← Chapters

မအီမသာ ခံစားချက်

Vol. 208 Ch. 3113

မအီမသာ ခံစားချက်

Vol. 208 Ch. 3113

ဆူဇီမိုသည် ကမ္ဘာတစ်ခုကို ဖန်တီးချင်သည်မှာ တစ်ဖက်မှာတော့ သူသည် အောက်ဘုံလောကမှ သက်ရှိများစွာ ကျင့်ကြံဖို့အတွက် အနားယူစရာ နေရာတစ်ခု ဖြစ်စေချင်သောကြောင့်ပင်။ အခြားတစ်ဖက်မှာတော့ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို အထိုင်ချပေးနိုင်ဖို့ ဖြစ်လေသည်။

သူသည် ကမ္ဘာတစ်ခုကို ဖန်တီးလိုသည်ဆိုလျှင် သူ့မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုစည်းနိုင်သည့် စိတ်ဝိညာဉ်ပစ္စည်းများ ရှိနေရပေမည်။

ရတနာခုနစ်ပါး အံ့ဖွယ်သစ်ပင်က သူတို့ထဲမှ တစ်ခုဖြစ်၏။

တကယ်တမ်းမှာ ဆူဇီမို၏ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာသည် လောကရှိ တစ်ခုတည်းသော အဆုံးစွန်ရတနာဖြစ်ပြီး ရတနာခုနစ်ပါး အံ့ဖွယ်သစ်ပင်ထက် များစွာသာလွန်လေသည်။

တကယ်တော့ သူသည် ကမ္ဘာတစ်ခုမှာ အမြဲတမ်းနေနိုင်မည်မဟုတ်ဘဲ ရတနာခုနစ်ပါး အံ့ဖွယ်သစ်ပင်ကဲ့သို့ စိတ်ဝိညာဉ်ရတနာများကို အခြေခံအုတ်မြစ်အဖြစ် လိုအပ်လေသည်။

အစက သူသည် ထိပ်တန်းအဆင့် အင်မော်တယ်သစ်ပင်သုံးပင်ဖြစ်သော အသောကသစ်ပင်၊ အင်မော်တယ်မိုးမခနှင့် အင်မော်တယ်မက်မွန်ပင်မျိုးတို့ကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ လိုဏ်ဂူခန်းဝါထဲမှာ စိုက်ပျိုးခဲ့လေသည်။

အင်မော်တယ်မက်မွန်ပင်မျိုးက လွဲလျှင် အသောကသစ်ပင်နှင့် အင်မော်တယ်မိုးမခက ရှင်သန်လာမည့် လက္ခဏာများ မပြသခဲ့ပေ။

သူသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ပြီး ဂိုဏ်းချုပ်နှင့် သူ၏ ဝှက်ဖဲများကို ထုတ်ဖော်ရန် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်မလာခင်က သူသည် လျှိုဖျင်နှင့် ထောင်ယောင်ကို အဝေးသို့ ခေါ်ထုတ်ပြီး အင်မော်တယ်သစ်ပင်သုံးပင်ကို သူတို့နှင့် ထည့်ပေးလိုက်လေသည်။

အသောကသစ်ပင်နှင့် အင်မော်တယ်မိုးမခသစ်ပင်က ဤနှစ်များမှာ အမြစ်တွယ်ပြီး ရှင်သန်နိုင်ခဲ့သလား မသိရပေ။

အင်မော်တယ်သစ်ပင်သုံးပင်က ရှင်သန်နိုင်သည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုစည်းရမည့် ပြဿနာက ပြေလည်သွားပေလိမ့်မည်။

“ရှောင်းယောင်…. ငါတို့နဲ့ ပြန်လိုက်ဖို့ အချိန်ကျပြီမလား”

ဧကရာဇ်မြောက်ပိုင်းခွန်သည် အခြေအနေက ပြေလည်သွားသည်ကို တွေ့မြင်သောအခါ သူက ရှောင်းယောင်ကို သူတို့နှင့်အတူ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာဖို့ လှုံ့ဆော်လိုက်၏။

သူတို့သည် ကောင်းကင်ဘုံကမ္ဘာသို့ ခြေချလာပြီးကတည်းက မအီမသာခံစားနေရ၏။

သူတို့သည် အရင်က ကောင်းကင်ဘုံကမ္ဘာကို ရောက်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော ခံစားချက်ကို ဘယ်တုန်းကမှ မရခဲ့ဖူးပေ။

