← Chapters

ကမ္ဘာများ၏ ဘိုးဘေး

Vol. 208 Ch. 3112

ကမ္ဘာများ၏ ဘိုးဘေး

Vol. 208 Ch. 3112

“မင်းပြောတာမှန်တယ်”

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းက ပြုံးပြလိုက်၏။

“ငါက တမလွန်ဘုံရဲ့ အရှင် ဖုန့်တူပဲ”

ဤအခြေအနေအရောက်မှာ သူ့အနေဖြင့် ဆက်လက်၍ ဖုံးကွယ်ထားစရာ မလိုအပ်တော့ပေ။

“ဒါပေမဲ့ စောစောက မင်းပြောခဲ့တဲ့ထဲ အချက်တစ်ချက်ကတော့ မှားနေတယ်”

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းက ပြောလိုက်၏။

“ငါက ဧကရာဇ်တမလွန်ကပ်ဘေး ဒါမှမဟုတ် ဧကရာဇ်တမလွန်စုန်းတို့ကို လက်သပ်မွေးခဲ့တာ မဟုတ်ဘူး… သူတို့တွေက အဲ့ဒီဘဝတုန်းက ငါခွဲထုတ်ခဲ့တဲ့ ကိုယ်ပွားနှစ်ခုပဲ”

စုန်းကမ္ဘာနှင့် အဆိပ်ကမ္ဘာ၏ ဘိုးဘေးများသည် ထိုစဉ်တုန်းက တမလွန်ဘုံအရှင်၏ ကိုယ်ပွားများသာ ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

“ကျုပ်ထင်တာ မမှားဘူးဆိုရင် အုတ်ဂူကမ္ဘာကိုလည်း ခင်ဗျားဖန်တီးခဲ့တာပဲ”

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းသည် ဖုန့်တူဖြစ်လေသည်။ သူသည် တမလွန်ဘုံကို ထိန်းချုပ်ထားပြီး အလောင်းသုံးဖော်နည်းစနစ်ကို ဖန်တီးထား၏။ အုတ်ဂူကမ္ဘာ၏ ကျင့်ကြံသူများကတော့ သူတို့သည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်ပြီးနောက် အလောင်းများကို ထိန်းချုပ်ရာမှာ ကျွမ်းကျင်ပိုင်နိုင်လှသော သာမန်လူသားများသာ ဖြစ်လေသည်။

နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ အုတ်ဂူကမ္ဘာသည်လည်း ပင်မအင်အားစုဖြစ်ခဲ့ပြီး လောကစစ်ပွဲကနေ အကျိုးအမြတ်ကြီးမားစွာ ရရှိခဲ့၏။

“အဲ့ဒါက အုတ်ဂူကမ္ဘာတင် မဟုတ်ဘူး”

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်း၏ မျက်နှာပေါ်တွင် ထူးဆန်း၍ ပို၍ပင် ကြောက်စရာကောင်းသော အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“လက်ရှိ သွေးကမ္ဘာ၊ အရိုးဖြူကမ္ဘာနဲ့ အသက်မဲ့ကမ္ဘာတို့ကိုလည်း အရင်တုန်းက ငါ့ရဲ့ကိုယ်ပွားတွေအဖြစ် ခွဲထုတ်ပြီးတဲ့နောက် ငါဖန်တီးခဲ့တာပဲ”

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

သို့သော်လည်း ပြန်လည်စဉ်းစားရင်း အုတ်ဂူကမ္ဘာ၊ သွေးကမ္ဘာနှင့် အသက်မဲ့ကမ္ဘာတို့၏ နာမည်များကပင် သတင်းအချက်အလက်တချို့ကို ထုတ်ဖော်ထားခဲ့ပြီးသားဖြစ်၏။

သို့သော်လည်း ဤကိစ္စက အရမ်းကို တုန်လှုပ်စရာကောင်းနေ၏။

စုန်းကမ္ဘာနှင့် အဆိပ်ကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများသည် အရင်တုန်းက တမလွန်ဘုံအရှင်၏ ကိုယ်ပွားများကနေသာ တည်ထောင်ခဲ့ခြင်းဖြစ်သည်ကို ဘယ်သူက တွေးမိပါ့မလဲ။

“အရင်ခေတ်တချို့မှာတုန်းက ငါက ငါ့ကိုယ်ငါ ကိုယ်ပွားများစွာအဖြစ် ခွဲထုတ်ပြီး သူတို့တစ်ယောက်ချင်းစီတိုင်းက အရမ်းကို အောင်မြင်ကျော်ကြားခဲ့တယ်”

