မျှတသောတိုက်ပွဲတစ်ခု
Vol. 208 Ch. 3114
ဝုန်း…
ဘုရင်ယွင်ရို၏ ပကတိကောင်းကင်လိုဏ်ဂူမှာ လောကစွမ်းအားတစ်စွန်းတစ်စပါဝင်နေပြီး ကျယ်လောင်သောမြည်သံနှင့်အတူ ရှေ့မှာရှိသော လေဟာနယ်ကို ဖိချလိုက်၏။
သို့သော်လည်း သူ၏ တိုက်ခိုက်မှုက လွဲချော်သွားသည်။
ဘုရင်ယွင်ရို၏ ကောင်းကင်လိုဏ်ဂူက ဖိခြေကျဆင်းလာသည့်ခဏမှာပင် စောစောက ယက္ခတစ္ဆေက လေဟာနယ်ထဲကနေ ပျောက်ကွယ်သွား၏။
အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ပုံမှန်အခြေအနေမှာဆိုလျှင် လေဟာနယ်က တွန့်လိမ်နေသော ဤတိုက်ပွဲအခြေအနေမှာ လေဟာနယ်ကြားထဲ ကူးလူးသွားလာဖို့က မဖြစ်နိုင်ပေ။
မဟုတ်မှလွဲ…
လေဟာနယ်ယက္ခ…။
ဘုရင်ယွင်ရိုက တုန်လှုပ်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
လေဟာနယ်ယက္ခသည် ယက္ခမျိုးနွယ်၏ ဘုရင်ဖြစ်လေသည်။
“ဟားဟားဟာ…”
ထူးဆန်းသော ရယ်မောသံက ဘုရင်ယွင်ရို၏ နောက်ဘက်ကနေ ထွက်ပေါ်လာ၏။
“မကြောက်ပါနဲ့… မင်း ဒီနေရာမှာ အသာတကြည်နေသရွေ့ ငါမင်းကို ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး”
လှည့်ကြည့်ခြင်းမရှိဘဲ ဘုရင်ယွင်ရိုက နောက်ဘက်သို့ ရုတ်တရက် လက်ပြန်ခုတ်ပိုင်းချလိုက်၏။
ရွှစ်…
အေးစက်စက်အလင်းတစ်ခုက ဖျတ်ခနဲလက်သွား၏။
သူ့နောက်မှာရှိသော လေဟာနယ်ကို ကြေမွသွားပြီး ကြမ်းကြုတ်ခက်ထန်သော ယက္ခတစ္ဆေ၏ မျက်နှာကပင် အပိုင်းပိုင်းစုတ်ပြဲသွား၏။
“သူ သေသွားပြီလား”
“မင်းရဲ့ခွန်အားကို ခြွေတာထားဖို့ ငါအကြံပေးချင်တယ်”
မလှမ်းမကမ်းမှာ ယက္ခတစ္ဆေ၏ အသံက လှောင်ပြောင်သရော်မှုနှင့်အတူ နောက်တစ်ဖန်ထွက်ပေါ်လာ၏။
သူက သူ့ကို ရက်ရက်စက်စက်လှောင်ပြောင်သရော်နေသည့်အလားပင်။
ဧကရာဇ်တစ်ပိုင်းလေဟာနယ်ယက္ခတစ်ဦး…
လေဟာနယ်ယက္ခသည် လေဟာနယ်ထဲမှာ ပုန်းကွယ်နေပြီး ဘုရင်ယွင်ရိုက သူနှင့်ရင်ဆိုင်ရာမှာ ဘာမှမတတ်နိုင်ပေ။
သူက သူ၏ စိတ်ကို တဖြည်းဖြည်းငြိမ်သက်စေလိုက်၏။
ဤလေဟာနယ်ယက္ခ၏ ဖုံးကွယ်ခြင်းနည်းလမ်းများအရ ထိုသူက သူ့ကို သတ်ဖြတ်လိုသည်ဆိုလျှင် ပြီးခဲ့သည့်ရက်များမှာ သူ့အနေဖြင့် ထိုသို့ပြုလုပ်ဖို့ အခွင့်အလမ်းများစွာ သေချာပေါက်ရှိခဲ့ပေလိမ့်မည်။ သို့သော်လည်း လေဟာနယ်ယက္ခက သူ့ကိုတစ်ချိန်လုံးမတိုက်ခိုက်ခဲ့ပေ။
တစ်ဘက်သူက ရန်လိုစိတ်မရှိတာ ဖြစ်နိုင်မလား။
လေဟာနယ်ယက္ခက ဤနေရာမှာ သူ့ကိုထိန်းသိမ်းထားဖို့အတွက်သာ ပေါ်ထွက်လာခဲ့၏။ သို့သော်လည်း လေဟာနယ်ယက္ခမှာ ဘာရည်ရွယ်ချက်ရှိနေသည်ကို သူမသိရပေ။
“အရှင်းမင်းမြတ်… ဘာများဖြစ်လို့ပါလဲ”