“အဲ့ဒါက အဲ့လောက် မြန်မြန်ဆန်ဆန် ပြီးသွားတာလား”

ရှောင်းယောင်က လုံလောက်မှု မရှိသေးဟု ခံစားနေရ၏။

သူ တက်လှမ်းလာပြီးကတည်းက သူသည် ဤမျှအထိ လွတ်လွတ်လပ်လပ် ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ရပေ။

အဲ့ဒါသည် သူ့ကို စိတ်ကျေနပ်အားရစေသည်ဟု ဆိုနိုင်သည်။

ဧကရာဇ် မြောက်ပိုင်းခွန်နှင့် ဧကရာဇ် တောင်ပိုင်းဖန်းက ညင်သာစွာ နှာတစ်ချက်မှုတ်ပြီး ရှောင်းယောင်ကို စိုက်ကြည့်လိုက်ကြ၏။

ရှောင်းယောင်သည် တိုက်ခိုက်ရသည်ကို သဘောကျနေသော်လည်း သူတို့နှစ်ယောက်က တစ်ချိန်လုံး စိုးရိမ်ပူပန်နေရ၏။

တိုက်ပွဲစတင်ချိန်မှာ ရှောင်းယောင်သည် သူ၏ အသက်ကို လုံးဝဂရုမစိုက်သည့်အလား တစ်ဖက်လူက ပကတိစိတ်ဝိညာဉ်ဖြစ်စေ၊ အင်မော်တယ်ဘုရင်ဖြစ်စေ သူက လူအုပ်ကြားထဲသို့ မျက်စိစုံမှိတ်ကာ ပြေးဝင်သွားခဲ့လေသည်။

ရှောင်းယောင် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ပြီး လောကအရှင်နှစ်ဦးက ရှောင်းယောင်ကို ထပ်ကြပ်မကွာ စောင့်ကြည့်ကာ တစ်လမ်းလုံး လိုက်ပါစောင့်ရှောက်နေရ၏။

ကြားထဲမှာ သူတို့သည် ရှောင်းယောင်ကို ခြိမ်းခြောက်နိုင်သည့် အင်မော်တယ်ဘုရင်တချို့ကို တိတ်တဆိတ်ပင် တိုက်ခိုက်သတ်ဖြတ်ခဲ့ရ၏။

ခွန်ဖန်းကမ္ဘာမှာ ဤသခင်လေးတစ်ဦးသာ ရှိလေသည်။

ဒါ့အပြင် သူ၏ သွေးဆက်သွေးက ဘိုးဘေးဗီဇလက္ခဏာများ ပြသနေပြီး သူတို့ကမ္ဘာနှစ်ခုကို ပေါင်းစည်းစေခဲ့သည့် အဓိက အခရာလည်း ဖြစ်၏။ သူ့ကို မည်သည့်အရာမှ အဖြစ်မခံနိုင်ပေ။

“ဆရာ… ခင်ဗျား တိုက်ခိုက်ချင်သေးလား”

ရှောင်းယောင်က ဆူဇီမိုအနားသို့ တိုးကပ်ပြီး မျှော်လင့်စောင့်စားစွာဖြင့် မေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြီး အေးစက်စက်အမူအရာနှင့်အတူ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူ၏ အကြည့်က အဆုံးမဲ့လေဟာနယ်ကို ဖြတ်ကျော်ပြီး အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ ကုန်းမြေပေါ်သို့ ဆင်းသက်သွားသည့်အလားပင်။

“ဟုတ်ပြီလေ”

ရှောင်းယောင်က တက်ကြွသွားပြီး ဧကရာဇ် မြောက်ပိုင်းခွန်ကို သွားဖြီးပြလိုက်၏။

“အဲ့ဒါက အခုထိ မပြီးသေးဘူးတဲ့…. ပြန်ဖို့ အလောတကြီး လုပ်မနေစမ်းပါနဲ့”

လောကအရှင်နှစ်ဦးက သုန်မှုန်သွားပြီး နှုတ်ဆိတ်နေကြ၏။

အင်မော်တယ်ဘုရင်မ လင်းလုံက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး တီးတိုးရေရွတ်လိုက်၏။