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းက ပြောလိုက်၏။

“အတိတ်ကာလတုန်းက ရှေးဟောင်းမိစ္ဆာ ဧကရာဇ်ပိုရွှင်းကရော ဘယ်သူဖြစ်မယ်လို့ မင်းထင်လဲ”

ရှေးဟောင်းမိစ္ဆာပိုရွှင်းသည်လည်း တမလွန်ဘုံအရှင်၏ ကိုယ်ပွားတစ်ခုပင်ဖြစ်၏။

မဟာဧကရာဇ် ကောင်းကင်ဘုံသင်္ချိုင်းသည် သိုင်းတာအိုပင်မခန္ဓာ တွေးထင်ထားသည်ထက်ပင် များစွာပိုမိုကြောက်စရာကောင်းနေ၏။

သူ၏ ရေဘဝဲလက်တံများကို အလယ်အလတ်ကမ္ဘာတစ်ထောင်၏ တစ်ထောင့်တစ်နေရာချင်းစီ ဖြန့်ကြက်ထားပြီး ခေတ်ပေါင်းများစွာ စိုးမိုးခြယ်လှယ်လာခဲ့လေသည်။

ဂမ္ဘီရမိုးကောင်းကင်ခန်းမအပြင်ဘက်မှာ…

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်သည် ခပ်လှမ်းလှမ်းမှာ မတ်တတ်ရပ်စောင့်ကြပ်ပြီး ဧကရာဇ်မိုးကောင်းကင်ကိုးလွှာထံမှာ အမိန့်ပေးလာမည်ကို အရန်သင့်စောင့်ဆိုင်းနေသည်။

အချိန်တချို့မှာ ဂမ္ဘီရမိုးကောင်းကင်ခန်းမသည် သူ့ကိုပင် ရင်တလှပ်လှပ် ခံစားရစေသည့် တုန်လှုပ်ဖွယ်ရာနှင့် ချောက်ချားစရာကောင်းသော​ အော်ရာနှစ်ခုကို ဖြာထုတ်ပေးနေ၏။

ထိုစဉ်မှာပင် လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ဆေးရနံ့များ မွှန်ထူနေသည့် အမျိုးသားတစ်ဦးက လျှောက်လှမ်းထွက်လာ၏။ သူ၏ မျက်လုံးများက အမျက်ဒေါသဖြင့် ပြည့်နှက်နေပြီး စိုးရိမ်ပူပန်နေသော အမူအရာနှင့်အတူ ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲသို့ အတင်းဝင်ရောက်လိုနေ၏။

“နတ်ဆေးမိုးကောင်းကင် မင်းဘာလုပ်နေတာလဲ”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က ရှေ့သို့အလောတကြီးတက်လှမ်းပြီး အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်ကို တားဆီးကာ အော်ပြောလိုက်၏။

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က အံကိုကြိတ်ပြီး လက်သီးနှစ်ဖက်ဆုပ်ကာ ပြောလိုက်၏။

“ဘယ်ကမှန်းမသိတဲ့ ထျန်ဟွမ်ကုန်းမြေတိုက်က နိမ့်ကျသက်ရှိတစ်အုပ်စုက ငါ့ရဲ့နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ လာပြီးသတ်ဖြတ်နေတယ်… သူတို့တွေက ဥပဒေမဲ့ ထင်တိုင်းကျဲနေတယ်… ပိုပြီးအရေးကြီးတာက အဲ့ဒီနိမ့်ကျသက်ရှိတွေကို ဓားကမ္ဘာနဲ့ ခွန်ဖန်းကမ္ဘာက ဧကရာဇ်ပညာရှင်တချို့က နောက်ခံပေးထားတယ်”

“အဲ့လိုလား”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က မုန်းတီးစွာဖြင့် ပြောလိုက်၏။

“အဲ့ဒီကမ္ဘာတွေက ဧကရာဇ်တွေက အင်မော်တယ်မဟာနယ်မြေကို ဆင်းသက်လာတဲ့အချိန်မှာ ငါ့ကို နှုတ်တောင်မဆက်ဘူး… သူတို့တွေက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကိုလည်း လုံးဝ အလေးအနက်မထားဘူးလို့ ငါထင်တယ်… သူတို့တွေက လောကစစ်ပွဲတစ်ခုကို စတင်ချင်နေတာပဲ”

“ငါ သခင့်ကို အခုပဲ အဲ့ဒါ တင်ပြရမယ်”

သံသရဖူဆောင်းအဘိုးအို၊ ဧကရာဇ်မြောက်ပိုင်းခွန်၊ သားရဲဧကရီ အမြီးကိုးချောင်းနှင့် အခြားသူများနှင့် ရင်ဆိုင်ရချိန်မှာ အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က တိုက်ခိုက်ရဲခြင်း မရှိပေ။

