အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်
Vol. 208 Ch. 3115
“မင်း…”
ဘုရင်ယွင်ရို၏ မျက်လုံးက တုန်လှုပ်စွာဖြင့်ပြူးကျယ်သွား၏။ သူက အသံတစ်ချက်သာထွက်လိုက်နိုင်ပြီး သူ၏ ပကတိကောင်းကင်လိုဏ်ဂူက လဲပြိုကျသွားလေသည်။
ဒါကဘာလဲ။
ကောင်းကင်လိုဏ်ဂူအကြီးငါးခုလား။
ဘုရင်ယွင်ရိုမပြောနှင့် ဤနေရာမှာရောက်ရှိနေသောလူများကြားမှာ ကောင်းကင်လိုဏ်ဂူငါးခု တစ်ချိန်တည်းမှာ ဆင်းသက်လာသည့်မြင်ကွင်းကို တွေ့မြင်ဖူးသောသူမရှိသလောက်ပင်။ သူတို့အားလုံးက တုန်လှုပ်သွားကြ၏။
ကောင်းကင်လိုဏ်ဂူများကို အမျိုးမျိုးသော တုန်လှုပ်စရာကောင်းသည့် နယ်မြေဖြစ်စဉ်များက တွဲဖက်ထားလေသည်။
ကောင်းကင်က ကြယ်အလင်းရောင်ဖြင့်ပြည့်နှက်နေပြီး ဓားချီက လေထဲမှာ ပစ်လွင့်ထွက်ပေါ်နေ၏။ တောကောင်းပေါင်းထောင်ချီက ဟိန်းဟောက်နေပြီး ဗုဒ္ဓပုံရိပ်များ၊ နဂါးများနှင့် နတ်ဆင်များက ပေါ်ထွက်လာကာ နေနှင့်လက လှည့်ပတ်နေ၏။
မည်သည့်ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုကမဆို ကြောက်စရာကောင်းနေလေသည်။
ကောင်းကင်လိုဏ်ဂူအကြီးငါးခုက တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့သေလည်။
ဓမ္မတာအိုများက ရောထွေးယှက်ဖြာပြီး မှော်စာလုံးများက စုစည်းကာ ၎င်းသည် အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့်အလား ခံ့ညား၍ အားပါပြင်းထန်သော စွမ်းအားများဖြာထွက်နေသည့် အလျှံညီးညီးပင်လယ်တစ်စင်းကို ဖြစ်ပေါ်လာစေ၏။
လင်းလေသည် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေ၏။
သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့တက်လှမ်းကာ သာမန်အင်မော်တယ်ဘုရင်တစ်ဦး ဖြစ်လာခဲ့လေပြီ။
ယခင် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က သူ့ထက်ပိုမိုမြင့်မားသည်ကို တွေ့ခဲ့ရစဉ်က သူသည် အနည်းငယ်မကျေမနပ်ဖြစ်နေခဲ့၏။
မည်သို့ပင်ဆိုစေ သူသည် အရင်တုန်းက ဆူဇီမိုကို အထင်သေးထားခဲ့၏။
ဤနှစ်များအားလုံးအပြီးမှာ ဆူဇီမိုသည် သူ့ကိုလိုက်မီလာရုံသာမက သူတို့နှစ်ယောက်ကြား ကွာဟချက်ကပင် ဤမျှအထိ ကြီးမားလာခဲ့လေပြီ။
ဧကရာဇ်တစ်ပိုင်းပညာရှင်များပင်လျှင် ဆူဇီမိုရှေ့မှာ တစ်ချီထက် ပိုမခံနိုင်ပေ။
“အစ်ကို… အခု ရှင်ဘယ်လိုခံစားနေရလဲ… ခံစားချက်ကလေးကို ပြောပြပါဦး”
လင်းလောက ပြုံး၍မေးလိုက်၏။
အရင်တုန်းက လင်းလေသည် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က မလုံလောက်ဟု ခံစားရပြီး သူသည် ဆူဇီမိုနှင့် ပတ်သက်ဆက်ဆံမှုမပြုလုပ်ရန် လင်းလောကိုပင် ဖျောင်းဖျခဲ့လေသည်။
လင်းလေ၏ မျက်နှာက အနည်းငယ်နီမြန်းသွားပြီး သူက ရှက်ရွံ့နေ၏။