“အရင်တုန်းက သူ အညှာအတာမဲ့စွာ နင်းချေခဲ့တဲ့ အောက်ဘုံလောကက သက်ရှိက ဒီနေ့မှာ ဒီလောက်အတိုင်းအတာအထိ ကြီးပြင်းလာလိမ့်မယ်လို့ ဘုရင်ယွင်ယိုက ဘယ်တုန်းကမှ တွေ့မိခဲ့ဖူးမှာ မဟုတ်လောက်ဘူး”

ဆူဇီမို တက်လှမ်းလာစဉ်က သူ့ကို ဘုရင်ယွင်ယိုနှင့် တက္ကသိုလ်ဂိုဏ်းချုပ်က ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့၏။

အင်မော်တယ်ဘုရင်မ လင်းလုံ၏ အကူအညီကြောင့် မဟုတ်လျှင် ဆူဇီမိုသည် သေနှင့်နေပြီးလေပြီ။ ထိုသို့ဆိုလျှင်တောင် သူ၏ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဘုရင်ယွင်ယို၏ ဖျက်ဆီးခြင်း ခံခဲ့ရ၏။

လင်လောက မေးလိုက်၏။

“ဒီမှာဖြစ်သွားတဲ့ ရုတ်ရုတ်သဲသဲ အခြေအနေက အတော်လေး ကြီးမားနေပြီ… ဘုရင်ယွင်ယိုက အဲ့ဒါကို အာရုံခံမိသွားမှာလား”

အင်မော်တယ်ဘုရင်မ လင်းလုံက သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။

“အဖြူရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနဲ့ နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကြားမှာ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနဲ့ ရှုထောင့်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ ရှိနေသေးတယ်… အကွာအဝေးက အတော်လေး ကြီးမားတယ်… ဘုရင်ယွင်ယိုက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းပြီး သူ့ရဲ့စိတ်ဝိညာဉ်အသိစိတ်က ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို မလွှမ်းခြုံနိုင်သရွေ့ သူက ဒီမှာရှိတဲ့ တိုက်ပွဲကို အာရုံခံနိုင်မှာမဟုတ်ဘူး”

အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ…

ယွင်ယိုတိုင်းပြည်တွင်…

ဘုရင်ယွင်ယိုသည် မှောင်မည်းနေသော ခန်းမထဲမှာ တစ်ယောက်တည်း အတွေးနက်စွာဖြင့် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားလေသည်။

မှေးမှိန်သော အလင်းရောင်အောက်မှာ သူ့မျက်နှာပေါ်ရှိ သုန်မှုန်နေသော အမူအရာကို ခပ်ရေးရေး တွေ့မြင်နိုင်လေသည်။ သူက တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေသည့်အလား မျက်မှောင်အနည်းငယ်ကြုတ်ထား၏။

လွန်ခဲ့သည့် နှစ်သုံးရာကျော်က သူသည် ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့လေပြီ။

သို့သော်လည်း ဘာကြောင့်ရယ်မသိ သူ့၏ ကျင့်ကြံမှုနယ်ပယ်က တိုးမြင့်၍ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ မြင့်တက်လာခဲ့သော်လည်း ဤနှစ်များမှာ သူက မအီမသာ ခံစားနေရ၏။

အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာသည် အမျိုးမျိုးသော အင်မော်တယ်မဟာနယ်မြေများကို တဖြည်းဖြည်း ဝါးမျိုသွားခဲ့၏။ သူသည် တစ်ခုခုဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ယွင်ယိုတိုင်းပြည်ကို ဦးဆောင်ကာ ချက်ချင်းပင် အညံ့ခံဖို့ ရွေးချယ်ခဲ့လေသည်။

သို့သော်လည်း သူက အင်မော်တယ်ဧကရာဇ် မိုးကောင်းကင်ကိုးလွှာထံ အညံ့ခံခဲ့ပြီးလျှင်တောင် သူ၏ မအီမသာ ခံစားချက်က ပျက်ပြယ်မသွားပေ။

မကြာသေးခင် ရက်များမှာ ဘုရင်ယွင်ယိုသည် သူ့ကို တစ်ယောက်ယောက်က ထောက်လှမ်းကြည့်ရှုနေသည့်အလား ကြောက်ရွံ့ထိတ်လန့်မှု ခံစားချက်တစ်ခုကို ရံဖန်ရံခါ ရရှိနေတတ်၏။

