစားရမှုများ… ထိုစိတ်ခံစားချက်များအားလုံးက သူမ၏ ခေါ်သံမှာ ပါဝင်နေ၏။
ညီအစ်ကိုမောင်နှမများသည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်ပြီးနောက် ခလုတ်ကန်သင်းများဖြင့် ပြည့်နှက်နေသော လမ်းကို လျှောက်လှမ်းရလေသည်။ လောကဓံမုန်တိုင်းများကို တွေ့ကြုံဖြတ်ကျော်ပြီးနောက် သူတို့က နောက်ဆုံးမှာ ပြန်လည်ဆုံစည်းရလေပြီ။
ဆူဇီမိုသည် ရှောင်းနင်ကို တွေ့မြင်သောအခါ သူ၏ မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့သော အကြည့်တစ်ခု ပေါ်ထွက်လာ၏။
သူတို့မှာ အစက မောင်နှမသုံးဦး ရှိခဲ့၏။
သူတို့နှစ်ယောက် ပြန်လည်ဆုံစည်းသည့်အချိန်တိုင်း သူတို့အရွယ်ရောက်သည်အထိ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သော သူတို့၏ အစ်ကိုကြီး ဆူဟုန်ကို သတိရကြလေသည်။
ဆူဟုန်သည် တစ်ခါက ဆူဇီမို၏ ရှေ့မှာ ကွယ်လွန်သွားခဲ့၏။ ထိုအချိန်တုန်းက သူက ဘာမှမတတ်နိုင်ခဲ့ပေ။
သူသည် ရှောင်းနင်ကို ထိုကဲ့သို့သောပုံစံမျိုး ထပ်မံ၍ သေချာပေါက် ကြုံတွေ့ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏ ရင်ထဲမှာ ရှောင်းနင်က ဘယ်ကျင့်ကြံမှုနယ်ပယ်မှာ ရောက်ရှိနေသည်ဖြစ်စေ သူမသည် အမြဲတမ်း သူချစ်ခင်မြတ်နိုးရပြီး ဘယ်တော့မှ ကြီးပြင်းလာပုံမရသော ညီမငယ်လေး ဖြစ်လေသည်။
“အစ်ကိုကြီး…”
“ဒီကို မြန်မြန်လာလေ… ငါတို့တွေ မင်းကို စောင့်နေကြတာ”
ကျားနှင့်အခြားသူများက ဆူဇီမိုကို တွေ့မြင်သောအခါ သူတို့က စိတ်လှုပ်ရှားတက်ကြွစွာဖြင့် လှမ်းအော်ခေါ်လိုက်ကြ၏။
အင်မော်တယ်ဘုရင် ရှစ်ချွယ်က ထိုသူကို တွေ့မြင်သောအခါ ဘာကြောင့်ရယ်မသိ၊ ထူးဆန်းသော အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာ၏။
အစိမ်းရောင်ဝတ်ရုံကျင့်ကြံသူက အဓိကအခရာ ဖြစ်နေမလား”
သို့သော်လည်း သိပ်မကြာခင် သူက ထိုအတွေးကို ပယ်ချလိုက်၏။
ဤလူသည် ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာသာ ရှိသည့်ပုံပေါ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က သူ့ထက်ပင် ပိုမိုနိမ့်ကျနေ၏။ သူက ထိပ်တန်းကမ္ဘာကြီးများမှ ဤပညာရှင်များကို ဘယ်လိုလုပ် ခေါ်ယူစုဝေးနိုင်ပါ့မလဲ။
“ဒီလူ့ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ”
ထိုစဉ်မှာပင် နတ်ဆေးမိုးကောင်းကင်နန်းတော်ဘက်ရှိ လူအုပ်ကြားထဲမှ အသံတစ်သံထွက်ပေါ်လာ၏။
“ငါ မှတ်မိပြီ… ငါ သူ့ကို မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာတုန်းက တွေ့ဖူးတယ်… သူက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမိုပဲ”
“ဟိုဖန်တီးခြင်းကြာပဒုမ္မာလား… သူက တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ အမဲလိုက်ခြင်းခံရပြီး ဧကရာဇ်ဂူသင်္ချိုင်းထဲကို ဝင်ရောက်သွားတယ်လို့ ငါကြားတယ်… သူက သေသွားပြီပဲ”