ခဏမျှငြိမ်သက်ပြီးနောက် လင်းလေက သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို ပြန်ရရှိလာကာ အသက်တစ်ချက်ရှိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါတို့ကြားမှာ အကြားအလပ်တစ်ခု တကယ်ပဲရှိတယ်… ဒါပေမဲ့ တစ်နေ့မှာ ငါသူ့ကိုလိုက်မီပြီး ကျော်တက်နိုင်ရမယ်”
“မင်းကလား”
လင်းကျန့်က ထိုစကားကိုကြားသောအခါ သူ၏ ခေါင်းကိုခါယမ်းပြီး လွှတ်ခနဲပြောလိုက်၏။
“စိတ်ကူးယဉ်မနေနဲ့”
လင်းလေအနေဖြင့် စောစောကစကားကိုပြောဆိုရန် သူ၏ သတ္တိကို စုစည်းခဲ့ရသည်မှာ မလွယ်ကူပေ။ ထိုအခိုက်အတန့်မှာ သူသည် လင်းကျန့်ထံမှ ထိုးနှက်ချက်တစ်ခုကိုရရှိလိုက်ပြီး သူက အိုးတိုးအမ်းတမ်းအမူအရာနှင့်အတူ ချက်ချင်းပင် စိတ်ဓာတ်ကျသွား၏။
“အမေ… အဖေ့ကိုကြည့်ပါဦး”
လင်းလေက စောဒကတက်လိုက်၏။
“သူက ဘာလို့တခြားသူတွေကို စိတ်ဓာတ်ကျအောင် လုပ်နေရတာလဲ”
အင်မော်တယ်ဘုရင်မလင်းလုံက ညင်သာစွာသက်ပြင်းချပြီး ပြောလိုက်၏။
“လေအာ… မင်းအဖေပြောတာမှန်တယ်”
“ဟမ်”
လင်းလေက မှင်တက်သွား၏။
အင်မော်တယ်ဘုရင်မလင်းလုံက တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။
“မင်းတို့နှစ်ယောက်ကြားကွာဟချက်က အကြားအလပ်တစ်ခုပဲမဟုတ်ဘူး… အဲဒါက ကမ္ဘာခြားနေတာပဲ”
“ခိ ခိ…”
လင်းလောက ထိုစကားကိုကြားသောအခါ ရယ်လိုက်လေသည်။
လင်းလေ၏ မျက်နှာက နီမြန်းသွားပြီး သူက အနည်းငယ်မကျေမနပ်ဖြစ်နေ၏။
“အမေ… ခင်ဗျားဘာလို့…”
အင်မော်တယ်ဘုရင်မလင်းလုံက လင်းလေ၏ ပခုံးကိုပုတ်ပြီး ပြောလိုက်၏။
“လေအာ… ရည်မှန်းချက်ကြီးမားပြီး ပန်းတိုင်တစ်ခုထားတယ်ဆိုတာ ကောင်းတယ်… ဒါပေမဲ့ မင်းနားမလည်သေးတဲ့ ကိစ္စတွေအများကြီးရှိတယ်… မင်း တခြားပြိုင်ဘက်တစ်ယောက်ကို ရွေးချယ်လိုက်တာ ပိုကောင်းလိမ့်မယ်”
လင်းလေက ပြောစရာစကားများပျောက်ဆုံးသွား၏။
ခန်းမ၏ အပြင်ဘက်မှာ။
သံသရဖူဆောင်းအဖိုးအို၊ ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက လေထဲမှာ မတ်တတ်ရပ်ပြီး အထဲမှာရှိသောအခြေအနေကို အာရုံခံမိသောအခါ ထူးဆန်းသောအမူအရာများထွက်ပေါ်လာကြ၏။
ဆူဇီမိုက ကောင်ကင်လိုဏ်ဂူငါးခု ကျင့်ကြံထားသည်ကို သံသရဖူဆောင်းအဖိုးအိုက သိရှိထားပြီဖြစ်သော်လည်း သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရသောအခါ သူက တုန်လှုပ်သွားရဆဲဖြစ်၏။
“ကောင်းကင်လိုဏ်ဂူငါးခု… တကယ့်ကို ထူးခြားအံ့မခန်းပဲ”
ဧကရာဇ်မြောက်ပိုင်းခွန်က ချီးကျူးလိုက်၏။
နဂါးဧကရီဆီးနှင်းက ညင်သာစွာခေါင်းညိတ်ပြလိုက်၏။
“ဒီကောင်လေးရဲ့ အနာဂတ်အောင်မြင်ပေါက်မြောက်မှုက တိုင်းတာလို့မရနိုင်အောင်ပဲ”
ဧကရာဇ်တောင်ပိုင်းဖန်းက ခဏမျှစဉ်းစားတွေးတောပြီးပြောလိုက်၏။
“ပြောဖို့တော့ခက်တယ်.. သူ့ရဲ့ကောင်းကင်လိုဏ်ဂူငါးခုထဲက ဓမ္မတာအိုတွေက ကွဲပြားခြားနားနေတယ်… အဲဒီမှာ အင်မောတယ်၊ ဗုဒ္ဓ၊ မိစ္ဆာနဲ့ သားရဲဓမ္မတာအိုတွေပါဝင်နေတယ်… နောက်ဆုံးမှာတော့ အဲဒီကောင်းလိုဏ်ဂူတွေကို တစ်ခုတည်းသောလောကအဖြစ် ပေါင်းစည်းဖို့ဆိုတာက ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းနေလိမ့်မယ်”