သို့သော်လည်း သူက မည်သို့ပင် စစ်ဆေးကြည့်သည်ဖြစ်စေ၊ မူမမှန်သော မည်သည့်အရာကိုမှ ရှာမတွေ့ပေ။

“ဧကရာဇ်ပညာရှင်တွေပဲ ငါ့ကို ခြိမ်းခြောက်နိုင်မှာ”

ဘုရင်ယွင်ယိုက သူ၏ နားထင်ကို လက်မဖြင့် ဖိပြီး သူ့ရင်ထဲရှိ စိုးရိမ်ထိတ်လန့်မှုကို ဖြေလျှော့ဖို့ ကြိုးစားနေ၏။

“ဘယ်ဧကရာဇ်ပညာရှင်က ငါ့ကို စောင့်ကြည့်နေတာလဲ”

သူသည် ပြီးခဲ့သည့်နှစ်များမှာ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သော်လည်း သူသည် ပါးလွှာသော ရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေသည့်အလား အမြဲတမ်း သတိထားနေခဲ့သည်။

သူသည် မည်သည့်နောက်ခံမှမရှိသော ချာတိတ်လေးများနှင့် နိမ့်ကျသက်ရှိများကိုသာ သတ်ဖြတ်ခဲ့လေသည်။

သူသည် ဧကရာဇ်ပညာရှင်များ သို့မဟုတ် မင်းသားတစ်ပါးပါးကို ဘယ်တုန်းကမှ မဆန့်ကျင်ခဲ့ပေ။

“အဲ့ဒါက သူများ ဖြစ်နိုင်မလား”

ရုတ်တရက် ဘုရင်ယွင်ယို၏ စိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲ ဝင်ရောက်လာ၏။

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဆူဇီမို”

ဆူဇီမိုသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သေဆုံးသွားခဲ့ပြီဖြစ်၏။ သူက အသက်ရှင်နေဦးမည်ဆိုလျှင်တောင် သူ့အတွက် ခြိမ်းခြောက်မှုများစွာ မရှိနိုင်ပေ။

အဓိက အကြောင်းအရင်းမှာ အောက်ဘုံလောကမှာတုန်းက ဆူဇီမို၏ ဘေးတွင် မတ်တတ်ရပ်နေခဲ့သောလူက မဟာအရိုင်းကမ္ဘာမှ သားရဲဧကရီ သွေးလိပ်ပြာဖြစ်နေသောကြောင့်ပင်။

သားရဲဧကရီ သွေးလိပ်ပြာက သူ့အတွက် လက်စားလာချေမှာလား…

ဘုရင်ယွင်ယိုက အဲ့ဒါနှင့် ပတ်သက်၍ မည်သို့ပင် စဉ်းစားသည်ဖြစ်စေ ဖြစ်နိုင်ခြေရှိသော အန္တရာယ်က ဤတစ်ခုသာ ရှိလေသည်။

“ငါ အဲ့ဒီလူတချို့နဲ့ အဲ့ဒါကို ဆွေးနွေးရတော့မယ်နဲ့တူတယ်”

ဘုရင်ယွင်ယိုက လှောင်ရယ်လိုက်ပြီး သူ့ဘာသာသူ တွေးလိုက်၏။

“အဲ့တုန်းက ဆူဇီမိုကို ဝိုင်းပတ်ပိတ်ဆို့ခဲ့တာက ငါတစ်ယောက်ထဲမှ မဟုတ်ဘဲ… တက္ကသိုလ်ဂိုဏ်းချုပ်က ဘယ်နေရာမှာ သွားပုန်းနေလဲ ငါမသိဘူး… ဒါပေမဲ့ ဘုရင်ကျင်း၊ အင်မော်တယ်ဘုရင်ချင်းယန်နဲ့ အင်မော်တယ်ဘုရင်ယန်ယန်းတို့က ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ရှိနေကြတာပဲ”

“အမှန်ပဲ… ငါက အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကနေ အရင်ဆုံး ထွက်ခွာသင့်တယ်”

သူက ဤနေရာမှာ ဆက်နေမည်ဆိုလျှင် ဘုရင်ယွင်ယို၏ ရင်ထဲရှိ မအီမသာ ခံစားချက်က ပို၍ပင် ပြင်းထန်လာပေလိမ့်မည်။

ဒါ့အပြင် ဘုရင်ယွင်ယိုသည် ခန်းမ၏ ထောင့်တစ်နေရာမှာ တစ်စုံတစ်ရာ ပုန်းကွယ်နေသည်ဟု အလိုလိုခံစားနေရ၏။

