← Chapters

ချူးယွင်ဖန်း သေချာပေါက် ပြန်ပေးဆပ်စေရမယ်

Vol. 87 Ch. 1295

ချူးယွင်ဖန်း သေချာပေါက် ပြန်ပေးဆပ်စေရမယ်

Vol. 87 Ch. 1295

ဝိညာဉ်မုဆိုးက ၎င်းတို့ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။

“ကျုပ်ဆရာက ခင်ဗျားတို့ကိစ္စအကြောင်း သိပြီးပြီ။ ခင်ဗျားတို့ကို ကယ်တင်ဖို့ ကျုပ်ကို ပြောလိုက်တယ်"

ယွီဝမ်မိသားစုဝင်များ အလွန်ပျော်ရွှင်နေကြသည်။ ဤနေရာသို့ လာခဲ့ရသည့် ရည်ရွယ်ချက်သည် ဘိုးဘေးကြီးကို တောင်ထဲမှ ဖိတ်ခေါ်ပြီးနောက် ၎င်းတို့၏မိသားစုအတွက် လက်စားချေပေးရန်နှင့် ချူးမိသားစုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းရန်ဖြစ်သည်။ ဘိုးဘေးကြီးသည် ၎င်းတို့နှင့် မတွေ့ဆုံခင်ကတည်းက ဤမတရားမှုကို သိရှိထားလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။ ထိုသို့စဉ်းစားမိသောအခါ ၎င်းတို့အားလုံး မျှော်လင့်ချက် အနည်းငယ် ရရှိလာသည်။

ဝိညာဉ်မုဆိုးသည် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ယွီဝမ်မိသားစုဝင်များကို သူ့၏အလင်းရောင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူသည် သံမဏိ စစ်သည်များကိုမူ ဂရုပင်မစိုက်ပေ။ မည်သို့ဆိုသော် ၎င်းတို့သည် ပုရွက်ဆိတ်များဖြစ်ကြသောကြောင့်ဖြစ်သည်။ ခဏအတွင်းမှာပင် လူတိုင်းက အလင်းရောင်ကို စီးနင်း၍ တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားကြသည်။ ဤတောင်တန်းသည် ၎င်း၏ခမ်းနားထည်ဝါသော အသွင်အပြင်နှင့် မတူဘဲ အလွန်သာယာစည်ဗြောသော မြို့တစ်မြို့ကဲ့သို့ဖြစ်နေသည်။ ဤသည်မှာ အလွန်ကြီးမားကျယ်ပြန့်သော ဂိုဏ်းတစ်ခုဖြစ်သည်။

ကြီးမြတ်သော ဝေ့တိုင်းပြည်၏ တောင်ပိုင်းတစ်ခုလုံးတွင် ဤသိုင်းပညာအထွတ်အမြတ်နယ်မြေအကြောင်း မသိရှိထားသူတစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။ ဤသည်မှာ မဟာပုံစံမဲ့ဂိုဏ်းဖြစ်သည်။ လက်ရှိ ကြီးမြတ်သော ဝေ့တိုင်းပြည်တွင် လူသိများနေသည့် ရွှေအမတေအဆင့်ကျွမ်းကျင်သူငါးဦးရှိနေသည်။ ၎င်းတို့ကို ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံး၌ အသန်မာဆုံး ကျွမ်းကျင်သူငါးဦးအဖြစ် လူသိများကြသည်။ ၎င်းတို့အနက် တစ်ယောက်သည် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ တောင်ဘက်တွင် တည်ရှိနေသည့် မဟာပုံစံမဲ့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။

သူ့ကို တောင်ဘက်ဂိုဏ်း၏ အရှင်သခင်အဖြစ် လူသိများကြသည်။ ကြီးမြတ်သော ဝေ့တိုင်းပြည်၏ တောင်ဘက်ရှိ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် စွမ်းအင်မျိုးရှိသူဟု ဆိုလေ့ရှိကြသည်။ မဟာပုံစံမဲ့ဂိုဏ်းမှ ထွက်ပေါ်လာသော တပည့်များသည် တောင်ပိုင်းဒေသများတွင် ပျံ့နှံ့လျက်ရှိသည်။ မရေတွက်နိုင်သော အင်အားစုများသည် မဟာပုံစံမဲ့ဂိုဏ်းနှင့် အနည်းနှင့်အများ ဆက်စပ်နေကြသည်။

