အမှောင်ထု သန္ဓေပြောင်းခြင်း
Vol. 208 Ch. 3119
ထောင်ယောင်က ပြောလိုက်၏။
“ရှဲ့ချင်းချန်ရဲ့အမေက ရှဲ့ချင်းချန်အတွက် အသနားခံတောင်းပန်ဖို့ အင်မော်တယ်ဘုရင်ယန်ယန်းနဲ့ သွားပြီးတွေ့ဆုံလိုခဲ့တယ်… နောက်ဆုံးမှာတော့ သူက မောင်းထုတ်ခံရပြီး အင်မော်တယ်ဘုရင်ယန်ယန်းနဲ့တောင်မှ မတွေ့နိုင်ခဲ့ဘူး”
“နောက်ပိုင်းမှာ သူက ယန်ယန်းနန်းတော်က မိဖုရားတွေရဲ့ အနိုင်ကျင့်ခံရပြီး မောင်းမဆောင်ထဲမှာ သေဆုံးသွားတယ်လို့ ကျုပ်ကြားတယ်”
ဆူဇီမိုက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။
ထောင်ယောင်က ပြောလိုက်သည်။
“နောက်ပိုင်းမှာ မင်းသမီးယွင်ကျူးက အဲ့ဒီကိစ္စကို စုံစမ်းမေးမြန်းခဲ့တယ်.. ရှဲ့ချင်းချန်ရဲ့မိခင်က မောင်းမဆောင်ထဲမှာ အရှက်ခွဲခံရပြီး တခြားမိဖုရားတွေရဲ့ ညှဉ်းပန်းနှိမ်စက်မှုနဲ့ ဆိုးဆိုးဝါးဝါးသေဆုံးခဲ့ရတယ်လို့ သိရှိခဲ့ရတယ်”
ဆူဇီမို၏ အမူအရာက အေးစက်လာခဲ့၏။
အင်မော်တယ်ဘုရင်ယန်ယန်းအနေဖြင့် ဤအကြောင်းကို မသိရှိစရာ အကြောင်းမရှိပေ။
သူ၏ တိတ်တဆိတ် သဘောတူခွင့်ပြုချက်မရှိဘဲ မောင်းမဆောင်ထဲမှာ ထိုမိဖုရားများက ဤကဲ့သို့ ဆိုးယုတ်သော လုပ်ရပ်ကို ဘယ်လိုလုပ် ပြုမူရဲပါ့မလဲ။
“ရှဲ့ချင်းချန် ဘယ်လိုနေလဲ”
ဆူဇီမိုက မေးလိုက်၏။
ရှဲ့ချင်းချန်၏ ကျင့်ကြံမှု ဖျက်ဆီးခံရ၍ သူက အကျဉ်းထောင်ထဲသို့ ပို့ခံရပြီးနောက် သူသည် ဒုက္ခများစွာကို သေချာပေါက်ခံစားရပြီး သိပ်ကြာကြာတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထောင်ယောင်က ပြောလိုက်၏။
“သခင်လေး… ခင်ဗျားရဲ့အမှုဖြစ်သွားပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ပြီး ကျဆင်းသွားခဲ့တယ်… မင်းသမီးသက်တံနီက ရှဲ့ချင်းချန်ကို ကယ်တင်ချင်ပေမဲ့ သူက စွမ်းအားမဲ့နေတယ်… အဲ့ဒါကြောင့် သူက ကျိရွှမ်အင်မော်တယ်နိုင်ငံကိုသွားပြီး မင်းသမီးယွင်ကျူးကို အကူအညီသွားတောင်းခဲ့တယ်”
“မင်းသမီးယွင်ကျူးက လူတိုင်းကို လှည့်စားပြီး ရှဲ့ချင်းချန်ကို အကျဉ်းထောင်ထဲကနေ လူစားလဲ ကယ်ထုတ်ဖို့အတွက် အားထုတ်မှုတွေအများကြီး ပြုလုပ်ခဲ့ရတယ်… သူ့ကို ကယ်တင်လာနိုင်တဲ့အချိန်မှာ သူက သူ့ရဲ့လမ်းဆုံးကို ရောက်နှင့်နေပြီ… အဲ့ဒါက လအနည်းငယ်သာ ထပ်ပြီးနောက်ကျသွားမယ်ဆိုရင် သူက အထဲမှာ သေသွားရလိမ့်မယ်”
“နောက်ပိုင်း ဘာဖြစ်သွားလဲ”
ဆူဇီမိုက မေးလိုက်၏။
ထောင်ယောင်က ပြောလိုက်သည်။
“သူ့ရဲ့ကျင့်ကြံမှုမရှိဘဲ ရှဲ့ချင်းချန်က ကျိရွှမ်အင်မော်တယ်နိုင်ငံမှာ နှစ်အနည်းငယ်ကြာအောင် အားဖြည့်ကုသပြီးတာတောင်မှ အသက်ရှင်နိုင်ရုံပဲ ရှိခဲ့တယ်… သူက ဖျားနာနေပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးပိန်လာခဲ့တယ်”
