တမလွန်ဘုံအရှင်
Vol. 208 Ch. 3111
“ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“မင်းက ဉာဏ်ကောင်းတယ်ဆိုမှတော့… ခန့်မှန်းကြည့်လေ”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ရယ်မော၍ ပြောလိုက်သည်။
“တကယ်တော့ သူက အခုချိန်မှာ ငါနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်မမီသေးဘူး”
တက္ကသိုလ်ဂိုဏ်းချုပ်၏ ဉာဏ်ရည်ထက်မြတ်မှုနှင့် နည်းစနစ်သိုလှောင်ရုံ၏ ဓမ္မတာအိုအရ သူ၏ စေ့စပ်သေချာသောသဘာဝနှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်များအပေါ် အသိအမြင်နှင့်အတူ သူ့အနေဖြင့် အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၊ ဧကရာဇ်ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့ကြား ဆက်စပ်မှုကနေတစ်ဆင့် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း၏ သရုပ်သကန်ကို ခန့်မှန်းမိသည်က အံ့အားသင့်စရာမရှိပေ။
သို့သော်လည်း သူသည် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းထံ အရင်စတင်လာရောက်ပြီး ပူးပေါင်းဆောင်ရွက်စရာကိစ္စတစ်ခု ဆွေးနွေးခဲ့သည်မှာ သိုင်းတာအိုပင်မခန္ဓာ၏ အထင်အမြင်ကို တကယ်ပင်ကျော်လွန်နေ၏။
မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း၏ နည်းလမ်းများအရ တက္ကသိုလ်ဂိုဏ်းချုပ်ကို သတ်ဖြတ်ရခြင်းသည် သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်ရခြင်းနှင့်တူပေလိမ့်မည်။
တက္ကသိုလ်ဂိုဏ်းချုပ်ကလည်း ထိုအချက်ကို သိရှိထားရပေမည်။
သို့သော်လည်း မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းက အဲဒါကို စိတ်ဝင်စားစရာကောင်းသည်ဟု မှတ်ယူပြီး သူ့ကိုပင်မတိုက်ခိုက်ရအောင် တက္ကသိုလ်ဂိုဏ်းချုပ်က ဘယ်လိုပူးပေါင်းဆောင်းရွက်မှုမျိုးကို အဆိုပြုနိုင်ခဲ့သလဲ သူမသိရှိပေ။
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက အဲဒါကို ရှင်းရှင်းလင်းလင်းပြောဆိုလိမ့်မည်မဟုတ်သည်ကို သိုင်းတာအိုပင်မခန္ဓာတွေ့မြင်သောအခါ သူကလည်း ဤကိစ္စကို မရမကမေးမြန်းမနေတော့ဘဲ မှင်သေသေဖြင့်သာပြောလိုက်၏။
“ခင်ဗျားမှာ နောက်ထပ်သရုပ်သကန်တစ်ခုရှိသေးတာကိုတော့ သူခန့်မှန်းမိမှာမဟုတ်ဘူးလို့ ကျုပ်ယုံတယ်”
“အို…”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာ၏ မျက်နှာပေါ်ရှိအပြုံးက ဖျော့တော့သွား၏။
“အဲဒါထက် ပြောရမယ်ဆိုရင် အဲဒီသရုပ်သကန်ကမှ ခင်ဗျားရဲ့ အစစ်အမှန်သရုပ်သကန်ပဲ”
သိုင်းတာအိုပင်မခန္ဓာက အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာကို ကြည့်ပြီး စကားကို တစ်လုံးချင်းပြောလိုက်၏။
“တမလွန်ဘုံရဲ့အရှင်… မဟာဧကရာဇ်ဖုန့်တူ”