သူသည် အကူအညီတောင်းဖို့အတွက် အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာကိုသာ လာရှာရလေသည်။

“မသွားနဲ့...”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်က သူ၏ ခေါင်းကို ခါယမ်းပြီး အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်ရှေ့မှာ ပိတ်ရပ်လိုက်၏။

“မင်း ဘာလုပ်နေတာလဲ”

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က တစ်ချက်ဝေ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“ငါ့ရဲ့အင်မော်တယ်မဟာနယ်မြေက ကျရှုံးသွားပြီး လောကစစ်ပွဲတစ်ခု ပေါ်ထွက်လာမယ်ဆိုရင် မင်းတာဝန်ယူနိုင်မှာလား… အဲ့ဒီဧကရာဇ်တစ်အုပ်စုက မဖိတ်ခေါ်ဘဲ ရောက်လာပြီး အင်မော်တယ်မိုးကောင်းကင်ကိုးလွှာရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်နေကြတာပဲ”

တခြားအချိန်များမှာဆိုလျှင် အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်သည် အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်ကို အနည်းငယ် စိုးရိမ်ပူပန်နေရပေလိမ့်မည်။

သို့သော် ယခု မိုးကောင်းကင်ကိုးလွှာကို သိမ်းပိုက်စုစည်းထားပြီး အင်မော်တယ်ဧကရာဇ်များအားလုံးက အင်မော်တယ်မိုးကောင်းကင်ကိုးလွှာထံ အညံ့ခံထားကြပြီဖြစ်၏။

ဒါ့အပြင် အချိန်က ဆက်လက်၍ ကြန့်ကြာနေမည်ဆိုလျှင် နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက သွားရှာပေတော့မည်။ သူက ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်ပါ့မလဲ။

“ဟမ်”

အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်၏ အမူအရာက သုန်မှုန်သွား၏။

“သခင်က ဧည့်သည်တစ်ဦးနဲ့ တွေ့ဆုံနေတယ်… မင်း အထဲကို မဆင်မခြင် ဝင်သွားပြီး သူတို့ကို နှောင့်ယှက်မိလို့ သေရမယ်ဆိုရင် သတိမပေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့”

“သခင့်ရဲ့ အစွမ်းအစနဲ့ဆို သူက ကောင်းကင်ဘုံကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အရာကို အာရုံမခံနိုင်ဘူးလို့ မင်းထင်လို့လား… သူ့ကို မင်းသတိပေးစရာလိုမယ်လို့ ထင်လို့လား”

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲကနေ ဖြာထွက်လာသည့် ကြောက်စရာကောင်းသော အော်ရာများကို အာရုံခံမိသွားကာ တဖြည်းဖြည်း ရပ်တန့်လိုက်လေသည်။

ဤကဲ့သို့သော အခြေအနေအောက်မှာ သူသည် မဆင်မခြင်ဝင်ရောက်သွားပြီဆိုလျှင် သေဆုံးသွားရနိုင်လေသည်။

ခန်းမကို ပိတ်ဆို့ထား၏။

သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များက မထောက်လှမ်းနိုင်သလို သူတို့က ထောက်လှမ်းရဲခြင်းလည်း မရှိပေ။

“အထဲမှာ ဘယ်သူလဲ”

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က ညင်သာစွာ မေးလိုက်၏။

“ငါ ဘယ်လိုသိပါ့မလဲ”

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်၏ လေသံက စောစောတုန်းက ယဉ်ကျေးမှု မရှိခဲ့ပေ။ ထိုသို့ဖြင့် အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင်ကလည်း မချေမငံ ပြန်ဖြေလိုက်၏။

အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က အိုးတိုးအမ်းတမ်းပြုံးပြီး ခဏမျှ စဉ်းစားတွေးတောလိုက်၏။

“အဲ့ဒါက ကောင်းကင်အရှင် ဆဗြဟ္မ ဒါမှမဟုတ် မိစ္ဆာအရှင် ကမ္ဘာဖျက်ကပ်ဘေး ဖြစ်လောက်တယ်… သူတို့တွေက ကောင်းကင်ဘုံကမ္ဘာကို သိမ်းပိုက်စုစည်းဖို့အတွက် မဟာအကြံအစည်တွေကို ဆွေးနွေးနေကြတာ ဖြစ်နိုင်တယ်”

နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ…

ဤတိုက်ပွဲသည် ခွန်အားအရာမှာ ကြီးမားစွာ ကွာဟနေပုံရပြီး လူတိုင်းတွေးထင်ထားသည်ထက် ပို၍ပင် မြန်မြန်ဆန်ဆန်အဆုံးသတ်သွား၏။