တောင်ပိုင်းရှိ မဟာပုံစံမဲ့ဂိုဏ်း၏ အာဏာသည် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ အရာရှိများ၏ အာဏာကိုပင် ကျော်လွန်ကြသည်။ ဤအရာအားလုံးသည် မဟာပုံစံမဲ့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် တည်ဆောက်ခဲ့သော ကျော်ကြားမှုကြောင့်ဖြစ်သည်။ မဟာပုံစံမဲ့ဂိုဏ်းသည် မျိုးဆက်နှစ်ဆက်တိုင်အောင် ရွှေအမတေအဆင့်ကျွမ်းကျင်သူများကို ပျိုးထောင်နိုင်ခဲ့သည်။ ၎င်းတို့၏ဂုဏ်သတင်းသည် ကြီးမြတ်သော ဝေ့တိုင်းပြည်၏တောင်ပိုင်းတွင် ပြိုင်ဆန်ရှားလှသည်၊ အထူးသဖြင့် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ ကျွမ်းကျင်သူငါးဦးအနက် တစ်ဦးဖြစ်သည့် မဟာပုံစံမဲ့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် အလွန်ပြိုင်ဘက်ကင်းသူဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်ဆီမှ ပညာသင်ယူရန် ရောက်လာသူများ မရေတွက်နိုင်အောင် များပြားလှသည်။ မျိုးဆက်နှစ်ဆက်၏ ဂိုဏ်းခေါင်းဆောင်များသည် လွန်ခဲ့သော ရာစုနှစ်များစွာအတွင်း မရေတွက်နိုင်သော သိုင်းပညာရှင်များစွာကို ပြုစုပျိုးထောင်ပေးခဲ့သည်။ မဟာပုံစံမဲ့ဂိုဏ်းတစ်ခုလုံးတွင် သိုင်းပညာရှင်ဟူသည် မိုးတိမ်များကဲ့သို့ များပြားလှသည်။ နတ်အဆင့်ကျွမ်းကျင်သူများဟူသည် မြစ်ကိုဖြတ်ကူးနေသည့် ငါးကြင်းများကဲ့သို့ များပြားပေသည်။

အမြင့်တစ်နေရာမှ ငုံ့ကြည့်လိုက်လျှင် သိုင်းပညာရှင်များ၏ အရှိန်အဝါများ ကောင်းကင်ယံသို့ ပျံဝဲနေခြင်းကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် စွမ်းအင်လုံးတစ်လုံးအဖြစ်ပင် စုစည်းလာသောကြောင့် အနီးအနားရှိ ရာသီဥတုကိုပင် ပြောင်းလဲသွားစေသည်။ ဤမဟာပုံစံမဲ့ဂိုဏ်း မည်မျှ ထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ယွီဝမ်မိသားစုဝင်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်တရာ စိတ်လှုပ်ရှားနေကြသည်။ မဟာပုံစံမဲ့ဂိုဏ်းက ပို၍အင်အားကြီးမားလေ၊ ၎င်းတို့၏ လက်စားချေနိုင်မည့် ဖြစ်နိုင်ခြေပိုများလေဖြစ်သည်။

ဒဏ္ဍာရီလာ ချူးယွင်ဖန်းသည် ကိုင်တွယ်ဖြေရှင်းရ လွယ်ကူမည်မဟုတ်ပေ။ ယခုအခါ ၎င်းတို့ အကူအညီတောင်းနိုင်မည့် တစ်ဦးတည်းသောလူသည် မဟာပုံစံမဲ့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သာဖြစ်သည်။ ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက်လှည့်ကြည့်သောအခါ ၎င်းတို့၏မျက်လုံးထဲရှိ အဓိပ္ပာယ်များကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့ယွီဝမ်မိသားစုနှင့် မဟာပုံစံမဲ့ဂိုဏ်းသည် ဆက်နွယ်မှုတချို့ရှိနေသည်။ လက်ရှိဂိုဏ်းခေါင်းဆောင်၏ မိခင်ဖြစ်သူသည် ယွီဝမ်မိသားစုမှ ဆင်းသက်လာသူ အမျိုးသမီးဖြစ်သည်။

ထို့ကြောင့် ယွီဝမ်မိသားစုကို ဂိုဏ်းခေါင်းဆောင်၏ မိခင်ဘက်မှ မိသားစုဆွေမျိုးအဖြစ် သတ်မှတ်နိုင်သည်။ ဤအလှမ်းမဝေးသော ဆက်ဆံရေးကြောင့်လည်း ၎င်းတို့အားလုံး ရဲဝံ့စွာ အကူအညီတောင်းကြခြင်းဖြစ်သည်။ မကြာမီတွင် ဝိညာဉ်မုဆိုး၏ လမ်းညွှန်မှုအောက်တွင် ၎င်းတို့အားလုံး ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်လာကြသည်။ ချိုင့်ဝှမ်းတွင် သန်မာထွားကျိုင်းသော အဘိုးကြီးတစ်ဦး လေထုထဲတွင် တင်ပျဉ်ခွေ၍ ထိုင်နေလေသည်။ ယွီဝမ်မိသားစုသည် ဤအဘိုးအိုကို မြင်လိုက်ရသောအခါ ၎င်းတို့မိသားစု၏ အကြီးမားဆုံးနှင့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် မဟာပုံစံမဲ့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် မီစစ်ယွမ်ဖြစ်ကြောင်း မည်သို့မျှ မသိဘဲနေမည်နည်း။