“အဲ့တာ မဟုတ်ဘူး… အဲ့ဒီလူက ဓားကမ္ဘာက ဆူကျူးပဲ… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ငါ သူ့ကို မြင်ဖူးတယ်”
ပကတိစိတ်ဝိညာဉ်တစ်ဦးက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက သူက ဗလာနယ်ဝိညာဉ်နယ်ပယ်မှာတင် အန္တိမပကတိစိတ်ဝိညာဉ် နှစ်ဆယ်ကျော်ကို အနိုင်ယူခဲ့တာ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့တယ်”
“ဆူဇီမိုလား”
“ဆူကျူးလား”
အင်မော်တယ်ဘုရင် ရှစ်ချွယ်က မျက်မှောင်ကြုတ်ကာ ခေါင်းကိုက်လာခဲ့၏။
ဆူကျူးဟူသောအမည်ကို ကြားရချိန် ယွင်ကျူးက တွေဝေရှုပ်ထွေးသော အကြည့်နှင့်အတူ ဆူဇီမိုကို ပြုံးပြီးကြည့်လိုက်၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီသွေးလိပ်ပြာသည် မြင့်မားသောပုံရိပ်နှင့်အတူ ပေါ်ထွက်လာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အတူတကွ စိုးမိုးခြယ်လှယ်ခဲ့သည်ကို သူမ ကြားထားလေသည်။
သူမသည် စာအုပ်အင်မော်တယ်ဖြစ်သော်လည်း သူမသည် သားရဲဧကရီသွေးလိပ်ပြာထက် များစွာနိမ့်ကျနေသည်ကို ယွင်ကျူးက သိရှိထား၏။
ဒါ့အပြင် ဆူဇီမိုနှင့် သားရဲဧကရီသွေးလိပ်ပြာသည် ဟိုးအရင်ကတည်းက သိကျွမ်းထားသည်ကို သူမက ထောင်ယောင်ထံမှ သိရှိထားလေသည်။
တကယ်ဆို ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်ပြီးနောက် ဤအဆင့်ထိ တက်လှမ်းလာနိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ သူသည် သားရဲဧကရီသွေးလိပ်ပြာကို အမီလိုက်လိုသောကြောင့် ဖြစ်လေသည်။
“အဝတ်အစားအသစ်ကို မြင်တဲ့အခါ အဟောင်းကို မေ့သွားတတ်ကြတယ်တဲ့… ဒါပေမဲ့ အရင်တုန်းက ဆက်ဆံရေးက နောက်ပိုင်းဆက်ဆံရေးထက် ပိုသာနေတုန်းပဲ”
ယွင်ကျူးက သူမ၏ ခေါင်းကိုငုံ့ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်၏။
သူမသည် စာအုပ်များစွာကို ဖတ်ရှုထားပြီး လူများကြားဆက်ဆံရေးနှင့် အသားကျနေသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ သူမသည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထား၏။
သူတို့နှစ်ယောက်က ပေါင်းစပ်ဖို့ ကံပါမလာခဲ့ရင်တောင် ဆူဇီမိုသည် သူမ၏ ရင်ထဲမှာ အခြားသူများနှင့် လုံးဝကို မတူကွဲပြားစွာ ရှိနေ၏။
“အာ... အဲ့ဒါ ထျန်ဟွမ်ကုန်းမြေတိုက်က ဟိုတာအိုပညာရှင်မလား”
“အင်း… သူ့နာမည်က ဘာပါလိမ့်… သူက ပုံပြောသူပဲ”
ကျားက ဆူဇီမို၏ ဘေးမှလူကို တွေ့မြင်သောအခါ သူက စတင်၍ အော်ပြောလိုက်၏။
ညဝိညာဉ်က တစ်ချက်ကြည့်ပြီး ထိုသူကို မှတ်မိသွား၏။
“လင်းရွှမ်ကျီပဲ”
အရင်တုန်းက လင်းရွှမ်ကျီ၊ ဆူဇီမိုနှင့် ညဝိညာဉ်သည် ထျန်ဟွမ်ကုန်းမြေတိုက်တွင် နဂါးမျိုးနွယ်၏ တားမြစ်ကုန်းမြေမှာ နဂါးဥတစ်လုံးကို စားသုံးခဲ့ကြလေသည်။
