လဲပြိုကျခြင်း
Vol. 208 Ch. 3108
“တာအိုရောင်းရင်း... ကျုပ် ခင်ဗျားကို ဆူဇီမိုလို့ခေါ်ရမှာလား… ဆူကျူးလို့ခေါ်ရမှာလား”
အင်မော်တယ်ဘုရင် ရှစ်ချွယ်က လေးနက်သောအသံဖြင့် မေးလိုက်၏။
“အဲ့ဒါက အရေးမကြီးဘူး”
ဆူဇီမိုက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် ရှောင်းနင်ကို လက်ညှိုးထိုးပြလိုက်၏။
“မင်းက အချက်တစ်ချက်ကို မှတ်ထားရင်ရပြီ… ငါက သူ့အစ်ကိုပဲ”
အင်မော်တယ်ဘုရင် ရှစ်ချွယ်က ပြုံးပြလိုက်၏။
“ကျုပ်က ခင်ဗျားညီမကို အရမ်းစွဲလမ်းသွားလို့ ကျုပ်က နည်းနည်းလွန်ကဲသွားတာ… ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး… ကျုပ်သူ့ကို ထိခိုက်အောင် လုပ်မထားဘူး”
“တာအိုရောင်းရင်း... ခင်ဗျားစိတ်မရှိဘူးဆိုရင် နတ်ဆေးမိုးကောင်းကင်နန်းတော်ကို ကျုပ်နဲ့လိုက်ခဲ့ပါလား… ကျုပ် ခင်ဗျားကို လက်ဖက်ရည်နဲ့ ကိုယ်တိုင်တောင်းပန်ပါ့မယ်”
အင်မော်တယ်ဘုရင် ရှစ်ချွယ်က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူက စတင်၍ အားနည်းမှုကို ပြသလိုက်၏။
မည်သို့ပင်ဆိုစေ သူသည် နတ်ဆေးမိုးကောင်းကင်နန်းတော်သို့ အရင်ဆုတ်ခွာသွားရပေမည်။
သူ့ကို ထိခိုက်အောင် မလုပ်ရသေးဘူးတဲ့လား…
ဤလူများ ပေါ်ထွက်မလာလျှင် ညဝိညာဉ်နှင့် ရှောင်းနင်က သေရပေမည်။
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“ငါ နတ်ဆေးမိုးကောင်းကင်နန်းတော်ကို သွားမှာပါ… ဒါပေမဲ့ မင်းနောက်ကိုလိုက်မှာတော့ မဟုတ်ဘူး… ဒါပေမဲ့ မင်းခေါင်းကိုတော့ ယူသွားရလိမ့်မယ်”
ဆူဇီမိုက သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားပေ။
“ငါက အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်ရဲ့သားပဲ”
အင်မော်တယ်ဘုရင် ရှစ်ချွယ်က သုန်မှုန်စွာဖြင့် ပြောလိုက်၏။
“မင်းသားတစ်ပါးကို သတ်ဖြတ်တာက ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိထားရမယ်… မင်းက ဒီနေ့ဒီနေရာကို ဧကရာဇ်ပညာရှင်တွေ ဖိတ်ခေါ်ထားခဲ့မယ်ဆိုရင်တောင် သူတို့တွေက မင်းကို အမြဲတမ်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
“မင်းက အင်မော်တယ်ဧကရာဇ်ပညာရှင်တစ်ဦးရဲ့ လက်စားချေမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
အင်မော်တယ်ဘုရင် ရှစ်ချွယ်က အားနည်းမှုကို ပြသနေစဉ်မှာတောင် တစ်ဖက်သူက အလျှော့မပေးလိုသည်ကို တွေ့မြင်သောအခါ သူက တင်းမာသော သဘောထားကို ပြန်ပြလိုက်လေသည်။
“မင်းသားလား”
ဆူဇီမိုက ပြောလိုက်၏။
“အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က ဒီကိစ္စမှာ ဝင်ရှုပ်ရဲမယ်ဆိုရင် ငါ သူ့ကိုလည်းသတ်မယ်”
သူက အင်မော်တယ်ဧကရာဇ်တစ်ပါးကိုတောင် သတ်ဖြတ်လိုတာလား…
ဆူဇီမို၏ စကားသည် အင်မော်တယ်ဘုရင်ရှစ်ချွယ်အတွက် အတော်လေး ရယ်စရာကောင်းနေ၏။
အင်မော်တယ်ဧကရာဇ်ပညာရှင်များက ဘယ်လိုလုပ် အလွယ်တကူ သေဆုံးနိုင်ပါ့မလဲ။
ဧကရာဇ်အထီးကျန်သိုင်းသခင်ကဲ့သို့ ရက်စက်ကြမ်းတမ်းသော ပုဂ္ဂိုလ်ကလွဲလျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးမှာ ဘယ်သူကများ အင်မော်တယ်ဧကရာဇ်တစ်ပါးကို အလွယ်တကူသတ်ဖြတ်နိုင်သည်ဟု ပြောဆိုရဲပါ့မလဲ။
တကယ်တမ်းမှာ အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်၏ ကျင့်ကြံမှုနယ်ပယ်အရ နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ဧကရာဇ်ပညာရှင်များစွာ ရောက်ရှိလာသည်ကို သူက အာရုံခံမိနေခဲ့ပြီးသားဖြစ်၏။
သို့သော်လည်း သူသည် သားရဲဧကရီအမြီးကိုးချောင်းနှင့် တခြားသူများ၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ဘဲ အလျင်စလိုမပြုမူရဲပေ။ သူက စောင့်ကြည့်ရုံသာ တတ်နိုင်လေသည်။
ဆူဇီမိုနှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသော နိမ့်ကျသက်ရှိများကို ကြောက်နေစရာ ဘာမှမရှိပေ။ သို့သော်လည်း ထိပ်တန်းကမ္ဘာကြီးများမှ ဤဧကရာဇ်ပညာရှင်များထဲ မည်သူမဆို အထွတ်အထိပ်ဧကရာဇ်တစ်ဦးဖြစ်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက သူ့ထက် များစွာပိုမိုမြင့်မားလေသည်။
“မင်းက တော်တော်မောက်မာတာပဲ”
အင်မော်တယ်ဘုရင် ရှစ်ချွယ်က သူ၏ မျက်လုံးကို မှေးကျဉ်းပြီး တည်တံ့စွာ ပြောလိုက်၏။
“ဒါက နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေပဲ… ဒီမှာရှိနေတဲ့ ဧကရာဇ်ပညာရှင်တွေ ဝင်မပါဘူးဆိုရင် ထျန်ဟွမ်ဂိုဏ်းက မင်းတို့တွေမှာ အနိုင်ရဖို့ အခွင့်အရေး များများစားစားမရှိဘူး”
“ငါတို့ အသေအကြေတိုက်ခိုက်ကြမယ်ဆိုရင် ဘယ်ဘက်အတွက်မှ ကောင်းမှာမဟုတ်ဘူး”
အင်မော်တယ်ဘုရင် ရှစ်ချွယ်သည် ခွန်ဖန်းကမ္ဘာနှင့် မဟာအရိုင်းကမ္ဘာမှ ဧကရာဇ်ပညာရှင်များကို ဖယ်ထုတ်နိုင်မည်ဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ဘက်မှာ အစစ်အမှန်ပညာရှင်များစွာမရှိသည်ကို သူက ပြောနိုင်လေသည်။
တကယ်တမ်း ခြိမ်းခြောက်နိုင်စွမ်းရှိသူများမှာ လင်းကျန့်၊ ဖုန့်စန်းထျန်နှင့် တချို့တလေသာ ဖြစ်လေသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ ဘေးပတ်ဝန်းကျင်မှာ နတ်ဆေးမိုးကောင်းကင်နန်းတော်မှ အင်မော်တယ်ဘုရင် ၃၀၀ ကျော် ရှိနေဆဲဖြစ်၏။