ခန်းမတံခါးက ပွင့်ထွက်သွားပြီး အင်မော်တယ်ဘုရင်နှစ်ဦးက နန်းတော်အစောင့်အကြပ်များစွာနှင့်အတူ အတင်းဝင်ရောက်လာ၏။
ဘုရင်ယွင်ရိုက ဘာမှမပြောရသေးခင် အင်မော်တယ်ဘုရင်နှစ်ဦး၏ ဦးခေါင်းထက်မှာ ထူးဆန်းသောအက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ကြမ်းကြုတ်ခက်ထန်၍ ကြောက်စရာကောင်းသော တစ္ဆေမျက်နှာက နောက်တစ်ဖန်ပေါ်ထွက်လာ၏။
တစ္ဆေမျက်နှာက ၎င်း၏ သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟပြီး အောက်ဘက်မှာရှိသော အင်မော်တယ်ဘုရင်တစ်ဦး၏ ဦးခေါင်းကိုကိုက်ချလိုက်၏။
ချက်ချင်းပင် သူ၏ လည်ပင်းကနေ သွေးများကပန်းထွက်လာ၏။
ဦးခေါင်းပြတ်အလောင်းက ပျော့ခွေစွာဖြင့် လဲကျသွားလေသည်။
ဘေးမှာရှိသော အင်မော်တယ်ဘုရင်က လိပ်ပြာလွင့်မတတ်ကြောက်လန့်နေပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်နေ၏။ သူက မည်သည့်အရာကိုမှ စဉ်းစားမနေဘဲ ကောင်းကင်လိုဏ်ဂူတစ်ခုကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။
ရုတ်တရက် ဧရာမတစ္ဆေလက်တစ်ဖက်က အက်ကွဲကြောင်းထဲကနေ ဆန့်ထွက်လာပြီး သူ၏ လက်ချောင်းထိပ်ဖျားပေါ်ရှိ အေးစက်စက်အလင်းတစ်ခုနှင့်အတူ အောက်ဘက်သို့ ကုတ်ဆွဲချလိုက်၏။
အင်မော်တယ်ဘုရင်၏ ကောင်းကင်လိုဏ်ဂူက တစ္ဆေလက်ရှေ့မှာ စက္ကူတစ်ရွက်ကဲ့သို့ ချက်ချင်းပင်ကြေမွပျက်စီးသွား၏။
“အား…”
စူးစူးဝါးဝါးအော်ဟစ်သံနှင့်အတူ လူတိုင်း၏ ရှေ့မှောက်မှာပင် အင်မော်တယ်ဘုရင်သည် တစ္ဆေလက်၏ ဆွဲယူခြင်းခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီး အော်သံက ယတိပြတ်ရပ်တန့်သွား၏။
ဂျွတ်… ဂျွတ်…
ထို့နောက် အရိုးများကို ကိုက်ဝါးနေသည့်အလား အထဲကနေ ထူးဆန်းသောအသံက ထွက်ပေါ်လာ၏။
နီရဲနေသောသွေးများက လေဟာနယ်အက်ကွဲကြောင်းကြားကနေ စိမ့်ကျလာခဲ့လေသည်။
အင်မောတယ်ဘုရင်နှစ်ဦးက တစ်ခဏချင်းမှာပင် သေဆုံးသွား၏။
ဒါ့အပြင် သူတို့က ဆိုးဆိုးဝါးဝါးပုံစံဖြင့် သေဆုံးသွားရလေသည်။
နန်းတော်အစောင့်အရှောက်များစွာက ပကတိစိတ်ဝိညာဉ်များသာဖြစ်ပြီး သူတို့သည် ဤကဲ့သို့သော သတ်ဖြတ်ခြင်းနည်လမ်းများကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။
ပို၍အရေးပါသည်မှာ အသန်မာဆုံးတိုက်ခိုက်ရည်ခွန်အားရှိသည့် ဘုရင်ယွင်ရိုက အဝေးကနေ စောင့်ကြည့်နေပြီး သူ့ကို တားဆီးဖို့ စိတ်ကူးမရှိပေ။ သူက မတားဆီးလိုသောကြောင့်မဟုတ်ပေ။
အင်မော်တယ်ဘုရင်နှစ်ဦးက အရမ်းကို မြန်မြန်ဆန်ဆန်သေဆုံးသွားသောကြောင့်ဖြစ်သည်။
