အကျပ်အတည်း
Vol. 208 Ch. 3109
မျောက်၊ ညဝိညာဉ်နှင့် အခြားသောညီကိုမောင်နှမများသည် တစ်ယောက်ကိုတစ်ယောက်မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး အတူယှဉ်တွဲမတိုက်ခိုက်ရသည်မှာ အတော်ကြာခဲ့လေပြီ။ သူတို့သည် ဤတစ်ခေါက် အတူတကွ စုရုံးမိကြပြီး သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်က စစ်မြေပြင်မှာ တိုက်ခိုက်ခဲ့ရသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့်အလားပင်။
ထျန်ဟွမ်ဂိုဏ်းဘက်မှာ မင်းကျန်သည် မိစ္ဆာနှိမ်နင်းတောင်ဝှေးကို ကိုင်ဆွဲထား၏။ သူ၏ မျက်လုံးများက ကြည်လင်နေသော်လည်း သူ့မှာ စိန်ဒေါမာန်အကြည့်၏ စွမ်းပကားရှိနေ၏။
မနှိုင်းယှဉ်သာအောင် မှင်တက်စရာကောင်းသော ဆေဘာအလင်းတစ်ခုက တလိပ်လိပ်ထိုးတက်လာသော ဆေဘာစိတ်ဆန္ဒနှင့်အတူ ကောင်းကင်ထက်ကနေ ဆင်းသက်လာလေသည်။ ထိုခုတ်ချက်သည် လူတစ်ယောက်၏ ကာမဂုဏ်စိတ်အာရုံများကို နှိုးဆွပေးနိုင်ပြီး သူတို့က ရုန်းထွက်လာနိုင်တော့မည်မဟုတ်ပေ။
ယန်ပေးချန်က လောကီကာမဂုဏ်စိတ်အာရုံများကိုနှိုးဆွကာ တိုက်ခိုက်လိုက်၏။
ထိုသည်မှာ မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်မှ သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်၏။
သာမန်ပကတိစိတ်ဝိညာဉ်များကိုမပြောနှင့် ထျန်ဟွမ်ဂိုဏ်းမှာပင် ထိုခုတ်ချက်ကို ခုခံနိုင်သော ပကတိစိတ်ဝိညာဉ်မရှိသလောက်ပင်။
နတ်ဆိုးမကျိ၏ လှုပ်ရှားမှုနည်းစနစ်က ပေါ့ပါးဖျတ်လတ်ပြီး သူမ၏ လက်ထဲရှိ ဓားတစ်ချက်နှင့်အတူ လူအုပ်ကြားထဲမှာကခုန်နေသော စိတ်ဝိညာဉ်ကဲ့သို့ လှုပ်ရှားသွားလာနေ၏။ သူမ၏ လှုပ်ရှားမှုတစ်ခု၊ မျက်မှောင်တစ်ချက်နှင့် အပြုံးတစ်ချက်တိုင်းက တစ်ဘက်သူ၏ ရင်ကို မွှေနှောက်ပစ်နိုင်လေသည်။
သူမအတွက်တော့ ‘သတ်ဖြတ်ခြင်း’ဟူသော စကားလုံးသည် သွေးများဖြင့်စွန်းထင်းနေခြင်း လုံးဝမရှိသည့်ပုံပင်။ ထိုအစား အဲဒါသည် လှပသိမ်မွေ့မှုဖြင့် ပြည့်နှက်နေ၏။
နတ်ဆေးမိုးကောင်းကင်နန်းတော်မှ ပကတိစိတ်ဝိညာဉ်တချို့သည် သူတို့၏ မျက်နှာပေါ်ရှိ ကျေနပ်အားရနေသော အပြုံးများနှင့်အတူ နတ်ဆိုးမကျိ၏ ခြေရင်းမှာ လဲကျကာ သေဆုံးသွားကြ၏။
“အားလုံးပဲ သတိထားကြ… ဟိုမျောက်က ဒီကိုရောက်နေပြီ”
“ငါတို့တွေ ဆက်ပြီးတောင့်မခံနိုင်တော့ဘူး…ဟိုဘက်ကိုသွားကြမယ်”
“မလာခဲ့နဲ့… စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေက ဒီမှာရှိနေတယ်.. မြန်မြန်ရှောင်တိမ်းကြ”
“အားလုံးပဲ ဘာမှမကြောက်ကြနဲ့… အတူတကွစုစည်းပြီး သတ်ဖြတ်ခြင်းနဲ့ ဖောက်ထွက်ကြမယ်”