“သူ့အမေသေဆုံးတဲ့သတင်းကို ကြားရပြီးတဲ့နောက် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက ပိုပြီးတော့ ဆိုးဝါးလာတယ်… သူ့ရဲ့ဒဏ်ရာဟောင်းတွေက မကြာခဏပြန်ပေါ်လာပြီး သူ့ရဲ့ကျန်းမာရေးက တစ်စတစ်စ ယိုယွင်းလာခဲ့တယ်”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
ဤကဲ့သို့သော ဆက်တိုက်ထိုးနှက်ချက်များသည် ရှဲ့ချင်းချန်အတွက် အရမ်းကို ကြီးမားလွန်းလေသည်။
သူ့မိခင်၏ ဆိုးဆိုးဝါးဝါးသေဆုံးမှုနှင့် လက်စားချေဖို့အတွက် မည်သည့်မျှော်လင့်ချက်မှ မရှိတော့ခြင်းနဲ့အတူ မည်သူကမှ ဤအခြေအနေကနေ ရုန်းထွက်လာနိုင်မည် မဟုတ်ပေ။
ထောင်ယောင်က ဆက်ပြောလိုက်၏။
“နောက်ပိုင်းမှာ ယန်လောရှုက ရှဲ့ချင်းချန်ကို သွားရှာပြီး သူ့ကို သိုင်းတာအိုရဲ့ ဓမ္မတာအို သင်ကြားပေးခဲ့တယ်… အဲ့လိုနဲ့ သူက လက်စားချေဖို့အတွက် မျှော်လင့်ချက်တစ်စွန်းတစ်စကို ပြန်မြင်လာခဲ့တယ်”
သံသရဖူဆောင်းအဘိုးအိုသည် ယန်လောရှုကို သိုင်းတာအိုသင်ကြားပေးခဲ့သည့်အကြောင်း ဆူဇီမိုကို ပြောပြထားခဲ့လေသည်။
သိုင်းတာအိုသည် အစကတည်းက သာမန်လူများအတွက် ရည်ရွယ်ခဲ့လေသည်။
သံသရဖူဆောင်းအဘိုးအို၏ သင်ကြားမှုမရှိလျှင်တောင် ဆူဇီမိုသည် အခွင့်အလမ်းတစ်ခုကို ရှာဖွေကာ သိုင်းတာအိုကို ဖြန့်ဝေပေးပေလိမ့်မည်။
ထောင်ယောင်က ပြောလိုက်၏။
“သိုင်းတာအိုရဲ့ အကူအညီနဲ့ ရှဲ့ချင်းချန်ရဲ့ခန္ဓာကိုယ်က ဒီနှစ်တွေထဲမှာ တဖြည်းဖြည်း သက်သာလာခဲ့တယ်… သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကို ပြန်မရသေးပေမဲ့ သူက လမ်းမှန်ပေါ်ကိုတော့ ပြန်ရောက်နေပြီ… အခုချိန်မှာ သူက တက္ကသိုလ်မှာ ကျင့်ကြံပြီး သူ့ရဲ့သရုပ်သကန်ကို ဖုံးကွယ်ထားတယ်”
“သူအသက်ရှင်နေသေးသရွေ့ အဆင်ပြေပါတယ်”
ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ထိုအခိုက်အတန့်မှာ အခွင့်အလမ်းကို ရရှိထားခါစ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်တက်လှမ်းလာကြ၏။ သူတို့အများစုက အောင်မြင်ခဲ့သော်လည်း အချို့က ကျရှုံးခဲ့ကြ၏။ သူတို့သည် အနာဂတ်မှာသာ ပြန်လည်ကြိုးစားကြည့်နိုင်လေသည်။
အဆင့်ချိုးဖျက်တက်လှမ်းသည့်အခြေအနေမှာ ရှိနေပြီး ရလဒ်ထွက်ပေါ်မလာသေးသည့် လူတချို့လည်း ရှိနေသေး၏။
နန်းကြည်က သူတို့ထဲမှ တစ်ယောက်ဖြစ်၏။
ဆူဇီမိုသည် ယခုတင် ထောင်ယောင်၏ စိတ်ဝိညာဉ်အသိစိတ်နှင့် ဆက်သွယ်ပြောဆိုထားပြီး နန်းကြည်ကို အာရုံမစိုက်မိခဲ့ပေ။ ထိုအခိုက်အတန့်မှာ သူက တစ်ချက်ဝေ့ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