ရုတ်တရက် သံသရဖူဆောင်းအဖိုးအို၏ အမူအရာက ပြောင်းလဲသွား၏။ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အဖြူရောင်မိုးကောင်းကင်နန်းတော်ရှိရာဘက်သို့ ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲအခြေအနေက အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်ကို သတိထားမိသွားစေပြီဖြစ်၏။
ခန်းမထဲမှာ။
ဘုရင်ယွင်ရို၏ ပကတိကောင်းကင်လိုဏ်ဂူက လဲပြိုကျသွား၏။
၎င်းသည် ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူအကြီးငါးခု၏ ဖိအားဒဏ်ကို ခံနိုင်ရည်မရှိပေ။ ဓမ္မတာအိုမှော်စာလုံးများ၏ ရိုက်ခတ်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေပြီး သူက ဒဏ်ရာအပြင်းအထန်ရရှိထား၏။ သူက သွေးများစွာကို ထွေးထုတ်ပြီး လွင့်စင်ထွက်သွားလေသည်။
ဆူဇီမိုက ဘုရင်ယွင်ရိုနှင့် လုံးဝအကဲစမ်းဖို့ စိတ်ကူးမရှိဘဲ ရောက်ရှိလာသည့်ခဏမှာပင် သူ၏ ဝှက်ဖဲကို ထုတ်ဖော်လိုက်၏။
ဘုရင်ယွင်ရို၏ ဆံပင်များက ဖိုသီဖတ်သီဖြစ်နေ၏။ သူက အနိုင်နိုင်ကြိုးစား၍ မတ်တတ်ရပ်ချင်သော်လည်း သူ၏ရင်ဘတ်မှာ စူးရှသောနာကျင်မှုတစ်ခုလုံးကို ခံစာလိုက်ရ၏။
ဆူဇီမိုက ရောက်ရှိလာပြီး သူ၏ရင်ဘတ်ကို ဆောင့်နင်းချလိုက်၏။
သူက အေးစက်စက်အကြည့်နှင့်အတူ အနည်းငယ် ကိုယ်ကိုကိုင်းညွှတ်လိုက်၏။
“ဘုရင်ယွင်ရို…”
ဆူဇီမိုကပြောလိုက်၏။
“ငါက မင်းကိုကိုယ်တိုင်သတ်ချင်တာကြောင့်မဟုတ်ရင် မင်းက ဒီနေ့ဒီအချိန်ထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး”
“ဟားဟားဟားဟား”
ဘုရင်ယွင်ရိုက ပါးစပ်ထဲမှာ သွေးများဖြင့် ပြည့်နှက်နေသော်လည်း ရယ်မောလိုက်၏။
“အနိုင်ရတဲ့သူက ဘာမဆိုလုပ်နိုင်တယ်… ငါက မင်းကို ဒီနေ့ရှုံးနိမ့်လို့ သေရရုံပဲ… ဒါပေမဲ့ အဲဒီနေ့တုန်းက မင်းကို သတ်ဖို့ကြိုးစားခဲ့တဲ့အတွက် ငါက သေချာပေါက်နောင်တမရဘူး”
“ငါက ခြေတစ်လှမ်းလိုသွားခဲ့ရုံပဲ.. ငါသာ ဖန်တီးခြင်းကြာပဒုမ္မာကို အဲဒီအချိန်တုန်းက ရနိုင်ခဲ့မယ်ဆိုရင် ငါက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ပြီး မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေရဲ့ အရှင်သခင်ဖြစ်လာမှာ”
ဆူဇီမိုက ပြုံးလိုက်၏။
အစက သူသည် ဘုရင်ယွင်ရိုကို တိုက်ရိုက်သတ်ဖြတ်ပြီး ဤကိစ္စကို အဆုံးသတ်ချင်၏။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူက သူ၏စိတ်ကို ရုတ်တရက်ပြောင်းလဲလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“ဘုရင်ယွင်ရို… မင်းက ဖန်တီးခြင်းကြာပဒုမ္မာကို ရခဲ့မယ်ဆိုရင်တောင် မင်းက သေချာပေါက်သေရဦးမှာပဲ”
“အဟွတ်… အဟွတ်...”