ပကတိစိတ်ဝိညာဉ်တိုက်ပွဲမြေမှာ နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာသည် ပျာပျာသလဲနှင့် အရေးနိမ့်နေကြ၏။
နတ်ဆေးမိုးကောင်းကင်နန်းတော်၏ သုခဘုံလေဟာနယ်ပကတိစိတ်ဝိညာဉ်တစ်ဦးက လူတိုင်းကို စုစည်းပြီး ဤနေရာကနေ ဖောက်ထွက်ချင်လေသည်။
နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာသည် အသံထွက်ပေါ်လာရာဘက်သို့ သွားရောက်စုစည်းလိုက်ကြ၏။
သို့သော်လည်း လူတိုင်းက ကောင်းကောင်းမစုစည်းနိုင်ခင် သူတို့သည် မွှေးပျံ့သော ပန်းရနံ့ကို ရရှိလိုက်ကြသည်။
ဤကဲ့သို့ သွေးချီများ တလိပ်လိပ်ထိုးတက်နေသည့် ချောက်ချားစရာကောင်းသော တိုက်ပွဲနယ်မြေမှာ ပန်းရနံ့ပေါ်ထွက်လာခြင်းက အရမ်းကို ထူးဆန်းလေသည်။
အရောင်မတူသော မက်မွန်ပွင့်များစွာက ကောင်းကင်ထက်ကနေ လွင့်မျောကျဆင်းပြီး ပန်းမိုးများ ရွာသွန်းလာသကဲ့သို့ ရစ်မူးဖွယ်ရာကောင်းသော ခပ်ဖျော့ဖျော့မွှေးရနံ့ကို ဖြာထုတ်ပေးနေ၏။
ပကတိစိတ်ဝိညာဉ်တစ်ဦးက အဲဒါနှင့် ပတ်သက်၍ များစွာစဉ်းစာခြင်းမရှိဘဲ သူ့ရှေ့မှ ကျဆင်းလာသော မက်မွန်ပွင့်များကို ဖယ်ရှားဖို့အတွက် သူ၏ လက်ကို လှုပ်ရှားလိုက်၏။
သို့သော်လည်း သူ၏ လက်ဖဝါးက အားနည်းပုံရသော မက်မွန်ပွင့်နှင့် ထိခတ်မိသောခါ သွေးမြူတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ဟာ…
အဆုံးမဲ့ဓားချီက မက်မွန်ပွင့်ကနေ ပေါက်ကွဲထွက်ပြီး ပကတိစိတ်ဝိညာဉ်ကို ချက်ချင်းပင် စကာပေါက်ဖြစ်သွားစေ၏။
“သတိထားကြ”
အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။
ဇီ…
ရုတ်တရက်ဆိုသလို။
ဓားတေးသံတစ်ခုက ထွက်ပေါ်လာ၏။
ကောင်းကင်ထက်မှာ ပြည့်နှက်နေသော မက်မွန်ပွင့်များကြားမှာ အလွန်တရာထက်ရှသော ဓားစိတ်ဆန္ဒတစ်ခုနှင့်အတူ တဖျတ်ဖျတ်တလက်လက်ဓားအလင်းတစ်ခုက ဆင်းသက်လာ၏။ အေးစက်နေသော စိတ်ဆန္ဒတစ်ခုက လွှမ်းခြုံသွားပြီး ယခုတင် စုစည်းမိလာသော လူအုပ်ကြီးကိုနှစ်ပိုင်းထိုးခွဲလိုက်၏။
“ယစ်မူးဖွယ်ရာ ပန်းကောင်းကင်… ဆီးနှင်းဓားတစ်လက်”
ပေမင်ရွှယ်က ဝင်ရောက်တိုက်ခိုက်လာပြီး နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ပကတိစိတ်ဝိညာဉ်များ၏ ယုံကြည်မှုကို ခုတ်ချက်တစ်ချက်နှင့်အတူ ခြေမွဖျက်ဆီးပစ်လိုက်၏။
နန်းကြည်၊ ရှောင်းယောင်၊ ထောင်ယောင်၊ လျှိုဖျင်နှင့် အခြားသူများ ဝင်ပါလာခြင်းနှင့်အတူ နတ်ဆေးမိုးကောင်းကင်နန်းတော်က ပကတိစိတ်ဝိညာဉ်တိုက်ပွဲနယ်မြေမှာ လုံးလုံးလျားလျား လဲပြိုကျသွား၏။
“ကျွတ်.. ကျွတ်..”