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“နတ်ဆေးမိုးကောင်းကင်နန်းတော်လောက်က ငါ့ကို အသေအကြေတိုက်ခိုက်စေဖို့ မထိုက်တန်ဘူး”
ရှောင်းနင်က ပြောလိုက်၏။
“အစ်ကို… ဒီလူက တော်တော်တဏှာကြီးတယ်… သူက စောစောတုန်းက တာအိုရောင်းရင်းယွင်ကျူးကိုတောင်မှ အရယူလိုခဲ့သေးတယ်”
“ဟေ… အဲ့ဒါ မင်းသားလား… အဲ့ဒါကြောင့် သူက အရမ်းတွေ မြင့်မြတ်နေပြီး အောက်ဘုံလောကက တက်လှမ်းလာတဲ့လူတွေကို အထင်သေးနေတာကိုး… သူက ငါတို့ကို နိမ့်ကျသက်ရှိတွေလို့တောင်မှ ခေါ်ခဲ့သေးတယ်”
ကျားက ထပ်ပြောလိုက်၏။
“ငါတို့တွေ နတ်ဆေးမိုးကောင်းကင်နန်းတော်ကို ဖျက်ဆီးပစ်ကြမယ်”
ဖုန့်စန်းထျန်က အော်ပြောလိုက်၏။
“ဒီနေ့တိုက်ပွဲအပြီးမှာ အထက်ဘုံလောကက အဲ့ဒီအင်မော်တယ်အုပ်စုနဲ့ မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးကို သူတို့မှာ ဘယ်လိုအဆင့်အတန်းတွေပဲ ရှိပါစေ… သူတို့ကလည်း ပလ္လင်ပေါ်ကနေ ဆွဲချခံရနိုင်တယ်ဆိုတာကို သိသွားအောင် ငါတို့လုပ်ပြမယ်”
“နတ်ဆေးမိုးကောင်းကင်နန်းတော်ကို ချေမှုန်းဖျက်ဆီးကြ”
ထျန်ဟွမ်ကုန်းဂိုဏ်းမှ လူတိုင်းက သံပြိုင်အော်ဟစ်လိုက်ကြ၏။
ထျန်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူအများစုသည် အောက်ဘုံလောကက တက်လှမ်းလာသော သက်ရှိများဖြစ်ကြပြီး အထက်ဘုံလောကမှ ထိခိုက်နစ်နာမှုများနှင့် ကြုံတွေ့ခဲ့ရ၏။ နောက်ဆုံးမှာ သူတို့သည် ထျန်ဟွမ်ဂိုဏ်းမှာ အခြေချစရာနေရာတစ်ခုကို ရှာတွေ့ခဲ့လေသည်။
သူတို့သည် အထက်ဘုံလောကရှိ အင်မော်တယ်များ၏ မောက်မာမှု၊ အထင်မြင်သေးမှုနှင့် နိုင်လိုစီးနင်းပြုလုပ်မှုတို့ကို မုန်းတီးနေခဲ့ပြီးသားဖြစ်ပြီး အဲ့ဒါကို သည်းမခံနိုင်ကြပေ။
အင်မော်တယ်ဘုရင် ရှစ်ချွယ်က ထိုသည်ကို တွေ့မြင်သောအခါ နှစ်ဦးနှစ်ဖက်ကြား ညှိနှိုင်းဆွေးနွေးစရာ မရှိတော့သည်ကို သူက နားလည်သဘောပေါက်သွား၏။
သူက အဲ့ဒါကို မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်လျှင် သူသည် ဤကပ်ဘေးကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“ဧကရာဇ်ပညာရှင်တို့… ခင်ဗျားတို့တွေအားလုံးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကျော်ကြားခဲ့ပြီးသား စီနီယာတွေပဲ… ခင်ဗျားတို့ရဲ့ စကားက အရမ်းကို အရေးပါအရာရောက်တယ်… ခင်ဗျားတို့တွေက ဒီကိစ္စမှာ ကြားဝင်မစွက်ဖက်ဖို့ ကျုပ်မျှော်လင့်တယ်… ဒါက နတ်ဆေးမိုးကောင်းကင်နန်းတော်နဲ့ ထျန်ဟွမ်ကုန်းမြေတိုက်က အဲ့ဒီနိမ့်ကျသက်ရှိတွေကြားက ရန်ငြိုးရန်စပဲ”