တိုက်ပွဲဖြစ်ပွားလာပြီးမကြာခင် ဆူဇီမိုသည် အင်မော်တယ်ဘုရင် ရှစ်ချွယ်ကို ပစ်မှတ်ထားကာ သူ့ကို မျိုးဆက်သွေးနယ်မြေနှင့် ခေါင်းလေးလုံး လက်ရှစ်ဖက်နှင့်အတူ သုံးချီအတွင်းမှာ သတ်ဖြတ်လိုက်လေသည်။

ဤတိုက်ပွဲမှာ ဆူဇီမိုသည် သူ၏ ကောင်းကင်လိုဏ်ဂူကိုပင် မထုတ်ဖော်ခဲ့ပေ။

အစကနေ ယခုအချိန်ထိ အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က ပေါ်ထွက်မလာရဲပေ။

နတ်ဆေးမိုးကောင်းကင်နန်းတော်၏မင်းသား အင်မော်တယ်ဘုရင်ရှစ်ချွယ် သေဆုံးပြီးလျှင်တောင် သူက ပေါ်ထွက်မလာရဲပေ။

နတ်ဆေးမိုးကောင်းကင်နန်းတော်၏ အင်မော်တယ်ဘုရင်ရာချီက သတ်ဖြတ်ခံလိုက်ရပြီး သူတို့က ဖရိုဖရဲဖြင့် တကွဲတပြားစီ ပြန့်ကျဲသွား၏။ ပကတိစိတ်ဝိညာဉ်ပညာရှင်များစွာကလည်း ရှုံးနိမ့်သွားပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းက အနားမှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိသည့်အလား နတ်ဆေးမိုးကောင်းကင်နန်းတော်ရှိရာသို့ ချီတက်သွားကြ၏။

သိပ်မကြာခင် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းက နတ်ဆေးမိုးကောင်းကင်နန်းတော်သို့ ဝင်ရောက်လာကြသည်။

ရှေ့မှာရှိသော တိုက်ပွဲက ရှုံးနိမ့်သွားပြီး အင်မော်တယ်ဧကရာဇ် နတ်ဆေးမိုးကောင်းကင်က အရိပ်အယောင်ပင် ပေါ်ထွက်မလာသည်ကို သိရှိရပြီးနောက် နတ်ဆေးမိုးကောင်းကင်နန်းတော်မှ မည်သူကမှ ခုခံတိုက်ခိုက်ကြခြင်းမရှိဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြလေသည်။

ဆူဇီမိုက လေထဲမှာ မတ်တတ်ရပ်ပြီး တစ်ချက်ဝေ့ကြည့်လိုက်၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီအပေါ် အာရုံခံစိတ် အလွန်တရာ ထက်ရှလေသည်။ သူသည် မလှမ်းမကမ်း နေရာလွတ်တစ်ဝိုက်မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီက အလွန်တရာ သိပ်သည်းများပြားနေသည်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်၏။

သို့သော်လည်း ထိုနေရာမှာ မည်သည့်အရာကိုမှ မတွေ့မြင်ရပေ။

“ဟင်းဟင်း...”

ထိုစဉ်မှာပင် လေထဲကနေ ရယ်မောသံတစ်သံ ထွက်ပေါ်လာ၏။

ထိုသူက ဆူဇီမိုကို ခပ်ယဲ့ယဲ့ပြုံးကာ ကြည့်နေသော သားရဲဧကရီအမြီးကိုးချောင်း ဖြစ်လေသည်။

သူမ၏ အကြည့်က ရစ်ဝဲနေပြီး သူမက ညှို့ငင်ဖမ်းစားနိုင်သောပုံစံဖြင့် ပြောလိုက်၏။

“သခင်လေးဆူ… အဲ့ဒီမှာ တည်ဆောက်မှု ပုံစံငယ်တစ်ခု ရှိနေတယ်… ဒါပေမဲ့ အဲ့ဒီမှာ ဧကရာဇ်တွေ ခင်းကျင်းထားတဲ့ ကန့်သတ်မှုတွေ ရှိနေတယ်… ကျွန်မ ရှင့်ကို ကူညီပေးမယ်ဆိုရင် ရှင်ကျွန်မကို ဘယ်လိုကျေးဇူးတင်မှာလဲ”

ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းများအပြင် လက်ရှိလူတိုင်းကြားမှာ သားရဲဧကရီ အမြီးကိုးချောင်းသည် ဆူဇီမို၏ သရုပ်သကန်ကို သိရှိထားသည့် လူအနည်းအကျဉ်းထဲမှ တစ်ဦးဖြစ်သည်။