နန်းကြည်၏ အဆင့်ချိုးဖျက်တက်လှမ်းမှုမှာ တစ်စုံတစ်ရာဖြစ်ပွားနေပုံရသည်။
နန်းကြည်သည် အလင်းကမ္ဘာမှ နတ်ဘုရားသမီးတော် ဖြစ်လေသည်။ နတ်ဘုရားမျိုးနွယ်၏ ဂမ္ဘီရအလင်းရေကန်၏ ဆေးကြောသန့်စင်မှုကို ခံယူပြီးနောက် သူမသည် ပြန်လည်မွေးဖွားလာပြီး သူမ၏ မျိုးဆက်သွေးသည် မနှိုင်းယှဉ်သာအောင် သန့်စင်ကာ ဂမ္ဘီရဆန်လာခဲ့ပြီဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ နန်းကြည်၏ ခန္ဓာကိုယ်ထဲကနေ အေးစက်၍ မှောင်မည်းနေသော စွမ်းအားတစ်ခုက တလိပ်လိပ်ထိုးထွက်လာ၏။ အခြားသူများက အဲ့ဒါကို အာရုံမခံမိနိုင်သော်လည်း ဆူဇီမိုသည် သူ၏ ဘယ်ဘက်မျက်လုံးထဲမှာ ဖုံးကွယ်ထားသည့် တမလွန်မီးရောင်ကျောက်တုံးနှင့်အတူ အဲ့ဒါကို အာရုံခံမိနိုင်လေသည်။
“ဘာတွေဖြစ်နေတာပါလိမ့်”
ဆူဇီမိုက တွေဝေရှုပ်ထွေးသွား၏။
နန်းကြည်သည် အတန်ကြာအောင် အဆင့်ချိုးဖျက်တက်လှမ်းခြင်း မရှိသေးသည်မှာ သူမ၏ ခန္ဓာကိုယ်ထဲမှာ ဝိုးတဝါးပေါ်ထွက်လာသည့် အေးစက်မှောင်မည်းနေသော ထိုစွမ်းအားကြောင့်ပင်ဖြစ်၏။
ထိုစွမ်းအားသည် နန်းကြည်၏ ဦးခေါင်းထက် သရဖူ၏ ဖိနှိမ်မှုအောက်မှာ လုံးလုံးလျားလျား ပေါက်ကွဲထွက်မလာဘဲ မျှခြေတစ်ခုမှာ ရှိနေ၏။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အေးစက်မှောင်မိုက်သော စွမ်းအားက နန်းကြည်၏ ခန္ဓာကိုယ်ထဲမှာ ပို၍သိသာထင်ရှားလာ၏။
တကယ်ဆို သူမ၏ တာအိုသစ်သီးထဲကနေ နက်မှောင်နေသော အော်ရာတစ်ခုကပင် စိမ့်ထွက်လာခဲ့ပြီဖြစ်၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဤကဲ့သို့သော စွမ်းအားသည် သူတို့ကိုယ်သူတို့ အလင်းရောင်ဖြစ်သည်ဟု ဂုဏ်ယူဝင့်ကြွားနေသော နတ်ဘုရားမျိုးနွယ်မှာ ပေါ်ထွက်မလာသင့်ပေ။
ဒါ့အပြင် နန်းကြည်သည် နတ်ဘုရားမျိုးနွယ်မှ နတ်ဘုရားသမီးတော် ဖြစ်လေသည်။
“ဒီအော်ရာက…”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားသည်။
ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေနှင့် နေ့နှင့်ညကုန်းမြေမှာ သူသည် ထိုအော်ရာဖြာထွက်နေသော ကျင့်ကြံသူများနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ သူတို့သည် အမှောင်မျိုးနွယ်မှ ဖြစ်ကြလေသည်။
အရင်တုန်းက မဟာဧကရာဇ်အမှောင်သည် အမှောင်ကမ္ဘာကို တည်ထောင်ခဲ့လေသည်။
သို့သော်လည်း သူသည် ကောင်းကင်ဘုံသို့ဆန့်ကျင်ရာတိုက်ပွဲမှာ ကျရှုံးသွားပြီး အမှောင်ကမ္ဘာက လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရ၏။ အမှောင်မျိုးနွယ်သည် ကောင်းကင်ဘုံကမ္ဘာ၏ အညှာတာမဲ့စွာ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။ အပြစ်သားကုန်းမြေမှာ ထာဝရအကျဉ်းချခံထားရသော အမှောင်မျိုးနွယ်၏ မျိုးဆက်တစ်စိတ်တစ်ပိုင်းလည်း ရှိနေ၏။