တကယ်တော့ အများစုကို ဆူဇီမိုနှင့် ညဝိညာဉ်က စားသုံးခဲ့ခြင်းဖြစ်ပြီး လင်းရွှမ်ကျီက အရသာခံနိုင်ခဲ့ရုံသာဖြစ်၏။
နောက်ပိုင်းမှာ လင်းရွှမ်ကျီသည် ညဝိညာဉ်ကို သဘောကျပြီး ဆူဇီမိုထံကနေပင် လုယူလိုခဲ့လေသည်။
ဆူဇီမိုသည် အနည်းငယ်နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်မှာ သူသည် လမ်းမှာ လင်းရွှမ်ကျီနှင့် ကြုံတွေ့ပြီး ကြန့်ကြာနေခဲ့သောကြောင့်ဖြစ်၏။
အစကတော့ လင်းရွှမ်ကျီသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ရှိနေခဲ့၏။
သူပြောပုံအရ သူသည် နေ့နှင့်ည၏ နက္ခတ္တဗေဒနိမိတ်ဖြစ်စဉ်များကို လေ့လာအကဲခတ်ခဲ့ပြီးနောက် နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ကြီးမားသော ကပ်ဘေးတစ်ခု သေချာပေါက်ကျရောက်လာတော့မည်ကို သိရှိခဲ့လေသည်။
ထို့ကြောင့် သူက သူ၏ လက်ချောင်းများနှင့် တွက်ချက်နေခဲ့၏။
လင်းရွှမ်ကျီသည် ဆူဇီမို၏ ရှေ့မှာ စကားများကို အတောမသတ်နိုင်အောင် တတွတ်တွတ်ပြောဆိုနေပြီး သူ၏တံတွေးများက ဖိတ်စင်ပြန့်ကျဲနေ၏။ ဆူဇီမိုသည် သုန်မှုန်နေသော အမူအရာဖြင့် သူ့ကို ဖြတ်ပြောခဲ့ခြင်းကြောင့် မဟုတ်လျှင် သူက ဘယ်လောက်တောင် အရစ်ရှည်နေမလဲ မသိနိုင်ပေ။
ဆူဇီမို၏ ဖြတ်ပြောခြင်းခံရပြီးနောက် လင်းရွှမ်ကျီက မကျေမနပ်ဖြင့် စုပ်သပ်လိုက်၏။
မည်သို့ပင်ဆိုစေ လင်းရွှမ်ကျီသည် သူတို့၏ လမ်းခရီးကို တွက်ချက်ပြီး လမ်းတစ်ဝက်မှာ သူတို့ကို ရှာနိုင်ခဲ့သည့်အချက်ကပင် သူက တကယ်ပင် အစွမ်းအစရှိကြောင်း သက်သေပြပေးနေ၏။
ထိုအကြောင်းကို ပြောဆိုချိန်မှာ လင်းရွှမ်ကျီက အတော်လေး အူမြူးအားရနေ၏။
လင်းရွှမ်ကျီသည် အပြေးအလွှားရောက်ရှိနေပြီး လူတိုင်းကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်၏။ သူက အင်မော်တယ်ဘုရင်မလင်းလုံကို တွေ့မြင်သောအခါ သူ၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွား၏။
အင်မော်တယ်ဘုရင်မလင်းလုံသည် သူ့အကြောင်းကို ဆူဇီမိုထံမှ ကြားဖူးထားပြီး သူ့ကို ခပ်ယဲ့ယဲ့ပြုံးကာ ကြည့်နေ၏။
“မင်္ဂလာပါ ဆရာဘိုးဘေးလင်းလုံ”
လင်းရွှမ်ကျီက အင်မော်တယ်ဘုရင်မ လင်းလုံ၏ ရှေ့သို့ ရောက်ရှိလာပြီး ဦးညွှတ်လိုက်၏။
“ထပါ”
အင်မော်တယ်ဘုရင်မ လင်းလုံက သူ့ကို ခပ်မြန်မြန်ထူမပေးပြီး ပြုံးပြလိုက်၏။
“မင်းကလည်း ကောင်းကင်လိုဏ်ဂူအင်မော်တယ်ဘုရင်တစ်ဦး ဖြစ်နေပြီပဲ… ငါတို့တွေက အခု အထက်ဘုံလောကမှာ ရောက်ရှိနေတာ… အောက်ဘုံလောကက ဝါစဉ်တွေနဲ့ပတ်သက်ပြီး ဂရုစိုက်စရာမလိုတော့ဘူး”
လင်းရွှမ်ကျီ ကျင့်ကြံသော ကျင့်ကြံရေးနည်းစနစ်က ထူးခြားပြီး ဤနေရာမှာ ပညာရှင်များစွာ ရှိသော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်ကို ပြောနိုင်သည့်လူ များစွာမရှိပေ။