သူတို့နှစ်ယောက်ကြား အပြန်အလှန်ပြောဆိုစကားက ပျံ့နှံ့သွားမည်ဆိုလျှင် အဲဒါက ကမ္ဘာပျက်လောက်ဖွယ်ရာဖြစ်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက ထိုစကားကိုပြောလိုက်ပြီးနောက် ဂမ္ဘီရမိုးကောင်းကင်ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာသည် သူ၏ အပြုံးကို ရုပ်သိမ်းပြီး သိုင်းတာအိုပင်မခန္ဓာကို မမှိတ်မသုန်စိုက်ကြည့်နေ၏။ သူတို့၏ အကြည့်က လေထဲမှာ ဆုံသွားပြီး မည်သူကမှ နောက်မဆုတ်ကြပေ။
လေထုက တဖြည်းဖြည်းတင်းကျပ်လေးလံလာ၏။
“တမလွန်ဘုံရဲ့အရှင်…”
မသိလိုက်မသိဘာသာအချိန်တစ်ခု ကြာသွားပြီးနောက် အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက တီးတိုးရေရွတ်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ ထို့နောက် သူက အဓိပ္ပါယ်ပါပါပြုံးပြီး ပြောလိုက်၏။
“ဖုန့်တူက ဘယ်တုန်းကမှ ပေါ်ထွက်မလာခဲ့ဘူး… မင်းအဲဒါကို ဘယ်လိုခန့်မှန်းမိတာလဲ”
တကယ်ဆို အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာ၏ မေးခွန်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ထင်မြင်ယူဆချက်ကို မငြင်းပယ်ပေ။
“အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာနဲ့အခြားနှစ်ယောက်က မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းရဲ့ အလောင်းသုံးဖော်ဖြစ်တယ်ဆိုတာကို ကျုပ်ကောက်ချက်ချနိုင်မိခဲ့တာ ကြာပြီ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ဒါပေမဲ့ အစတုန်းက မိစ္ဆာအရှင်က မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းဖြစ်မယ်လို့ ကျုပ်တွေးခဲ့တာ… ဘာလို့လဲဆိုတော့ ကျုပ်တို့ပထမဆုံးတွေ့ဆုံတုန်းက သူက အုတ်ဂူတစ်လုံးပေါ်မှာ ထိုင်ပြီး သူ့ကိုယ်သူ သင်္ချိုင်းစောင့်လို့ ပြောခဲ့လို့ပဲ”
“ကောင်းကင်ဘုံသင်္ချိုင်းနဲ့ အုတ်ဂူသင်္ချိုင်းကြားမှာ ဆက်စပ်မှုတွေအများကြီးရှိနေတယ်”
“အမှန်ပဲ”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ခေါင်းညိတ်ပြလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီနေ့က မဟာအရိုင်းကမ္ဘာရဲ့ အပြင်ဘက်မှာ မိစ္ဆာအရှင်က အဲဒီအချက်ကိုငြင်းပယ်ခဲ့တယ်”
“မိစ္ဆာအရှင်က သတင်းအချက်အလက်တချို့ကို ထုတ်ဖော်ပြောဆိုခဲ့တယ်… သူနဲ့ ကောင်းကင်ဘုံခုံရုံးက မဟာဧကရာဇ်ကိုးဦးက မဟာကမ္ဘာတစ်ထောင်လောကကနေ လာခဲ့ကြတာပဲ… သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်တွေကလည်း မဟာဧကရာဇ်နယ်ပယ်ရဲ့အထက်မှာရှိတယ်… သူတို့တွေကို အင်မော်တယ်တွေဖြစ်ပြီး အဆုံးမဲ့ဘဝသက်တမ်းရှိတယ်လို့ ဆိုနိုင်တယ်”
“မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းက အခုချိန်ထိ အသက်ရှင်နိုင်ခဲ့တယ်ဆိုတာ သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မဟာဧကရာဇ်တွေနဲ့မတူဘူးလို့ ဆိုလိုတာပဲ.. သူကလည်း အဆုံးမဲ့ဘဝသက်တမ်းနဲ့ အင်မော်တယ်တည်ရှိမှုတစ်ခုဖြစ်ရမယ်… သူက ကောင်းကင်ဘုံခုံရုံကလာတဲ့ ကိုးယောက်ထဲက တစ်ယောက်မဟုတ်ဘူးဆိုရင် သူက တမလွန်ဘုံ၊ ငရဲ၊ ဆာလောင်တစ္ဆေ၊ တောကောင်နဲ့ အဆူရာတာအိုတို့ရဲ့ အရှင်ငါးဦးထဲက တစ်ဦးပဲဖြစ်နိုင်မယ်”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ပြုံးလိုက်၏။