ဘုရင်ယွင်ရိုက သွေးချောင်းဆိုးပြီး ခါးသီးစွာပြုံးလိုက်၏။
“မင်းက အနိုင်ရသွားပြီဆိုမှတော့ မင်းပြောချင်တာပြောလို့ရတယ်”
ဖောက်…
ဆူဇီမိုက အစိမ်းရောင်ကြာပန်းဓားကို ဆင့်ခေါ်ပြီး ဘုရင်ယွင်ရို၏ ဦးခေါင်းကို ဖြတ်တောက်ကာ သူ၏အမြုတေစိတ်ဝိညာဉ်ကို တစ်ချိန်တည်းမှာ ဖြတ်တောက်လိုက်သေလည်။
“ဆူဇီမို.. မင်းဘာလုပ်နေတာလဲ”
ဘုရင်ယွင်ရိုက ကူကယ်ရာမဲ့သော အမူအရာနှင့်အတူ အော်ဟစ်လိုက်၏။
“ဒီနေ့ကိစ္စက မပြီးသေးဘူး”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါမင်းကို အဲဒီမိတ်ဆွေဟောင်းတွေဆီ ခေါ်သွားပြီး သူတို့တွေတစ်ယောက်ပြီးတစ်ယောက် လောကကနေ နှုတ်ဆက်ထွက်ခွာသွားတာကို မင်းကိုကြည့်ခိုင်းမယ်”
ထိုသို့ပြောရင်း ဆူဇီမိုက ဘုရင်ယွင်ရို၏ ဆံပင်ရှည်ကို ဆွဲယူကာ သွေးသံရဲရဲဦးခေါင်းကို ခန်းမထဲကနေ ယူဆောင်သွားလေသည်။
“ဟမ်…”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
သံသရဖူဆောင်းအဖိုးအိုကဲ့သို့ ဧကရာဇ်ပညာရှင်များထက် မနိမ့်ကျသော စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်အတူ လူတစ်ယောက်က လေထဲမှာ ပေါ်ထွက်လာ၏။ အင်မောတယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်၊ အထွတ်အထိပ်ဧကရာဇ်တစ်ဦး။
အထွတ်အထိပ်ဧကရာဇ်က ဆူဇီမိုနှင့် အခြားသူများကို အေးစက်စက်အမူအရာနှင့်အတူ တစ်ချက်ဝေ့ကြည့်လိုက်၏။
သူက သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသူများကိုကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။
“အားလုံးပဲ… ဒါက ဘာအဓိပ္ပါယ်လဲ”
အင်မော်တယ်ဧကရာဇ်နတ်ဆေးမိုးကောင်းကင်နှင့်မတူဘဲ အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က မည်သို့ပင်ဆိုစေ အထွတ်အထိပ်ဧကရာဇ်တစ်ပါးဖြစ်သည်။ သူက လက်ရှိအခြေအနေကို တွေ့မြင်သောအခါ ရှေ့သို့ထွက်လာပြီး ဖြေရှင်းချက်တစ်ခုကို တောင်းခံလေသည်။
“ဘာရယ်တော့မဟုတ်ဘူး”
သံသရဖူဆောင်းအဖိုးအိုက ပြောလိုက်၏။
“ဒါက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအငြိုအတေးတွေကို ဖြေရှင်းနေတဲ့ ဂျူနီယာတွေကြားက မျှတတဲ့တိုက်ပွဲတစ်ခုပဲ… ငါတို့တွေက ဝင်ရောက်စွက်ဖက်စရာမလိုဘူး”
အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က သူ၏မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာပြောလိုက်၏။
“အားလုံးပဲ… မင်းတို့တွေက ငါ့ရဲ့အဖြူရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို မဖိတ်ခေါ်ဘဲ ရောက်လာပြီး အင်မော်တယ်ဘုရင်နှစ်ပါးကို သတ်ဖြတ်လိုက်တယ်… မင်းက ဘုရင်ယွင်ရိုရဲ့ ဦးခေါင်းကိုတောင်မှ ဖြတ်ထားတယ်… အဲဒါကို ဘာရယ်မဟုတ်ဘူးလို့ ဘယ်လိုပြောနိုင်တာလဲ”
“ငါက အခုချိန်မှာ အဲဒီလူရဲ့ခေါင်းကို ဖြတ်ပြီး ဘာရယ်မဟုတ်ပါဘူးလို့ ပြောမယ်ဆိုရင်ရော ဘယ်လိုလဲ”