နန်းတော်အစောင့်အရှောက်များစွာက အော်ဟစ်လိုက်ကြပြီး ဘုရင့်အမိန့်ကို မနာခံခြင်းဟူသောပြစ်မှုကိုပင် ဂရုစိုက်မနေကြနိုင်တော့ပေ။ သူတို့က ခန်းမထဲကနေ တစ်ယောက်ပြီးတစ်ယောက် လှည့်ထွက်ပြေးလိုက်ကြ၏။
ဘုရင်ယွင်ရိုက သုန်မှုန်နေသောအမူအရာဖြင့် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ ကျန်ရစ်ခဲ့၏။
လေဟာနယ်ယက္ခသည် သူ့ကိုမတိုက်ခိုက်သော်လည်း သူက သူ၏ ဘေးပတ်လည်မှာရှိသောလူများကို သနားညှာတာမှု လုံးဝမပြပေ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် လေဟာနယ်ယက္ခက ရှောင်တိမ်းခြင်းမရှိဘဲ သူနှင့်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက သူသည်လည်းပဲ သေရဖို့များလေသည်။
“မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ဘုရင်ယွင်ရိုက လေးနက်သောအသံဖြင့် မေးလိုက်၏။
“ဟဲဟဲ…”
လေဟာနယ်ယက္ခ၏ အသံက ချောက်ချားဖွယ်ရာထွက်ပေါ်လာ၏။
“ငါ့သခင်က မင်းကို ထွက်မပြေးနိုင်အောင်ပဲ စောင့်ကြည့်ခိုင်းထားတာ”
“မင်းသခင်က ဘယ်သူလဲ”
ဘုရင်ယွင်ရိုက ထပ်မံ၍ မေးလိုက်၏။
ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားပြီး လေဟာနယ်ယက္ခက နောက်တစ်ဖန်ပျောက်ကွယ်သွား၏။
သို့သော်လည်း လေဟာနယ်ယက္ခက ခန်းမထဲမှာ သူ့ကို စောင့်ကြည့်နေဆဲဖြစ်သည်ကို ဘုရင်ယွင်ရိုက သိရှိထား၏။
အချိန်က တစ်စတစ်စကုန်ဆုံးလာလေသည်။
ခန်းမထဲမှာ အသက်တစ်ရှိုက်စာတိုင်းက ဘုရင်ယွင်ရိုအတွက် ကြီးမားသော ဖိစီးနှိပ်စက်မှုဖြစ်နေ၏။
သူသည် လေဟာနယ်ယက္ခ၏ စောင့်ကြည့်ခြင်းခံနေရပြီး ဤနေရာကနေ ထွက်ခွာမသွားနိုင်ပေ။ သူသည် ဤနေရာမှာ အကျယ်ချုပ်ချခံထားရခြင်းနှင့် တူညီနေ၏။
သူက ဘာအတွက်စောင့်ဆိုင်းနေရသည်ကို မသိရပေ။
ဘာမှန်းမသိရသောအရာက သူ့ကို ပို၍ကြောက်ရွံ့ထိတ်လန့်စေ၏။
မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက်။
ခန်းမ၏ အပြင်ဘက်မှာ စစ်သည်ပေါင်းထောင်ချီက ဘုရင်ယွင်ရို၏ နန်းတော်ထဲသို့ ဝင်ရောက်လာသည့်အလား အုန်းအုန်းကျက်ကျက်အသံတစ်သံထွက်ပေါ်လာ၏။
ဘုရင်ယွင်ရိုက စုံစမ်းထောက်လှမ်းဖို့အတွက် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို မထုတ်ဖော်ရသေးခင် လူတစ်အုပ်စုက ခန်းမ၏ ဝင်ပေါက်ဝမှာ ပေါ်ထွက်လာကြပြီဖြစ်၏။
ဦးဆောင်လာသူမှာ အနက်ရောင်ဆံပင်ရှိပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့မှာ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များရှိပြီး ရင်းနှီးနေသည့်ပုံပေါ်လေသည်။
“မင်းက…”
ဘုရင်ယွင်ရိုက ထိုသူကို တွေ့မြင်သည့်အခါ သူ၏မျက်လုံးက ပြူးကျယ်သွားပြီး အော်ပြောလိုက်၏။
“ဆူဇီမို..”