မဟာအရိုင်းကမ္ဘာမှာတုန်းက သားရဲဧကရီ အမြီးကိုးချောင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ရုပ်ရည်သွင်ပြင်ကို တွေ့မြင်ထားခဲ့ဖူးလေသည်။

သားရဲဧကရီ အမြီးကိုးချောင်းက ဆူဇီမိုကို အကြောက်အလန့်ကင်းမဲ့စွာ ညှို့ငင်ဖမ်းစားနေသည်ကို တွေ့မြင်သောအခါ လူအုပ်ကြားထဲကနေ ရန်လိုနေသော အကြည့်တချို့က ထွက်ပေါ်လာ၏။

တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သားရဲဧကရီ အမြီးကိုးချောင်းက ရယ်မောကာ သူမ၏ ဝတ်ရုံစကို ဝှေ့ယမ်း၍ ဗလာကျင်းနေသော မြေပြင်ပတ်လည်မှ အကန့်အသတ်များကို ခြေမွှဖျက်ဆီးလိုက်၏။

ဆယ်ပေကျော် မြင့်မားသော ဂမ္ဘီရသစ်ပင်တစ်ပင်က တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေသည်။

ဂမ္ဘီရသစ်ပင်က ရောင်စုံအလင်းများဖြင့် တောက်ပနေပြီး သစ်ကိုင်းတစ်ကိုင်းချင်းစီပေါ်မှာ ဂမ္ဘီရသလင်းပစ္စည်း ခုနစ်ခု ရှိနေ၏။ အလင်းရောင်က စီးဆင်းနေပြီး ၎င်းက မနှိုင်းယှဉ်သာအောင် ဂမ္ဘီရဆန်နေလေသည်။

“ဒါက နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ စိတ်ဝိညာဉ်ရတနာ ရတနာခုနစ်ပါး အံ့ဖွယ်သစ်ပင်ပဲ”

ယွင်ကျူးက ဂမ္ဘီရသစ်ပင်ကို တွေ့မြင်သောအခါ ပြောလိုက်၏။

“ရွှေ၊ ငွေ၊ ဖန်၊ သလင်း၊ ခုံး၊ သန္တာနဲ့ ပယင်းတို့က ရတနာခုနစ်ပါးပဲ… အဲ့ဒီရတနာခုနစ်ပါးကို မော်တယ်လောကမှာ မတွေ့နိုင်ဘူး”

“အဲ့ဒီရတနာခုနစ်ပါးက ဒြပ်စင်ငါးမျိုးကို ဖုံးလွှမ်းနိုင်တဲ့ မတူညီတဲ့ အလင်းရောင်ခုနစ်မျိုးကို ထုတ်ပေးနိုင်တယ်… သူတို့တွေက ပြိုင်ဘက်ကင်းပြီး ကောင်းကင်နဲ့မြေကြီးအမြုတေချီကို စုစည်းနိုင်တဲ့ အဓိကသော့ချက်လည်းဖြစ်တယ်လို့ ဆိုနိုင်တယ်”

သံသဖူဆောင်းအဘိုးအိုက ညင်သာစွာ ပြောပြလိုက်၏။

“ဇီမို… အဲ့ဒီရတနာခုနစ်ပါး အံ့ဖွယ်သစ်ပင်ကို ယူထားလိုက်… နောက်ပိုင်း မင်းက ကမ္ဘာတစ်ခုကို ဖန်တီးမယ်ဆိုရင် အဲ့ဒါကို ကောင်းကင်နဲ့မြေကြီးအမြုတေချီကို စုစည်းဖို့အတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်တယ်”

ဆူဇီမိုက ခေါင်းညိတ်ပြီး ရတနာခုနစ်ပါး အံ့ဖွယ်သစ်ပင်ကို အမြစ်ကနေ ဆွဲနုတ်ကာ သူ၏ အိတ်ထဲကို ထည့်လိုက်၏။

ဧကရာဇ်မြောက်ပိုင်းခွန်က ထိုသည်ကို တွေ့မြင်သောအခါ သူ၏ ခေါင်းကို ခါယမ်းပြီး တီးတိုးရေရွတ်လိုက်၏။

“ရတနာခုနစ်ပါး အံ့ဖွယ်သစ်ပင်က နှစ်ပေါင်းများစွာကြာအောင် ကောင်းကင်ဘုံကမ္ဘာမှာ အမြစ်တွယ်လာခဲ့တာ… အဲ့ဒါက တခြားမတူညီတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။”

All Chapters