“အဲလိုတော့လည်း ပြောလို့ဘယ်ရပါ့မလဲ… ငါက မဟာကမ္ဘာတစ်ထောင်လောကကနေ လာပြီး သူတို့နဲ့လုံးဝဆက်စပ်မှုမရှိတာလည်း ဖြစ်နိုင်တာပဲ”
စောစောက သိုင်းတာအိုပင်မခန္ဓာ၏ ထင်မြင်ယူဆချက်သည် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းက မိစ္ဆာအရှင်နှင့် အခြားသူများနှင့် သိပ်မကွာဘူးဟူသောအချက်ကို တကယ်ပင် သက်သေပြပေးနိုင်၏။ သူတို့အားလုံးက မဟာကမ္ဘာတစ်ထောင်လောကကနေ လာပြီး အင်မော်တယ်များဖြစ်ကြ၏။
သို့သော်လည်း မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းက တမလွန်ဘုံ၏အရှင်ဖြစ်သည်ကို အဲဒါက အတည်မပြုနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ကျုပ်က တာအိုလေးခုက အရှင်တွေအားလုံးနဲ့ တွေ့ခဲ့ဖူးတယ်… တမလွန်ဘုံရဲ့အရှင်ကသာ အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး ဘယ်တုန်းကမှပေါ်ထွက်မလာခဲ့ဖူးတာပဲ”
“ဒါဆို မင်းက သူနဲ့အရင်က တစ်ခါမှတောင် မတွေ့ဖူးဘူးဆိုမှတော့ သူ့ရဲ့ သရုပ်သကန်ကို ဘယ်လိုလုပ် ခန့်မှန်းမိမှာလဲ”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ပြုံး၍ မေးလိုက်၏။
“အဲဒါဆို ကျုပ်တို့တွေက အရင်က တူညီတဲ့ ပြဿနာဆီကို ပြန်သွားရမယ်”
သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကောင်းကင်ဘုံသင်္ချိုင်းရဲ့ ဓမ္မတာအိုက အုတ်ဂူသင်္ချိုင်းတွေနဲ့ ခွဲခြားလို့မရအောင် ဆက်စပ်နေတယ်… ဒီလောကမှာ အကြီးမားဆုံးဂူသင်္ချိုင်းက တမလွန်ဘုံပဲဖြစ်လိမ့်မယ်”
“တမလွန်ဘုံရဲ့အရှင်က တမလွန်ဘုံနဲ့ ပြန်ဝင်စားခြင်းကို ထိန်းချုပ်ထားတယ်… သူကပဲ ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်လို တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကို ဖန်တီးပြီး လူတွေကိုပြန်ပြီး အသက်သွင်းပေးနိုင်လိမ့်မယ်”
“ဟဲဟဲ”
“ဟားဟားဟားဟား…”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ခဏကြာရယ်မောပြီးနောက် သူ၏ အသံက ပို၍ပင်ကျယ်လောင်လာကာ ထပ်တလဲလဲခေါင်းညိတ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ဒါက ခင်ဗျားကို ကျုပ်က တမလွန်ဘုံအရှင်နဲ့ ပထမဆုံးချိတ်ဆက်မိခဲ့တာပဲ… နောက်ပြီး ကျုပ်က မိစ္ဆာအရှင်ကို တမလွန်ဘုံရဲ့အရှင်အကြောင်းမေးခဲ့တုန်းက သူက အဲဒီမေးခွန်းကို ရှောင်လွှဲခဲ့တယ်”
“မိစ္ဆာအရှင် ပြောဆိုဖို့ရှောင်လွှဲဖို့ ရွေးချယ်တဲ့သူက အနည်းအကျဉ်းပဲရှိလိမ့်မယ်”
“အဲဒီအချက်နဲ့ပဲလား”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက မေးလိုက်၏။