အင်မော်တယ်ကရာဇ်အဖြူရောင်မိုးကောင်းကင်က ဆူဇီမိုကို သူ၏မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်သော အလင်းနှင့်အတူ လက်ညှိုးထိုးလိုက်၏။
“မင်း ကြိုးစားကြည့်လေ”
သံသရဖူဆောင်အဖိုးအိုက မှင်သေသေဖြင့်ပြောလိုက်၏။ သူ၏ အကြည့်က အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်ထံ ကျရောက်နေပြီး သူ့လက်ထဲမှာ ဓားတစ်လက်က ပေါ်ထွက်လာ၏။
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းက တိုက်ခိုက်ဖို့စိတ်ကူးမရှိဘဲ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
မည်သို့ပင်ဆိုစေ သူတို့သည် ဆူဇီမိုနှင့် ပတ်သက်ဆက်ဆံမှုမရှိပေ။ သူတို့ ဤတစ်ခေါက် ဤနေရာသို့ ရောက်ရှိလာသည်မှာ သူတို့က ရှောင်းယောင်ကို စိုးရိမ်ပူပန်နေသောကြောင့်သာဖြစ်သည်။
သားရဲဧကရီအမြီးကိုးချောင်းနှင့် သားရဲဧကရာဇ်နတ်ဆင်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး စိမ်းသက်သောအမူအရာများနှင့်အတူ အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်ကို စိုက်ကြည့်နေ၏။
မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲအပြီးမှာ သူတို့နှစ်ယောက်သည် အကျိုးအမြတ်များစွာကို ရရှိခဲ့၏။ ရင်းမြစ်ကျောက်တုံးများစွာနှင့် လောကအပိုင်းအစများစွာသည် သူတို့ကို အဆင့်ချိုးဖျက်ပြီး ပကတိဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာစေ၏။
အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က ထိုသည်ကိုတွေ့မြင်သောအခါ မဆင်မခြင်မပြုမူရဲပေ။
တစ်ဘက်မှာက အထွတ်အထိပ်ဧကရာဇ်တစ်ပါးသာဆိုလျှင် သူက ကြိုးစားကြည့်နိုင်သည်။
သူသည် နှစ်ပေါင်းများစွာကျော်ကြားလာခဲ့သော သံသရဖူဆောင်အဖိုးအိုအပါအဝင် အထွတ်အထိပ်ဧကရာဇ်သုံးဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူ့မှာ အနိုင်ရဖို့ အခွင့်အရေးမရှိပေ။
“ကောင်းတယ်ကွာ… ကောင်းတယ်.. ကောင်းတယ်”
အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က လှောင်ရယ်လိုက်၏။
“အားလုံးက ဒီလိုမျိုးရပ်တည်ဖို့ ယူဆထားပြီဆိုမှတော့ ဒီနေ့ကိစ္စက ဒီလိုလွယ်လွယ်နဲ့ အဆုံးသတ်မသွားမှာပဲ ငါစိုးရိမ်မိတယ်”
“ဒီနေ့ကောင်းကင်ဘုံကမ္ဘာက အရင်တုန်းကနဲ့မတူတော့ဘူး… အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာရှိနေသရွေ့ ဒါက မင်းတို့တွေ မောက်မာချင်တိုင်းမောက်မာလို့ရတဲ့ နေရာတစ်ခုမဟုတ်ဘူး”
ထိုသို့ပြောရင်း အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်၏ ပုံရိပ်က ဖျတ်ခနဲလက်သွားပြီး ထွက်ခွာဖို့ပြင်လိုက်၏။ သူက အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာထံ အစီရင်ခံတင်ပြဖို့အတွက် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ သွားရောက်လိုလေသည်။
“နေဦး”
ထိုစဉ်မှာပင် အောက်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။