ဆူဇီမို၏ နောက်ဘက်မှာ လူတစ်အုပ်စုရှိနေ၏။
သူသိထားသူများမှာ တိုက်ပွဲနိုင်ငံမှ လင်းကျန့်နှင့် သူ့ဇနီး၊ တစ်ခါက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို သစ္စာဖောက်ခဲ့သော ဖုန့်စန်းထျန်နှင့် ဓားကမ္ဘာက တောင်ထွတ်သခင်တချို့ဖြစ်သည်။
သူသည် ကျန်ရှိနေသောလူများကို တစ်ခါမှ မတွေ့မြင်ဖူးပေ။
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က ကောင်းကင်လိုဏ်ဂူအကြီးနယ်ပယ်မှာသာရှိပြီး သူ့အတွက် ခြိမ်းခြောက်မှုများစွာမဟုတ်ပေ။ သို့သော်လည်း လင်းကျန့်နှင့် သူ့နောက်ဘက်မှာရှိသော အခြားသူများက ကိုင်တွယ်ရမလွယ်ကူပေ။
“ဆူဇီမို.. မင်းမသေဘူးပေါ့”
ဘုရင်ယွင်ရိုက အေးစက်စွာပြောလိုက်၏။
ဆူဇီမိုက သူနှင့်အချိန်ဖြုန်းမနေဘဲ မှင်သေသေဖြင့် ပြောလိုက်၏။
“ဘုရင်ယွင်ရို… မင်းက ငါ့ရဲ့ အစစ်အမှန်ခန္ဓာတွေထဲကတစ်ခုက ဖျက်ဆီးခဲ့တယ်… ငါမင်းအသက်ကိုယူဖို့ ဒီကိုရောက်လာတာပဲ”
“မင်းကလား”
ဘုရင်ယွင်ရိုက အသံထွက်ကာရယ်မောပြီး ဘေးပတ်လည်ကို အကဲခတ်ကြည့်လိုက်၏။
“မင်းဘေးကလူတွေရဲ့ အကူအညီမရှိဘဲ မင်းငါ့ကိုသတ်နိုင်ပါ့မလား”
“ဆူဇီမို… ဒါက မင်းနဲ့ငါ့ကြားက အငြိုးအတေးပဲ… မင်းငါ့ကိုသတ်ချင်တယ်ဆိုရင် မင်းကိုယ်တိုင်လာပြီး ပေါ်ပေါ်တင်တင် ငါ့ကိုတိုက်ခိုက်လိုက်”
ဘုရင်ယွင်ရိုသည် ထိုစကားကို မှန်ကန်ဖြောင့်မတ်မှုနှင့် ယုံကြည်မှုနှင့်အတူ ပြောဆိုလိုက်၏။
သူက ဆူဇီမိုက တွေ့မြင်သည့်အချိန်မှာပင် အဲဒါကို ခန့်မှန်းမိသွားပြီဖြစ်၏။
တစ်ဘက်သူက လက်စားချေဖို့အတွက် ဤနေရာသို့ ရောက်ရှိလာလေသည်။
လက်ရှိအခြေအနေအရ သူအသက်ရှင်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဆူဇီမိုတစ်ယောက်တည်းကို ပစ်မှတ်ထားရန်ဖြစ်သည်။
ယခင်က သူသည် ဆူဇီမိုနောက်သို့ လိုက်ကာ အချည်းနှီးဖြစ်ခဲ့ရ၏။ သူသည် ပြန်လည်ရောက်ရှိလာပြီးနောက် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းခဲ့လေသည်။
နောက်ပိုင်းမှာ သူသည် ကြီးမားသောအခွင့်အလမ်းတစ်ခုကို ရရှိပြီး ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ တက်လှမ်းလာနိုင်ခဲ့၏။
သူတို့လိုမျိုး ပညာရှင်များအနေဖြင့် နှစ်ပေါင်းများစွာ အားဖြည့်စုဆောင်းထားပြီးနောက် သူတို့သည် ကြီးမားသော အခွင့်အလမ်းတစ်ခုကို အခန့်သင့်ရရှိသည်နှင့် ရှေ့သို့ ထပ်မံ၍ တက်လှမ်းနိုင်ကြလေသည်။