ဧကရာဇ်မြောက်ပိုင်းခွန်က ဘေးကနေ တိုက်ပွဲကိုစောင့်ကြည့်ပြီး ဝင်ရောက်မတိုက်ခိုက်ပေ။ သူက အံ့အားတသင့်ရေရွတ်လိုက်သည်။
“ထျန်ဟွမ်ကုန်းမြေတိုက်က အဲဒီလူတွေက တကယ့်ကို အထင်ကြီးစရာပဲ… နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို မပြောနဲ့ သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားနဲ့ဆို သူတို့က မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေတစ်ခုလုံးကိုတောင်မှ ဖိနှိမ်နိုင်လောက်တယ်”
“တကယ်ပဲ”
ဧကရာဇ်တောင်ပိုင်းဖန်းက ခေါင်းညိတ်ပြလိုက်၏။
“တကယ်တော့… အဲဒါက ဧကရာဇ်ပညာရှင်တွေ ဝင်မပါမှပေါ့”
သံသရဖူဆောင်းအဖိုးအိုက ပြောလိုက်၏။
“လက်ရှိမှာ ဒီလူအုပ်စုက သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ထိပ်သီးဧကရာဇ်ပညာရှင်တွေကိုပဲ လိုအပ်နေတာ… မဟုတ်ရင် သူတို့ရဲ့ ခွန်အားနဲ့ဆို သူတို့က ကမ္ဘာတစ်ခုကို တည်ထောင်ဖို့တောင် မဖြစ်နိုင်တာမဟုတ်ဘူး”
ဆူဇီမိုသည် ဓားကမ္ဘာက ထွက်ခွာသွားစဉ်က သူသည် ဤကိစ္စနှင့်ပတ်သက်၍ သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသောလောကအရှင်နှစ်ဦးထံ ပြောပြခဲ့ဖူးလေသည်။
ရှောင်းနင်နှင့် ညဝိညာဉ်ကို ကယ်တင်ပြီး အတိတ်ကာလက ရန်ငြိုးရန်စတချို့ကို ဖြေရှင်းဖို့အပြင် ဆူဇီမိုသည် ဤနေရာသို့ရောက်ရှိလာသည်မှာ ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းကို စုစည်းပြီး ဤကိစ္စကို အတည်ပြုဖို့ ရည်ရွယ်ထားသောကြောင့်ဖြစ်သည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကစဉ့်ကလျား အခြေအနေများက စတင်၍ ပေါ်ထွက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းက နေရာအနှံ့ပြန့်ကျဲနေ၏၊ ကပ်ဘေးတစ်ခု ဆင်းသက်ရောက်ရှိလာသည်နှင့် ဆူဇီမိုသည် လူတိုင်းကို ဂရုစိုက်ပေးနိုင်လိမ့်မည်မဟုတ်ပေ။
သူက ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို တတ်နိုင်သမျှစုစည်းပြီး ခြေချစရာနေရာတစ််ခုကို ရှာဖွေရပေမည်။
“ကမ္ဘာတစ်ခုတည်ထောင်ဖို့လား”
ဧကရာဇ်မြောက်ပိုင်းခွန်က ထိုစကားကိုကြားသောအခါ သူက ခေါင်းခါပြီး ရယ်မောလိုက်၏။
“အဲဒါက နဲနဲရိုးအသလို ဖြစ်နေတယ်… သူတို့ရဲ့ လက်ရှိခွန်အားနဲ့ဆို သူတို့က အဆင့်နိမ့်ကမ္ဘာတစ်ခုကိုပဲ ဖန်တီးနိုင်မယ်”
“သူတို့က လက်ရှိကစဉ့်ကလျားအခြေအနေကနေ ရှင်သန်ချင်တယ်ဆိုရင် သူတို့က ထိပ်တန်းကမ္ဘာကြီးတွေကိုပဲ မှီခိုရဦးမယ်”
“အဲဒါ သူတို့က တခြားသူတွေကို မှီခိုရဦးမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမလား”
နဂါးဧကရီဆီးနှင်းက ထိုစကားကိုကြားသောအခါ သူမက သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး တွေဝေတုံ့ဆိုင်းနေ၏။
ဧကရာဇ်အထီးကျန်သိုင်းသခင်သည်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှဖြစ်သည်ဟု သူမသည် လုံလီထံမှ ကြားခဲ့ဖူးပုံရလေသည်။ သို့သော်လည်း ဤကိစ္စနှင့်ပတ်သက်၍ သိရှိသူများစွာမရှိပေ။