သူ့ကို ကြီးမြတ်သော ဝေ့တိုင်းပြည်၏ ကျွမ်းကျင်သူ ငါးဦးအနက် တစ်ဦးအဖြစ် လူသိများကြသည်။ ယွီဝမ်မိသားစုသည် တစ်ပြိုင်နက်တည်း ဒူးထောက်၍ ဦးညွှတ်လိုက်ကြသည်။ သန်မာထွားကြိုင်းသော အဘိုးအို၊ မီစစ်ယွမ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လာ၍ လူတိုင်းကို ပြောလိုက်သည်။ "ကျုပ် အရာအားလုံးကို သိပြီးပြီ"

သူ၏စကားများသည် ဤလူများကို လုံးလုံးလျားလျား နှိုးဆွပေးလိုက်ဟန်ရှိရာ၊ ၎င်းတို့အားလုံး စတင်ငိုကြွေးလာကြသည်။

“ဘိုးဘေးကြီး၊ ယွီဝမ်မိသားစုအတွက် တရားမျှတမှုရှာပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်"

“ယွီဝမ်မိသားစုမှာ လူအရေအတွက် ထောင်ချီရှိပေမယ့် အကုန်လုံးနီးပါး သတ်ဖြတ်ခံခဲ့ရပါတယ်”

“ဒါတင်မကဘူး၊ ယွီဝမ်မိသားစုနဲ့ ဆက်နွယ်နေတဲ့ မိသားစုကြီးသုံးခုထဲက ဆွေမျိုးများအားလုံးလည်း လုံးလုံးလျားလျား ဖျက်ဆီးခံရပါတော့မယ်”

“သူတို့တွေက လူမဆန်လွန်းအားကြီးတယ်၊ ကလေးတစ်ယောက်ကိုတောင် လွှတ်မပေးကြပါဘူး”

မီစစ်ယွမ်သည် ဤလူများ၏ ညည်းညူမှုများနှင့်ပတ်သက်၍ လှည်ပင်မကြည့်ခဲ့ပေ။ ယွီဝမ်မိသားစု ပြုလုပ်ခဲ့သည့် အကြောင်းအရာကို သူမည်သို့မျှ မသိဘဲနေမည်နည်း။ တိုင်းပြည် သစ္စာဖောက်မှုဟူသောကိစ္စသည် မည်သည့်နေရာတွင်မဆို တရားမျှတစွာ ပြုမူခံရမည်မဟုတ်ပေ။

မိမိလျှင်ပင် ထိုကိစ္စတွင် ပါဝင်ပတ်သက်နေပါက၊ သေဆုံးသွားနိုင်သည့်အပြင် မိမိ၏မိသားစုသည်လည်း ပျက်သုဉ်းသွားနိုင်သည်။ မဟာပုံစံမဲ့ဂိုဏ်းသည် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ တောင်ပိုင်းတွင် အဆုံးအဖြတ်ပေးရာ၌ ဩဇာလွှမ်းမိုးသော်လည်း လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ဖုံးအုပ်နိုင်သည့်အဆင့်အထိ မရောက်ရှိသေးပေ။ သို့သော် ယွီဝမ်မိသားစုနှင့် ဆက်စပ်နေသော မိသားစုသုံးခုပင် ဖျက်ဆီးခံရတော့မည်ဟု တစ်စုံတစ်ယောက်က ညည်းညူလာသောအခါ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည်လည်း မိသားစုသုံးခုအတွင်း ပါဝင်နေသူ မဟုတ်လေသလော။

အကြောင်းမှာ သူ၏မိခင်သည် ယုဝမ်မိသားစုမှ ဆင်းသက်လာသူ အမျိုးသမီးဖြစ်သောကြောင့်ဖြစ်သည်။ ယွီဝမ်ချန်း၏ မိုက်မဲမှုကို သူဒေါသထွက်မိသည်။ သူသည် ကျင်ကျန်းဟန်တိုင်းပြည်နှင့် ပူးပေါင်းကြံစည်ရဲသည်အထိ အတင့်ရဲခဲ့သည်။ တိတ်တဆိတ် လုပ်ဆောင်ခဲ့ပါက၊ ကိစ္စမရှိသော်လည်း ယခုအခါ သူသည် ဖမ်းဆီးခံခဲ့ရသည့်အတွက် မိခင်ဖြစ်သူဘက်မှ မိသားစုကို ကြီးမြတ်သော ဝေ့တိုင်းပြည်က သုတ်သင်လိုက်လေ၏။