သူသည် ဆူဇီမိုကို သူနှင့်တိုက်ခိုက်ဖို့ ဖိအားပေးနိုင်သည်နှင့်အမျှ သူက အခွင့်အလမ်းကိုချိန်ဆကာ ထိုသူကို ဖမ်းချုပ်ပြီး လွတ်မြောက်ဖို့အတွက် တခြားသူများကို အကျပ်ကိုင်နိုင်မည်ဖြစ်၏။
တကယ်တော့ အဲဒါက သူ၏ တစ်ဖက်သတ်အတွေးသာဖြစ်၏။
ဆူဇီမိုက တစောက်ကန်းမဟုတ်သရွေ့ သူက သူ၏ စိန်ခေါ်မှုကို လက်ခံလိမ့်မည်မဟုတ်ပေ။
“ရတယ်လေ”
ထိုစဉ်မှာပင် ဆူဇီမိုက ပြောလိုက်၏။
“ငါမင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်”
ဆူဇီမိုက သဘောတူလိုက်တာလား။
ဘုရင်ယွင်ရိုက မှင်တက်သွားပြီး ခဏကြာသည်အထိ အဲဒါကို မယုံကြည်နိုင်ပေ။
“လူကြီးလူကောင်းတွေက သူတို့ရဲ့စကားကို ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး”
ဘုရင်ယွင်ရိုက အလောတကြီးပြောလိုက်၏။
“မျှမျှတတတိုက်ခိုက်ကြမယ်… ငါတို့ကို ဘယ်သူကမှ ကူညီပေးလို့မရဘူး”
ဆူဇီမိုက ပြန်မဖြေဘဲ ဘုရင်ယွင်ရိုရှိရာသို့ တူညီသောအမူအရာနှင့်အတူ တစ်ယောက်တည်းလျှောက်လှမ်းလာ၏။
ဆူဇီမိုက တိုက်ခိုက်နိုင်သောအတိုင်းအတာအတွင်း ဝင်ရောက်လာသည်ကို ဘုရင်ယွင်ရိုတွေ့မြင်သောအခါ သူ၏ မျက်လုံးက ဝင်းလက်သွား၏။
ရုတ်တရက်သူက သူ၏ သွေးချီကိုလှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ဆူနာမီတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။
တစ်ချိန်တည်းမှာပင် သူက လောကစွမ်းအားတစ်စွန်းတစ်စပါဝင်နေသော ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို မြှောက်တင်ပြီး ဆူဇီမိုကို အုပ်မိုးလိုက်၏။
သူက ဆူဇီမိုကို ဖမ်းချုပ်နိုင်သည်နှင့်အမျှ သူသည် ဤလမ်းဆုံးကနေ ဖောက်ထွက်နိုင်ပေလိမ့်မည်။
ဘုရင်ယွင်ရို၏ တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက သူ၏ လှုပ်ရှားမှုကို ရပ်တန့်ခြင်းမရှိပေ။
ဝုန်း…
ကျယ်လောင်သောပေါက်ကွဲသံက သူ၏ နောက်ဘက်ကနေ ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် လေဟာနယ်ငါးခုက လဲပြိုကျပြီး ကောင်းကင်လိုဏ်ဂူအကြီးငါးခုအဖြစ် အသွင်ပြောင်းလဲသွား၏။ ရောင်စုံအလင်းများက ဖြန့်ကြက်လာပြီး အဆုံးမဲ့ဓမ္မတာအိုမှော်စာလုံးများက ပစ်လွင့်ထွက်ပေါ်ကာ အလျှံညီးညီးပင်လယ်တစ်စင်းကို ဖြစ်ပေါ်လာစေ၏။
ချက်ချင်းနီးပါးပင် ၎င်းသည် ဘုရင်ယွင်ရို၏ ပကတိကောင်းကင်လိုဏ်ဂူကို လွှမ်းခြုံသွားလေသည်။