ထိုအခိုက်အတန့်မှာ နန်းကြည်ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲသည် တခြားသူများ၏ စိတ်အာရုံများကို ဆွဲဆောင်မိလာပြီဖြစ်၏။
“အမှောင်စွမ်းအားလား”
သံသရဖူဆောင်းအဘိုးအို၏ အမူအရာက ပြောင်းလဲသွားပြီး မျက်မှောင်အနည်းငယ်ကြုတ်ထား၏။
ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ဒဏ္ဍာရီတွေက အမှန်ဖြစ်နိုင်မလား”
“အမှောင်သန္ဓေပြောင်းခြင်း”
ထိုစဉ်မှာပင် လူအုပ်ကြားထဲကနေ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။
ဤတစ်ခေါက်မှာ နန်းကြည်နှင့်အတူ နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်ပညာရှင်သုံးဦး လိုက်ပါလာပြီး အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။
စောစောက အော်လိုက်သောသူများက ထိုနတ်ဘုရားဘုရင်သုံးဦး ဖြစ်လေသည်။
ထိုအခိုက်အတန့်မှာ နတ်ဘုရားဘုရင်မျိုးသားနှစ်ဦး၏ အကြည့်များက နန်းကြည်အပေါ် တစ်မူထူးခြားစွာ အေးစက်လာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒပင် ထွက်ပေါ်လာခဲ့လေသည်။
အမျိုးသမီးနတ်ဘုရားဘုရင်က တွေဝေရှုပ်ထွေးနေပြီး သူမက အဲ့ဒါနှင့်ပတ်သက်၍ ကူကယ်ရာမဲ့နေသည့်အလားပင်။
တာအိုသစ်သီး၏ စွမ်းအားက အဆက်မပြတ် စုစည်းလာသည်နှင့်အမျှ အထဲမှာပါဝင်သော အမှောင်စွမ်းအားက အဆက်မပြတ် မြင့်တက်လာခဲ့၏။ နောက်ဆုံးမှာတော့ ၎င်းသည် အကန့်အသတ်တစ်ခုကို ရောက်ရှိလာပြီး လုံးလုံးလျားလျား ပေါက်ကွဲထွက်ပေါ်လာ၏။
သို့သော်လည်း နန်းကြည်၏ ဦးခေါင်းထက် သရဖူထဲမှာ မြှုပ်ထားသည့် ကျောက်မျက်ရတနာ ရှစ်ခုက ဂမ္ဘီရအလင်းတစ်ခုနှင့်အတူ တောက်ပလာပြီး နန်းကြည်၏ ခန္ဓာကိုယ်နှင့် တာအိုသစ်သီးကို ရေတံခွန်တစ်ခုကဲ့သို့ ဆေးကြောသန့်စင်ပေးနေ၏။
သရဖူပေါ်ရှိ ကျောက်မျက်ရှစ်ခုက အကန့်အသတ်မဲ့ ဂမ္ဘီရစွမ်းအားဖြင့် ပြည့်နှက်နေ၏။ ၎င်းသည် နတ်ဘုရားဘုရင်ပညာရှင်တစ်ဦး၏ လက်ရာ သေချာပေါက် ဖြစ်လေသည်။
“အား…”
နန်းကြည်က နာကျင်ခံစားနေရသော အမူအရာတစ်ခုကို ထုတ်ဖော်ပြီး ညည်းတွားအော်ဟစ်ကာ တဆတ်ဆတ်တုန်ယင်နေ၏။
သရဖူကနေ ဖြာထွက်လာသော နတ်ဘုရားစွမ်းအားက ပကတိအသာစီးရရှိနေပြီး နန်းကြည်၏ ခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအားကို လုံးလုံးလျားလျား သတ်ဖြတ်ပစ်ချင်နေ၏။
သို့သော်လည်း ထိုအမှောင်စွမ်းအားက နန်းကြည်နှင့် ခွဲမရအောင် ပေါင်းစည်းနေခဲ့ပြီဖြစ်သည်။
အမှောင်စွမ်းအားကို သတ်ဖြတ်ခြင်းသည် နန်းကြည်၏ အသက်ဓာတ်အားကို ဖြတ်တောက်လိုက်ခြင်းနှင့် တူပေလိမ့်မည်။