ဧကရာဇ်အထီးကျန်သိုင်းသခင်သည် မကြာသေးခင်နှစ်များကမှ ရုတ်တရက် အောင်မြင်ထွန်းတောက်လာခဲ့၏။ သူသည် သူ၏ ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ဖို့အတွက် ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး အလွန်တရာလျှို့ဝှက်ဆန်းကြယ်နေ၏။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ၏ နောက်ခံကို သိရှိထားသည့်ပညာရှင်များစွာမရှိပေ။
တကယ်တော့… ဧကရာဇ်အထီးကျန်သိုင်းသခင်က ထျန်ဟွမ်ကုန်းမြေတိုက်ကလာသည်ဆိုလျှင်တောင် သူသည် မဟာအရိုင်းကမ္ဘာကို ထိန်းသိမ်းစောင့်ရှောက်ပေးနေပြီး ဤလူများနှင့် အတူတကွရှိနိုင်လိမ့်မည် မဟုတ်ပေ။
ဧကရာဇ်တောင်ပိုင်းဖန်းက ဖြတ်ပြောလိုက်၏။
“ငါတို့တွေအားလုံးက ဧကရာဇ်တွေပဲ… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကမ္ဘာတစ်ခုဖန်တီးရတာ ဘယ်လောက်ရှုပ်ထွေးသလဲ ကောင်းကောင်းသိကြတာပေါ့”
“လက်ရှိကစဉ့်ကလျားအခြေအနေမှာ ရှင်သန်ဖို့က အချက်တစ်ချက်ပဲ…. နောက်ထပ်ပြဿနာက ကောင်းကင်နှင့်မြေကြီးအမြုတေချီပဲ”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ခြေချစရာနေရာတစ်ခု တည်ထောင်ဖို့ဆိုရင် ကောင်းကင်နှင့်မြေကြီးအမြုတေချီကိုစုစည်းပေးနိုင်တဲ့ စိတ်ဝိညာဉ်ရတနာတွေရှိနေရမယ်… မဟုတ်ရင် သက်ရှိတွေနဲ့ ကျင့်ကြံသူတွေက စိတ်ဝိညာဉ်ချီပါးလွှာတဲ့ ကမ္ဘာမှာ ဘယ်လိုကျင့်ကြံနိုင်ကြမှာလဲ”
“လူဘယ်လောက်များများက စိတ်ဝိညာဉ်ချီနဲ့ပြည့်နှက်နေတဲ့ ကျင့်ကြံရေးပတ်ဝန်းကျင်ကို စွန့်လွှတ်ပြီး စိတ်ဝိညာဉ်ချီပါးလွှာတဲ့ ကမ္ဘာတစ်ခုမှာ ကျင့်ကြံလိုမှာလဲ”
သံသရဖူဆောင်းအဖိုးအိုက နှုတ်ဆိတ်သွား၏။
ဧကရာဇ်တောင်ပိုင်းဖန်းပြောသည်က မှန်လေသည်။
ဤကိစ္စသည် ကမ္ဘာတစ်ခုတည်ထောင်ရခြင်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်သေလည်။
ဥပမာအားဖြင့် ကောင်းကင်ဘုံကမ္ဘာမှာ တည်ဆောက်သူသစ်ပင်ရှိလေသည်။
ဤကဲ့သို့သော အခြေအနေများအောက်မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ပိုမိုစုပ်ယူနိုင်ဖို့အတွက် သုခဘုံသန့်စင်ကုန်းမြေမှာ အထွတ်အမြတ်သစ်ပင်သုံးပင်ရှိပြီး မိစ္ဆာမဟာနယ်မြေမှာလည်း ထာဝရသစ်ပင်ရှိလေသည်။
မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်မဟာနယ်မြေတစ်ခုချင်းစီမှ သူတို့ကိုယ်ပိုင် စိတ်ဝိညာဉ်ရတနာများနှင့် အင်မော်တယ်သစ်ပင်များရှိနေပြန်၏။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းက ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုစည်းနိုင်သည့် စိတ်ဝိညာဉ်ရတနာများကို ရရှိထားမည်ဆိုလျှင်တောင် သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့် ဧကရာဇ်ပညာရှင်တစ်ဦးနှင့် သူတို့ကို နောက်ခံပေးထားမည့် စွမ်းအားကြီးမားသော ကမ္ဘာတစ်ခုမရှိဘဲ သူတို့က အလွယ်တကူ လုယက်ခံရပေလိမ့်မည်။
‘ဘယ်လိုပဲဖြစ်ဖြစ် ဇီမိုက ကမ္ဘာတစ်ခုဖန်တီးချင်တယ်ဆိုရင် ငါတို့ဓားကမ္ဘာက သူ့ကို ဂရုစိုက်ပေးရမယ်’
သံသရဖူဆောင်းအဖိုးအိုက သူ့ဘာသာသူတွေးလိုက်၏။