သူက စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ဘုရင်ယွင်ယိုက ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ပေ။ သူက သူ့လက်ကို ဝှေ့ယမ်းပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ထွက်ခွာဖို့ ပြင်လိုက်လေသည်။

လေဟာနယ်က ပွင့်ထွက်သွားပြီး အာကာသဥမင်တစ်ခု ပေါ်ထွက်လာ၏။ ဘုရင်ယွင်ယိုက အထဲသို့ လျှောက်လှမ်းဝင်ရောက်တော့မည့်ဆဲဆဲမှာပင် ကြောက်စရာကောင်းသော အစိမ်းရောင်မျက်နှာတစ်ခုက အစွယ်များနှင့်အတူ ရုတ်တရက် သူ့ရှေ့မှာ ပေါ်ထွက်လာ၏။

ဘုရင်ယွင်ယိုက အငိုက်မိသွားပြီး ကြောက်စရာကောင်းသော တစ္ဆေမျက်နှာနှင့် ပစ်တိုက်မိမတတ် ဖြစ်သွား၏။

“လခွမ်းတဲ့မှ… ဘာလဲဟ”

ဘုရင်ယွင်ယိုက တုန်လှုပ်သွားပြီး ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။

ဘုရင်ယွင်ယိုက အငိုက်မိသွားသည်ကို မပြောနှင့်၊ ပုံမှန်အခြေအနေမှာဆိုလျှင်ပင် သူသည် ကြောက်စရာကောင်းသော ဤတစ္ဆေမျက်နှာကို တွေ့မြင်သည့်အခါ ကြောက်ရွံ့မှုကို အလိုလိုခံစားရပေလိမ့်မည်။

“အဲဒါက ဘာလဲ”

ဘုရင်ယွင်ယိုက ထိတ်လန့်တကြားဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။

သူက ခေါင်းနားပန်းကြီးလာပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်နေလေသည်။ သူက ဒေါသတကြီး အော်ဟစ်ကာ ဓားတစ်လက်ကို ဆင့်ခေါ်ထုတ်ပြီး သူ့ရှေ့မှာ ထောက်ထား၏။

“ဟီးဟီးဟီး”

ကြောက်စရာကောင်းသော တစ္ဆေမျက်နှာက သွားဖြီးပြီး မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။ တစ္ဆေမျက်နှာသည် မပြုံးလျှင်တောင် အတော်လေး ကြောက်စရာကောင်းနေပြီဖြစ်၏။ ထိုအပြုံးနှင့်အတူ သူက ပို၍ပင် မကောင်းဆိုးဝါးဆန်လာပြီး ကြောက်စရာကောင်းနေ၏။ ဘုရင်ယွင်ယို၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးများက ထောင်ထလာ၏။

“ဒီဆိုးယုတ်သက်ရှိက ဘယ်ကနေ ရောက်လာတာလဲ”

ဘုရင်ယွင်ယိုက အော်ငေါက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။

သူက ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို မြှောက်တင်လိုက်ပြီး ကြောက်စရာကောင်းသော တစ္ဆေမျက်နှာကို ဖိနှိမ်ဖို့ ကြိုးစားလိုက်၏။

တစ္ဆေမျက်နှာက ရှေ့သို့ လွင့်မျောလာလေသည်။

ထိုအခိုက်အတန့်မှာသာ ၎င်းသည် အရပ်အမောင်းမြင့်မားပြီး တစ်မူထူးခြားစွာ တုတ်ခိုင်သန်မာသော ယက္ခတစ်ကောင်ဖြစ်သည်ကို ဘုရင်ယွင်ယိုက ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရ၏။ သူ၏ ပါးစပ်ကို ဖြဲထားပြီး ပြင်းထန်သော သွေးနံ့က ဖြာထွက်နေ၏။ ဘုရင်ယွင်ယိုက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းခံနေရသည့်အလား သူက ဘာကြောင့် ကြောက်စရာကောင်းသော ခံစားချက် ရရှိနေခဲ့သည်ကို နောက်ဆုံးမှာ နားလည်သဘောပေါက်သွား၏။

ဤယက္ခတစ္ဆေက တစ်ချိန်လုံး သူ့ဘေးမှာ ပုန်းကွယ်နေခဲ့လေသည်။

All Chapters