“ကျုပ် သိတယ်။ ကျုပ်လည်း ဒီကိစ္စကို မသိချင်ယောင်ဆောင်မနေပါဘူး။ ချူးယွင်ဖန်း သေချာပေါက် ပြန်ပေးဆပ်စေရမယ်"

ချူးယွင်ဖန်းသည် သူ့ကို မျက်နှာသာမပေးခဲ့သည့်အတွက်လည်း မီစစ်ယွမ်က ပို၍ဒေါသထွက်နေမိသည်။ ချူးယွင်ဖန်းသည် ဂျူနီယာတစ်ဦးသာဖြစ်သော်လည်း သူ့မိခင်၏မိသားစုကို သတ်ဖြတ်ရန် ကြိမ်းဝါးခဲ့သည်။ ဤသည်မှာ သူ၏မျက်နှာကို ရိုက်နှက်လိုက်ခြင်းနှင့် ဆင်တူသည်။ သို့သော် သူ၏အတွေးများ လုံးလုံးလျားလျား မှားယွင်းနေသည်၊ မည်သို့ဆိုသော် ချူးယွင်ဖန်းသည် ယွီဝမ်ချန်းနှင့် မဟာပုံစံမဲ့ဂိုဏ်း၏ ဆက်ဆံရေးကို မသိသောကြောင့်ဖြစ်သည်။ သို့သော်လည်း သိခဲ့လျှင်ပင် သတ်ဖြတ်ရန် တွန့်ဆုတ်နေခဲ့မည် မဟုတ်ပေ။

“တော်သေးတာပေါ့။ ကျေးဇူးတင်ပါတယ်၊ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး”

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး"

“တို့မိသားစုအတွက် နောက်ဆုံးတော့ လက်စားချေနိုင်ပြီ”

ပြီးနောက် မီစစ်ယွမ်က ဝိညာဉ်မုဆိုးကို ပြောလိုက်သည်။

“ဒီကိစ္စအတွက် မင်းကို တာဝန်ပေးလိုက်မယ်။ ကျုပ် ချူးမိသားစုကို အရိုးထဲထိ နာကျင်စေချင်တယ်။ တောင်ပိုင်းဒေသနဲ့ ကျုံးရှင်မြို့ဝန်အိမ်တော်ကြားက စီးပွားရေးလုပ်ငန်းအားလုံးကို ဖြတ်တောက်လိုက်။ ပြီးရင် တောင်ပိုင်းဒေသမှာရှိတဲ့ ကျုံးရှင်မြို့ဝန်ရဲ့ လူတွေကို ဆယ်ရက်အတွင်း မောင်းထုတ်ပစ်လိုက်"

“ဟုတ်ကဲ့ပါ၊ ဒါပေမယ့် အဲဒီလုပ်လိုက်ရင် ချူးယွင်ဖန်းက ငြိမ်ခံနေမှာ မဟုတ်ဘူး" ဝိညာဉ်မုဆိုးက အမိန့်ကို လက်ခံပြီးနောက် ပြောလိုက်သည်။

“ငကြောက်တစ်ယောက်လို ပုန်းမနေဘဲ သူ့ကို အရှေ့ထွက်လာစေချင်တာ” မီစစ်ယွမ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ကြီးမြတ်သော ဝေ့တိုင်းပြည်၏ ဧကရာဇ်နန်းတော်ကို တိုက်ရိုက် ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။ ထိုသို့ပြုလုပ်ခဲ့ပါက၊ ကြီးမြတ်သော ဝေ့တိုင်းပြည်ရှိ အရာရှိများ၏ ဆူးတစ်ချောင်း ဖြစ်လာပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းကို သတ်ဖြတ်ခြင်းသည် သူ့အတွက် ပြဿနာမဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ၏အမြင်တွင် ပါမွှားတစ်ကောင်သာဖြစ်သည်။

“ကျုပ် လှုပ်လှုပ်ရှားရှား မလုပ်တာတောင်ကြာပြီ။ တချို့လူတွေက အရင်က ကျုပ်ရဲ့လွှမ်းမိုးမှုကို မေ့သွားကြပုံပဲ"

မီစစ်ယွမ်၏ အေးစက်စက် စကားများသည် ယွီဝမ်မိသားစုဝင်များကို တုန်လှုပ်သွားစေသည်။ ဆန့်ကျင်ဘက်အနေနှင့် ဝိညာဉ်မုဆိုး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတချို့ ပေါ်ပေါက်လာသည်။

“စိတ်မပူပါနှင့် ဆရာ။ ဒီကိစ္စကို ကျွန်တော့်ဆီ အပ်လိုက်ပါ။ ဆရာကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး"

All Chapters