အင်မော်တယ်ဘုရင် ရှစ်ချွယ်က သံသရဖူဆောင်းအဘိုးအို၊ ဧကရာဇ်မြောက်ပိုင်းခွန်၊ သားရဲဧကရီအမြီးကိုးချောင်းနှင့် အခြားသူများကို အလေးအနက်ဦးညွှတ်လိုက်၏။
သူသည် ဤဧကရာဇ်ပညာရှင်အုပ်စုကို ဖယ်ထုတ်နိုင်မည်ဆိုလျှင် သူ့မှာ အနိုင်ရဖို့အခွင့်အရေး ရှိလာပေလိမ့်မည်။
နတ်ဆေးမိုးကောင်းကင်နန်းတော်သည် နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ပြီး သူတို့၏ ခွန်အားသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤနိမ့်ကျသက်ရှိများ အလွယ်တကူကိုင်လှုပ်နိုင်သော တစ်စုံတစ်ရာ လုံးဝမဟုတ်ပေ။
သံသရဖူဆောင်းအဘိုးအိုနှင့် အခြားသူများက အင်မော်တယ်ဘုရင် ရှစ်ချွယ်ကို သနားကရုဏာသက်စွာဖြင့် ကြည့်လိုက်ကြ၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် သားရဲဧကရီသွေးလိပ်ပြာ၏ အဆက်အပြတ်တိုက်ခိုက်မှုများကြောင့် မီးပဒေသာနဂါးကြယ်အပြင်ဘက်မှာ ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လုံးလုံးလျားလျား ပျံ့နှံ့မသွားခဲ့ပေ။
အင်မော်တယ်ဘုရင် ရှစ်ချွယ်သည် သူက မည်ကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်နေရသည်ကို ယခုအချိန်ထိ သဘောမပေါက်သေးပေ။
မီးပဒေသာနဂါးကြယ်အပြင်ဘက်တိုက်ပွဲမှာ ဆူဇီမိုသည် ကမ္ဘာပေါင်း ၁၀၀ကျော်၏ ဘီလီယံနှင့်ချီသော စစ်သည်များဖြင့် ဖွဲ့စည်းထားသော စစ်တပ်တပ်နှင့် ရင်ဆိုင်ရချိန်မှာ ကောင်းကင်လိုဏ်ဂူဘုရင် ၁၀၀၀ကျော်ကို သတ်ဖြတ်ခဲ့လေသည်။
နတ်ဆေးမိုးကောင်းကင်နန်းတော်၏ အင်မော်တယ်ဘုရင် ၃၀၀ကျော်ကျော်က သူ့အတွက် အာသာပြေစေဖို့ပင် မလုံလောက်ပေ။
အင်မော်တယ်ဘုရင် ရှစ်ချွယ်က သူ၏ ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး ထုတ်ဖော်ကြေညာလိုက်၏။
“အားလုံးပဲ… ဒီနေ့မှာ ထျန်ဟွမ်ကုန်းမြေတိုက်က ဒီနိမ့်ကျသက်ရှိတွေက နတ်ဆေးမိုးကောင်းကင်နန်းတော်ကို ဖိနှိမ်ချင်နေကြတယ်… ဒါက လက်ရှိလူတိုင်း၊ ဂိုဏ်းတိုင်းနဲ့ ရှေးတော်ဝင်မိသားစုတိုင်းနဲ့ ပတ်သက်နေတယ်”
“ထျန်ဟွမ်ကုန်းမြေတိုက်က အဲ့ဒီနိမ့်ကျသက်ရှိတွေက အနိုင်ရသွားမယ်ဆိုရင် ငါတို့တွေက အခုငါတို့မှာ ရှိထားသမျှ အရာရာတိုင်းကို ဆုံးရှုံးရလိမ့်မယ်”
အင်မော်တယ်ဘုရင် ရှစ်ချွယ်၏ စကားလုံးများသည် လက်ရှိပညာရှင်များစွာကို တကယ်ပင် အရှိုက်ထိသွားစေ၏။
နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဂိုဏ်းကြီးများ၊ အင်မော်တယ်နိုင်ငံများနှင့် နတ်ဆေးမိုးကောင်းကင်နန်းတော်သည် အပြန်အလှန်ဆက်ဆံရေးတစ်ခုကို အချိန်ကာလကြာမြင့်စွာ တည်ဆောက်ထားခဲ့လေသည်။ ထိုဆက်ဆံရေးသည် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ကျင့်ကြံရေးအရင်းအမြစ်များအားလုံးကို လက်ဝါးကြီးအုပ်ထားခဲ့လေသည်။
နတ်ဆေးမိုးကောင်းကင်နန်းတော်က ဖျက်ဆီးခံရမည်ဆိုလျှင် သူတို့အတွက် ကောင်းတာ ဘာမှမရှိနိုင်ပေ။
အဲ့ဒါသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေအတွက်လည်း အတူတူပင်ဖြစ်၏။
ထို့ကြောင့် အရင်တုန်းက ဖုန့်စန်းထျန်၏ အောင်မြင်ထွန်းပေါက်မှုသည် အထက်ဘုံလောကမှ ဤအင်မော်တယ်များ၏ မျက်လုံးထဲမှာ ဆူးတစ်ချောင်းကဲ့သို့ ဖြစ်နေခဲ့၏။ နောက်ဆုံးမှာ သူသည် နှစ်ပေါင်းသိန်းချီကြာအောင် အကျဉ်းချခံရပြီး နေ့အလင်းရောင်ကို မတွေ့မြင်နိုင်ခဲ့ပေ။
အင်မော်တယ်ဘုရင် ရှစ်ချွယ်၏ တိုက်တွန်းလှုံ့ဆော်စကားလုံးများသည် နတ်ဆေးမိုးကောင်းကင်နန်းတော်မှ ပညာရှင်များ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို တကယ်ပင် နှိုးဆွပေးနိုင်၏။
သို့သော်လည်း နှစ်ဦးနှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မိသည့်အချိန်မှာပင် နတ်ဆေးမိုးကောင်းကင်နန်းတော်က လုံးလုံးလျားလျား လဲပြိုကျသွားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
သူတို့က မတိုက်ခိုက်နိုင်ကြပေ။ သူတို့က လုံးဝကို မတိုက်ခိုက်နိုင်ကြပေ။
ဆူဇီမိုသည် ခေါင်းလေးလုံး လက်ရှစ်ဖက်ကို ဆင့်ခေါ်ပြီး သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၊ အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၊ ချင်းဖျင်ဓားနှင့် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြောက်စရာကောင်းသော မျိုးဆက်သွေးနှင့်အတူ လူအုပ်ကြားထဲသို့ ပြေးဝင်သွား၏။
သူတို့၏ ပကတိကောင်းကင်လိုဏ်ဂူများနှင့်အတူ အနိုင်နိုင်ခုခံထားနိုင်သော အထွတ်အထိပ်အင်မော်တယ်ဘုရင်များကလွဲလျှင် သာမန်အင်မော်တယ်ဘုရင်များနှင့် အန္တိမအင်မော်တယ်ဘုရင်များသည် သူ့ရှေ့မှာ ဟင်းရွက်ကန်စွန်းများကဲ့သို့ဖြစ်နေပြီး ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။
ဆူဇီမိုတစ်ယောက်တည်းကပင် နတ်ဆေးမိုးကောင်းကင်နန်းတော်မှ အင်မော်တယ်ဘုရင်ပညာရှင် ၃၀၀ကျော်ကျော်ကို ဖရိုဖရဲသွားစေ၏။
သူသည် တကယ့်ကို လူပုံသဏ္ဌာန် သတ်ဖြတ်ခြင်းစက်တစ်လုံးကဲ့သို့ ဖြစ်နေ၏။
မိုးကြိုးသံက တဝုန်းဝုန်းမြည်လာပြီး လျှပ်စီးများက တဖျပ်ဖျပ်လက်လာ၏။