သံသရဖူဆောင်းအဖိုးအို၏ ထင်မြင်ချက်အရ လုံလောက်သည့်အချိန်ရှိနေသရွေ့ ဆူဇီမိုလိုလူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သေချာပေါက်ကောင်းကောင်းရပ်တည်လာနိုင်ပေလိမ့်မည်။
သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ လက်ရှိအခြေအနေက…။
ဧကရာဇ်မြောက်ပိုင်းခွန်က ပြောလိုက်၏။
“အင်မော်တယ်ဧကရာဇ်နတ်ဆေးမိုးကောင်းကင်က တော်တော်တည်ငြိမ်တာပဲ… အခုချိန်ထိကို သူက ပေါ်ထွက်မလာသေးဘူး”
“ငါတို့ဒီနေရာမှာရှိနေမှာတော့ ငါတို့က မတိုက်ခိုက်ဘူးဆိုရင်တောင် သူက ပေါ်ထွက်လာရဲမှာမဟုတ်ဘူး”
ဧကရာဇ်တောင်ပိုင်းဖန်းက ရယ်မောကာ ပြောလိုက်၏။
နဂါးဧကရီဆီးနှင်းက အနည်းငယ်တည်တံ့နေပြီး သူမက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ငါက အင်မော်တယ်ဧကရာဇ်နတ်ဆေးမိုးကောင်းကင်ကို စိုးရိမ်မနေဘူး… ဒါပေမဲ့ ကောင်းကင်ဘုံကမ္ဘာက ဟိုလူသုံးယောက်ကတော့..”
နဂါးဧကရီဆီးနှင်းက သူတို့၏ အမည်များကို ရှင်းရှင်းလင်းလင်းမပြောဆိုသော်လည်း လက်ရှိဧကရာဇ်များ၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွား၏။
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာသည် ယခင်က အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာဟူ၍ ကျော်ကြားခဲ့သည်။
ကောင်းကင်အရှင်ဆဗြဟ္မ…။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး။
သူတို့သုံးယောက်သည် ကောင်ကင်ဘုံကမ္ဘာမှာ စိုးမိုးခြယ်လှယ်ပြီး နယ်မြေဒေသတစ်ခုစီကို သိမ်းပိုက်ထားကြ၏။ သူတို့၏ ခွန်အားက ထူးခြားအံ့မခန်းဖြစ်ပြီး အလွန်တရာတိုတောင်းသောအချိန်တစ်ခုမှာ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာပိုင်နက်နယ်မြေများကို အသီးသီးသိမ်းပိုက်စုစည်းထားကြ၏။
အရင်တုန်းက သူတို့နှင့် ရင်ဆိုင်ခဲ့ရသော ဧကရာဇ်ပညာရှင်များသည် ခြွင်းချက်မရှိဘဲ အညံ့ခံလျှင်ခံ မဟုတ်လျှင် သေကြခဲ့ရလေသည်။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးကတော့ သူသည် နှစ်သန်းလေးဆယ်ကြာပြီးနောက် ပြန်လည်ရှင်သန်လာနိုင်ခဲ့သည့်အချက်က လူတိုင်းအတွက် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေဆဲပင်။
လက်ရှိဧကရာဇ်ပညာရှင်တချို့က တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
တကယ်တမ်းမှာ ကောင်းကင်ဘုံကမ္ဘာသို့ရောက်လာခြင်းတွင် သူတို့မှာ စိုးရိမ်ပူပန်စရာရှိနေ၏။
ထိုပုဂ္ဂိုလ်သုံးယောက်၏ တည်ရှိမှုကြောင့်ဖြစ်လေသည်။
တကယ်ဆို သူတို့သည် ကောင်းကင်ဘုံကမ္ဘာသို့ ခြေချလာပြီးနောက် သူတို့၏ ရင်ထဲမှာ မြူခိုးတစ်လွှာက တကယ်ပင်လွှမ်းခြုံထားလေသည်။ သူတို့သည် ဖော်မပြတတ်သော ဖိအားတစ်ခုကို ခံစားနေရပြီး အနည်းငယ်တင်းကျပ်လေးလံနေ၏။
ဤနေရာမှာ မသိသာမထင်ရှားသော အန္တရာယ်အငွေ့အသက်တစ်ခုပင်ရှိနေ၏။
သို့သော်လည်း ထိုဖိအားသည် အဟန့်အတားတချို့နှင့် ကြုံတွေ့သွားပုံရပြီး စွမ်းအားက တစ်ခုကိုတစ်ခု ဖိနှိမ်ကာ ပေါက်ကွဲထွက်မလာခဲ့ပေ။