မထင်မှတ်ထားစွာပင် အင်မော်တယ်ဘုရင်မ လင်းလုံက တစ်ချက်ကြည့်ရုံနှင့် အဲ့ဒါကို သိနိုင်လေသည်။
လင်းရွှမ်ကျီသည် ဤမျှအထိ မြန်မြန်ဆန်ဆန်ကျင့်ကြံလာနိုင်ခဲ့သည်မှာ လူအိုကြီးရွှမ်သည် သူ၏ အမွေအနှစ်ကို အိတ်သွန်ဖာမှောက် သင်ကြားပေးခဲ့သောကြောင့်ဖြစ်၏။
“မင်းက ပဟေဠိနန်းတော်ရဲ့ ဒီဘက်မျိုးဆက် ပုံပြောသူပဲ ဖြစ်ရမယ်… ဟုတ်တယ်မဟုတ်လား”
အင်မော်တယ်ဘုရင်မ လင်းလုံက ပြုံး၍မေးလိုက်၏။
“ဟုတ်ပါတယ်”
လင်းရွှမ်ကျီက ခေါင်းညိတ်ပြလိုက်၏။
“ဆရာဘိုးဘေး လင်းလုံ… ခင်ဗျား အဲ့ဒါကို ဘယ်လိုသိတာလဲ”
အင်မော်တယ်ဘုရင်မ လင်းလုံက ပြုံးပြလိုက်၏။
“မင်းက ဒီလောက်စကားတွေများကြီး ပြောနေပုံထောက်ရင် မင်းရဲ့ပုံပြင်ဇာတ်လမ်းတွေကို ပြောရမယ့်နေရာ ရှာမရတာကြောင့် ဖြစ်ရမယ်”
“ဆရာဘိုးဘေး လင်းလုံ… ခင်ဗျားက တကယ့်ကို ဂမ္ဘီရပညာရှင်ပဲ… ခင်ဗျားက နတ်ဘုရားမျက်လုံးနဲ့ တကယ့်ကို အမြော်အမြင်ကြီးမားတဲ့….”
လင်းရွှမ်ကျီ စကားပြောလိုက်စဉ်မှာပင် သူက အလွန်တရာ ချဲ့ကားပြောဆိုလာခဲ့၏။
အင်မော်တယ်ဘုရင်မ လင်းလုံက ထိုစကားကို ကြားသောအခါ မျက်နှာပူသွားပြီး ဒေါသတကြီး အော်ပြောလိုက်၏။
“တော်တော့”
လင်းရွှမ်ကျီက ညင်သာစွာ ချောင်းဟန့်လိုက်၏။
တကယ်တော့ အင်မော်တယ်ဘုရင်မ လင်းလုံပြောသည်မှာ မှန်လေသည်။ သူသည် ဤနှစ်များအားလုံးမှာ အရာရာတိုင်းကို ချုပ်တည်းထားရသည့်အတွက် ရူးတော့မတတ်ဖြစ်နေ၏။
လူအိုကြီးရွှမ်၏ အမွေအနှစ်ကို လက်ခံရရှိပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ အကြီးအကဲတစ်ဆယ် ဖြစ်လာပြီးနောက် သူသည် ပုံပြင်ဇာတ်လမ်းများကို နေရာတိုင်းမှာ လှည့်လည်ပြောဆိုဖို့နေနေသာ အပြင်ဘက်သို့ သာမန်ကာလျှံကာပင် ထွက်မသွားနိုင်ပေ။
လူအိုကြီးရွှမ်သည် တက္ကသိုလ်ဂိုဏ်းချုပ်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူ့ကို ဓမ္မပညာများ သင်ကြားပေးခဲ့၏။ သူသည် စွမ်းအင်အမြောက်အများ သုံးစွဲခဲ့ရပြီး သူ့မှာ ဘဝသက်တမ်း များစွာမကျန်ရှိတော့ပေ။
လင်းရွှမ်ကျီသည် လူအိုကြီးရွှမ်က နားမခံသာဘဲ သေဆုံးသွားမည်ကို စိုးရိမ်သောကြောင့် လူအိုကြီးရွှမ်ကိုလည်း သူ၏ ပုံပြင်ဇာတ်လမ်းများ ပြောမပြရဲပေ။
ထို့ကြောင့် လင်းရွှမ်ကျီသည် ပြီးခဲ့သည့်နှစ်များမှာ အောင့်အည်းနေခဲ့ရ၏။
ဤတစ်ခေါက်မှာ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသည် နှစ်တစ်သောင်းတွေ့ဆုံပွဲကို ကျင်းပနေလေသည်။ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ပါဝင်ယှဉ်ပြိုင်ဖို့ ထိုနေရာသို့ သွားရသောကြောင့် သူက အခွင့်အလမ်းကို ချိန်ဆကာ နောက်ဆုံး ခိုးထွက်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။