ကြီးမားသော မိုးကြိုးလျှပ်စီးပင်လယ်တစ်ခုက တလိပ်လိပ် ထိုးတက်လာလေသည်။
ဖုန့်စန်းထျန်က မိုးကြိုးလျှပ်စီးများကြားကနေ မွေးဖွားလာသော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး သူက သူ၏ လှံကို လွှဲယမ်းကာ နေရာပေါင်းစုံမှာ ဝင်ရောက်သတ်ဖြတ်နေ၏။
လင်းကျန့်သည် နတ်ဆေးမိုးကောင်းကင်နန်းတော်မှ ဧကရာဇ်တစ်ပိုင်းပညာရှင်များနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်၏။
တူညီသော ကျင့်ကြံမှုနယ်ပယ်မှာ ပူးပေါင်းထားသော ဧကရာဇ်တစ်ပိုင်းများသည် လင်းကျန့်၏ လုံးလုံးလျားလျား ဖိနှိမ်ခြင်းကိုခံနေရပြီး အရေးနိမ့်ကာ တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ဆုတ်ပေးနေရ၏။
အင်မော်တယ်ဘုရင်မ လင်းလုံသည် နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများကို ထုတ်ဖော်ပြီး ဂမ္ဘီရမိုးကောင်းကင် လိပ်ခွံကို ကိုင်စွဲထားလေသည်။ သူမက အင်မော်တယ်ဘုရင်တိုက်ပွဲမြေမှာ လှုပ်ရှားသွားလာပြီး လွတ်လပ်စွာ လွင့်မျောနေ၏။ အင်မော်တယ်ဘုရင်ပညာရှင်များသည် သူမ၏ အဝတ်စကိုပင် မထိနိုင်ကြပေ။
ပကတိစိတ်ဝိညာဉ်တိုက်ပွဲက တကယ့်ကို ချောက်ချားစရာကောင်းနေ၏။
မျောက်သည် တိုက်ပွဲဧကရာဇ်လက်နက်ကို ဆင့်ခေါ်ပြီး စကြဝဠာနှင့်တိုက်ခိုက်ခြင်း လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။ ပေပေါင်းထောင်ချီမြင့်မားသော တိုက်ပွဲဝင်ဝိညာဉ်တစ်ခုက ဆင်းသက်လာပြီး မျိုးဆက်သွေးနယ်မြေဖြစ်စဉ်နှင့် ပေါင်းစည်းသွားခါ ပြိုင်ဘက်ကင်းနေလေသည်။
နတ်ဆေးမိုးကောင်းကင်နန်းတော်မှ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးသည် မျောက်၏ တောင်ဝှေးရိုက်ချက်ဖြင့် လွင့်စင်ထွက်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ သွေးများကို ထွေးထုတ်နေရ၏။
သူက မတုံ့ပြန်နိုင်ခင် အနက်ရောင်အရိပ်တစ်ခုက ရိပ်ခနဲဖြတ်ပြေးသွားပြီး သူ၏ ဦးခေါင်းမှာ သွေးသံရဲရဲအပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရကာ သူက သေဆုံးသွားလေသည်။
ပကတိစိတ်ဝိညာဉ်တိုက်ပွဲနယ်မြေမှာ စိတ်ဝိညာဉ်တစ်ခုက တစ္ဆေသရဲတစ်ကောင်ကဲ့သို့ တရိပ်ရိပ်ဖြတ်ပြေးနေ၏။
ပကတိစိတ်ဝိညာဉ်များစွာသည် ညဝိညာဉ်ကို မတွေ့မြင်ခင်မှာပင် တိတ်တဆိတ် သတ်ဖြတ်ခံလိုက်ကြရ၏။
မျောက်၊ ညဝိညာဉ်၊ ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့ကပင် ပကတိစိတ်ဝိညာဉ်တိုက်ပွဲမြေကို ကျွမ်းထိုးမှောက်ခုံ ပြုလုပ်နိုင်ကြလေသည်။