“တကယ်တော့ အဲဒါထက်ပိုတယ်”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ပြောလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက ကျုပ်က ဝိညာဉ်မီးအိမ်ဆိုတဲ့ ရတနာတစ်ခုကို ရခဲ့တယ်.. ဝိညာဉ်မီးအိမ်ဆိုတာကတော့ အဲဒါက တမလွန်ဘုံအရှင်ပိုင်ခဲ့တဲ့ပစ္စည်းပဲ”
“အစက ဝိညာဉ်မီးအိမ်က အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာရဲ့လက်ထဲ ဘာ့ကြောင့်ရောက်နေသလဲ ကျုပ်နားမလည်ခဲ့ဘူး”
“ဒါပေမဲ့ တကယ်ဆို ဒီမေးခွန်းရဲ့အဖြေက တော်တော်ရိုးရှင်းတာပဲ… ဘာလို့လည်းဆိုတော့ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း ဒါမှမဟုတ် တမလွန်ဘုံရဲ့အရှင် ကျင့်ကြံထားတဲ့ အလောင်းသုံးဖော်ထဲက တစ်လောင်းဖြစ်နေလို့ပဲ… တမလွန်ဘုံအရှင်အနေနဲ့ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာကို ကျင့်ကြံတဲ့နေရာမှာ အကူအညီပေးဖို့အတွက် ဝိညာဉ်မီးအိမ်ကိုပေးထားမယ်ဆိုရင် ဒါပုံမှန်ပဲ”
“အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာကတော့ သူ့အရင်ဘဝမသေခင်မှာ ဝိညာဉ်မီးအိမ်က သူအမှတ်တမဲ့ရရှိထားတဲ့ ရတနာတစ်ခုပဲလို့ တွေးနေခဲ့ဦးမှာ”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ပြုံးပြီး ထိုအချက်ကို မငြင်းပယ်ပေ။
“တခြားဘာရှိသေးလဲ”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်လေသည်။
“ကျုပ်က စုန်းလောကအရှင်အပါအဝင် စုန်းကမ္ဘာရဲ့ ဧကရာဇ်သုံးဆယ်ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတာ ခင်ဗျားသိပြီးမှာပါ… သူမသေခင် သူ့မှာ အရှင်သခင်တစ်ဦးရှိတယ်လို့ သူက ထုတ်ဖော်ပြောဆိုခဲ့တယ်”
ဤအကြောင်းကိုပြောဆိုချိန်မှာ အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက မျက်ခုံးပင့်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။
“ကျုပ်က အဆိပ်ကမ္ဘာကိုလည်း ရောက်ခဲ့သေးတယ်.. အဲဒီကနေ ကိစ္စတစ်ခုကို သိရှိခဲ့ရတယ်.. တမလွန်ကပ်ဘေးအဆိပ်က တမလွန်ကပ်ဘေးပန်းဆီကနေ ဆင်းသက်လာခဲ့တာပဲ… ဒါပေမဲ့ တမလွန်ကပ်ဘေးပန်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မရှိဘူး… အဲဒါက ငရဲကြည်လင်အေးမြစိမ့်စမ်းရဲ့ဘေးမှာပဲ ပေါက်ရောက်တယ်”
“အဆိပ်လောကအရှင်ရဲ့ နည်းလမ်းတွေအရဆို သူက ငရဲကမ္ဘာကို လုံးဝမဝင်ရောက်နိုင်ဘူး… ပြောရမယ်ဆိုရင် အဆိပ်လောကအရှင်ရဲ့ နောက်ကွယ်မှာ နောက်ထပ်လူတစ်ယောက်ရှိနေတယ်.. အဲဒါ တမလွန်ကပ်ဘေးအဆိပ်ကို ငရဲကနေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကဆီယူလာပြီး အဆိပ်လောကအရှင်ကို ပေးခဲ့တဲ့သူပဲ”
“ငရဲကို ဝင်နိုင်ထွက်နိုင်တဲ့သူက အများကြီးမရှိဘူး.. တမလွန်ဘုံအရှင်ကတော့ သူတို့ထဲက တစ်ဦးဖြစ်လိမ့်မယ်”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ပြုံးပြီးမေးလိုက်၏။