ဤကဲ့သို့သော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရချိန်မှာ နတ်ဘုရားဘုရင်သုံးဦးက သူမကို ကယ်တင်ဖို့ စိတ်ကူးမရှိဘဲ ဘေးကနေ အေးစက်စွာသာ စောင့်ကြည့်နေကြ၏။
ဆူဇီမိုက နန်းကြည်၏ ဘေးသို့ ရိပ်ခနဲ ရောက်ရှိလာ၏။
သူ၏ ဘယ်ဘက်မျက်လုံးက နက်မှောင်လာပြီး တမလွန်မီးရောင်ကျောက်တုံးက ပေါ်ထွက်လာ၏။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ပြီး တမလွန်မီးရောင်ကျောက်တုံးက အဆုံးစွန်ယင်စွမ်းအားတစ်စကို ထုတ်လွှတ်ကာ နန်းကြည်၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပေးလိုက်၏။
အဆုံးစွန်ယင်စွမ်းအားမှာ အစကတည်းက အမှောင်စွမ်းအား ပါဝင်နေပြီး နန်းကြည်၏ မျိုးဆက်သွေးနှင့် ပေါင်းစည်းကာ သူမ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအားကို ချက်ချင်းပင် ကြံ့ခိုင်သန်မာလာစေ၏။
တမလွန်မီးရောင်ကျောက်တုံး၏ အကူအညီနှင့်အတူ နန်းကြည်၏ ခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအားက အဆက်မပြတ် ပိုမိုသန်မာလာပြီး တဖြည်းဖြည်း အသာစီးရရှိလာလေသည်။
သို့သော်လည်း ဤကဲ့သို့သော အခြေအနေအောက်မှာ နန်းကြည်က အန္တရာယ်ကျရောက်နေဆဲဖြစ်၏။
အဆုံးစွန်စွမ်းအားနှစ်ခု၏ ရိုက်ခတ်မှုမှာ သူမသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းဖို့နေနေသာသာ သေပင်သေသွားနိုင်လေသည်။
“နန်းကြည်… မင်းသတိကပ်ထားရမယ်”
ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“ငါ မင်းအတွက် သုတ္တန်တစ်ခုကို ရွတ်ဆိုပြမယ်… မင်းရဲ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲကို အာရုံခံကြည့်ပြီး အဲ့ဒါကို နားလည်ဆင်ခြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြည့်”
ဆူဇီမိုက ယင်ယန်အဆောင်သုတ္တန်၏ စကားလုံး ၆၀၀ ကျော်ကျော်ကို နန်းကြည်အား သင်ကြားပေးလိုက်၏။
နန်းကြည်၏ လက်ရှိအခြေအနေမှာ သူ့တွင် တခြားရွေးချယ်စရာ မရှိတော့ပေ။ သူမသည် ဤသေရေးရှင်ရေးအခိုက်အတန့်မှာ ယင်ယန်အဆောင်သုတ္တန်ကနေ ဘယ်လောက်များများကို နားလည်ဆင်ခြင်နိုင်မလဲအပေါ် မူတည်နေပေလိမ့်မည်။
တမလွန်မီးရောင်ဂမ္ဘီရကျောက်တုံး၏ အကူအညီနှင့်အတူ ဆူဇီမိုသည် အဆုံးစွန်ယင်စွမ်းအားကို နန်းကြည်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ပို့လွှတ်ပေးနေ၏။ ၎င်းသည် အမှောင်စွမ်းအားအဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် ၎င်းသည် သရဖူ၏ ကျောက်မျက်များကနေ အဆက်မပြတ်ထွက်ပေါ်လာသော ဂမ္ဘီရအလင်းစွမ်းအားနှင့် ဆန့်ကျင်တိုက်ခိုက်ပြီး မျှခြေတစ်ခုကို ထိန်းထားလေသည်။