“မင်းပြောပုံအရဆို စုန်းလောကအရှင်ပြောခဲ့တဲ့ အရှင်သခင်ကလည်း တမလွန်ဘုံအရှင်ပဲလား”
“ဒါပေါ့”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“တမလွန်ဘုံက သက်ရှိတွေက အမြုတေစိတ်ဝိညာဉ်အခြေအနေမှာပဲ လုံးလုံးလျားလျားတည်ရှိတယ်… သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်တွေနဲ့ ဝိညာဉ်တွေက အရမ်းကို စွမ်းအားကြီးမားတယ်.. စုန်းမျိုးနွယ်ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေကတော့ သူတို့ကလည်း အမြုတေစိတ်ဝိညာဉ်တွေပေါ်မှာ အလေးပေးပြီး ကျင့်ကြံကြတယ်”
“စုန်းကမ္ဘာမှာ ဧကရာဇ်လေးဆယ်ကျော်ရှိနေတယ်.. အဲဒါက ထိပ်တန်းကမ္ဘာကြီးတစ်ခုရဲ့ အတိုင်းအတာကို ကျော်လွန်နေပြီ”
“ကျုပ်ထင်တာမမှားဘူးဆိုရင် စုန်းဧကရာဇ်တချို့က ခင်းဗျားတမလွန်ဘုံကနေ ခေါ်လာခဲ့တဲ့ တစ္ဆေဧကရာဇ်တွေပဲဖြစ်ရမယ်… သူတို့တွေက ဧကရာဇ်တွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး စုန်းဧကရာဇ်တွေအဖြစ် ပေါင်းစည်းသွားခဲ့တာပဲ”
“အထင်ကြီးစရာပဲ”
အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက လက်ခုပ်တီးကာ ချီးကျူးလိုက်၏။
သူက သိုင်းတာအိုပင်မခန္ဓာ၏ ထင်မြင်ယူဆချက်ကို ချီးကျူးနေတာလား.. သူ့ကိုယ်သူချီးကျူးနေတာလား မသိရပေ။
အဆိပ်ကမ္ဘာနှင့် စုန်းကမ္ဘာသည် သိုင်းတာအိုပင်မခန္ဓာကြောင့် ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့သည်ကို သူက သိရှိထားလျှင်တောင် အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာသည် ဂရုမစိုက်သည့်အလား ပြုံးနေနိုင်ဆဲဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။
“စုန်းကမ္ဘာနဲ့ အဆိပ်ကမ္ဘာရဲ့ ပထမဆုံးသက်ရှိတွေက လူသားမျိုးနွယ်ကနေ အသွင်ပြောင်းလဲလာခဲ့တာပဲ… ပြောရမယ်ဆိုရင် အဲဒီကမ္ဘာနှစ်ခုရဲ့ မွေးဖွားပေါ်ထွက်လာမှုက ခင်ဗျားရဲ့လက်ရာတွေပဲ”
“စုန်းကမ္ဘာနဲ့ အဆိပ်ကမ္ဘာရဲ့ ဘိုးဘေးဆိုတဲ့ ဧကရာဇ်တမလွန်ကပ်ဘေးနဲ့ ဧကရာဇ်တမလွန်အဆိပ်တို့ကိုလည်း ခင်ဗျားလက်သပ်မွေးထားတာဖြစ်ရမယ်”
“အဲဒီကမ္ဘာနှစ်ခုက ကောင်းကောင်းပူးပေါင်းဆောင်ရွက်ပြီး နဂါးတွေနဲ့ ဖီးနစ်တွေကြား.. ခွန်တွေနဲ့ဖန်းတွေကြား လောကစစ်ပွဲနှစ်ခုကို တိတ်တဆိတ်ဖန်တီးနိုင်ခဲ့ကြတယ်”
“နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့တဲ့ လောကစစ်ပွဲမှာ အကြီးမားဆုံး အကျိုးအမြတ်ရရှိခဲ့တဲ့သူတွေက သွေးကမ္ဘာနဲ့ အုတ်ဂူကမ္ဘာဖြစ်မယ်လို့ ကျုပ်တစ်ခါက တွေးခဲ့မိတယ်”
“ဒါပေမဲ့ တကယ်တော့ အများဆုံးအကျိုးအမြတ်ရရှိခဲ့တဲ့ တစ်ဦးတည်းသောသူက မဟာဧကရာဇ်ဖုန့်တူပဲ”
“ကောင်းကင်ဘုံသင်္ချိုင်းသုတ္တန်ထဲက ကောင်းကင်ဘုံသင်္ချိုင်းဆိုတဲ့ စကားလုံးက ကောင်းကင်ဘုံခုံရုံးကိုတင်မဟုတ်ဘူး.. ကောင်းကင်ဘုံတွေအားလုံးကို ရည်ညွှန်းနေတာပဲ။”